Primary tabs

ပေါင်းစပ်အသားအရေကို ဘယ်လို Care မလဲ?

ပေါင်းစပ်အသားအရေ (Combination Skin) ဆိုတာကတော့ အသားအရေပေါ်မှာ အဆီပြန်တဲ့နေရာနဲ့ ခြောက်သွေ့တဲ့နေရာတွေ ပေါင်းစပ် ဖြစ်တည်နေတာ ဖြစ်ပါတယ်။ များသောအားဖြင့် T-zone လို့သတ်မှတ်တဲ့ နှဖူးနဲ့ နှာခေါင်း နေရာတွေ
မှာ အဆီပြန်နေတတ်ပြီး ပါးပြင်နှစ်ဖက်မှာ ခြောက်သွေ့ သို့မဟုတ် သာမန်အသားအရေ ဖြစ်နေတတ် တာပါပဲ။

ပေါင်းစပ်အသားအရေကို ဂရုစိုက်ထိန်းသိမ်းရခြင်းဟာ တစ်ချိန်တည်း တစ်ပြိုင်နက်တည်းမှာ အသားအရေအမျိုးအစားများစွာကို ဂရုစိုက်ပေးရခြင်းပဲ ဖြစ်ပါတယ်။ မျက်နှာရဲ့တချို့အစိတ်အပိုင်းတွေမှာ အဆီပြန်မယ် တချို့နေရာတွေက အသားခြောက်နေမယ် ဒါမှမဟုတ် သာမန်အသားအရေအနေအထားလည်း ဖြစ်ချင်ဖြစ်နေမယ်။ ဒီလို တစ်နေရာတည်းမှာ မတူညီတဲ့ အသားအရေအမျိုးအစားတွေပေါင်းစပ်နေတဲ့အတွက် အသားအရေအမျိုးအစား အားလုံးထဲမှာ ထိန်းသိမ်းရအခက်ဆုံးလို့ ဆိုနိုင်ပါတယ်။ 

ဒါပေမဲ့လည်း ပေါင်းစပ်အသားအရေ ပိုင်ရှင်လေးတွေ စိတ်မညစ်ရစေဖို့ Care နည်းလေးတွေရှိနေပါတယ်။ ဒီစာမျက်နှာပေါ်မှာ ဖော်ပြပေးသွားမှာကတော့ အခြေခံအကျဆုံးပြုလုပ်ရမယ့် Care နည်းအဆင့်ဆင့်နဲ့ အသားအရေ ပိုမိုကောင်းမွန်စေဖို့ ကိုယ်တိုင်ကိုယ်ကျပြုလုပ်နိုင်မယ့် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတချို့ပဲ ဖြစ်ပါတယ်။

အသားအရေ အခြေခံထိန်းသိမ်းနည်း
အခြေခံအားဖြင့် မည်သည့်အသားအရေအမျိုးအစားမဆို ပြုလုပ်ပေးရမယ့် နည်းလမ်းကတော့ မျက်နှာသန့်စင်ခြင်း၊ တိုနာသုံးခြင်း၊ ရေဓာတ်ဖြည့်တင်းခြင်းဆိုတဲ့ အဆင့်(၃)ဆင့်ဖြစ်ပါတယ်။ ဒီအဆင့်တွေကို မလုပ်မဖြစ် ပြည့်ပြည့်စုံစုံဆောင်ရွက်ပေးဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မျက်နှာသန့်စင်ပြီးတဲ့အခါ တိုနာသုံးခြင်းဟာ မျက်နှာသစ်ပြီးနောက်မှာ ကျန်ရှိနေသေးတဲ့ အညစ်အကြေးများကို ကုန်စင်အောင်သန့်စင် ဖယ်ရှားပေးပြီး အသားအရေကို ရေဓာတ်ဖြည့်တင်းရာမှာ ပိုမိုထိရောက်စေဖို့ ပြင်ဆင်ပေးတဲ့အဆင့်ဖြစ်ပါတယ်။ ရေဓာတ်ဖြည့်တင်းတဲ့အဆင့် (Moisturizer) ကတော့ အဆီပြန်ခြင်း၊ ခြောက်သွေ့ခြင်းကင်းပြီး ရေဓာတ်မျှတ စိုပြေစေဖို့ဖြစ်တဲ့အတွက် ဒီအဆင့် သုံးဆင့်ကို စနစ်တကျမှန်မှန်ပြုလုပ်ပေးခြင်းဟာ အရွယ်မတိုင်ခင် အသားအရေ အိုမင်းရင့်ရော် ခြင်းကို တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။

