Primary tabs

ထပ်တူညီ စည်းချက်များနဲ့ Hair Style

အလှချင်းပြိုင်နေကြတဲ့ သမီးနဲ့အမေ၊ စတိုင်လ်ချင်း ယှဉ်နေကြတဲ့ အဖေနဲ့သား...ဒီလမှာတော့ ရင်ခုန်သံချင်း ထပ်တူညီတဲ့ စည်းချက်များနဲ့အတူ အနုပညာရှင်များရဲ့ ချစ်ခင်ဖွယ်ရာ၊ ကြည်နူးဖွယ်ရာ သားအမိ၊ သားအဖတွေရဲ့ အလှချင်းပြိုင်နေကြတဲ့ ပုံရိပ်တွေကို ပုံဖော်ရိုက်ကူးရင်း သူတို့ရဲ့ Hairstyle လေးများကိုလည်း စုစည်း ဖော်ပြပေးလိုက်ပါတယ်။

                                    

Model- Wine Su Khaing Thein & Mayri Aung

Hair & Makeup- Phyu Sin (Lin Lin Makeup Artist)

““၀ိုင်းစုက ဆံပင်ဆိုရင် ဖောင်းဖောင်းပွပွလေးထားတာ ကြိုက်တယ်။ အပြောင်သိမ်းထား ရင်တောင် အခုလိုမျိုး အပေါ်ဘက်ကို ပွပွ ဖောင်းဖောင်းလေး လုပ်ထားတာမျိုး ကြိုက်တယ်။ အမေ့ကိုတော့ အခုလို ဆံပင်အတိုပုံစံမျိုးနဲ့ပဲ ထားတာ ကြိုက်တယ်””

ဝိုင်းစုခိုင်သိန်း

ဝိုင်းစု ၉တန်း၊ ၁၀တန်းလောက်မှာ ဆံပင်အရှည် တင်ပါးရောက်ခါနီးလောက်ထိ ထားဖူးတယ်။ နောက်တော့ step ပုံအဖြောင့်လေးပဲ ထားတယ်။ ၀ိုင်းစုဆံပင်က ပါးပြီးပျော့ထဲအထဲမှာပါတော့ ခပ်ဖောင်းဖောင်းပွပွပုံစံမျိုးလေးပဲ ကြိုက်တယ်။ ဆံပင်အတိုညှပ်ဖို့ကိုလည်း ကိုယ်နဲ့ လိုက်ပါ့မလားဆိုပြီး စိုးရိမ်စိတ်နဲ့ ၃ နှစ်လောက် စဉ်းစားပြီးမှ ညှပ်ဖြစ်တာ။ D-Cash  က လုပ်တဲ့ပွဲတစ်ခုမှာ ဘန်ကောက်က Hairstylist က ၀ိုင်းစုကို ဆံပင်ညှပ်ပေးလိုက်တာ အဲဒီပုံစံကိုကြိုက်လို့ ဘန်ကောက်ရောက်ရင် သူ့ဆီမှာပဲ သွားပြီးညှပ်ဖြစ်တယ်။

ဒေါ်မေရီအောင်

ဝိုင်းစုငယ်ငယ်တုန်းကတော့ အန်တီက ဆံပင်အရှည်ထားတယ်။ နောက်ပိုင်းကျတော့ Step ပုံ ညှပ်တယ်။ အတိုညှပ်တာတော့ ၂ နှစ် လောက်ပဲ ရှိသေးတယ်။ ဘန်ကောက်သွားတုန်းက MAC ကောင်တာကိုလာတဲ့ ကောင်မလေးတစ်ယောက်က ဆံပင်အတိုကို သူကတော့ အကောက်ပုံစံလေး ညှပ်ထားတယ်။ သူ့ဆံပင်ပုံစံကိုကြိုက်လို့ အဲဒီပုံစံမျိုး ညှပ်လို့ရလားဆိုပြီး မေးကြည့်တော့ ရတယ်ဆိုတာနဲ့ အဲဒီမှာ ညှပ်လာခဲ့တယ်။ အခုဆံပင်ကတော့ ၅ လပိုင်းလောက်တုန်းက spice girl မှာ ညှပ်ထားတာ။ ၀ိုင်းစုကိုတော့ ဆံပင်အဖြောင့် step ပုံစံလေးနဲ့လိုက်တယ်လို့ထင်တယ်။ ပရိသတ်တွေကလည်း အဲဒီဆံပင်နဲ့ ကြိုက်တယ် ပြောကြတယ်။

                                     

