Primary tabs

နူးညံ့သော..... သိမ်မွေ့သော.... တန်ဖိုးကြီး သော ရတနာများ

ယခုလရဲ့ရတနာစာမျက်နှာ မှာတော့ပြည်ပမှကျော်ကြား သူများဝတ်ဆင်သော ကမ္ဘာကျော်လက်ဝတ် ရတနာ များကို ထူးထူးခြားခြားလေးေ ဖ်ာပြပေးသွားပါမယ်။ စာမျက်နှာတစ်ရွက်စီရဲ့ရသကို ဖော်ညွှန်းဖို့ရာ မတူညီတဲ့ဆန်းပြားတဲ့ ရသများပေးနိုင်မယ့် လက်ရာ များသာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ခြောက်ဆယ့်ငါးကြိမ်မြောက် Emmy Awards 2013 ရဲ့ပြိုးပြိုးပြက်ပြက် ရတနာအလှ

စက်တင်ဘာလရဲ့ တနင်္ဂနွေနေ့ညခင်းလေးမှာ ဟောလိဝုဒ်ရဲ့ စွယ်စုံရအနုပညာရှင်မမများရဲ့အလှကို ခံစားခဲ့ကြရပါတယ်။ လှပတဲ့ညနေခင်း ပွဲတက်ဝတ်စုံများကို သူသူငါငါအပြိုင်ကျဲဝတ်ကြတဲ့ ရုပ်ရှင်လောကရဲ့ထုံးစံအတိုင်း ဒီပွဲရဲ့ညခင်းဟာ ဖိတ်ဖိတ်တောက် လှပနေခဲ့ပါတယ်။ ဒီလို ၀တ်ဆင်ကြတဲ့အခါမှာ ၀တ်စုံနဲ့အပြိုင် စဉ်းစားကြရတာက လက်ဝတ်ရတနာပါ။ ထူးခြားချက် နောက်တခုကိုလည်း သတိထားမိပါသေးတယ်၊ လက်ဝတ်ရတနာကို အများကြီး ၀တ်တာမျိုးမဟုတ်ပဲ နာမည်ကျော် ဒီဇိုင်နာများရဲ့ဝတ်စုံကိုပံ့ပိုးတဲ့ အဆင့်အနေ နဲ့ပဲ ဆင်ယဉ်ကြပါတယ်။ လက်စွပ်ဆိုလက်စွပ်၊ နားဆွဲဆို နားဆွဲစသဖြင့် အထူးပြချင်တဲ့အရာကိုပဲ ရှင်းလင်းစွာဝတ်ဆင်ကြတာပါ။ ကဲ.... အခု သူမတို့ရဲ့ကျက်သရေရှိတဲ့အလှနဲ့ ဆင်ယဉ်ထားတဲ့ ရတနာ၊ ၀တ်စုံများကို လေ့လာကြည့်ရအောင်။

ဒီပွဲက ကမ္ဘာကျော် Fred Leighton ၊ Lorraine Schwartz နဲ့ Martin Katz တို့ရဲ့ လက်ရာကျောက်မျက်များကို စုစုစည်းစည်း မြင်တွေ့ရတဲ့ ပွဲလည်းဖြစ်ပါတယ်။

Breaking Bad’s ရဲ့မင်းသမီး အန်နာဂန်းကတော့ အနီရောင်ကော်ဇောထက်မှာ သူမကိုယ်မမှတ်မိအောင်ကို ပြင်ဆင်လာခဲ့တာ တွေ့ရတယ်။ Irene Neuwirth စွဲမက်စရာကောင်းတဲ့နားဆွဲကိုပဲ ထင်းနေအောင်ဝတ်ထားတဲ့ သူမကဇာအနားသတ် ဂါဝန်ရှည်ကြီးနဲ့ လှပ ကျော့ရှင်းနေပါတယ်။

Girls စီးရီးတွဲရဲ့ မင်းသမီးချောအဲလ်ဆန်ဝီလျံကတော့  Ralph Laure အပြာရောင်ဝတ်စုံနဲ့  Fred Leighton ရတနာကို ဆင်မြန်း ထားပါတယ်။ ရွှေနားဆွဲ၊ ရွှေလက်ကောက်၊ ပန်းရောင်ဥဿဖရား ကျောက်လက်စွပ်၊ ရွှေနဲ့စိန်ကို မြွေပုံစံဖော်ထားတဲ့လက်စွပ် စတာတွေ ကို (၁၉)ရာစုတုန်းကလက်ရာအတိုင်း ၀တ်ဆင်ထားပါတယ်။