ပေါင်းစပ်အသားအရေအတွက် ပစ္စည်းရွေးချယ်နည်း
ပေါင်းစပ်အသားအရေအတွက် မျက်နှာသစ်၊ တိုနာနဲ့ ရေဓာတ်ဖြည့်တင်းခရင်မ် ရွေးချယ်ရာမှာ အထူးသတိပြုရှောင်ရှားရမှာကတော့ အမွှေးရနံ့ခပ်ပြင်းပြင်း ပါဝင်ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေနဲ့ အယ်လ်ကိုဟောပါဝင်တဲ့ ပစ္စည်းအမျိုးအစားတွေ ဖြစ်ပါတယ်။ အဆီပြန်တဲ့အသားအရေ နဲ့ ခြောက်သွေ့တဲ့အသားအရေ ပေါင်းစပ်မှုအတွက် Gel အမျိုးအစားမျက်နှာသစ်ဆပ်ပြာ သို့မဟုတ် အမြှုပ်ထွက်အားနည်းတဲ့ Mild Foaming မျက်နှာသစ်ဆပ်ပြာအမျိုးအစားကို ရွေးချယ်အသုံးပြုသင့် ပါတယ်။ ခြောက်သွေ့မှုများတဲ့ အသားအရေ အတွက်ကတော့ Lotion-based ထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆပ်ပြာမျိုးကို ရွေးချယ်သင့်ပါတယ်။ တိုနာရွေးချယ်တဲ့ နေရာမှာလည်း Alcohol၊ Witch hazel၊ Mentholနဲ့ Citrus oils ပါဝင်တဲ့ ပစ္စည်းအမျိုးအစားတွေကို ရှောင်ရှားပေးရမှာ ဖြစ်ပါတယ်။ 

Moisturizer ရွေးချယ်ရာမှာလည်း အသားအရေအတွက် နေရောင်ခြည်ရဲ့ အန္တရာယ်ဖြစ်တဲ့ UV rays တွေကို ကာကွယ်နိုင်ဖို့အတွက် SPF ပါဝင်တဲ့အမျိုးအစား Sunscreen အမျိုးအစားကို ရွေးချယ်သုံးစွဲပေးဖို့ အရေးကြီးပါတယ်။ ရေဓာတ်ဖြည့်တင်းခြင်းအဆင့်ဟာ အသားအရေ စိုပြေတောက်ပခြင်းအတွက် အဓိကသော့ချက်ဖြစ်ပါတယ်။ မျက်နှာသစ်ဆပ်ပြာနဲ့တိုနာရဲ့သန့်စင်မှုနောက်မှာ အရေပြားပေါ်က ရေဓာတ်ကို ထိန်းသိမ်းပေးထားတဲ့ သဘာဝအဆီဓာတ်ဟာ ဖယ်ရှားခံလိုက်ရတဲ့အတွက် Moisturizer ကိုအသုံးပြုပြီး မဖြစ်မနေ ရေဓာတ်ပြန်လည်ဖြည့်တင်းပေးမှသာ အသားအရေဟာ နူးညံ့ပျော့ပျောင်းနေစေမှာ ဖြစ်ပါတယ်။ တကယ်လို့ အသားအရေဟာ တချို့နေရာတွေမှာ အဆီပြန်လေ့ရှိတယ်ဆိုရင်တောင် Moisturizer ကိုအသုံးပြုပေးဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေဓာတ်မပြည့်ဝတဲ့ ဧရိယာဟာ အဆီပိုထုတ်တဲ့အတွက် Moisturizer ကို မသုံးပေးဘူးဆိုရင် ပိုဆိုးတဲ့ရလဒ်ကို ဖြစ်စေနိုင်တာကြောင့်ပါ။ အလွန်အမင်းအဆီပြန်တတ်တဲ့ ဧရိယာမျိုးဆိုရင်တော့ Moisturizer ကို ခပ်ပါးပါးသုံးပေးသင့်ပါတယ်။

ခုလိုနေ့စဉ် နံနက်တစ်ကြိမ် ညတစ်ကြိမ် မှန်မှန်ဆောင်ရွက်ပေးရမယ့် အဆင့် ၃ ဆင့်အပြင် ပေါင်းစပ်အသားအရေပိုင်ရှင်တွေ ဆောင်ရွက်နိုင်မယ့် နည်းလမ်းတစ်ခုကတော့ အရေပြားပေါ်က ဆဲလ်သေများကိုဖယ်ရှားပြီး အရေပြားအသစ် မွေးဖွားနိုင်မယ့် Peeling ပြုလုပ်ခြင်းနည်းလမ်း ဖြစ်ပါတယ်။ ဒီနည်းဟာ ပေါင်းစပ်အသားအရေအတွက် အပေါ်ယံအရေပြားကို ပြုပြင်ပေးသလို အရေပြားအတွင်းလွှာအထိ ဟန်ချက်ညီ ကောင်းမွန်စေနိုင်ပါတယ်။  ဆက်လက်ပြီး ပေါင်းစပ်အသားအရေအတွက် သင့်တော်တဲ့ သဘာဝပစ္စည်းများနဲ့ ထိန်းသိမ်းနည်းတချို့ကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