Model- Khin Hlaing & Htet Paing Oo

Hair Stylist- Tony Tun Tun

““အခုဒီဆံပင်ကဏ္ဍရိုက်မယ်ဆိုတော့ တိုနီထွန်းထွန်းမှာသွားပြီး ဆံပင်ကာလာဆိုးလိုက်တယ်။ အရောင်သုံးရောင်စပ် အ၀ါ၊ ပန်းဆီ၊ အညို စပ်ပြီး ဆိုးလိုက်တယ်။ သားက ဘော်ဒီနည်းနည်းကြီးတော့ ဆံပင်အတိုနဲ့ပဲ လိုက်တယ်လို့ ထင်တယ်။””

ခင်လှိုင်

တကယ်ကြိုက်တဲ့ ဆံပင်ပုံစံက ကျောလယ်လောက်ထားတဲ့ အရှည်ပုံစံမျိုးကို စည်းထားတာကြိုက်တယ်။ အရင်တုန်းကတော့ ဇာတ်ကတယ်ဆိုတော့ လျောင်ထုံးထုံးတယ်။ ဇာတ်မှာ သီချင်းဆိုတဲ့ အခါကျတော့ ဆံပင်အရှည်ကိုခါပြီးဆိုရတာ အရမ်းကြိုက်တယ်။ နောက်ပိုင်းကားရိုက်တွေကျတော့ ဆံပင်အရှည်က အဆင်မပြေတဲ့အခါ ပုံစံလည်းမျိုးစုံ လုပ်လို့ရအောင် ကုပ်ထောက်လောက်အထိတော့ ထားတယ်။ သင်္ကြန်နားနီးလာပြီဆို ဘေးတွေအကုန်ပြောင်လိုက်ပြီး အလယ်မှာ အကုန်စုစည်းလိုက်တယ်။ အဲဒါက ထားရတာ အဆင်ပြေတယ် ပုံစံမျိုးစုံဖီးလို့ရတယ်။ အဲဒီဆံပင်ကို ပထမဆုံး စထားဖြစ်တာကတော့ အောင်ဘာလေဆိုတဲ့ ဇာတ်ကားမှာ။ အဲဒီတုန်းက ဇာတ်ကောင်က ဂေါက်သီးဆိုတော့ အဲဒီပုံစံမျိုးဖြစ်အောင် ဘေးတွေအပြောင်ရိတ်ပြီး အလယ်ကစုစည်းလိုက်တဲ့ ပုံမျိုးလုပ်လိုက်တာ။ အဲဒီနောက်ပိုင်းမှ ပီးမက်ဆိုပြီး ဒီမှာ ခေတ်စားလာတာ။အဲဒီကားက ရိုက်ထားတာကြာပြီ။ အခုထက်ထိတော့ ရုံမတင်သေးဘူး။ အဲဒီဆံပင်ကို တစ်နှစ်တစ်ခါ ထားဖြစ်တယ်။ သင်္ကြန်နားနီးရင် ရိတ်ပစ်လိုက်တယ်။ ဒီဆံပင်က ဘုန်းကြီးဝတ်ထားတာ မကြာသေးဘူး။ ဒီကြားထဲမှာ ငယ်ထိပ်မှာပဲ ဆံပင်ကွက်ထားပြီး ဇာတ်ကားတစ်ကား ရိုက်လိုက်သေးတယ်။ အခုဒီဆံပင်ကဏ္ဍ ရိုက်မယ်ဆိုတော့ တိုနီထွန်းထွန်းမှာသွားပြီး ဆံပင် ကာလာဆိုးလိုက်တယ်။ အရောင်သုံးရောင်စပ် အ၀ါ၊ ပန်းဆီ၊ အညို စပ်ပြီး ဆိုးလိုက်တယ်။ သားက ဘော်ဒီနည်းနည်းကြီးတော့ ဆံပင်အတိုနဲ့ပဲ လိုက်တယ်လို့ ထင်တယ်။

ထက်ပိုင်ဦး

အရင်တုန်းက ဆံပင်အရှည်ကြီးကို အကြေပွဖွပြီး ဒေါက်တွေနဲ့ နာသ ပုံစံမျိုးထားတယ်။ နောက်ပိုင်းအဲဒီပုံတွေ ပြန်ကြည့်လိုက်တော့ အဲဒီပုံက ကိုယ်နဲ့မလိုက်ဘူးလို့ ထင်တယ်။ နောက်ပိုင်းကတုံးတုံးပြီး ဘုန်းကြီးဝတ်လိုက်တော့ ဆံပင်အတိုနဲ့က ကိုယ့်မျက်နှာ ပိုလိုက်တယ် ထင်တယ်။ အဲဒီတော့ ဆံပင်အရှည် မထားတော့ဘဲ ဆံပင်အတိုကိုပဲ ပုံစံအမျိုးမျိုးထားလိုက်တယ်။ ဘေးတွေကို ပုံစံအမျိုးမျိုး ရိတ်လိုက် လုပ်တယ်။အရင်တုန်းက အတိုနဲ့ကိုယ်နဲ့လိုက်ပါ့မလား ဖြစ်မိတယ်။ အဖေက ကိုရီးယားစတိုင်လ် ဆံပင်ပုံစံမျိုး အချွန်ပုံစံ၊ ဒေါက်ထူထူနဲ့ လိုက်တယ်လို့ ထင်ပါတယ်။

