Primary tabs

Baking Soda နဲ့ဆို ဝက်ခြံနဲ့ အမာရွတ်တွေ ဘေးကို

ဝက်ခြံကိစ္စနဲ့ စိတ်ညစ်ရတဲ့အသားအရေ ပိုင်ရှင်တွေအတွက် ဝက်ခြံပျောက်သွားတဲ့အခါ ကျန်ရစ်ခဲ့တဲ့ ဝက်ခြံအမာရွတ်တွေကလည်း စိတ်ရှုပ်စရာပါပဲ။ များသောအားဖြင့် ဝက်ခြံအမာရွတ်တွေဟာ သူ့ဘာသာသူ တဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်သွားတတ်ပေမဲ့ အရေပြားပေါ်မှာ အချိုင့်ဖြစ်ပြီး ကျန်ခဲ့တာ၊ အမဲစက်ကြာရှည်စွဲထင်နေတာမျိုးတွေလည်း ဖြစ်တတ်တဲ့အတွက် အသားအရေအတွက် မှန်ကန်တဲ့နည်းလမ်းနဲ့ ဂရုစိုက်ပေးဖို့ လိုအပ်တဲ့အခြေအနေဖြစ်ပါတယ်။

ဒီပြဿနာအားလုံးကို ဖြေရှင်းနိုင်ဖို့အတွက် မုန့်ဖုတ်ဆော်ဒါတစ်မျိုးတည်းကို အသုံးပြုနိုင်မယ့် နည်းလမ်းများစွာရှိနေပါတယ်။ အဲဒီနည်းလမ်းများစွာထဲကမှ လွယ်ကူရိုးရှင်းမှုအရှိဆုံးနဲ့ ထိရောက်မယ့် နည်းလမ်းတချို့ကို ရွေးချယ်တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

ဝက်ခြံနဲ့ ဝက်ခြံအမာရွတ်တွေကင်းရှင်းပြီး ချောမွေ့လှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ အောက်ပါ မုန့်ဖုတ်ဆော်ဒါ အသုံးပြုနည်းလေးတွေကို စနစ်တကျလေ့လာကြည့်လိုက်ရအောင်…။ 


မုန့်ဖုတ်ဆော်ဒါနဲ့ ရေ
နည်းလမ်း (၁) 
မုန့်ဖုတ်ဆော်ဒါ - စားပွဲဇွန်း ၂ ဇွန်း
ရေ - စားပွဲဇွန်း ၁ ဇွန်း

အချိုးအစားအတိုင်း ရောသမမွှေပြီး ရလာတဲ့အနှစ်နဲ့ တစ်မျက်နှာလုံးကို ပေါင်းတင်ပေးပါ။ ဝက်ခြံရှိတဲ့နေရာတွေကို ပိုမိုထိရောက်စွာ သုံးပေးပါ။ 

လက်ကို စက်ဝိုင်းပုံစံညင်သာစွာ ရွေ့လျားပေးပြီး နှစ်မိနစ် သုံးမိနစ်ခန့် နှိပ်နယ်ပေးပါ။

အဲဒီနောက် ငါးမိနစ် ဆယ်မိနစ်ခန့်ခြောက်အောင်ထားလိုက်ပြီး ကြက်သီးနွေးရေလေးနဲ့ သေချာသန့်စင်အောင် ဆေးကြောပေးပါ။

ဒီနည်းအတိုင်း တစ်ပတ်မှာ နှစ်ကြိမ် ပြုလုပ်ပေးပါ။

နည်းလမ်း (၂)
ညအိပ်ရာဝင်ခါနီးမှာ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

အထက်ပါနည်းအတိုင်း မုန့်ဖုတ်ဆော်ဒါကို ရေနဲ့ရောမွှေပြီး ဂွမ်းလုံးလေးနဲ့တို့ကာ တစ်မျက်နှာလုံးကို ခပ်ပါးပါးလေး သုတ်လိမ်းပေးပါ။ ဝက်ခြံအမာရွတ်ရှိတဲ့နေရာတွေကို ပိုမိုထိရောက် စွာသုံးပေးပါ။ 

