Primary tabs

၂၀၁၇ မှာ ပိုင်ဆိုင်ထားရမယ့် အလှအပပစ္စည်းများ

အလှအပကမ္ဘာမှာ သူတို့က နာမည်ကျော်လေးတွေပေါ့။ ဒီတော့ အလှအပ ချစ်သူတွေအတွက် လက်တို့လိုက်ပါရစေနော့။

MAKE UP FOR EVER ရဲ့ Ultra Hd Invisible Cover Foundation
Make Up For Ever ဟာ သူ့ရဲ့ ပထမဆုံး HD Foundation ကို ၂၀၀၈ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး အဲ့ဒီအချိန်ကတည်းက နာမည်ရခဲ့တဲ့ HD Foundation ဖြစ်ပါတယ်။
HD ကင်မရာတွေနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေထဲမှာ နာမည်ကျော်တွေရဲ့ အသားအရေကို အပြစ်ကင်းကင်းနဲ့ ကြည့်ကောင်းစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Make Up For Ever ရဲ့ တည်ထောင်သူ Dany Sanz ဟာ နှစ်ပေါင်းများစွာ အချိန်ယူ ပြင်ဆင်ခဲ့ပါတယ်။
အချိန်ယူပြင်ဆင်မှု (၇) နှစ်ကြာပြီးတဲ့နောက်၊ 4K ကင်မရာ နည်းပညာတိုးတက်လာမှုနဲ့အတူ HD မှန်ဘီလူးတွေရဲ့ ကြည်လင်ပြတ်သားမှုတွေကို အလှပဆုံး ကာကွယ်ပေးနိုင်တဲ့ Make Up For Ever ရဲ့ အရောင်းရဆုံးပစ္စည်းတဲ့ Ultra Hd Invisible Cover Foundation ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒီဖော်မြူလာအသစ်မှာ မိတ်ကပ်အသားဟာ ပိုပြီးညက်ညောတဲ့အပြင် ရေဓာတ်ကိုလည်း ဖြည့်ပေးနိုင်တာကြောင့် နည်းပညာမြင့်ကင်မရာတွေထဲမှာ အလှဆုံးရုပ်ထွက်ကိုပေးတဲ့ မိတ်ကပ်ဖြစ်လာခဲ့ပါတယ်။

LAMCOME ရဲ့ Miracle Cushion Liquid Cushion Compact
ဖော့တုံးထဲထည့်ထားတဲ့ မိတ်ကပ် Foundation ဆိုတာ ထွင်လုံးတစ်ခုလို့ ယူဆချင်စရာရှိပေမဲ့ ဒီပစ္စည်းလေးကတော့ တကယ်အသုံးဝင်တဲ့ ပစ္စည်းလေးတစ်ခုပါ။
တို့ဖတ်လေးနဲ့ အသာဖိလိုက်တာနဲ့ ဖော့တုံးထဲစိမ့်ဝင်နေတဲ့ မိတ်ကပ်ရည်တွေထွက်လာပြီး အဲဒီ့တို့ဖတ်လေးနဲ့ မျက်နှာပြင်အနှံ့ ဖိသိပ်ပြီး လိမ်းခြယ်ပေးရတာဟာ သင့်အတွက် အတွေ့အကြုံအသစ်တစ်ခုဖြစ်နိုင်ပါတယ်။ 
အရောင်ကွဲ (၁၁) မျိုးရှိပြီး ဒီဖော်မြူလာနဲ့ ထုတ်လုပ်ထားတဲ့ မိတ်ကပ်ဟာ သင့်မျက်နှာပေါ်မှာ ထူထဲမနေဘဲ ပေါ့ပေါ့ပါးပါးနဲ့ ကြာရှည်ခံတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
တစ်ထပ်တည်း လိမ်းရုံလုံလောက်ပြီး စေးကပ်ကပ်ကြီးမဟုတ်ဘဲ စိုစွတ်နေတဲ့ ခံစားမှုကို ပေးနိုင်ပါတယ်။

