Primary tabs

BRILLIANT CRYSTALS !!!

People Magazine ရဲ့ Crystal Anniversary မှာ လင်းလက်လှပစွာ ၀န်းရံပေးခဲ့ကြသော ငွေကြယ်ပွင့်များ၊ ပြိုင်ဘက်ကင်းတဲ့ လှပခြင်းတို့ကို ဖန်တီးပေးခဲ့ကြသော Makeup Artist များနဲ့ ဓာတ်ပုံပညာရှင်တို့ကြောင့် ခုလို ထူးထူးခြားခြား ဆန်းသစ်တောက်ပတဲ့ မိတ်ကပ်စာမျက်နှာများ ဖြစ်ပေါ်လာခဲ့ပါပြီ...။ 
ခုလို ၁၅ နှစ်ပြည့်မှာ People နဲ့အတူ ပျော်ပျော်ရွှင်ရွှင် ပါဝင်ပေးခဲ့ကြတဲ့ အနုပညာရှင်များအားလုံးနဲ့အတူ ယခု ၁၅ နှစ်ပြည့်စာအုပ်မှာ ဆက်သွယ်မှုဧရိယာပြင်ပရောက်ရှိနေသဖြင့် ပါဝင်ခြင်းမရှိနိုင်သော်လည်း လစဉ်ထုတ် People မဂ္ဂဇင်းများမှာ အစဉ်အမြဲ ပါဝင်ကူညီပေးလျက်ရှိသော အနုပညာရှင်၊ အတတ်ပညာရှင် အယောက်စီတိုင်းအား ကျေးဇူးအထူးတင်ရှိပါကြောင်း People က မှတ်တမ်းတင်အပ်ပါတယ်။
 
People ရဲ့ချစ်ပရိသတ်များအားလုံးကိုလည်း ခရစ္စတယ်ရတု ရောက်ရှိလာချိန်အထိ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားရင်း Brilliant Crystals စာမျက်နှာများ ကို နှစ်ခြိုက်အားပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။
Model - Chun Chun
Makeup & Hair - Ma Cho & Ma Khaing (Hello)
Photo & Retouch - Kan Su Ho (Black & White) 
People နဲ့ စသိခဲ့တာက ချွန်းချွန်း မော်ဒယ်အလုပ်လုပ်ပြီး သိပ်မကြာခင်မှာပဲစပြီး ဖက်ရှင် ကဏ္ဍတွေ စရိုက်ဖြစ်ခဲ့တာပါ။
People မဂ္ဂဇင်း ၁၅ နှစ်ပြည့်ကနေ နောင်နှစ်ပေါင်းများစွာအထိ ဒီထက်မကအောင်မြင်မှုတွေ ရရှိပြီးတော့ စာဖတ်သူတွေ ရင်ထဲမှာ People ဆိုပြီး လူတိုင်းကြည့်တဲ့ မဂ္ဂဇင်းဖြစ်ပါစေ။
Ma Cho & Ma Khaing (Hello)
People နဲ့ အမတို့ အလုပ်လုပ်တာ အရမ်းလည်းကြာနေပြီ အမှတ်တရတွေကလည်း အရမ်းများခဲ့ပြီ။ ရေဗက္ကာတို့ ခင်ဘုဏ်းတို့ ခေတ်ကတည်းက ဆိုတော့လေ။ အမှတ်တရထဲမှာ အရမ်းအားနာပြီး အမှတ်တရရှိတာက People ရုံးမှာ မတင်ဇာမော်နဲ့ရိုက်ဖို့လာတာ မီးပွိုင့်မှာ ပိတ်မိနေတာ အကြာကြီး ကိုယ့်ကို Celebrity ကြီးတစ်ယောက်က ထိုင်စောင့်နေရတာကို အခုတောင်တွေးရင် အားနာမိတယ်။ မိသားစုလိုဖြစ်နေတဲ့ People နဲ့က အလုပ်တွေအများကြီးလုပ်ခဲ့တာဆိုတော့ အမှတ်တရတွေက အများကြီး။
 
