Primary tabs

ခေတ်စားနေတဲ့ Gel လက်သည်းဆိုတာ.....

Nail Art - အိတုံ
( May  9 Salon)
    လက်သည်းအလှပြင်တာမှာ အခုလက်ရှိ အကြမ်းလည်းခံ၊ ရက်ကြာကြာထားလည်း ပျက်မသွားပဲ နဂိုဆိုင်ကအတိုင်းလှနေတဲ့ Gel Art ကိုပြောပြပေးသွားပါမယ်။ အရင်ကဆို ဆိုင်ကနေ ပြင်လာပြီး ၃-၄ ရက်လောက်ပဲခံပြီး လက်သည်း ပျက်သွားတာတို့၊ တခုခုနဲ့ထိပြီး ကွာသွားတာတို့ဖြစ်တတ်တာ Nail Art ဆိုင်သွားဖူးတဲ့ အမျိုးသမီးတိုင်း၊ လက်သည်းနီကို ကိုယ်တိုင်ဆိုးတဲ့သူတိုင်း ဒီလိုလက်သည်း ပျက်သွားတတ်တာကို နားလည်ကြမှာပါ။ ဒီလမှာတော့ လူငယ်၊ လူကြီး အမျိုးသမီးတွေသဘောကျနေတဲ့ Gel လက်သည်းအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

    Manicure /Pedicure (လက်သည်း၊ ခြေသည်း သန့်စင်ခြင်း) ပြင်ဆင်ခြင်းကို အမျိုးသမီးရော အမျိုးသားပါ အခုဆိုအတော်လေး ဂရုစိုက်လာကြ ပါပြီ။ ခေါင်းလျှော်ဆိုင်တွေ ပေါ်လာတုန်းကလိုပါပဲ အိမ်မှာပဲခေါင်းလျှော်တာနဲ့ ဆိုင်မှာသွားလျှော်တဲ့အခါ ရတဲ့ခံစားချက်နဲ့ ကွာခြားချက်ကို သိလာတဲ့ အခါမှာတော့ ခေါင်းလျှော်ဆိုင်တွေကို အမျိုးသမီး ရော အမျိုးသားပါ အလုပ်တစ်ခုအဖြစ် သွားကြပါတော့တယ်။  လက်သည်း၊ ခြေသည်းသန့်ရှင်းခြင်း အပိုင်းမှာလည်း Cleansing / Scrub / Hand & Foot spa / Treatment / Waxing / Massage တွေ အမျိုးမျိုး ရှိကြပါတယ်။ ဒါတွေကို သေသေချာချာနဲ့ အသေးစိတ် သန့်စင်ပေးဖို့ဆိုရင် ဆိုင်မှာသွားလုပ် တာက ရလာဒ်အကောင်းဆုံးပါပဲ။
Neon Bubble လက်သည်း Galaxy Nail Art လက်သည်း Chanel Art ခြေသည်း

ကဲ...အခု ခေတ်စားနေတဲ့ Gel Art ကို အဆင့်ဆင့်ဖော်ပြပေးသွားပါမယ်။
-    လက်သည်းကို သန့်စင်ရပါတယ်၊
-    ပြီးရင်တော့ Singapore Brand ဖြစ်တဲ့ Jacqueline Burchell Gel  နဲ့ လက်သည်းပေါ်ကို စုတ်တံသုံးပြီး ပုံစံဖော်ပါတယ်။
-    ပုံဖော်ပြီး တစ်ထပ်နဲ့တစ်ထပ် ဆိုးနေချိန်မှာ UV Lamp စက်ကလေးနဲ့ (၁မိနစ်)  အခြောက်ခံပေးရ ပါတယ်။
-    (ဒီလက်သည်းနီ အမျိုးအစားက ပုံမှန်အပြင် မှာလေနဲ့ ခြောက်သွားတာမျိုးမဟုတ်ပါဘူး၊ ဒီ UV Lamp စက်နဲ့ အခြောက်ခံမှသာရတာပါ)
-    ခြောက်သွားပြီဆိုရင် နောက်ထပ် ကိုယ်ပုံဖော်ချင်တဲ့ ကာလာတွေကို ဆက်ပြီးခြယ်ပါတယ်။
-    နောက်တစ်ခါ ထပ်ပြီး UV Lamp  နဲ့(၁မိနစ်) အခြောက်ခံရပါတယ်။ ဒီလိုအခြောက်ခံတာကို ၃ ကြိမ်လောက်တော့ လုပ်ရပါတယ်။ ကိုယ်ပုံဖော်ချင် တဲ့ပုံစံမှာ ဆေးရောင်အစုံ ထည့်မယ်ဆိုရင် ပိုပြီး အခြောက်ခံရပါမယ်။
-    လက်သည်းပုံဖော်ပြီးသွားရင်တော့ top coatလိုက်ရပါတယ်။
-    လက်သည်းခြောက်သွားရင်တော့ လက်သည်းဖျက်ဆေး (ပုံမှန်သုံးနေကျအမျိုးအစား) ကို ဂွမ်းမှာဆွတ်ပြီး လက်သည်းပေါ်နဲ့ ဘေးတွေက ပေနေတဲ့ဆေးတွေကို လိုက်သုတ်ပါမယ်။
-    ( Gel လက်သည်းဖျက်ဆေးမှလွဲ၍ ကျန်ဖျက်ဆေးတွေအားလုံးက မပျက်ပါဘူး) ဒါကတော့ Gel Art ရဲ့အားသာချက်ပါပဲ။