URBAN DECAY ရဲ့ Naked Smoky Palette
အကယ်၍ သင်ဟာ မိတ်ကပ်ကို အရူးအမူးစွဲလန်းသူ တစ်ယောက်ဖြစ်မယ်ဆိုရင် သင့်ရဲ့ အလိုချင်ဆုံးအိပ်မက်ထဲမှာ Urban Decay ရဲ့ Naked Palettes တွေကတော့ မပါမဖြစ်တွေပဲ ဖြစ်နေပါလိမ့်မယ်။
Urban Decay ရဲ့ ရောင်စုံမျက်လှည့်တွေကြားမှာ တစ်မူထူးတာကတော့ Naked Smoky လို့ပဲ ဆိုပါရစေ။
သင့်စိတ်ကူးထဲက ဆွဲဆောင်မှုရှိတဲ့၊ ထက်မြက်တဲ့၊ စူးရှတဲ့ Smoky Eyes တစ်စုံကို သဘာဝကျကျလေး ဖန်တီးပေးဖို့ လိုအပ်တဲ့အရောင်တိုင်း ဒီ Palette ထဲမှာ ပါဝင်ပါတယ်။ 
ဒါကိုညွှန်းချင်တဲ့ အခြားတစ်ချက်ကတော့ သင်က Smoky Eyes ကို မခြယ်ချင်ရင်တောင် မေးရိုးတွေကို အရောင်ရင့်တွေနဲ့ ချတဲ့နေရာတွေမှာ သုံးဖို့ကောင်းတဲ့ အရောင်တွေပါနေတယ်ဆိုတဲ့အချက်ပါပဲ။

Maybelline New York  ရဲ့ Brow Drama Sculpting Brow Mascara
ဒီမျက်ခုံးမွှေးဆွဲတဲ့ Gel က အခြားသော Gel တွေနဲ့ မတူပါဘူး။ သူက Mousse ဆန်ဆန် ထုတ်ထားတဲ့ Gel ဖြစ်တာကြောင့် အရောင်လှသလို မျက်ခုံးမွှေးကိုလည်း ထူထဲသယောင် ဖြစ်စေပါတယ်။
သူ့မှာပါတဲ့ ဘရပ်ရှ်လေးရဲ့ ထိပ်မှာ ခပ်ဝိုင်းဝိုင်းသဏ္ဍာန် ပြုလုပ်ထားတာကြောင့် မျက်ခုံးမွှေး တစ်မျှင်ချင်းစီကို စိတ်ကြိုက်ပုံဖော်နိုင်စွမ်းရှိပါတယ်။
ဒါ့အပြင် ဘရပ်ရှ် ရဲ့ အရွယ်အစားက မှန်ကန်တာကြောင့် မျက်ခုံးပေါ်မှာ ခဲနေတာမျိုးမဖြစ်ဘဲ သဘာဝကျတဲ့ မျက်ခုံးမွှေး ခပ်ထင်းထင်းကို ဖန်တီးပေးနိုင်ပါတယ်။

Beautyblender ရဲ့ Blotterazzi
Beautyblender က မိတ်ကပ် တို့ဖတ်လေး တွေကို ကြက်ဥပုံစံနဲ့ တစ်မူထူးစွာ ၂၀၀၃ ခုနှစ်က တည်းက စတင် ထုတ်လုပ်ခဲ့ပါတယ်။
အဲဒီကနေမှ အဆီစုပ်စက္ကူတွေဘက်ကို မျက်စိကျပြီး Blotterazzi လို့ ခေါ်တဲ့ အဆီစုပ်ဖော့တုံးလေးတွေကို ၂၀၁၅ မှာ မိတ်ဆက်ခဲ့တာပါ။
ပန်းရောင်ခပ်တောက်တောက်နဲ့ ဒီဖော့ပြားလေးတွေက မိတ်ကပ်လိမ်းထားတဲ့ မျက်နှာပြင်က အဆီတွေကို မိတ်ကပ်ကို မထိခိုက်စေဘဲ အသေသပ်ဆုံး စုပ်ယူဖယ်ရှားပေးနိုင်ပါတယ်။ 