၁၅ နှစ်ပြည့်အတွက် Makeup Creation ကိုတော့ Crystal Theme ကိုပဲ ခရစ်တယ်တွေနဲ့ မသွားဘဲ ခရစ်တယ်အရောင် အဖြူလေးပြင်ပေး ပြီးတော့ မချိုက Hair ပိုင်းကို လိုက်တာလုပ်ဖို့ တိုင် ပင်ပြီး လုပ်ခဲ့တာပါ။ People မဂ္ဂဇင်းဆိုတာ မြန်မာ
နိုင်ငံမှာ အောင်မြင်နေပြီးသာ မဂ္ဂဇင်းတစ်ခု People နဲ့ အလုပ်လုပ်ရတာလည်း အရမ်းအဆင်ပြေတယ်။ မိသားစုတစ်ခုလိုဖြစ်နေတာ People ရုံးကိုရောက်ရင်လည်း အရမ်းအားကျတာ အလုပ်လုပ်နေကြတာ ကိုယ့်ရဲ့ အိမ်လိုသဘောထားပြီး အလုပ်လုပ်နေကြတာ ကိုယ်ပါကြည့်ပြီး ပျော်တာ။ People ကို လာရလွန်းလို့ ရုံးမှာပဲ အခန်းတစ်ခန်းပေးဆိုပြီး တောင်နောက်ခဲ့တာ၊ People ကတိုက်တဲ့ ကော်ဖီ ကိုလည်း ကြိုက်တာ၊ People နဲ့က မိသားစုလို ဖြစ်နေတာဆိုတော့ People အတွက်ဆို အချိန်မရွေးပါ။ ဘယ်အချိန်မဆို အဆင်သင့်ပါ။ People ကိုလည်း ဒီထက် ဒီထက်အောင်မြင်တဲ့ မဂ္ဂဇင်းကြီး အချိန်အကြာကြီး အောင်မြင်တဲ့ မဂ္ဂဇင်းကြီးအဖြစ် မြင်ချင်ပါတယ်လို့ ပြောချင်ပါတယ်။
Model - Yoon Mhi Mhi Kyaw
Makeup & Hair - Nyi Nyi Maung(Sanchaung)
Photo & Retouch - Kan Su Ho(Black & White )
Miss People 2013 မှာ ပြိုင်ပွဲဝင်ပြိုင်ရင်းနဲ့ Miss People ဆု ရခဲ့တာ People နဲ့ ပတ်သက်တဲ့ အမှတ်တရပါပဲ။ Miss People ဆုရပြီးနောက် ပိုင်းမှာ People Magazine Cover ရိုက်ရတာ အမှတ်တရပါ။ People Magazine ရဲ့ Jewel အထူးထုတ် Cover ရယ်၊ April လထုတ် Cover မှာ ကိုစိုင်း (စိုင်းစိုင်းခမ်းလှိုင်)ရယ်၊ ယွန်းမှီရယ်၊ မေဘရဏီသော်ရယ်၊ ဟန်လေးရယ် ၃ ယောက် ရိုက်ဖြစ်ခဲ့တာလေးက အမှတ်တရပါ။
People Magazine ၁၅ နှစ်ပြည့်ကနေ နောင်နှစ်ပေါင်းများစွာတိုင် ဒီထက်မက အောင်မြင်တဲ့ မဂ္ဂဇင်းတစ်ခုဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။
Nyi Nyi Maung (Sanchaung)
People Magazine မှာ ပါပြီး မိတ်ကပ်လိမ်းချင်ခဲ့တာကတော့ ကလေးဘ၀ကတည်းက အိပ်မက်ပေါ့နော်။ ဒီဘက်ခေတ်လို Facebook တွေ ဘာတွေလည်းမရှိဘူး။ မဂ္ဂဇင်းတစ်ခုမှာပါရဖို့ အခွင့်အရေးဆိုတာလည်း မလွယ်ဘူး။ ကိုယ့်ရှေ့
မှာလည်း စီနီယာမိတ်ကပ်ဆရာ နာမည်ကြီး ပညာရှင်တွေကလည်း အများကြီး။ အရင်တုန်းကဆိုရင် ကိုယ်တွေက အတွင်းကဏ္ဍလေးတွေမှာ ပါဝင်ခွင့်ရခဲ့တယ်။ မှတ်မှတ်ရရ People မှာ မနန္ဒာလှိုင်ရဲ့ ကာဗာလေးတစ်ခုကို စလိမ်းဖြစ်တယ်။ People နဲ့ ပတ်သက်ပြီး အမှတ်တရတွေကတော့ အများကြီးပါပဲ။
 
