Primary tabs

Artist's Creation

မြန်မာ People မဂ္ဂဇင်းရဲ့ Makeup Artist's Creations ကဏ္ဍမှာ နာမည်ကျော် ဝါရင့် မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ မိတ်ကပ် ကိုမာရဲ့စိတ်ကြိုက်ဖန်တီးမှုလေးတွေကို ရှုစားရမှာ ဖြစ်ပါတယ်ရှင်။

ယခု People ရဲ့ကဏ္ဍမှာတော့ ဦးမာက မြန်မာသတို့သမီးနဲ့ အနောက်တိုင်းသတို့သမီးပုံစံ မိတ်ကပ်ပြင်ဆင်မှုများကို ပြသပေးဖို့အတွက် ရွေးချယ်ခဲ့ပါတယ်။ 

"ဦးမာက များသောအားဖြင့် သတို့သမီး Look ကို ပိုကြိုက်ပါတယ်။ ဒါပေမဲ့ ကိုယ်က Professional မိတ်ကပ်ဆရာဖြစ်တဲ့အတွက် Creation လုပ်ရမယ်ဆိုလည်း Creation Makeup တွေလိမ်းပါတယ်။ Night Out ,Catwalk စသဖြင့် Event ပေါ်လိုက်ပြီး အမျိုးမျိုးပြင်ပါတယ်။ ဒါပေမဲ့ ဦးမာက သတို့သမီးအမြဲပြင်တဲ့အတွက် သတို့သမီးမိတ်ကပ်ကို ပိုနှစ်သက်ပါတယ်။ သတို့သမီးကို Nude Color လေးတွေပြင်ရတာ သိပ်ကြိုက်တယ်။ ဒါပေမဲ့ သတို့သမီးက Nude Color ချည်းပဲလည်း မကောင်းဘူး။ အဲဒီတော့ ဝတ်စုံကာလာပေါ် မူတည်ပြီး Nude ပေါ်မှာမှ လိုက်ဖက်တဲ့ ကာလာလေးတော့ ထည့်ပေးရတယ်။ ဥပမာ - ပန်းရောင်ဝတ်မယ်ဆိုရင် Pink Nude ၊ အဝါရောင်ဝတ်မယ်ဆိုရင်လည်း Peach Orange Nude Color လေးတွေ သုံးပါတယ်။ အဖြူဝတ်မယ်ဆိုရင်တော့ ရှဲဒိုးရော၊ နှုတ်ခမ်းရော Nude Color လေးတွေ သုံးတာပဲ များပါတယ်"

"ပထမဦဆုံးအနေနဲ့ ဦးမာက Makeup Creation လုပ်တဲ့အခါ မိတ်ကပ်ပြောင်းလို့လွယ် အောင် မိတ်ကပ်ကာလာလေးဖျော့တဲ့ Wedding Gown ကို စတင်လိမ်းခြယ်ပါတယ်။ 

ဖောင်ဒေးရှင်းပြီးတဲ့အခါ ပေါင်ဒါကို များများမသုံးဘဲနဲ့ နှာခေါင်းထိပ်လေးတွေ မျက်လုံးအောက်လေးတွေ လိုအပ်တဲ့နေရာလေးတွေပဲ လိမ်းခြယ်ပါတယ်။ ကျန်တဲ့နေရာတွေကိုတော့ စုတ်တံလေးနဲ့ပဲလိမ်းခြယ်ပါတယ်။

မျက်ခုံးမွှေးကိုလည်း များများမခြယ်ဘဲ မော်ဒယ်လ်စင်ဒီမြတ်ရဲ့ နဂိုမျက်ခုံးလေးကိုပဲ အောက်မှာ Shade လေး နည်းနည်းထည့်ပေးပါတယ်။ ရှဲဒိုးကိုလည်း Brown & Nude Color လေးသုံးထားပါတယ်။ ပါးရိုးကို Contour လေးနည်းနည်းချပေးပြီး ပါးနီတောင်သိပ်မထည့်ဘူး။ နှုတ်ခမ်းကိုလည်း Nude Color လေးပဲ သုံးထားပါတယ်။ မော်ဒယ်လ်က မျက်နှာကျလေးလည်း အနောက်တိုင်းဆန်တဲ့အတွက် Wedding Gown လေးနဲ့ ပိုလိုက်ပါတယ်။ 

မြန်မာဝတ်စုံနဲ့ မြန်မာလို ခြယ်သရမယ်ဆို တော့လည်း ဦးမာက အရောင်ကို အဝါရောင်ထဲက နည်းနည်းလေးခွဲထွက်သွားတဲ့ စိမ်းဝါရောင်ဖျော့ဖျော့လေးကို ရွေးထားပါတယ်။ များသောအားဖြင့် သတို့သမီးတွေက ပန်းရောင်၊ အဝါ၊ အဖြူ၊ သခွား၊ နံသာစတာတွေ ဝတ်ကြတာများပါတယ်။ အခုက စိမ်းဝါရောင်လေးကိုမှ အစိမ်းနုနုစီးကွင့်လေးတွေနဲ့ပုံဖော်ထားတဲ့ ထိုင်မသိမ်းကို ရွေးထားပါတယ်။ သိပ်မဝတ်ဖြစ်ကြတဲ့ အရောင်လေးမို့လို့  ဦးမာရွေးထားတာပါ။

