Primary tabs

အချိန်တိုင်းလှပဖို့လိုတဲ့ မိန်းမသားများ

မော်ဒယ်လ် - ခင်ဇာခြည်ကျော်

ဆံပင်၊ မိတ်ကပ် - Aroma (zulu)

ဓါတ်ပုံ - လမင်းနိုင်

မိခင်တာဝန်နှင့် စီးပွားရေးလုပ်ငန်းတာဝန်တွေကို တစ်ချိန်တည်း လှုပ်ရှားရုန်းကန်ရင်း အမြဲတမ်းလန်းဆန်းလှပစွာနေတတ်တဲ့ သူမနဲ့  အမျိုးသမီးများလှပအောင် ဘယ်လိုနေထိုင်မလဲဆိုတဲ့ အကြောင်းအရာလေးတွေကို မေးမြန်းဖြစ်ခဲ့တဲ့အခါ... မေးခွန်းများ အပေါ် သူမဖြေပေးတဲ့ အလှအပအကြံပေးများနဲ့ ကိုယ်တိုင်လိုက်နာကျင့်သုံးတဲ့ အပြုအမူများကိုလည်း People စာဖတ်ပရိသတ်များ အတွက် အခုလိုဖော်ပြပေးလိုက်ပါတယ်။

အသားအရေနဲ့ပတ်သတ်ပြီး ဂရုစိုက်ဖို့...

“မနက်မျက်စိနှစ်လုံးပွင့်ပြီဆိုတာနဲ့ မျက်နှာသစ်၊ သွားတိုက်၊ ရေမိုးချိုး၊ ပြီးရင်တော့ အစ်မမျက်နှာကို အရင်ဆုံး skincare အတွက် Toner ကို လိမ်းတယ်၊ Day Cream လိမ်းတယ် ပြီးရင်တော့ eye cream လိမ်းတယ်။ မျက်နှာကို စိုပြေနေအောင် Moisturizer လေး လူးလိုက်တယ်။ Skin care ဆိုရင် အစ်မက Clinique Q - US brand ကို သုံးတယ်၊ အခု ဒီမှာလည်း ၀ယ်လို့ရနေပါပြီ။ ရန်ကုန်ကိုမ ရောက်ခင်ကတည်းက အစ်မနဲ့တည့်တယ် အဆင်ပြေတဲ့အတွက် မှာပြီးတော့ကိုသုံးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြီးကျယ်တာတော့ မဟုတ်ဘူး၊ ဈေးများတာ ဈေးနည်းတာထက် အစ်မနဲ့တည့်ဖို့က အဓိကပဲ။၊ အစ်မကသူများနဲ့ တည့်တဲ့  Dr.secret ၊ SK2 တွေတောင် အစ်မနဲ့ကျတော့ အဲ့ဒါတွေကမတည့်ဘူး။ ပြောရင်ယုံမှာ မဟုတ်ဘူး၊ သူများတွေက အစ်မကိုပြောကြတယ် အစ်မအသားအရေ အရမ်းကောင်းတာပဲ ဘယ်မှာပေါင်းတင်လဲဆိုပြီးတော့ မေးရင်ကိုယ်က ပြောရတယ်တစ်ခါမှကို မလုပ်ဖြစ်ဘူးလို့။ အဲ့ဒါကြောင့်ပဲ ဖြစ် မလားတော့မသိဘူး၊ အခြားသူတွေ တစ်လကို ၁ ခါ ၂ ခါ ပေါင်းတင်နေကြတဲ့အချိန်မှာ အစ်မလုပ်လိုက်တာနဲ့ အပိန့်တွေ ထလာတယ် အနီတွေ ထွက်လာတယ်၊ facial လုပ်ပေးပါမယ်ဆိုပြီး ဆိုင်တွေကခေါ်လဲ သွားလုပ်လို့မရဘူး။ အိမ်မှာ home made လုပ်ဖြစ်လား ဆို တော့လည်း မလုပ်ဖြစ်ဘူး။ မနက်ဆို  DayCream  ညဆို Night Cream ၊ Eye Cream ပဲသုံးတယ်။ အလွန့်အလွန်ဆုံး သုံးဖြစ်ရင် မျက်နှာကို Mask အုပ်ရုံလောက်ပဲ၊ ဒါလည်းသေချာ ရွေးဝယ်ရတယ်၊ အားလုံးနဲ့မတည့်ဘူး ရှိသေးတယ် ။