Makeup Creation ကို ၂ မျိုး ပြင်ထားပါတယ်။ ပထမတစ်မျိုးကို  ကျောက်အစိမ်းရောင် အကြီး၊ အသေးလေးတွေကို အသားပေးကပ်ထား ပြီး မျက်လုံးကို eye shadow အစိမ်းရောင်လေးတွေ ခြယ်တယ်၊ ဆံပင်ကို ပြောင်သိမ်းပြီး creation လေး လုပ်ထားပါတယ်။ ဒုတိယတစ်မျိုးကိုတော့ နန်း ကြိုးရွှေရောင်၊ ငွေရောင်ကြိုးလေးတွေကို အလိမ်လေးတွေခွေပြီး ပုလဲလေးတွေကပ်တယ်၊ ဆံပင်ကို မုန့်ကြိုးလိမ်ပုံစံလေးလုပ်ပြီး eye shadow ကို အနက်ခြယ်ထားပေးတယ်၊ နှုတ်ခမ်းကိုတော့ လက်ရှိ Instagram မှာ ခေတ်စားနေတဲ့ ပုံစံအတိုင်း အဖြူလိုင်းလေးတွေ ထည့်ပြီး ဆိုးထားပေးပါတယ်။
 
People Magazine ၁၅ နှစ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် တည်တံ့ခိုင်မြဲပြီး အောင်မြင်မှု သရဖူဆောင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီထက်အများကြီးလည်း တိုးတက်ပါစေ။ မိတ်ကပ်ပညာ ရှင်တွေကိုလည်း တန်ဖိုးထားတဲ့ People Magazine ထာဝရအောင်မြင်ပါစေ။
Model - May
Makeup & Hair - Linn Linn (Artist)
Photo & Retouch - Kan Su Ho (Black & White)
People Magazine က ကျင်းပပြုလုပ်တဲ့ Miss People ပွဲမှာ မေက Miss People Title လည်း ရဖူးတော့ People နဲ့က Family လိုဖြစ်နေတာပေါ့နော်။ အခုချိန်ထိ ကိုယ့်ကို People နဲ့ တွဲမြင်နေတုန်းပဲ... Miss People ပေါ့... အထူးသဖြင့် အဲလို မှတ်မှတ်ရရ ရှိပါတယ်။
အခု People မဂ္ဂဇင်း ၁၅ နှစ်ပြည့်မှာ Makeup creation ကဏ္ဍကနေ ပါဝင်ရိုက်ကူးဖြစ်ပါတယ်။ Makeup ကတော့ လင်းလင်း အစွမ်းပြထားတာပါ။ Crystal Anni ဆိုတော့ Makeup ကိုလည်း ခရစ္စတယ်လေးတွေနဲ့ အဓိကရိုက်ရတာပေါ့။ နှုတ်ခမ်းကိုလည်း ဒီလိုငွေရောင် ပထမဆုံး ဆိုးဖူးတာပဲ။ Creation ဆိုပေမဲ့ ရုပ်ဆိုးမနေဘဲ လှတဲ့ဘက်ကို သွားတဲ့အတွက် ကြိုက်တယ်။ ဘာပဲဖြစ်ဖြစ် ဒီ ၁၅ နှစ်ပြည့်မှာ ပါဝင်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။
ဒီထက်မက အောင်မြင်မှုတွေကို ထပ်ရပြီးတော့ နှစ်ပေါင်းများစွာတိုင်လျှောက်လှမ်းနိုင်ပါစေလို့ People ကိုလည်း ဆုတောင်းပေးပါတယ်။
Linn Linn (Makeup Artist)
People နဲ့ လင်းနဲ့ ဆုံတာ ၈ နှစ် ၉ နှစ်ရှိပါပြီ။ ဘ၀မှာ မှတ်မှတ်ရရဆိုရင် People ၇ နှစ်ပြည့်တုန်းက ဓာတ်ပုံ - ဦးမိုးမင်း စတူဒီယိုမှာ မင်းသမီး ၇ ယောက်ရိုက်ကြတယ်... အဲဒီမှာ မင်းသမီးအားလုံး ရွှေရောင်လေးတွေချည်း ၀တ်ကြတယ်။ အဲဒါဟာ ဘယ်ချိန်ပဲဖြစ်ဖြစ် မမေ့နိုင်တဲ့ အမှတ်တရဆိုလည်း မမှားပါဘူး။
 