Modern Family ရှိုးနဲ့နာမည်ကြီးလာတဲ့ မင်းသမီးဆိုဖီယာဗာဂါရာကတော့ ဒီညမှာအရမ်းကို ထင်းလင်းထင်ရှားခဲ့ပါတယ်၊ ဘာ ကြောင့်လဲဆိုတော့ သူမ၀တ်ဆင်ထားတာက Vera Wang လက်ရာအနီရဲရဲ ၀တ်စုံကြောင့်ပါပဲ။ ပလက်တီနမ်နားဆွဲ၊ ပတ္တမြား၊ နီလာနဲ့မြ ကျောက်မျက်များနဲ့နားဆွဲကို စီခြယ်ထားပါတယ်၊ ကာရက်(၁၀၀)ကျော်ပါတယ်။ (၄၀)ကာရက်ရှိတဲ့ မြနဲ့စိန်လက်စွပ် နဲ့ (၂၁)ကာရက်ရှိ စိန်လက်စွပ်များကြောင့်လည်း သူမရဲ့လက်ချောင်းအလှက ပြောစရာမရှိအောင်တန်ဖိုးကြီးမားသွားခဲ့ပါတယ်။

 

       

မင်းသမီး ရိုစီဘရိုင်းကတော့ နာမည်ကျော် Tiffany & Co. ရဲ့လက်ရာများနဲ့ ပွဲတက်လာခဲ့ပါတယ်။ Calvin Klein ပန်းရောင် အင်္ကျီနဲ့ စကပ်ဝတ်ဆင်ထားပါတယ်။

New Girl တီဗွီရှိုးရဲ့ မင်းသမီးဇိုဝီရဲ့ ပွဲတက်စတိုင်လ်ကတော့ မိန်းမသားထု သည်းသည်းလှုပ်ကြိုက်ကြတဲ့ Chanel ရတနာများ နဲ့ J Mendel ရဲ့ အပြာရောင်ဝတ်စုံပါ။ လှပတဲ့ လက်သည်းပြင်ဆင်မှုများကြောင့် ပရိသတ်တို့ သတိထားမိကြပါတယ်။

 

       

    အ၀ါရောင် Monique Lhuillier ၀တ်စုံနဲ့ တမျိုးဆန်းသစ်သွားစေတာကတော့ မင်းသမီးအန်နာဖရစ်စ်ပါပဲ။ ဂါဝန်ရဲ့ကျောဘက်မှာ (၁၉)ရာစုခေတ် လက်ရာစိန်နဲ့မြ ကင်းလိပ်ရှောပုံစံရင်ထိုးကို Fred Leighton မှ ဆင်မြန်းပေးထားပါတယ်။ ပုလဲလက်ကောက်နဲ့ ရွှေ၊ ပုလဲနားဆွဲ၊ ရှေးလက်ရာ စိန်လက်စွပ်ဒီဇိုင်းများက နာမည်ကျော် Fred Leighton ဆိုတာကို ပြသနေသလိုပါပဲ။

   တီနာဖေး ၀တ်ဆင်ထားတဲ့ (၁၉၄၀)လက်ရာဖြစ် ရွှေနားဆွဲ၊ နီလာနဲ့စိန်လက်ကောက်တို့ကတော့ Fred Leighton မှ ရတနာများ ဖြစ်ပြီး(၁၉)ရာစုလက်ရာတွေကြီးပဲ ဖြစ်ပါတယ်။

Tina Fey တီနာဖေး ၀တ်ဆင်ထားတဲ့ Fred Leighton မှ ရွှေရောင်နားဆွဲအလှ

မင်းသမီးချော ကယ်ရီဝါရှင်တန်ကလည်း ပန်းရောင်စိန်နဲ့ rose-gold ရောစပ်ထားတဲ့ ဆံညှပ်ကလစ်၊ ပန်းရောင်စိန်လက်စွပ် တို့ကို လိုက်ဖက်စွာ ဆင်မြန်းထားပါတယ်။

Kerry Washington ဆင်မြန်းထားသော Fred Leighton ရတနာများ

အကောင်းဆုံး ဒရာမာမင်းသမီးဆုရ မီရှဲလ်ဒေါ့ခ်ရေကတော့ Prada ရဲ့ နှစ်ရောင်စပ်ပွဲတက်ဂါဝန်နဲ့ လိုက်ဖက်အောင် စိန်ဆံ ညှပ်၊ ပတ္တမြားနဲ့စိန်လက်စွပ်တို့ကို ပလက်တီနမ်နဲ့ ဒီဇိုင်းဖော်ထားတာကို ၀တ်ဆင်ထားပါတယ်။