Becca X Jaclyn Hill Shimmering Skin Perfector 
Becca အလှကုန် နဲ့ အမေရိကန် မိတ်ကပ်ပညာရှင် Jaclyn Hill တို့ ပေါင်းထုတ်တဲ့ Champagne Collection ရဲ့ အရောင်းရဆုံးပစ္စည်း Shimmering Skin Perfector ။
အရေအတွက်အကန့်အသတ်နဲ့ စထုတ်ခဲ့တဲ့ ဒီပစ္စည်းဟာ sephora.com ကနေ စရောင်းတဲ့ မိနစ် (၂၀) အတွင်း သတ်မှတ်အရေအတွက် နှစ်သောင်းခွဲလုံးလုံး ကုန်သွားတဲ့အထိ ရောင်းကောင်းခဲ့တဲ့ Luminizer ပါ။
ပန်းသွေးနဲ့ အဝါကို စနစ်တကျရောထားတဲ့ အရောင်ထွက်ရှိတာကြောင့် ဘယ်အသားအရောင်နဲ့မဆို လိုက်ဖက်ပြီး မျက်နှာပြင်ကို သဘာဝကျကျလေး ထင်းလင်းနေစေပါတယ်။

Benefit  ရဲ့ Roller Lash Mascara
သူ့မှာပါတဲ့ Mascara ဘရပ်ရှ်ရော၊ သုံးထားတဲ့ ဖော်မြူလာရော ကောင်းမွန်တဲ့အတွက် Mascara ကြိုက်တဲ့သူတွေရဲ့ အကြိုက်ဆုံး ပစ္စည်း တစ်ခုဖြစ်လာပါတယ်။
ဘရပ်ရှ်လေးရဲ့ အစွမ်းကတော့ သင့်မျက်တောင်တစ်ချောင်းချင်းစီကို ကော့ညွတ်နေစေတဲ့အပြင် ရေနဲ့ ဆေးချလိုက်ရင်တောင် အလွယ်တကူ မပျက်နိုင်တဲ့ ဖော်မြူလာနဲ့ Mascara ပါ။
မျက်တောင်ကော့ပြီးချိန်မှာ စိုစွတ်မနေဘဲ အလွယ်တကူ ခြောက်သွေ့သွားတာကြောင့် မျက်တောင်မှာ ခဲခဲကြီးဖြစ်နေတာ၊ မျက်စိမှိတ်လိုက်ရင် မျက်လုံးအောက်ဘက်မှာ ပေပွသွားတာမျိုးလည်း မဖြစ်စေပါဘူး။

Charlotte Tilbury ရဲ့Mini Miracle Eye Wand
ဗြိတိသျှ မိတ်ကပ်ပညာရှင် Charlotte Tilbury ထုတ်လုပ်တဲ့ မိတ်ကပ်ပစ္စည်းတိုင်း မိတ်ကပ်ချစ်သူတွေ ကြိုက်ကြပြီး ဒီ Mini Miracle Eye Wand ကတော့ ပိုကြိုက်ကြတဲ့ ပစ္စည်းတစ်ခုလို့ ဆိုပါရစေ။
ဒီလိုင်နာမှာ အစွန်း ၂ ဖက်လုံး အသုံးပြုနိုင်ပါတယ်။ အစွန်းတစ်ဖက်မှာပါဝင်တဲ့ Gel နဲ့ Cream ရောထားတဲ့ လိုင်နာရည်ဟာ သင့်မျက်ဝန်းကို တောက်ပရွှန်းစိုနေစေပါလိမ့်မယ်။ 
နောက်အစွန်းတစ်ဖက်မှာတော့ မျက်ကွင်းညိုတဲ့သူတွေ အားထားနိုင်တဲ့ လက်နက်တစ်ခုဖြစ်တဲ့ Concealer ပါဝင်ပါတယ်။

Anastasia Beverly Hills ရဲ့ Liquid Lipstick
Anastasia Beverly Hills ရဲ့ ရောင်စုံတဲ့ နှုတ်ခမ်းနီများပါ။
Matte ဖော်မြူလာဖြစ်တာကြောင့် နှုတ်ခမ်းပေါ်မှာ အရောင်စွဲပြီး နှုတ်ခမ်းနဲ့ တစ်သားတည်းဖြစ်စေပါတယ်။
ရနိုင်တဲ့ အရောင်တွေကလည်း အမျိုးကို စုံလို့။ အနီကိုမှ အရောင်ကွဲအမျိုးမျိုး၊ အညိုကိုမှ အရောင်ကွဲအမျိုးမျိုး၊ ခပ်မှိန်မှိန်အရောင်ကိုမှ အရောင်ကွဲအမျိုးမျိုးပါတဲ့အပြင် အပြာတို့ အနက် 
တို့လို အံ့ဘနန်းအရောင်တွေလည်း ပါဝင်လို့နေပါတယ်။