ပြီးတော့ Miss People ပြိုင်ပွဲတွေမှာလ ည်း လင်း လိမ်းခဲ့တဲ့ ခြူးသက်နွယ်၊ ခိုင်သဇင်ယုဝါတို့က Winner တွေရခဲ့ကြတာ မှတ်မှတ်ရရပါပဲ။ လင်းတို့မိတ်ကပ်ပညာတွေ ဘယ်လောက်ပဲတော်တော်၊ ဘယ်လောက်ပဲ Creation တွေ လုပ်ပြချင်ချင် ဒီလို မီဒီယာတွေက ပံ့ပိုးမှုနဲ့ ပါဝင်ခွင့်မရဘူးဆိုရင်လည်း ကိုယ်ရည်ကိုယ်သွေးတွေက တောက်ပြောင်လာမှာ မဟုတ်ပါဘူး။ 
 
People က ၁၅ နှစ်ပြည့်ပြီဆိုတော့ ခရစ္စတယ်ရတုလို့ ပြောရမှာပေါ့နော်။ အင်မတန်ဂုဏ်ယူပါတယ်။ ဒီလောက်နှစ်တွေအကြာကြီး သိက္ခာရှိရှိ ရပ်တည်လာခဲ့တဲ့ People ကို ၁၅ နှစ်ကနေ နောင်နှစ်ပေါင်း ၁၅၀ တိုင်အောင် ရပ်တည်နိုင်ပါစေလို့ လင်းက ဆုတောင်းပေးတယ်။
Kan Su Ho (Photographer)
ကျွန်တော် People မဂ္ဂဇင်းနဲ့ စပြီးတော့ ဆုံတာ နည်းနည်းတော့ကြာပြီခင်ဗျ။ ဒီအတော်အတွင်းမှာ Cover တွေ ရိုက်ဖြစ်တယ်။ Makeup Creation တွေ၊ Fashion တွေ အတော်များများ ရိုက်ဖြစ်ပါတယ်။ ကျွန်တော်ရိုက်ကူးတဲ့ ကဏ္ဍ
တိုင်းကို People က အစ်မတွေနဲ့ သေချာစီစဉ်ပြီးတော့ရိုက်တယ်။ ပုံတွေလည်း ထူးထူးဆန်းဆန်း လေးတွေရတဲ့အတွက် အဆင်ပြေတယ်ခင်ဗျ။
 
ရိုက်ကွင်းတွေအားလုံးထဲကမှ အမှတ်တရ အရှိဆုံးဆိုရင်တော့ ညီမလေးစိုးပြည့်သဇင်နဲ့ ရိုက်ခဲ့တဲ့ Cover လေးပါ။ အဲဒီမှာ ညီမလေး စိုးပြည့်ရဲ့ပုံစံကို Change သွားအောင် ကျွန်တော်တို့ဘက်က စီစဉ်ပြီး ရိုက်ကူးခဲ့တယ်။ 
 
အခု People ၁၅ နှစ်ပြည့်အတွက် Makeup ကဏ္ဍကို ရိုက်ကူးတာ Crystal Theme ကို ယူထားတာပေါ့နော်။ မော်လ်ဒယ်တွေက ချွန်းချွန်း၊ ယွန်းမှီမှီကျော်၊ မေ။ ကျွန်တော့်အနေနဲ့က Crystal တွေနဲ့ ရိုက်ရမှာဆိုတော့ Makeup Artist တွေရဲ့ Creation တွေကိုလည်း ပေါ်အောင် မျက်နှာလေးတွေ၊ Lighting ပိုင်းကိုလည်း Shadow ချပြီး အလင်းအမှောင်ကစားပြီး ရိုက်ကူးထားပါတယ်။
 
ကျွန်တော် ရိုက်ကူးထားတဲ့ ကဏ္ဍလေးကို ပရိသတ်များအနေနဲ့လည်း ကြည့်ရှုပေးကြပါဦးခင်ဗျာ။
 
People မဂ္ဂဇင်း ၁၅ နှစ်ပြည့်မှ နောင်နှစ်ပေါင်းများစွာတိုင် ဒီထက်မက အောင်မြင်မှုတွေ ရရှိပါစေ။ ပရိသတ်ကြီးလည်း People မဂ္ဂဇင်းကို အမြဲတမ်း အားပေးကြပါဦးလို့...။