Primary tabs

ကျက်သရေဖြာတဲ့ ဆံပင်ဆိုတာ...

သူမတူကွဲပြားခြားနားတဲ့ ဆံပင်ပုံစံချည်နည်း ငါးမျိုးကို လုပ်ငန်းရှင်မမများနဲ့ ကျောင်းသူ ညီမလေးများအတွက်  ခပ်သွက်သွက်နဲ့ ဆန်းသစ်ပြီး အလွယ်တကူလိုက်လုပ်နိုင်တဲ့ ဆံပင်ချည်နည်းအဆင့်ဆင့်ကို ပြည့်ပြည့်စုံစုံ ဖော်ပြပေးထား ပါတယ်။

မော်ဒယ် - ခင်မြန်မာ

မိတ်ကပ် - စိုးစိုး Makeup Artist (Mirror)

ဓာတ်ပုံ   - လမင်းနိုင်

         တခါကမမများကြား ရေပန်းစား လူကြိုက်များ ဟော့ဖြစ်ခဲ့တဲ့ ပြင်သစ်ဆံထုံးက လက်ရှိနိုင်ငံတကာ ပွဲတွေမှာလည်း ကမ္ဘာ ကျော်မင်းသမီးတွေ အလှဆင်ထုံးလေ့ရှိတဲ့ ဟော့ဖြစ်ဆဲ ဆံပင်ပုံစံပါ။ အခုတော့ ရေပန်းစားတဲ့ ဆံပင်ပုံစံကို ကိုယ်ပိုင်ဟန်နဲ့ ဆယ့်ငါးမိနစ် အချိန်ယူပြီး လုပ်နိုင်ပါပြီ။

ဆံနွယ်အားလုံးကို ဘီးချွန်နဲ့ ပခုံးတစ်ဖက်တည်းမှာစုပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင် ဖြီးပေးပါ။ ဆံပင်ဖွာနေပါက ကော်စပရေး အသုံးပြုပါ။ဆံပင်အားလုံးကို တစ်ဖက်တည်းမှာ စုချည်ပြီး ခရုပတ်အလိပ် ကြီးကြီးရအောင် လိပ်ဖို့အတွက် ညှပ်ကလစ်များနဲ့ ကျန်တစ် ဖက်ကို သေချာထိန်းပေးထားပါ။

ဂရုစိုက်လုပ်ရမယ့် အပိုင်းပါ။ ဘီးချွန်နဲ့ ပုံမှာပြထားတဲ့အတိုင်း အဖျားနားကနေ ဘေးကိုထိန်းပြီး လိပ်ပေးပါ။ ဆံပင်ပျော့ပြီး ကျ သွားတာ၊ လိပ်နေချိန် လျှောကျသွားတာတွေရှိရင် ကော်စပရေးကို ဆံပင်အလိပ်အတိုင်း တည်ငြိမ်သွားသည်အထိ ဖြန်းပါ။ ညှပ်ကလစ် များနဲ့ ထိန်းပါ။

နောက်ဆုံးအလိပ် ရသွားပြီဆိုရင် အရှေ့ဆံပင်နည်းနည်းချပြီး ကောက်လိုက်ပါ။ ပွဲလယ်တင့်တယ် ပြင်သစ်ဆံထုံးလေးရပါပြီ။ ပိုလှသွားအောင် စိန်ပန်းခက်လေးနဲ့ အလှဆင်ထားပါတယ်။ ဒီအတိုင်း ကျော့ကျော့ရှင်းရှင်းထားလို့လည်း ရပါတယ်။

         ကျောင်းသွား၊ ရှော့ပင်ထွက်၊ ထသွားထလာ အဆင်ပြေစေမယ့် သုံးထပ်အလိပ် ဆံပင်ပုံစံကို ဆယ်မိနပ်အချိန်ပေးပြီး ဖန်တီး ကြည့်ပါ။ ဆံပင် ရှည်ရင်ရှည်သလို မိမိစိတ်ကြိုက် လေးထပ်ငါးထပ် လုပ်လို့ရပါတယ်။

ပထမဦးဆုံး ဘီးချွန်လေးနဲ့ ဆံပင်အားလုံးကို အနောက်သို့ပို့ ဆံပင်အနည်းငယ် တစ်ထပ်ယူပြီး ချာလီသားရေကွင်းနှင့် ချည် လိုက်ပါ။

ချည်လိုက်ပြီးရလာတဲ့ ပထမတစ်ထပ်ကို ပုံမှာပြထားတဲ့အတိုင်း အလိပ်လေးဖြစ်အောင် စီးလိုက်တဲ့ ဆံပင်အဖျားကို အောက်မှ အပေါ်သို့ယူပြီး ဆံပင်နှစ်ခွကြားထဲကနေထည့်ပြီး အောက်သို့လိပ်ချပါ။