ပျားရည်နှင့် သံပရိုသီး
ပျားရည်စစ်စစ်ဟာ သဘာဝ Moisturizer ဖြစ်ပြီး လတ်လတ်ဆတ်ဆတ်သံပရိုရည်ကတော့ အသားအရေကို လင်းလက်တောက်ပစေပါတယ်။ 
ပြုလုပ်ရမယ့်နည်းလမ်းကတော့ ပျားရည်စားပွဲဇွန်း တစ်ဇွန်းမှာ သံပရိုရည်အနည်းငယ် ထည့်မွှေပြီး မျက်နှာပေါ်မှာ ၁၅ မိနစ်မျှ သုတ်လိမ်းထားပေးပါ။
အချိန်စေ့တဲ့အခါ ရေဆေးချလိုက်ပြီး မျက်နှာကို ခပ်ဖွဖွလေးသုတ်ပေးပါ။


သင်္ဘောသီး သို့မဟုတ် ငှက်ပျောသီးနှင့် သံပုရိုရည်
အသားအရေရဲ့ ခြောက်သွေ့တဲ့အပိုင်းတွေကို စိုပြေပျော့ပျောင်းစေဖို့ သင်္ဘောသီးနဲ့ ငှက်ပျောသီးကလည်း ကူညီနိုင်ပါတယ်။ လတ်လတ်ဆတ် ဆတ်သံပရိုရည်ကတော့ အသားအရေကို လင်းလက်တောက်ပစေပါတယ်။
ခွက်တစ်လုံးမှာ အသီးမှည့်တစ်မျိုးကို အတုံးသေးလေးတွေလှီးထည့်ပြီး သံပုရိုသီးတစ်လုံးရဲ့တစ်ဝက်ခန့်ညှစ်ထည့်ကာ ရောသမမွှေပေးပါ။
ရလာတဲ့အနှစ်ကို အသားအရေပေါ်မှာ လိမ်းပြီး ခြောက်သွားတဲ့အထိနေပေးပါ။
နောက်ဆုံးမှာ ရေသန့်သန့်နဲ့ ပြန်ဆေးချလိုက်ပါ။


ငှက်ပျောသီးနှင့် ကြက်ဥအကာ
အသားအရေမှာ ရေဓာတ်ပြည့်ဝနေစေဖို့ ဆောင်ရွက်နိုင်မယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ 
ကြက်ဥအကာက အသားအရေကို တင်းရင်းစေပြီး ငှက်ပျောသီးက လိုအပ်နေတဲ့ ရေဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။
ငှက်ပျောသီးမှည့်နဲ့ ကြက်ဥအကာကိုရော ခေါက်မွှေထားတဲ့အနှစ်ကို အသားအရေခြောက်သွေ့နေတဲ့ နေရာတွေမှာ ထူထူသုတ်လိမ်းပြီး T-zone မှာတော့ ခပ်ပါးပါးပဲ လိမ်းပေးပါ။
၁ဝ မိနစ်ကြာထားပြီးရင် မျက်နှာသစ်လို့ ရပါပြီ။


သခွားရည်နှင့်ပျားရည်
သာမန်နဲ့အဆီပြန်တဲ့ အသားအရေအတွက် ကောင်းမွန်တဲ့နည်းလမ်းကတော့ သဘာဝပျားရည်နဲ့ သခွားရည်ဖြစ်ပါတယ်။
သခွားသီးခပ်ကြီးကြီးကို ကြိတ်ချေပြီး အရည်ထုတ်ယူကာ ပျားရည်နဲ့ရောမွှေပြီး မျက်နှာပေါ် သုတ်လိမ်းပေးပါ။
ခြောက်သွေ့လာတဲ့အထိထားပြီး ရေပြန်ဆေးချပေးပါ။


လိမ္မော်ခွံခြောက်နှင့်ဒိန်ချဉ်
အသားအရေဖြူစင်လှပဖို့  သဘာဝလိမ္မော်ခွံက ရရှိတဲ့ ဗီတာမင်စီကို ဒီနည်းလမ်းလေးနဲ့ အသုံးပြုနိုင်ပါတယ်။ ဒိန်ချဉ်ကတော့ တင်းရင်းစိုပြေတဲ့အသားအရေဖြစ်ဖို့ တာဝန်ယူပါတယ်။
လိမ္မော်ခွံကို အခြောက်ခံ အမှုန့်ကြိတ်ပြီး ဒိန်ချဉ်နဲ့ရောကာ အနှစ်ခပ်ပျစ်ပျစ်လေးဖျော်ပါ။
ရလာတဲ့အနှစ်ကို မျက်နှာမှာ သုတ်လိမ်းပြီး မိနစ် ၂ဝ ခန့်ကြာတဲ့အခါ ကြက်သီးနွေးရေနဲ့ဆေးချပေးလိုက်ပါ။