                                   

Model- Phoe Kar & Htoo Ye San

Hair Stylist- Ko Sai(Finger’s Song)

““အခုလောလောဆယ်မှာတော့ ဆံပင်အတိုအထောင်ပုံစံမျိုးပဲ ထားဖြစ်တယ်။ ငယ်ငယ်ကတည်းကလည်း ဆံပင်အတိုပဲ ဆက်တိုက်ထားခဲ့ တယ်။ သားကိုတော့ငယ်လည်း ငယ်သေးတယ်ဆိုတော့ ဆံပင်အတိုပဲ ထားပေးဖြစ်တယ်။””

ဖိုးကာ

အခုလောလောဆယ်မှာတော့ ဆံပင်အတိုအထောင်ပုံစံမျိုးပဲ ထားဖြစ်တယ်။ ငယ်ငယ်တုန်းကတော့ အနောက်ဘက်ကို အပြောင် ရိတ်တာမျိုး ထားဖူးတယ်။ ငယ်ငယ်ကတည်းကလည်း ဆံပင်အတိုပဲ ဆက်တိုက်ထားခဲ့တယ်။ ကိုယ်နဲ့လည်း အဲဒီပုံစံမျိုးပဲ လိုက်တယ်ထင်တယ်။ ဆံပင်ကာလာကိုတော့ Dark Brown နဲ့ သင်္ကြန်မှာဆိုရင် အ၀ါဖက်ရောက်တဲ့ အရောင်မျိုး ဆိုးဖြစ်တယ်။ အခုထိတော့ ဆံပင်ပုံစံ (၂)မျိုးကိုပဲ ငယ်ငယ်ကတည်းက ပြောင်းဖြစ်တယ်။ ၂၀၁၀-၂၀၁၃ လောက်ထိ ဆံပင်အဖြောင့်အရှည်ကို ထားဖြစ်တယ်။ လမ်းခွဲ VCD ရိုက်တဲ့အချိန် ၂၀၀၇-၂၀၀၉ လောက်တုန်းက ဆံပင်ကိုမတိုမရှည်ပုံစံ ထားဖြစ်သေးတယ်။ ကိုယ်ကြိုက်တဲ့ ဆံပင်ပုံစံဆိုရင်တော့ ဆံပင်ရှည်ပြီး ပျော့နေတာမျိုး ကြိုက်တယ်။ သားကိုတော့ ကျောင်းတက်တုန်းလည်းဖြစ်တယ်၊ ငယ်လည်းငယ်သေးတယ်ဆိုတော့ ဆံပင်အတိုပဲ ထားပေးဖြစ်တယ်။

                              

Model- San Thit La & May Ywat War

Hair& Makeup- Soe Soe

““အခုလိုမျိုး နဖူးအပြောင်သိမ်းပြီး ဆံထုံးရှင်းရှင်းလေး ထုံးထားတဲ့ပုံလေးကို ကြိုက်တယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှုရှိတယ်လို့လည်း ထင်တယ်။ အမေ့ကိုတော့ ဆံပင်အတိုနဲ့ အခုလက်ရှိထားတဲ့ပုံနဲ့ ကြိုက်တယ်။””

ဆန်းသစ်လ

အခုလိုမျိုး နဖူးအပြောင်သိမ်းပြီး ဆံထုံးရှင်းရှင်းလေး ထုံးထားတဲ့ပုံလေးကို ကြိုက်တယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှု ရှိတယ်လို့လည်း ထင်တယ်။ သမီးအရမ်းကြိုက်တဲ့ ဆံပင်ပုံစံက ဗစ်တိုးရီးယားဘက်ခမ်းလိုမျိုး ဆံပင်အတိုပုံစံကို ကြိုက်တယ်။ သမီးဆံပင်က ဆံလုံးသေးတော့ အဲလိုပုံစံထားလို့မရဘူး။ ကိုယ်ကညှပ်ချင်ပေမဲ့လည်း ဆံပင်ပုံစံအမျိုးမျိုးပြောင်းလို့မရမှာစိုးတဲ့အတွက် အရှည်ပဲထား ဖြစ်နေတယ်။ အမေ့ကိုတော့ ဆံပင်အတိုနဲ့ အခုလက်ရှိထားတဲ့ပုံနဲ့ ကြိုက်တယ်။ ဟိုးအရင်တုန်းကတော့ အမေက ဆံပင်အဖြောင့်အရှည် အတုတပ်တဲ့ပုံစံမျိုးလုပ်တာ ကြိုက်တယ်။