နောက်တဆင့်လည်း အပေါ်ကကဲ့သို့ ဆံပင်တစ်ထပ်ထပ်ယူပါ။ အလိပ်ကလေး ဖြစ်အောင်လုပ်ပါ။ ပုံတွင်ပြထားသလို အလိပ်ပုံစံသုံးထပ်ရအောင် ထိုနည်းအတိုင်း သုံးခါလုပ်ပါ။ ကော်စပရေးဖြန်း၊ ဆံညှပ်ကလစ်တွေနဲ့ ဆံပင်မပျက် သွားအောင်ထိန်းပါ။

အားလုံးပြီးသွားရင် ကိုယ်ကြိုက်တဲ့ အဆင်တန်ဆာနဲ့ အလှဆင်နိုင်ပါပြီ။ People  မှာတော့ အ၀ါရောင်ပန်းပွင့်လေးကို အောက်မှာစုခြည်ထားတဲ့ ဆံပင်ပေါ်မှာ ကပ်လိုက်ပါတယ်။

         ပုံမှန်ရုံးတက်ရတဲ့နေ့တွေ၊ အစည်းအဝေး ရှိတဲ့နေ့တွေမှာ အချိန်တွေအများကြီး မပေးရဘဲ ငါးမိနစ်အမြန် ဖန်တီးနိုင်တဲ့ဆံထုံးပါ။

အလွယ်ကူ အရိုးစင်းဆုံးဖြစ်တဲ့ ဆံပင်အပေါ်တစ်လွှာကိုယူပြီး ချာလီသားရေကွင်းနဲ့ နှစ်ထပ်စီးလေး စီးလိုက်ပါ။ ဆံပင်အဖျားကို ဘီးချွန်းလေးနဲ့ ခပ်ဖွဖွခြစ်ပေးပါ။

အောက်မှာချထားတဲ့ ဆံပင်အားလုံးကိုလည်း ဘီးနဲ့ဖြီးပြီး ချာလီသားရေကွင်းနဲ့ ဆံပင်အဖျားနားမှာ ချည်လိုက်ပါ။

ချည်ထားတဲ့ အောက်ဆံပင်ကို အပေါ်သို့အခွေလေးရအောင်ပြန် လိပ်လိုက်ပါ။ အထဲမှာ ခပ်ဖွဖွခြစ်ထားတဲ့ ဆံပင်နဲ့ အောက် ကနေ လိပ်တဲ့ဆံပင် နှစ်ခုပေါင်းလိုက်တဲ့အခါ အမြင်တင့်တယ်စေမယ့် ဆံပင်အလိပ်လေး ဖြစ်သွားမှာပါ။

         ရိုးရှင်းလှပ လွယ်ကူမြန်ဆန် ငါးမိနစ်တောင်မကြာတဲ့ ဘယ်သွားသွားလှနေမယ့် ဆံထုံးတစ်ခု လုပ်ပုံလုပ်နည်းလေး ဝေမျှပေး ချင်ပါတယ်။

ပထမဦးဆုံးကိုယ်အားသန်တဲ့ ဘေးခွဲဖြစ်ဖြစ်၊ အလယ်ခွဲဖြစ်ဖြစ် သေချာညီညီလေး ခွဲလိုက်ပါ။  ဘယ်ဘက်ကနေစပြီး သုံးပုံနှစ်ပုံ ဆံပင်ကိုယူပြီး နှစ်ခြမ်းခွဲလိုက်ပါ။ ခွဲထားတဲ့ ဆံပင်နှစ်ချောင်းကို နားထင်ကနေစပြီး ရိုးရိုးပုံမှန်လိမ် လိုက်ပါ။ အလယ်ခွဲကြောင်း ရောက် သွားရင် ကလစ်နဲ့ညှပ်ပြီး ခနထားလိုက်ပါ။

နောက်ညာဘက်ကိုလည်း အပေါ်ကနည်းအတိုင်း ဆံပင်ရဲ့သုံးပုံနှစ်ပုံကို ယူလိုက်ပါ။ ယူလိုက်တဲ့ဆံပင်ကို နှစ်ခြမ်းခွဲပါ။ လက်ဖြင့် ညီညီညာညာ ဆံပင်နှစ်ချောင်းကို လိမ်ပါ။

အလယ်ခွဲကြောင်း ရောက်သွားရင် ဆံပင်စုစီးလိုက်ပါ။ စုစီးထားတဲ့ဆံပင်ကို အပေါ်ဘက်သို့ ပြန်လိပ်တင်လိုက်ပါ။

ဆံပင်ဖွာတာတွေ၊ ပုံပျက်တာတွေ မဖြစ်အောင် ကော်စပရေးဖြန်းပြီး သပ်ရပ်အောင် လုပ်လိုက်ပါ။ လှပကျော့ရှင်းတဲ့ ဆံထုံးလေး တစ်ခု သင်ပိုင်ဆိုင်သွားပါပြီ။