တစ်ညလုံးထားပြီး နံနက်ကျမှ ရေဆေးချပေးပါ။ 

ဒီနည်းအတိုင်း ညစဉ်ပုံမှန် ပြုလုပ်ပေးပါ။

နည်းလမ်း (၃)
မုန့်ဖုတ်ဆော်ဒါအမှုန့်ကို တိုက်ရိုက်လိမ်းကျံတဲ့ နည်းဖြစ်ပါတယ်။

မျက်နှာသစ် ခြောက်သွေ့အောင် သုတ်ပေးပြီးတဲ့အခါ ဝက်ခြံအမာရွတ်ရှိတဲ့နေရာကို သိပ်ပေးပါ။

၁၅ / ၂ဝ မိနစ်လောက်ထားပေးပြီး သေချာစွာ ပြန်လည်ဆေးကြောပေးပါ။

ဒီနည်းကို ဝက်ခြံအမာရွတ်တွေ ပျောက်တဲ့အထိ ပုံမှန်ပြုလုပ်ပေးနိုင်ပါတယ်။

မုန့်ဖုတ်ဆော်ဒါနဲ့ သံလွင်ဆီ
နည်းလမ်း (၁)
မုန့်ဖုတ်ဆော်ဒါ - စားပွဲဇွန်း ၂ ဇွန်း
သံလွင်ဆီ - သင့်ရုံ

ဆော်ဒါမှုန့်ကို အနှစ်ဖြစ်အောင်ပြုလုပ်ဖို့အတွက် သံလွင်ဆီကို လိုသလိုချိန်ဆထည့်ပေးပါ။

ရလာတဲ့အနှစ်ကို ဝက်ခြံအမာရွတ်တွေ ပေါ်မှာ  ၅/၇မိနစ်ခန့် လိမ်းကျံ နှိပ်နယ်ပေးပါ။

အချိန်စေ့တဲ့အခါ ကြက်သီးနွေးရေလေးနဲ့ ဆေးချပေးပါ။

ဒီနည်းကို ဝက်ခြံအမာရွတ်တွေ ပျောက်တဲ့အထိ ပုံမှန်ပြုလုပ်ပေးနိုင်ပါတယ်။

နည်းလမ်း (၂)
မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ရေတစ်စက် နှစ်စက်လောက်ရောပြီး ဝက်ခြံအမာရွတ်နေရာတွေပေါ်ကို ပွတ်တိုက်ပေးပါ။

ပြီးတဲ့အခါ ရေသေချာစွာဆေးချပြီး မျက်နှာကို ခပ်ဖွဖွလေးပုတ်ကာ ခြောက်သွေ့အောင် သုတ်ပေးပါ။

နောက်တစ်ဆင့်အနေနဲ့ သံလွင်ဆီကို မိနစ်အနည်းငယ်ခန့်နှိပ်နယ်လူးပေးပါ။

တစ်ညလုံးထားအိပ်ပြီး နံနက်ကျမှ မျက်နှာသစ်ဆေးကြောလိုက်ပါ။

ဒီနည်းအားဖြင့် တစ်ပတ်မှာ သုံး၊ လေးကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။


မုန့်ဖုတ်ဆော်ဒါနှင့် မုန့်ဖုတ်ပေါင်ဒါ
မုန့်ဖုတ်ဆော်ဒါ - စားပွဲဇွန်း ၃ ဇွန်း
မုန့်ဖုတ်ပေါင်ဒါ - စားပွဲဇွန်း ၁ ဇွန်း

ဒီနှစ်မျိုးကို အချိုးအစားအတိုင်းရောပြီး ရေသင့်ရုံထည့်ကာ အနှစ်ဖြစ်အောင် ရောသမမွှေပါ။

ဝက်ခြံအမာရွတ်နေရာတွေကို လိမ်းပေးပြီး တစ်ညထားအိပ်လိုက်ပါ။

နောက်နေ့နံနက်မှာ ကြက်သီးနွေးရေနဲ့ မျက်နှာသစ်ပေးပါ။

ညစဉ်ပုံမှန်ပြုလုပ်ပေးပါ။

မုန့်ဖုတ်ဆော်ဒါနှင့်မျက်နှာသစ်ဆပ်ပြာ

ပုံမှန်သုံးနေကျမျက်နှာသစ်ဆေးနဲ့ မုန့်ဖုတ်ဆော်ဒါကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာခန့် ရောမွှေပေးပါ။ မျက်နှာကို မိနစ်ဝက်မျှ ညင်သာစွာနှိပ်နယ်သုတ်လိမ်းပေးပါ။ 