ထိုင်မသိမ်းအရောင်လေးနဲ့ လိုက်ဖက်အောင် ရှဲဒိုးလေးတွေကို Nude ကာလာကနေပြီး အစိမ်းနု၊ အစိမ်းရင့်။ ပြီးတော့မှ အညိုနဲ့ပြန်ပြီး တော့ နည်းနည်းလေးကွန့်မြူးထားပါတယ်။ မျက်ခုံးကိုလည်း ခပ်ထင်းထင်းလေးဖြစ်အောင် ခဲလေးနဲ့ထပ်ဖြည့်တယ်။ ပါးနီကို Peach ကာလာလေးပြန်တင်တယ်။ နှုတ်ခမ်းကို အုတ်ကျိုးရောင်နုနုလေး သုံးထားပေးပါတယ်။ ဒီအရောင်က စိမ်းဝါရောင်နဲ့လည်း လိုက်တယ်။ ဆံထုံးကိုတော့ နဖူးကိုခပ်ရှင်းရှင်းလေးတင်ပြီး မြန်မာဆန်ဆန်အပုံ ဆံထုံးလေး ထုံးဖွဲ့တယ်။ မြန်မာဆံထိုး ဘီးတန်းဆံထိုးနဲ့ပန်းလေးနည်းနည်းပန်ပေးထားပါတယ်။ 

မြန်မာဆံထုံးမှာ အပုံဆံထုံး၊ ဘီးဆံထုံးရှိမယ်။ အပုံဆံထုံးမှာ ဆံမြိတ်ချတာရှိမယ်။ ဘီးဆံထုံးမှာ ဆံမြိတ်ချတာရှိမယ်။ ဆံမြိတ်မှာမှ အတိုချတာ၊ အရှည်ချတာရှိမယ်။ ဒါကတော့ ဆံမြိတ်မပါတဲ့ အပုံဆံထုံးမှာ ပန်းဆံမြိတ်လေး လုပ်ထားတာပါ။ မော်ဒယ်လ်ရဲ့မျက်နှာက သွယ်တဲ့အတွက် ဆံမြိတ်နည်းနည်းချလိုက်ရင် မျက်နှာရှည်သွားမှာစိုးတဲ့အတွက် အပုံဆံထုံးလေးကိုပဲ ဘေးနားမှာ ပန်းလေးနည်းနည်းပန်ပေးထားပါ။

ဒါကတော့ ဦးမာရဲ့စိတ်ကြိုက် မြန်မာသတို့သမီးမိတ်ကပ်နဲ့ ဆံပင်ဆင်ယင်ထုံးဖွဲ့မှုလေးပါ။ အခုလိုဦးမာကို ကူညီတဲ့ မော်ဒယ်လ်လေး စင်ဒီမြတ်ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ သူ့ မျက်နှာလေးက ဘိုဆန်တဲ့အတွက် Evening Gown, Evening Dress တို့နဲ့ လိုက်ပါတယ်။ မြန်မာဆန်ဆန်လေးဖြစ်အောင်လည်း ကြိုးစားပြီး ထုံးဖွဲ့လိမ်းခြယ်ပေးထားပါတယ်။ ကြည့်ရှုသူများအားလုံးလည်း ကျေနပ်နှစ်သိမ့်မယ်လို့ ထင်ပါတယ်"

မိတ်ကပ်ကိုမာဟာ ၁၉၇၅ ခုနှစ်မှာ စတင်ပြီး Professional Makeup Artist တစ်ယောက်အဖြစ်ရပ်တည်ခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ်က စတင်ပြီး ဆရာခင်ဇော်ဝင်းထံမှာ ပညာသင်ယူခဲ့ပါတယ်။ ရုပ်ရှင်မင်းသမီးကြီး ဒေါ်ဝါဝါဝင်းရွှေ၊ ဒေါ်အေးအေးသင်းတို့ရဲ့ ရှုတင်တွေမှာ ပြင်ဆင်ပေးခဲ့ပြီး ၁၉၈၄ ခုနှစ်မှာ ကိုယ်ပိုင် Beauty Salon ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မေသန်းနု၊ တင့်တင့်ထွန်း၊ ဇင်မာဦး အစရှိတဲ့ သရုပ်ဆောင်မင်းသမီးများစွာကို ပြင်ဆင်လိမ်းခြယ်ပေးခဲ့ပြီး ပြက္ခဒိန်၊ မဂ္ဂဇင်း၊ ရုပ်ရှင်များကတစ်ဆင့် အနုပညာခေတ်အဆက်ဆက်ကို ဖြတ်သန်းလို့ မိတ်ကပ်ကိုမာအဖြစ် အောင်မြင်စွာ ရပ်တည်လာခဲ့တာဟာ ဒီနေ့ ဒီအချိန်အထိပဲ ဖြစ်ပါတယ်။

Makeup Artist - Ko Mar
Model - Cindy Myat
Dress & Accessories - Ko Mar
Floral - Ko Zaw (Ko Mar)
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw