Primary tabs

မျက်ကွင်းညိုသူများအတွက် သဘာဝနည်းလမ်းများ...

ဒီနေ့ခေတ်မှာ နည်းပညာက လူသားတွေကို အတော်လွှမ်းမိုးနိုင်ပါတယ်။ မိုးလင်းကနေ မိုးချုပ် လုပ်ကိုင်ဆောင်ရွက်ရတဲ့ ကိစ္စတော်တော်များများမှာ နည်းပညာကို အားကိုးကြရပါတယ်။ နည်းပညာကို အားကိုးတဲ့အတွက် လူသက်သာပေမဲ့
တစ်ဖက်မှာလည်း ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေပါတယ်။ အဲဒီ့ ကျန်းမာရေးပြဿနာတွေထဲမှာ တစ်ခုပါဝင်တာကတော့ မျက်လုံးထိခိုက်ခြင်းပါ။ ကွန်ပျူတာ စကရင်၊ ဖုန်း စကရင် နဲ့ တယ်လီဗေးရှင်း စကရင် တွေက ထုတ်လွှတ်တဲ့ အရောင်တွေကို ကြာကြာကြည့်ရတဲ့ မျက်လုံးတွေမှာ ပြဿနာ သိပ်ရှိပါတယ်။ အရက်များများသောက်ရင်၊ ဆေးလိပ်များများသောက်ရင်လည်း မျက်လုံးကို ထိခိုက်နိုင်ပါတယ်။ ဒါက ကျန်းမာရေးဘက်က ကြည့်တာပါ။

အလှအပဘက်က ကြည့်ရင် မျက်လုံးတစ်ဝိုက် မျက်ကွင်းတွေညိုပြီး မျက်ရေအိတ်တွေ ဖောင်းနေတာမျိုး၊ မျက်လုံးက တောက်တောက်ပပ မရှိဘဲ ပင်ပန်းနွယ်နယ်နေသလိုမျိုး ဖြစ်နေတာပါ။ အဲဒီလို ဖြစ်နေတဲ့ မျက်ဝန်းတွေ ပိုင်ဆိုင်ထား ရင် သင့်ကို မြင်ရသူတိုင်းက ပင်ပန်းနေတာလား၊ စိတ်ဖိစီးနေတာလား၊ ရင့်သွားတယ်နော်လို့ ပြောလာကြပါလိမ့်မယ်။ မျက်ကွင်းညိုခြင်းဟာ နေရောင် ကြောင့်၊ စိတ်ဖိစီးမှုကြောင့်၊ အိပ်ရေးမဝတာကြောင့်ဖြစ်နိုင်သလို မျိုးရိုးကြောင့်လည်း ဖြစ်နိုင်ပါ 
သေးတယ်။ တောက်ပတဲ့ မျက်ဝန်းဟာ လူတစ်ယောက်ရဲ့ ယုံကြည်မှုကို ဖြစ်စေတာကြောင့် ဒီလို မျက်ကွင်းတွေ ညိုနေမယ်ဆို သင့်ယုံကြည်မှုတွေ ပျောက်ဆုံးကုန်ပါလိမ့်မယ်။ အိပ်ရေးဝဝ အိပ်ရုံအပြင် မျက်လုံးထဲမှာရှိတဲ့ နာ့ဗ်ကြောတွေကို အောက်ဆီဂျင်များများပေးနိုင်ဖို့လည်း အရေးကြီးပါတယ်။

အောက်မှာ ဖော်ပြသွားမှာကတော့ မျက်ကွင်းညိုခြင်းကို ကုသပေးနိုင်တဲ့ သဘာဝနည်းလမ်းလေးတွေပါ။ လွယ်လွယ်လေးမို့ စမ်းကြည့်စေချင်ပါတယ်။


အုန်းဆီ Eye Mask
အုန်းဆီဟာ မျက်ကွင်းညိုတာ မျက်လုံးအောက်က မျက်ရည်အိတ်တွေ ဖောင်းနေတာကို ကုသပေးတဲ့ နေရာမှာ အထိရောက်ဆုံး နဲ့ အကျိုးများဆုံး သဘာဝပစ္စည်း တစ်မျိုးပါ။

မျက်လုံးအောက်မှာ အုန်းဆီလေး တစ်စက် နှစ်စက်ချပြီး ဖြည်းဖြည်းသာသာ နှိပ်နယ်ပေးခြင်းဖြင့် ကုသပေးနိုင်ပါတယ်။ နေ့တိုင်းလုပ်ဖို့ တာဝန်ယူလိုက်တာနဲ့ ရလဒ်က သိပ်ကောင်းတယ်ဆိုတာချက်ချင်းသိရမှာပါ။


ဗာဒံစေ့ Eye Mask
ဗာဒံစေ့ အဆီဟာ အရေပြားကို ရေဓာတ်ဖြည့်ပေးနိုင်တဲ့ သဘာဝ ပစ္စည်းတစ်မျိုးပါ။ မျက်ကွင်းညိုခြင်းကို သက်သာစေသလို မျက်လုံးနားတစ် ဝိုက်ဖြစ်နေတဲ့ အရေးအကြောင်းတွေကိုလည်း လျော့ပါးစေပါတယ်။ 