ဒေါ်မေရွက်ဝါ

အသက်နည်းနည်းရလာတော့ အလွယ်တကူ ထားလို့ရတဲ့၊ ခေါင်းလည်း အများကြီး မဖီးရတဲ့အတွက် ဆံပင်အတိုပဲ ညှပ်ဖြစ်တယ်။ ၈၊ ၉၊ ၁၀ တန်းတုန်းကတော့ အဖြောင့်အရှည်ပဲ ထားဖြစ်တယ်။ သီချင်းစဆိုတဲ့အချိန်ကျတော့ အကောက်တွေ ခေတ်စားတဲ့အချိန်မှာ အကောက်ပုံစံ၊ ၁၉၈၃၊ ၈၄ ခုနှစ်မှာ ယောက်ျားလေးကေအတိုကို အပေါ်မှာထောင်ပြီး ပန့်ခ်ကေပုံစံနဲ့ နားထင်မှာ ဒေါက်ထားတဲ့ပုံစံမျိုး ၃ နှစ် လောက် ထားတယ်။ စီးရီးကာဗာတွေကို အဲဒီဆံပင်နဲ့ပဲ ရိုက်ဖြစ်တယ်။ ဆံပင်အဖြောင့်ကိုတော့ ၂၀၀၂ လောက်မှာ ပခုံးလောက်ထားတယ်။ ၂၀၀၈ လောက်ကျတော့ဖြောင့်ပြီး step ပုံစံထားတယ်။ ဆန်းသစ်လကို မူကြိုတုန်းက ထားပေးတဲ့ ဂျပန်စတောက်ကုပ်ဝဲလေးကို အရှေ့ဆံမြိတ်ချတဲ့ပုံစံနဲ့ ကြိုက်တယ်။

                             

Model- Alex & Kevin Alex

Hair Stylist- Smile Ko Htike

““ကိုယ်နဲ့လိုက်တဲ့ ဆံပင်ပုံစံက သူများတွေ ပြောကြတာတော့ အတိုပုံစံနဲ့ လိုက်တယ်ပြောတယ်။ သားကိုကျတော့ ကိုယ့်သားဖြစ်နေလို့လား မသိဘူး ကိုယ့်မျက်စိထဲမှာ ဘယ်လိုဆံပင်ပုံစံမျိုးနဲ့ဖြစ်ဖြစ် လိုက်တယ်ထင်တယ်။””

အဲလက်စ်

အခုလက်ရှိ ဆံပင်ပုံစံကလည်း ကိုထိုက်နဲ့ပဲ တိုင်ပင်ပြီး ညှပ်ဖြစ်နေပါတယ်။ ဆံပင်ပုံစံတော်တော်များများကို ကိုထိုက်နဲ့ပဲတိုင်ပင်ပြီး ကိုထိုက်စိတ်တိုင်းကျ ညှပ်ပေးတာပဲ။ ဟိုးအရင်တုန်းကတော့ အဆိုတော်မဖြစ်ခင်က ဆံပင်ကိုလည်ကုပ် လောက်ထိ ကုပ်ဝဲပုံစံထားတယ်။ ဆံပင်အလယ်ခွဲ အကုပ်နဲ့ ၃ နှစ်လောက်ကြာကြာ ထားဖြစ်တယ်။ နောက်တော့ အရှေ့ကိုအချွန်လေးတွေ ကျနေတဲ့ပုံ ထားဖြစ်တယ်။ One Way ပုံစံမျိုးလည်း ထားဖူးတယ်။ ကိုယ်နဲ့လိုက်တဲ့ဆံပင်ပုံစံက သူများတွေ ပြောကြတာတော့ အတိုပုံစံနဲ့ လိုက်တယ်ပြောတယ်။ ဆံပင် ကာလာပြောင်းရင်လည်း နက်ပြာနဲ့ အနက်၂ မျိုးပဲ ပြောင်းဖြစ်တယ်။ သားကိုကျတော့ ကိုယ့်သားဖြစ်နေလို့လားမသိဘူး ကိုယ့်မျက်စိထဲမှာ ဘယ်လိုဆံပင်ပုံစံမျိုးနဲ့ဖြစ်ဖြစ် လိုက်တယ်ထင်တယ်။ သားနဲ့က သားအဖဆိုပေမဲ့လည်း ပွင့်ပွင့်လင်းလင်းပေါင်းတယ်။  အဖေဆိုပြီး ငါပြော တာပဲယုံ ဆိုတာမျိုးမရှိဘူး။ မကျေနပ်တာ ရှိရင်လည်း အချိန်မရွေး ယဉ်ယဉ်ကျေးကျေးနဲ့ ပြန်ပြောနိုင်တယ်ဆိုတော့ သားနဲ့အဖေက သူငယ် ချင်းလိုပဲ ဖြစ်နေတယ်။