Michelle Dockery ကိုယ်ပေါ်မှ Fred Leighton ရတနာများ

အကောင်းဆုံး ဟာသမင်းသမီးဆုရ ဂျူလီယာ လူးဝစ်စ်ကတော့ Monique Lhuillier ၀တ်စုံနဲ့ ပွဲတက်လာပြီး ရတနာများကို Martin Kartz နားဆွဲနဲ့ Lorraine Schwartz လက်စွပ်ကို ဆင်မြန်းထားပါတယ်။

Julia Louis ဆင်မြန်းထားသော Martin Kartz နားဆွဲနဲ့ Lorraine Schwartz လက်စွပ်

အဲလ်ဆန်ဂျန်နေးကတော့ Martin Katz လက်ရာနားစွဲ၊ Lorena Sarbu ၀တ်စုံကို ဆင်မြန်းပြီးပွဲတက်လာပါတယ်။

Allison Janney ၀တ်ဆင်ထားသော Martin Katz လက်ရာနားစွဲ

ပွဲတက်လာသော ကျော်ကြားသူများရဲ့ ရတနာဖက်ရှင်

 

မြွေနှစ်ဖွားများအတွက် Snake Jewel

 

ရှေးခတ်လက်ရာများကို ပြန်လည်တူးဖော်တဲ့အခါရရှိလာတဲ့ သင်္ကေတအများစုမှာ မြွေဟာပုံဖော်ပြအခံရဆုံး သတ္တ၀ါဖြစ်ပါတယ်။ ဒါကြောင့်သူရဲ့ကျော်ကြားမှုများဟာ လက်ဝတ်ရတနာများအထိပါဝင်ခံရပြီး အောင်မြင်တဲ့ဒီဇိုင်းအဖြစ် နာမည်ကျော်ခံခဲ့ရပါတယ်။ အီဂျစ် ပြည်ရဲ့ နန်းတွင်းအသုံးအဆောင်များမှာ သူဟာမပါမဖြစ်လက်ရာတစ်ခုပါ။ ကမ္ဘာအနှံ့နိုင်ငံများမှာလည်း ယဉ်ကျေးးမှုခြင်း ကွဲပြားပေမယ့် ဆေးဝါးသင်္ကေတ၊ အချစ်သင်္ကေတ၊ တော်ဝင်သင်္ကေတစသဖြင့် မျိုးစုံအသုံးပြုကြတာ တွေ့ဖူးကြမှာပါ။

မင်းသားအဲလ်ဘတ်ရဲ့ချစ်ခွင့်ပန်လက်စွပ်မှာတောင် ဘုရင်မဗစ်တိုးရီးယားအတွက် မြွေပုံစံ ဒီဇိုင်းဖော်ခဲ့တာကြောင့် အဆုံးမရှိ သော ချစ်မြတ်နိုးခြင်း သင်္ကေတအဖြစ် ယူဆခဲ့သလားလို့ တွေးမိစေပါတယ်။ တစ်သက်တာရဲ့ ကံကောင်းခြင်း၊ ပျော်ရွှင်မှုများကို ယူဆောင်လာခြင်းလို့လည်း ယူဆနိုင်ပါတယ်။

(၁၈)ရာစုမှ(၁၉)ရာစု လက်ရာများအပြင် ကမ္ဘာကျော် လက်ဝတ်ရတနာဆိုင်များ၏ မြွေလက်ရာ နားကပ်၊ လက်ကောက်၊ လည် ဆွဲ၊ လက်စွပ်များကို စုံလင်စွာ ဖော်ပြလိုက်ပါတယ်။ လက်ရာကောင်းမွန်မှု၊ ထူးခြားဆန်းပြားမှု၊ တန်ဖိုးကြီးမားမှုများကြောင့် မြွေဒီဇိုင်း ရတနာများဟာ အစဉ်အဆက်တိုင် လူကြိုက်များထင်ရှားဆဲပါပဲ။

ဆောင်းရာသီနဲ့ လိုက်ဖက်သော သစ်ရွက်ဒီဇိုင်းရတနာများ

 

Cartier နဲ့ Van Cleef ရ Arpels ထုတ်သစ်ခက်သစ်ရွက်လက်ရာ ရင်ထိုးအလှများကို စုစည်းပြီး ဆောင်းရာသီအမှီ ဖော်ပြ ပေးလိုက်ပါတယ်။ အေးချမ်းတဲ့ရာသီဥတုမှာ သစ်ပင်ပန်းမန်တို့ ပိုပြီးစိမ်းလန်းလတ်ဆတ်ကြသလိုပဲ ရတနာပန်းပွင့်၊ ပန်းရွက်လေးများက လည်း စာဖတ်သူတို့ရဲ့စိတ်ကို ငြိမ်းချမ်းစေမယ်လို့ ထင်ပါတယ်။