ဗာဒံစေ့ကို ထုချေပြီး ပျားရည်လေးနည်းနည်းရောလို့ မျက်လုံးနားတစ်ဝိုက်ကို ညတိုင်းလိမ်းပေးမယ်ဆို မျက်ကွင်းညိုခြင်းနဲ့ မျက်ရည်အိတ်ဖောင်းခြင်းကို အမြန်ဆုံး သက်သာစေမှာပါ။


နှင်းဆီရည် Eye Mask
နှင်းဆီ ပွင့်ဖတ်တွေကနေ ထုတ်လုပ်ထားတဲ့ နှင်းဆီရည် (Rose Water) ဟာ အလှအပ ချစ်သူတိုင်းရဲ့ အသည်းစွဲ ပစ္စည်းတစ်မျိုးဖြစ်တဲ့ အပြင် ပင်ပန်းပုံပေါက်နေတဲ့ သင့်မျက်ဝန်းတွေကို အကောင်းဆုံး ကုသပေးနိုင်ပါသေးတယ်။

နှင်းဆီရည်ကို ဂွမ်းစလေးနဲ့ အသာယူပြီး မျက်လုံးပေါ်မှာ (၁၅) မိနစ်လောက်ထားပေးမယ်ဆို ပင်ပန်းနေတဲ့ မျက်လုံးကို သက်သာစေသလို၊ မျက်ရည်အိတ်ဖောင်းခြင်း၊ မျက်ကွင်းညိုခြင်းကိုလည်း သက်သာစေပါတယ်။


နွားနို့ နဲ့ မုန့်ဖုတ် ဆော်ဒါ Eye Mask
နွားနို့ဟာ ဒီနေရာမှာ အကောင်းဆုံး ဆေးဝါးတစ်မျိုးပါ။ 

နွားနို့ လက်ဖက်ရည်ဇွန်း (၄) ဇွန်းကို မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း (၂) ဇွန်း နဲ့ သမအောင် ရောမွှေပြီး ရေခဲသေတ္တာထဲမှာ ခဏထားလိုက်ပါ။ ပြီးမှ အေးနေတဲ့ နွားနို့ ဆော်ဒါ ပျော်ရည်ကို မျက်လုံးတစ်ဝိုက်ခပ်ဖွဖွ လိမ်းပါ။ မိနစ် (၂ဝ) ကနေ (၂၅) မိနစ်လောက်အထိ ထားပြီး ရေအေးလေးနဲ့ ဆေးချလိုက်ပါ။ 

သခွားသီး Eye Mask
သခွားသီးဟာ အရေပြား ဆဲလ်တွေကို သက်တောင့်သက်သာဖြစ်အောင် ကုသပေးနိုင်တဲ့ အကောင်းဆုံး သဘာဝ ပစ္စည်းတစ်ခုပါ။

သခွားသီးကို ခပ်ပါးပါးလေးတွေ လှီးပြီး ရေခဲသေတ္တာထဲမှာ နာရီဝက်ခန့်ထားပါ။ အေးစက် စိုစွတ်နေတဲ့ သခွားသီး ဝိုင်းလေးတွေကို မျက်လုံးပေါ်မှာ နာရီဝက်ထားပြီး ရေဆေးချလိုက်ပါ။ မထင်မှတ်လောက်အောင် သင့်မျက်ဝန်းလေး လတ်ဆတ်သွားမှာပါ။


လက်ဖက်ရည်အိတ် Eye Masks
သုံးပြီးတဲ့ လက်ဖက်ရည်အိတ်လေးကို လွှင့်မပစ်လိုက်ပါနဲ့။ သင့်မျက်လုံးတွေကို ကုသပေးမယ့် အဓိက ဇာတ်ကောင်အဖြစ် တစ်ဖန်ပြန်ပြီး အသုံးပြုနိုင်လို့ပါ။

အသုံးပြုပြီးသား လက်ဖက်ရည်အိတ်လေးတွေကို ရေခဲသေတ္တာထဲမှာ (၁ဝ) မိနစ်လောက် ထားလိုက်ပါ။ ပြီးမှ အေးစက်စက် လက်ဖက်ရည်အိတ်လေးတွေကို သင့်မျက်လုံးပေါ်မှာ (၁၅) မိနစ်လောက် ထားပေးပါ။ လွယ်လွယ်ကူကူ နဲ့ မျက်ကွင်းညိုတွေကို ကုသပေးမယ့် သဘာဝ နည်းတစ်ခုပါ။


နာနတ်သီး  Mask
နောက်ဆုံး နည်းလမ်းကတော့ နာနတ်သီးရည်နဲ့ ဆနွင်းရောပြီး မျက်ကွင်းညိုကို ကုသခြင်းပါ။

နာနတ်သီးအရည်နဲ့ ဆနွင်း နည်းနည်းကို ခပ်ပျစ်ပျစ်ရောပြီး မျက်လုံးအောက်ကို နေ့တိုင်းလိမ်းပေးပါ။ ရက်သတ္တပတ် (၂) ပတ်လောက်ကြာတဲ့အခါ မျက်ကွင်းညိုတာ သိသိသာသာ လျော့သွားတာ တွေ့ရပါလိမ့်မယ်။