အဆီပြန်သောနေရာများနဲ့ ဝက်ခြံအမာရွတ် များတဲ့နေရာတွေကို ပိုမိုထိရောက်ပါစေ။

၅ မိနစ်ကြာအောင်ထားပေးပြီးမှ ရေများများဆေးချပေးပါ။ 

မျက်နှာကို ခပ်ဖွဖွလေးပုတ်ကာ သုတ်ပေးပြီး Moisturizer အသုံးပြုပေးပါ။

ဒီနည်းလမ်းဟာ မျက်နှာအသားအရေ ခပ်တင်းတင်းဖြစ်တယ်လို့ခံစားရမှာ ဖြစ်ပေမဲ့ ဝက်ခြံအမာရွတ်တွေကို ထိရောက်စွာ ပျောက်ကင်းစေပါတယ်။

မုန့်ဖုတ်ဆော်ဒါနှင့်သံပရိုရည်
နည်းလမ်း (၁)
မုန့်ဖုတ်ဆော်ဒါ - စားပွဲဇွန်း ၁ ဇွန်း မှ ၃ ဇွန်း
သံပရိုရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သံပရိုရည်ကို လတ်လတ်ဆတ်ဆတ် ညှစ်ထည့်ရပါမယ်။

ပါဝင်ပစ္စည်းနှစ်မျိုးကို သမအောင်ရောမွှေပြီး ဝက်ခြံအမာရွတ်နေရာတွေပေါ် သုတ်လိမ်းပေးပါ။

ငါးမိနစ် ဆယ်မိနစ်ခန့် ခြောက်အောင်ထားပါ။

ရေနဲ့ပြန်လည်ဆေးချပြီး မျက်နှာကို ခြောက်သွေ့အောင် ခပ်ဖွဖွလေး သုတ်ပေးပါ။

သံလွင်ဆီလူးပြီး မိနစ်အနည်းငယ် နှိပ်နယ်ပေးပါ။

နာရီအနည်းငယ်ကြာ ထားပေးနိုင်ပါတယ်။

တစ်ပတ်ကို နှစ်ကြိမ်ပြုလုပ်ပေးပါ။

နည်းလမ်း (၂)
ဒီနည်းလမ်းကတော့ ဝက်ခြံအမာရွတ်တွေကိုသာမက ဝက်ခြံတွေနဲ့ ဝက်ခြံဖုကြီးတွေကိုပါ ကုသပေးနိုင်သလို ထိခိုက်လွယ်တဲ့အသားအရေ Sensitive Skin အမျိုးအစားအတွက်ပါ သင့်တော် ကောင်းမွန်ပါတယ်။

မုန့်ဖုတ်ဆော်ဒါ - စားပွဲဇွန်း ၁ ဇွန်း မှ ၃ ဇွန်း
သံပရိုရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းနှစ်မျိုးနဲ့ ရေအနည်းငယ်ကို သမအောင်ရောမွှေပါ။ ဒီနေရာမှာ သံပရိုရည်ကို လတ်လတ်ဆတ်ဆတ်ညှစ်ထည့်ပေးရပါမယ်။ 

မျက်နှာပေါ်က ပြဿနာရှိတဲ့နေရာတွေကို ထူထူလေး သုတ်လိမ်းပေးပြီး မိနစ် ၂ဝ ခန့်ထားပါ။ 

အဲလိုထားထားတဲ့အခါ အနှစ်တွေခြောက်ပြီး ပတ်ကြားအက်လာပါလိမ့်မယ်။ ကွဲအက်လာတဲ့ အနှစ်ခြောက်တွေကို ခွာချပြီးဖယ်ရှားပေးရုံပါပဲ။ ရေနဲ့မဆေးချရပါ။

ဒီနည်းကို နေ့စဉ်မှန်မှန်ပြုလုပ်ပေးပါ။

တကယ်လို့ ကိုယ်ကအပြင်သွားစရာရှိတယ် ဆိုရင်တော့ Concealer လေးအုပ်ပြီး သွားနိုင်ပါတယ်။

မုန့်ဖုတ်ဆော်ဒါနှင့် လိမ္မော်ရည်

မုန့်ဖုတ်ဆော်ဒါ - စားပွဲဇွန်း ၁ ဇွန်း
လိမ္မော်ရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