*    Gel Art  - အရောင်မကျဘူး၊ အကြာကြီးခံတယ်၊ 21 days လို့ဆိုထားတဲ့အတွက် ၃ ပတ်အထိဆိုးထားတဲ့အတိုင်း ဖြစ်နေတယ် ၊
    May 9 Nail Art ဖွင့်လှစ်ထားတဲ့ Artist မအိတုန်နဲ့ကြုံတုန်း လက်သည်းအကြောင်းလေးတွေလည်း အနည်းငယ် ပြောဖြစ်ခဲ့ပါသေးတယ်။ သူမ ဆိုင်ဖွင့်ဖြစ်ခဲ့ပုံအကြောင်းကတော့...

စီးပွားရေးလုပ်ငန်း အများကြီးထဲက Nail Art ကို စဖွင့်ဖြစ်တဲ့အကြောင်း
    “ လက်သည်းအလှပြင်တာကို ကိုယ်တိုင်ကလည်း ကြိုက်လည်းကြိုက်၊ ၀ါသနာလည်းပါတော့...Sweet Angel ကတီချယ် နေခြည့်ဆီမှာတက်ခဲ့တယ်၊ တီချယ် အေပရယ်ဂူဂူးဆိုတာ ရှိတယ်၊ သူက Home Teacher ပေါ့၊ အိမ်မှာလိုက်သင်
ပေးတယ်...၀ါသနာပါတော့ ဆိုင်တွေမှာ လိုက်လုပ်တာပေါ့နော်၊ နောက်မှ ဆိုင်ဖွင့်ချင်တယ်လေဆိုပြီး သင်တန်းကိုစတက်ဖြစ်တာ.....”

ဆိုင်ရဲ့ဝန်ဆောင်မှုအကြောင်းနဲ့ ဧည့်သည်အကြိုက်
    “ဆိုင်မှာဆိုရင် အဓိက Nail Art ရှိတယ်၊ Cleansing ၊ Scrub ၊ Treatment တွေရှိတယ်။  နောက် Spa ( Foot/ Hand) ရှိတယ်။ Massage ကိုတော့အစ်မဆိုင်မှာ မထည့်ထားဘူး၊ ဆိုင်ရဲ့လမ်းကြောင်းက Beauty လိုင်းယူထားတာဆိုတော့။ O.P.I cleansing လည်းရှိတယ်...အခုခေတ်စားတာက Gel Polish တွေထွက်လာတော့ Gel Art ကို လုပ်လာကြတယ်။ အရောင်တွေမှာဆိုရင် အခုနောက်ပိုင်းထွက်လာတဲ့ Neon ကာလာတွေ။ နောက် အလက်အလက် bling bling တွေ။ နှစ်
ကုန်ပိုင်းကနေစပြီး ၂၀၁၅ မှာ ကြိုက်ကြတဲ့ ကာလာတွေပေါ့....”

လူငယ်အကြိုက်နဲ့ လူကြီးအကြိုက် လက်သည်းဒီဇိုင်း
    “Nail Art ဒီဇိုင်းမှာ လူငယ်တွေ ဘာကြိုက်လဲဆိုတော့ ကိုရီးယားစတိုင်လ် လက်ချောင်းတစ်ချောင်းနဲ့တစ်ချောင်းမတူပဲ ဆိုးကြတယ်။ တစ်ချောင်းကို bling bling လုပ်မယ်၊ နောက်တခုကျတော့ art ဆွဲမယ်၊ ဖေါင်းကြွလုပ်မယ်၊ လူကြီး
ပိုင်းကျတော့ Cleansing ကိုအဓိကလုပ်တယ်၊ပြီးရင် Gel Polish ထဲက ဗြောင်လေးတွေ ဆိုးကြတယ်.....”

ဆိုင်မှာအသုံးပြုတဲ့ Nail Product များနဲ့ လက်သည်းအလှပြင် ဈေးနှုန်းများ
    “ဆိုင်မှာဆို လက်သည်းပိုင်းကို O.P.I products ကိုအဓိကသုံးတယ်၊ Gel မှာဆိုရင် Singapore Brand ဖြစ်တဲ့ Jacqueline Burchell ကိုအဓိကထားသုံးတယ်။ အားလုံးကို ကုမ္ပဏီတိုက်ရိုက် ယူထားတာပါ။
    ဈေးနှုန်းတွေကတော့ - ရိုးရိုး Nail Art ဆိုရင် ၄၀၀၀ ကနေစပြီးရှိမယ်၊ Gel Art ဖြစ်သွားရင်တော့ ၈၀၀၀ - ၁၀၀၀၀ ရှိမယ်။ သူကတော့ဈေး ၂ ဆဖြစ်သွားတာပေါ့။ အဲဒီဝန်းကျင်ပါပဲ။ လူတန်းစားမရွေး လုပ်နိုင်အောင် ဈေးတွေကို အတတ်နိုင်ဆုံး အစ်မညှိပေးထားပါတယ။်
    လက်သည်းပိုး ကိုက်တာများတယ်၊ O.P.I ရဲ့ပစ္စည်းတွေက Treatment ပိုင်းမှာ cleansing ပိုင်းမှာ အရမ်းထိရောက်တော့ customer ကလည်း သုံးမယ်ဆိုရင် အစ်မတို့ဆိုင်ကသုံးပေးပါတယ်၊ ရလာဒ်ကလည်းသိသာတယ်၊ ဆိုင်ကိုလာကြ တဲ့ သူတွေက တမာရွက်လေးတွေ ယူလာတာလည်း ရှိတယ်၊ တမာရွက်လေးတွေကိုစိမ်ပြီး cleansing လုပ်တဲ့အခါ ထည့်ပေးတယ်။ အားဆေးထည့်ပေးတယ်။”
    “လက်သည်းကို ထိခိုက်ထားတယ်ဆိုရင် လက်သည်းအတုတွေတပ်ပြီး မဖုံးထားကြပါနဲ့၊ ရေရှည်မှာ လက်သည်း ပျက်စီးသွားနိုင်တယ်။ cleansing သေချာလုပ် ၊ scrub လုပ် ၊ အားဆေးထည့်၊ လက်သည်းဘေး အသားမာတွေကို ညှပ်
ထုတ် အဆင့်အဆင့် လုပ်ရတယ်။ အဓိက က base coat တွေခံရင်လက်သည်းကို တိုက်ရိုက်မထိဘူး၊ မထိတဲ့အတွက် လက်သည်းဝါတာတွေ လက်သည်းပျက်စီးတာတွေမဖြစ်ဘူး”
    “ လက်သည်းနီကို ဒီအတိုင်းဆိုးလိုက်တာထက် ထုတ်ထားတဲ့အလှကုန် ကုမ္ပဏီရဲ့စိတ်ချရမှု ၊ အရည်အသွေးကောင်းမွန်မှု၊ လက်သည်းကျန်းမာရေး ပေးနိုင်မှုတို့ကို လေ့လာသိထားသင့်ပါတယ်။ ISO ခွင့်ပြုချက်နဲ့ထုတ်ထားတဲ့ လက်သည်း နီကိုသာ ၀ယ်ယူရွေးချယ်သင့်ပါတယ်”
    “Gel ဖျက်ဆေးက ပြင်းတဲ့အတွက် ၁ ပတ် အတွင်းမှာ ဖျက်လိုက်ဆိုးလိုက်တော့မလုပ်ပါနဲ့၊သူရဲ့ပစ္စည်းမှာကိုက ၂၁ ရက်လို့ ပြောထားတဲ့အတွက် အချိန်စေ့မှ နောက်တစ်မျိုး ပြောင်းဆိုးတာက လက်သည်းအလှကို ကြာရှည်ခံပြီး ကောင်းမွန်
စေတယ်”
    လက်သည်းကို ဖျက်တဲ့အခါ ဖျက်ဆေးနဲ့ အရင်မထိပဲ လက်သည်းအားဆေးအုံပြီးမှ ဖျက် တဲ့အတွက်  လက်သည်း အမြဲဆိုးနေရင်တောင် ပျက်စီးမှုမရှိပါဘူး။

2015 လမ်းကြောင်းပေါ်က လက်သည်းအလှ art ဒီဇိုင်းများ
    ဒီနှစ်ရဲ့ ဖက်ရှင်ရှိုးလမ်းမတွေနဲ့  စတိုင်လ်ကျကျနေတဲ့ လေဒီတွေဆီမှာတွေ့ရမယ့် လက်သည်း ဒီဇိုင်းပုံစံတွေကတော့ Negative Space Nail Art တွေပါ။ လက်သည်းအလှဆင်တာကို နှစ်သက်တဲ့ မြန်မာနိုင်ငံက Nail Art ချစ်သူများအတွက် စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်။  


Graphic Design
Modern Pastels
Half moons Design
Passionate Hearts
Geometric Red
Playing with Hues
Gilded Nails with Bare Effects
geometric shapes
French Romance
Bold and Geometric
lovely prints and patterns

ကမ္ဘာ့ဈေးအကြီးဆုံး လက်သည်းနီဆိုးဆေး
    ဒေါ်လာ ၂၆၄,၁၆၅ ဈေးနှုန်းရှိတဲ့ လက်သည်း ဆိုးဆေးရှိတယ်ဆိုရင် အံ့သြကြမလား။ Azature တံဆိပ်နဲ့ ထုတ်တာဖြစ်ပြီး ကန့်သတ်ပြီးသာ ထုတ် လုပ်ရောင်းချတဲ့  limited edition အမျိုးအစားပါ။ ၁ ပုလင်းလိုချင်ရင် ၁ ပုလင်းသာ ထုတ်ပေးတာမျိုးပေါ့။ Black Diamond Nail Polish လို့ အမည်ပေးထားပြီး  ပုလင်းအထဲမှာ Black Diamonds တွေ ၂၆၇ ကာရက်တန်ဖိုးရှိပါတယ်။  ပုလင်းရဲ့အစိတ်အပိုင်းကို ပလက်တီနမ်နဲ့ ဆက်စပ်ပြုလုပ်ထားပြီး စိန်အလုံးပေါင်း ၆၀ ပါ ပါတယ်။ ဒီလက်သည်းနီ နာမည်ကျော်သွားတာကတော့ အဆိုကျော်မင်းသမီး Kelly Osbourne ( အဆိုတော် Ozzy Osbourneရဲ့သမီး) က Emmy Awards ပွဲမှာ လက်သည်းနီ ဆိုးလာတာကြောင့်ပါ။
    သူမဆိုးတဲ့ ပုလင်းကတော့ ဒေါ်လာ ၂ သိန်းခွဲတန်ပါတယ်တဲ့။ ပန်းရောင်ဂါဝန် ပန်းရောင်ဆံပင်ပုံလေးနဲ့ ပြင်ဆင်ပြီး လက်သည်းကိုတော့ black diamonds တွေ ဆိုးလာခဲ့ပါတယ်။  သူမရဲ့ တွစ်တာအကောင့်မှာ လက်သည်းပုံတင်ပြီး မျှဝေခဲ့လို ပရိသတ်တွေ သိခဲ့ရတာပါ။
    ဒီလောက်ဈေးကြီးတဲ့ လက်သည်းနီ အမျိုးအစားနဲ့ပတ်သက်ပြီး ပရိသတ်အများအပြားက Kelly ကို ပြစ်တင်ဝေဖန်ခဲ့ကြတဲ့အတွက် သူမကတွစ်တာမှာ-ဘုရင်မတစ်ပါးလို သူမဒီညမှာခံစားခဲ့ ရပါတယ်၊ ဒါကြောင့် ဒီစိန်တွေပါတဲ့ လက်သည်းနီ
ကို ပိုက်ဆံအများကြီးပေးပြီး ရွေးချယ်ဖြစ်ခဲ့တာပါ။ ဒီတစ်ကြိမ်လေးပဲ ဘ၀မှာ အတွေ့အကြုံရဖူးချင်လို့ဖြစ်ကြောင်း၊ တောင်းပန်ပါတယ်ဆိုတဲ့အကြောင်း ပြန်ရေးပြီး ပရိသတ်ကို ဂရုစိုက်ပြခဲ့ပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးများ လက်သည်းနီ ဆိုးမယ်ဆိုရင် ----
    အလှအပကိုကြိုက်တဲ့ သူက ဘယ်အချိန်ပဲဖြစ်ဖြစ် လှချင်ကြတာ ဓမ္မတာပါပဲ။ ဒါကြောင့်ကိုယ် ၀န်ဆောင်ချိန်မှာ လက်သည်း၊ ခြေသည်းအလှဆင် ချင်ကြတဲ့ လေဒီတို့အတွက် ဗဟုသုတအဖြစ် ဆောင်ရန်ရှောင်ရန် အချက်လေးများ ကို ဖော်ပြပေးလိုက်တယ်နော်။
    လက်သည်းနီဆိုတာ၊ လက်သည်းဖျက်ဆေး သုံးတာက အန္တရာယ်မဖြစ်စေပါဘူး။ ဒါပေမဲ့ ဘယ်သူမဆို ကိုယ့်ရင်သွေးလေးကို ထိခိုက်မယ့်အရာ မျိုးကို ကြိုတင်ရှောင်ရှားထားချင်ကြပါတယ်။ ဒီ့အတွက် မိမိဝယ်မယ့် လက်သည်းနီအမျိုးအစား ကို သေချာဖတ်ရှုပြီး ရွေးဝယ်ရပါမယ်။

