Primary tabs

Do If Youself

မော်ဒယ် - မြတ်သူသူဇင်

မိတ်ကပ်နှင့် ဆံပင် - ဇေယျာ(လင်းလင်း Makeup Artist)

မိုးတဖွဲဖွဲကျစပြုတဲ့ ဇွန်လအတွက် မိုးရေစက်များအကြား သင့်ကိုအလှမပျက်စေဘဲ အချိန်တိုင်းသပ်သပ်ရပ်ရပ်နဲ့ စတိုင်ကျလှပနေစေမယ့် ဆံပင်ပုံစံများကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ ကျစ်ဆံမြီးနဲ့ ရောစပ်ထားတဲ့ လှပတဲ့ ဆံပင်ပုံစံများကို သင်ကိုယ်တိုင် ဖန်တီးပြုလုပ်ကြည့်ပါလို့ အကြံပြုရင်း.....။

ဆံပင်အောက်ဖျားကို လိပ်ပြီး အရှေ့ဆံပင်များကိုတော့ ပွပွဖောင်းဖောင်းလေး ဖြစ်နေအောင် ဘီးချွန်နဲ့ ဖွဖွခြစ် ပေးပါ။ ဘေးနှစ်ဖက်က ဆံပင်များကို ကျစ်ဆံမြီးနဲ့သိမ်းပြီး ကျန်ဆံပင်အရှည်ကို အခွေလေးများပြုလုပ်လို့ ကလစ်ကလေး များနဲ့ အလိုက်သင့်ထိုးတွယ်ပြီး လှပသပ်ရပ်အောင် ပြုလုပ်နိုင်ပါတယ်။

အရှေ့ဆံပင်ကို ငါးရိုးကျစ်ဆံမြီးတစ်မြောင်း ကျစ်ထားပါ။ အနောက်ဘက်က ဆံပင်များကိုအပေါ်သို့လှန်ပြီး အောက်မှအပေါ်သို့ ငါးရိုးကျစ်ဆံမြီးတစ်ချောင်းကျစ်ပါ။ ကျစ်ဆံမြီးနှစ်ခုထိတဲ့နေရာမှာ ဆံပင်တွေကိုစုကိုင်ကာ လိပ်ပြီး ကပိုကရိုထုံးလိုက်ပါ။ သပ်ရပ်ပြီးမြဲသွားအောင် ကလစ်ကို လိုအပ်တဲ့နေရာများမှာ ထိန်းဖို့အသုံးပြုနိုင်ပါတယ်။

ခွဲကြောင်းတစ်ဖက်စီမှာ ကျစ်ဆံမြီး နှစ်ချောင်းကျစ်ပါ။ ကျစ်ဆံမြီးများကို ဦးခေါင်းရဲ့တစ်ဝက်ခန့်အထိကျစ်ကာ ပုံမှာပြထားတဲ့အတိုင်း ကျန်ဆံပင်များကို အရှည်ရှိသလောက် ဖွတ်မြီး တစ်ချောင်းတည်းဖြစ်အောင် ခပ်ဖွဖွထိုးလိုက်ပါ။ ကျစ်ဆံမြီးကျစ်ထားတဲ့ ဆံပင်ကို အတွင်းဘက်သို့လိပ်ပြီး ကလစ်ဖြင့်ထိန်းပါ။ အခြားဖက်ကိုလည်း ထိုနည်း အတိုင်း ပြုလုပ်နိုင်ပါတယ်။

ဆံပင်အဖျားတွေကို အပူချောင်းနဲ့ လိပ်ကာပုံသွင်းထားပါ။ ဆံစမှစတင်ပြီး တစ်ခေါင်းလုံးရှိ ဆံပင်များကို ငါးရိုးကျစ်ဆံမြီးခပ်ပွပွ အမြောင်းကြီးကြီးနဲ့သိမ်းပါ။ လည်ကုပ်နားရောက်တဲ့အခါမှာ ဆံပင်အဖျားတွေကို ဘေးမကျတကျ ခပ်ဖွဖွလိပ်ယူလာပြီး ထုံးဖွဲ့နိုင်ပါတယ်။

ငါးရိုးကျစ်ဆံမြီးကို ဦးခေါင်းရဲ့ ဘေးဖက်မှစလို့ ခပ်စောင်းစောင်းကျစ်ထားပြီး သားရေကွင်းနဲ့ စီးလိုက်ပါ။ ထိုကျစ်ဆံမြီးကို ခွေလိုက်ပါ။ကျန်ရှေ့ဆံပင်တစ်ခြမ်းကို ခွေထားတဲ့ ဆံထုံးအနီးခပ်ပြေပြေ အလိုက်သင့် ရစ်ပတ်ထား နိုင်ပါတယ်။

ဘေးတစ်ဖက်စီက ဆံပင်များကို တစ်ဖက်သိမ်းတဲ့နည်းနဲ့ ကျစ်လာပါ။ ကျန်ဆံပင်များကို သင့်တော်သလောက် ဆံစုလေးများခွဲပြီး အလိပ်လေးများဖြစ်အောင် ပြုလုပ်ကာ ပန်းပွင့်သဏ္ဍန် ဆံထုံးရအောင် ခွကလစ်များကို အသုံးပြုလို့ ထုံးဖွဲ့နိုင်ပါတယ်။