Skin care ကို ပထမဦးဆုံးစသုံးဖြစ်တာက  အစ်မ အသက်(၃၁)နှစ်မှပါ။ အခု အသက်က (၃၇)ဆိုတာ့  care လုပ်တာ ၆ နှစ် ရှိပြီပေါ့နော်။ ဟိုအရင်ခေတ်ကတော့ အစ်မတို့ ရှုတင်ကပြန်လာပြီ ဆို မိတ်ကပ်ကိုဖျက်ပြီး အိမ်ရောက်ရင် သနပ်ခါးပဲလိမ်းရတာ။ အသက်(၃၀)ကျော်လာတော့မှ ငါမလုပ်လို့ မဖြစ်တော့ဘူးဆိုပြီး အသားအရေကို ဂရုစိုက်ဖြစ်တာ”

မိမိရဲ့ ဘော်ဒီအတွက် ဂရုစိုက်မှု...

“ကလေးမွေးပြီဆိုတာနဲ့ မိန်းမတွေက ကိုယ်လုံးစပျက်တာပဲလေ၊ ၉ လလွယ် ၁၀ လဖွား ဖို့အတွက် ကလေးအာဟာရဖြစ်မယ့် အားဆေး၊ သီးအနှံစတဲ့ အာဟာရပေါင်းစုံရအောင် အစုံအစုံစားရတော့၊ ကိုယ်ဝန်ဆောင်ချိန်မှာ မသိသာပေမယ့် ကလေးမွေးပြီးနောက်မှာ အဲ့ဒါတွေ ပြန်တက်လာတာ။ ကလေးငယ်သေးတဲ့ အချိန်မှာ ချက်ချင်းချလို့မရတော့ ကလေး ၁ နှစ်ကျော်မှ စချရတာ။ အစားအသောက်၊ လေ့ကျင့်ခန်းတွေ လုပ်တာ။ အစ်မက လေ့ကျင့်ခန်းလုပ်တာ များတယ်။

ငယ်ငယ်လေးကတည်းက gym ကို အစ်မဆော့တာ၊ ဖေဖေဆုံးပြီးနောက်ပိုင်းမှ အစ်မစိတ်မပါတော့လို့ မဆော့ဖြစ်တာဆိုတော့ အခုတွက်ကြည့်လိုက်ရင် ၃ နှစ်ရှိပြီ။ စီးပွားရှာလည်း ကိုယ်ပဲ၊ မိဘအတွက် ကိုယ်ပဲ၊ သားသမီးအတွက်လည်း ကိုယ်ပဲဆိုတဲ့အချိန်မှာ အလှအပကို ဂရုမစိုက်နိုင်တော့ဘူး။ ဦးစားပေးရမယ့် အချိန်တွေမှာ ဦးစားပေးခဲ့ရတာပေါ့နော်။ အဲ့မတိုင်ခင်ကတော့ အစ်မ လေ့ကျင့် ခန်းကို ဆက်တိုက်လုပ် ဖြစ်တယ်။ အစ်မမင်းသမီးစလုပ်တော့ အသက် (၁၅)နှစ်၊ လေ့ကျင့်ခန်းစလုပ်တော့ (၁၃)နှစ်”

အစားအသောက်အနေအထိုင် ဂရုစိုက်မှု...