လတ်လတ်ဆတ်ဆတ်လိမ္မော်သီးကို ညှစ်ပြီး အရည်ယူရပါမယ်။ 

ပါဝင်ပစ္စည်းနှစ်မျိုးကိုရောမွှေပြီး ဝက်ခြံ အမာရွတ်ရှိတဲ့နေရာတွေကို စက်ဝိုင်းပုံစံလေးပွတ်ပြီး လိမ်းပေးပါ။

၁၅ / ၂ဝ မိနစ်ခန့်ထားပေးပြီး ရေဆေးချလိုက်ပါ။

မျက်နှာကို ပုဝါသန့်သန့်လေးနဲ့ ခြောက်အောင်သုတ်ပြီးတဲ့နောက် Moisturizer သုံးပေးပါ။

ဒီနည်းကို နေ့စဉ်မှန်မှန်ပြုလုပ်ပေးပါ။


မုန့်ဖုတ်ဆော်ဒါနှင့် ပျားရည်
ပျားရည်ဟာ သဘာဝ Moisturizer ဖြစ်သလို အမာရွတ်တွေကိုမှေးမှိန်လာစေပြီး အရေပြားကို အသစ်ဖြစ်စေဖို့ လျင်မြန်စွာကုသပေးနိုင်ပါတယ်။ မည့်သည့်အရောအနှောမျှမပါဝင်တဲ့ သဘာဝ ပျားရည်စစ်စစ်ကို အသုံးပြုပေးပါ။

ပျားရည်နဲ့မုန့်ဖုတ်ဆော်ဒါကို အချိုးအဆ မျှအောင်ရောပြီး သမအောင်မွှေပေးပါ။

ဝက်ခြံအမာရွတ်နေရာတွေမှာ ၃/၅ မိနစ်မျှ နှိပ်နယ်လူးပေးပါ။

နောက်တစ်ဆင့်အနေနဲ့ အဝတ်သန့်သန့် ကိုရေနွေးစိမ်ကာ ပြန်ညှစ်ချပြီး ဆော်ဒါလူးထားတဲ့ နေရာတွေပေါ်မှာ (ရေနွေးငွေ့နဲ့ပေါင်းတင်သလို) အုပ်ထားပေးပါ။

အုပ်ထားတဲ့ အဝတ်အေးသွားတဲ့အခါ အဲဒီအဝတ်နဲ့ပဲ မျက်နှာပေါ်ကအနှစ်တွေကို သုတ်ပြီး ဖယ်ရှားလိုက်ပါ။

ဒီနည်းကို နေ့စဉ်မှန်မှန်ပြုလုပ်ပေးပါ။


မုန့်ဖုတ်ဆော်ဒါ၊ သစ်ကြံပိုးခေါက်မှုန့်နှင့်ပျားရည်

မုန့်ဖုတ်ဆော်ဒါ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သစ်ကြံပိုးခေါက်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
သဘာဝပျားရည်စစ်စစ် - စားပွဲဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်း သုံးမျိုးကို ရေအနည်းငယ် ရောထည့်ပြီး အနှစ်ဖြစ်အောင်လုပ်ပါ။

ရလာတဲ့အနှစ်ကို ဝက်ခြံအမာရွတ်နေရာတွေပေါ်မှာ ပေါင်းတင်ပေးပါ။

၁၅/၂ဝ မိနစ်မျှထားပေးပြီး ရေနဲ့ပြန်ဆေးချပေးပါ။

ရေကိုခပ်ဖွဖွလေး သုတ်ပေးပြီးနောက် Moisturizer သုံးပေးပါ။

ဒီနည်းကိုတော့ တစ်ပတ်မှာ နှစ်ကြိမ်ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ နည်းလမ်းအားလုံး အတွက် ဝက်ခြံနဲ့အမာရွတ်တွေရှိတဲ့ နေရာကို ဦးစွာပထမ သေချာသန့်စင်ပြီး ရေခြောက်အောင် ခပ်ဖွဖွသုတ်ပေးပြီးမှ စတင်သုတ်လိမ်းရမှာ ဖြစ် ပါတယ်။  ခုလိုအလွယ်ကူ အရိုးရှင်းဆုံးနည်းလမ်း တွေထဲကမှ အဆင်ပြေရာကို ရွေးချယ်ဆောင်ရွက်ပြီး ဝက်ခြံနဲ့ အမာရွတ်ကင်းစင်တဲ့ အသားအရေပိုင်ရှင်လေးတွေဖြစ်စေဖို့ ဆန္ဒပြုတင်ဆက်လိုက်ပါတယ်ရှင်။