နံပါတ် (၁) - Free toluence and formaldehyde လို့ ရေးထားတဲ့လက်သည်းနီ အမျိုးအစားကိုသာ သုံးစွဲပါ။
နံပါတ်(၂) - လက်သည်းကို ခဏခဏဖျက်လိုက်၊ ဆိုးလိုက်မလုပ်ပါနဲ့။ (၁)ကြိမ်ဆိုးထားပြီးရင် ခပ်ကြာကြာလေးထားလိုက်ပါဦး။
နံပါတ်(၃) - ဆိုင်မှာသွားပြီး Nail Art လုပ်တာမျိုး (ဥပမာ- paint ဆွဲတာမျိုးပေါ့) မလုပ်ပါနဲ့ဦး။
နံပါတ်(၄) - လက်သည်းနီကိုဆိုးနေစဉ်မှာ အိမ်မှာရှိရင်လည်း ပြတင်းပေါက်၊ တံခါးပေါက်တွေ ဖွင့်ထားပါ။ ဆိုင်မှာဆိုးရင်လည်း လေရပြီး အသက်ရှူရ ကောင်းတဲ့ နေရာမျိုးမှာရွေးချယ်ထိုင်ပါ။
နံပါတ်(၅) - လက်သည်းကို အခြောက်ခံနေစဉ်အတွင်း ခန္ဓာကိုယ်နဲ့ဝေးရာကို ရွှေ့ထားပါ။ ပါးစပ်လေနဲ့ မှုတ်ပြီးခြောက်တာမျိုးကို ရှောင်ပါ၊ အသက်ရှူလိုက်ရင် လက်သည်းမှာပါတဲ့ အငွေ့အသက်ကိုရှူမိသွားမှာ စိုးလို့ပါ။

Formaldehyde
    ဖော်မလင်လို့ခေါ်ကြတဲ့ ဓာတ်ဟာ လက်သည်းဆိုးဆေးတွေမှာ ထည့်သွင်းအသုံးပြုထားပါ တယ်။ သူက အရောင်မဲ့ဖော်မယ်ဒီဟိုက် ဓာတ်ငွေ့တစ်မျိုဖြစ်ပြီး မျက်လုံး၊ နှာခေါင်းနဲ့ အဆုတ်အတွင်းသို့ အသက်ရှူလိုက်တာနဲ့ ၀င်ရောက်ပျံ့နှံ့စေပါ တယ်။ ပုံမှန်ထက် များများရှူမိရင်တော့ ကင်ဆာဖြစ်နိုင်ခြေ ရှိပါတယ်။ လက်သည်းဆိုးတဲ့အခါ ထွက်လာတဲ့ အနံ့ခပ်ပြင်းပြင်းပါ။

Toluene - သူ့ကိုတော့ လက်သည်းချောမွေ့ဖို့အတွက် ထည့်သွင်းအသုံးပြုကြပါတယ်။ ဖော်မလင်နဲ့ ခပ်ဆင်ဆင်ပါပဲ ။ ပုံမှန်ထက် ပမာဏများများရှူမိတာနဲ့ မျက်လုံး၊ အဆုတ်နဲ့လည်ချောင်းထဲကို ၀င်ရောက်သွားပါတယ်။ သူရဲ့သတ္တိကတော့ အာရုံကြောကို ပျက်စီးစေပြီး၊ ချို့ယွင်းချက်ရှိတဲ့ ကလေးငယ်လေးတွေကို မွေးဖွားစေနိုင်ပါတယ်။