“အစ်မလည်း ကယ်လိုရီတွက်စားလာတယ် အခုနောက်ပိုင်း၊ ငါဒီနေ့စားတာ ကယ်လိုရီ ၁ ထောင်ကျော်သွားပြီလား၊ ၈ ရာကျော် သွားပြီလားဆိုပြီး တွက်ရတယ်။ အစ်မရဲ့အရပ်နဲ့ ဘောဒီ ၀ိတ်ကိုတွက်ပြီး ဒီကယ်လိုရီလောက်ပဲ ရှိသင့်တယ်ဆိုပြီး တွက်ချက်ရတာပေါ့။ များသောအားဖြင့် ထမင်းမစားတာများတယ်။ ညစာကို မစားတာ အစ်မ (၇)နှစ်လောက်တောင်ရှိပြီ၊ တစ်ပတ်မှာ (၇)ရက်ရှိတယ်ဆို အစ်မ က ၄ ရက်လောက်ကို ဆက်တိုက်ဆော့ရင်ဆော့၊ မဟုတ်ရင် ၁ ရက်ခြားဆော့တာမျိုးလုပ်တယ်။ ၁ ရက်ခြားရချင်း အကြောင်းကတော့ ဒီနေ့များများနဲ့ ပြင်းပြင်းထန်ထန်ဆော့လိုက်ပြီဆို နောက်တစ်ရက်ကတော့ နားကိုနားပေးရတယ်။ အဲ့လိုဆိုရင် ၀ိတ်ကျတာကသိသာ တယ်။ အစ်မကျတော့ စိတ်ဓာတ်ပြင်းထန်တော့ ဆော့ပြီဆိုလည်း စကားလည်းမပြော၊ ဒီနေ့ငါ အိပ်ထ ၃၀၀ ဆို ၃၀၀ ရအောင်လုပ်တာ ပေါ့၊ ချွေးတရွှဲရွှဲနဲ့ပေါ့နော်။ သူများတွေကတော့ စကားလေးပြောလိုက် စက်ဘီးလေးစီးပြီး ပြန်သွားကြတယ်။ အစ်မကတော့မရဘူး၊ အကုန်ပြည့်အောင်လိုက်ဆော့တယ်။ ကိုယ်ဒီလောက်လုပ်မယ်လို့ တွက်ထားရင်ရအောင် လုပ်ပြီးမှပြန်လာတယ်”

မိမိကိုယ်ကိုယုံကြည်မှုရှိဖို့…

“အသက်(၃၀)ကျော်လာတဲ့ မိန်းမတွေက အိမ်ထောင်ပြုပြု၊ မပြုပြု ဒီအချိန်မှာ အသားအရေကော ကိုယ်လုံးကိုရော ထိန်းသိမ်း ပေးဖို့ လိုအပ်လာပြီ။ တစ်ချို့တွေကျတော့ပြောကြတယ် ငါတို့က အရပ်သူသာမာန်လူတွေပဲလုပ်ဖို့ မလုပ်ပါဘူး၊ မင်းသမီးမှ မဟုတ်တာ ဆိုပြီးတော့။ အစ်မကတော့ အကြံပေးချင်တယ် ပစ်စလက်ခတ် မနေကြပါနဲ့။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကို လှနေဖို့လိုပါတယ်... သပ် သပ်ရပ်ရပ်လေးနဲ့ ပြင်ဆင်ပြီးနေတော့ လူတွေအများကြားကိုသွား ရတဲ့အခါလည်း ယုံကြည်မှုရှိတာပေါ့။ ၀တုတ်နေတယ် မသပ်ရပ် ဘူးဆိုရင် မိန်းမချင်းယှဉ်ရင် ငါဝနေပြီ သူတို့ကျတော့လှနေတယ်ဆိုတဲ့ ဖီလင်တွေ ၀င်လာတာပေါ့နော်။ မိန်းမချင်း ကိုယ်ချင်းစာပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်ပြင်ဖို့ လိုတယ်၊ သပ်သပ်ရပ်ရပ်နေဖို့ လိုပါတယ်။ ကိုယ်လှဖို့ သူများကတော့ လာပြင်ပေးမှာ မဟုတ်ဘူး။

စိတ်ဓာတ်ကို လုံးဝမလျှော့လိုက်နဲ့၊ ယောက်ျားယူလိုက်တာရယ် ကလေးမွေးပြီးလို့ရယ်လို့ မဟုတ်ဘူး။ မိန်းမတစ်ယောက်ဟာ အနုပညာသမားမှရယ် မဟုတ်ဘဲ အရပ်သူဖြစ်နေခဲ့ရင်တောင် ကိုယ့်ကိုကြည့်လိုက်တာနဲ့ ဟယ်... ကျက်သရေရှိလိုက်တာ၊ သူ့ကိုမြင် ရတာ စိတ်ချမ်းသာလိုက်တာဆိုတာမျိုးလေးကိုက ကိုယ့်ကို အားဖြစ်စေသလို သူများတွေလည်း အတုယူရတာပေါ့။ စိတ်တွေကိုမလျှော့ လိုက်ပါနဲ့လို့ အစ်မကဒီစာမျက်နှာလေးကနေ အကြံလေးပေးချင်ပါတယ်”