အုတ်ဂျုံနှင့် ဒိန်ချဉ်
အသားအရေကို scrub ပြုလုပ်ပေးနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ ကြိမ်ရေအနည်းငယ်မျှ ပြုလုပ်ပေးပြီးတဲ့အခါ အရေပြားအပေါ်ယံက ဆဲလ်အသေတွေကို ဖယ်ရှားပြီး စိုပြေလှပနေတဲ့ အသားအရေကို ရရှိစေမှာပါ။
အုတ်ဂျုံနဲ့ ဒိန်ချဉ်ကို ကျေညက်သွားရောင် ရောမွှေပေးပြီး T-zone နေရာကို အဓိက လိမ်းကျံပေးပါ။ ပါးပြင်နေရာတွေကို ထူထူမလိမ်းမိ ဖို့ရှောင်ကြဉ်ပါ။ ညင်သာစွာနှိပ်နယ်ပေးပြီး ရေပြန် ဆေးချလိုက်ပါ။
မိမိ အသားအရေက သာမန် သို့မဟုတ် အဆီပြန်တတ်တယ်ဆိုရင် ၁ဝ ရက်ကို တစ်ကြိမ်လောက် ဒီနည်းနဲ့ Scrub လုပ်ပေးနိုင်ပါတယ်။


နို့မှုန့်၊ ဒိန်ချဉ်နှင့် သခွားသီး
ခုလို နွေရာသီအတွက်လည်း သင့်တော်တဲ့ နည်းလမ်းလေး ဖြစ်ပါတယ်။ အသားအရေကို အေးမြစေပြီး ခြောက်သွေ့လွန်း သို့မဟုတ် အဆီ ပြန်လွန်းတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ 
ပထမဆုံးသခွားသီးကို အရည်ထုတ်ယူရပါမယ်။ နို့မှုန့်၊ ဒိန်ချဉ်နဲ့ သခွားရည်ကို ရောမွှေပြီး မျက်နှာမှာ သုတ်လိမ်းပေးပါ။ 
အနှစ်ခြောက်လာတဲ့အထိ ထားပေးပြီးမှ ရေအေးလေးနဲ့ မျက်နှာပြန်သစ်လိုက်ပါ။ 


ဒိန်ချဉ်၊ နှင်းဆီရည်နဲ့ ပျားရည်
ပျားရည်နဲ့ ဒိန်ချဉ်ကို အသားအရေ ပိုမိုချောမွတ်စေတဲ့ နှင်းဆီအရည်နဲ့ အားဖြည့်ထားတဲ့အတွက် စိုပြေတောက်ပပြီး ဆားဝက်ခြံတွင်းတွေ ကင်းစင်တဲ့ မျက်နှာကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
ဒိန်ချဉ်နဲ့ ပျားရည်ကို ဦးစွာရောမွှေပြီးမှ နှင်းဆီရေ နှစ်စက် သုံးစက်ခန့် ထည့်ပေးပါ။
ရလာတဲ့ အနှစ်ကို မျက်နှာပေါ်သုတ်လိမ်းပေးပြီး မိနစ်အနည်းငယ်ခန့်ထားကာ ရေပြန်ဆေးချလိုက်ပါ။


ပျားရည်၊ နို့၊ သံပရိုနှင့် ဗာဒံစေ့ဆီ
ဒီနည်းလေးကတော့ ပါဝင်ပစ္စည်းများသလို ခွဲခြားလုပ်ဆောင်ရမယ့် အပိုင်းလေးတွေလည်း ရှိပါတယ်။
ပျားရည်နဲ့ နွားနို့စားပွဲဇွန်း တစ်ဇွန်းစာကို ရောမွှေပြီး မျက်နှာကို သုတ်လိမ်းပေးပါ။
သံပရိုရည်ကို T-zone ပေါ်မှာလိမ်းပေးပြီး ဗာဒံစေ့ဆီကို ပါးပြင်နှစ်ဖက်ပေါ်မှာ လိမ်းပေးပါ။
မိနစ် ၂ဝ ခန့်ထားပေးပြီး ရေပြန်ဆေးချလိုက်လို့ရပါပြီ။

ဒီနည်းလမ်းလေးတွေကို နိုင်ငံတကာ ကွန်ပျူတာကွန်ယက်ကနေ လေ့လာရှာဖွေဖတ်ရှုပြီး ဘာသာပြန်ရေးသားတင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ပေါင်းစပ်အသားအရေ ပိုင်ရှင်လေးတွေ အားလုံးလှပအဆင်ပြေကြပါစေ။