Primary tabs

၂ ရောင်စပ် နှုတ်ခမ်းနီခေတ် Two- toned Lips

 

    ကိုယ်တိုင်လိမ်းခြယ် မိတ်ကပ်စာမျက်နှာမှာ ဒီလအတွက် ဖော်ပြဖို့ရွေးချယ်ထားတာကတော့ two toned ကာလာစပ် နှုတ်ခမ်းနီအကြောင်းပါ။ ၂ ရောင်စပ် နှုတ်ခမ်းနီမှာ (၃)မျိုးရှိပါတယ်၊ dueltoned/ korea toned/ opposite toned ဆိုပြီးတော့ ဒီ ၃မျိုးကို လူကြိုက်များကြပါတယ်။

၂ ရောင်စပ် နှုတ်ခမ်းနီ ဘယ်လိုဆိုးမလဲ ??
    ဒီလို အရောင်(၂)ရောင် စပ်ဆိုးတဲ့အခါမှာ ခရမ်းရောင်အနုအဖျော့၊ ပန်းရောင်အနုအဖျော့ လိုမျိုး ဆင်တူအရောင်ကို တွဲဆိုးလို့ရသလို၊ ပုံမှာ ပြထားတဲ့အရောင်လို ကွဲထွက်တဲ့ ၂ ရောင်ကိုလည်း စပ်ဆိုးနိုင်ပါတယ်။ ဒီလို ၂ ရောင်စပ်ဆိုးတဲ့ ထူး
ခြားချက်ကတော့ နှုတ်ခမ်းကိုပြည့်ဖောင်းသလို ဖြစ် သွားစေပါတယ်။ ဘာကြောင့်လဲဆိုရင် ဘောင်ကွပ် ထားတဲ့အရောင်နဲ့ အလယ်နှုတ်ခမ်းသားအရောင် တို့က ဖူးကြွသယောင် ဖြစ်သွားစေတဲ့အတွက် ၃ ဖက်မြင်လို အရောင်ကြွလာစေလို့ပါ။

ဒီလိုအရောင်(၂)ရောင် စပ်မဆိုးခင် နှုတ်ခမ်းသားပြည့်တင်းလာအောင် ဘာတွေလုပ်ဖို့ လိုသလဲဆိုတော့...
-    နှုတ်ခမ်းပေါ်ကို သကြားခဲလို အခဲလေးတွေ ပါတဲ့ lip scrub လေးနဲ့ပွတ်ပေးပါ၊ ပြီးရင်တော့ နှုတ်ခမ်းပေါ်ကို အဆီပါတဲ့ lip balm လိုမျိုးနဲ့ပွတ် ပေးပါ။ (နှုတ်ခမ်းသားကို တစ်နေ့တာလုံး အရောင် စွဲမြဲချင်တယ်ဆိုရင်တော့ concealer လေးသုတ်ပေးပါ။ )
-    ဒါပြီးမှ နှုတ်ခမ်းသားကို ဘောင်စကွပ်ပါ။
-    ဘောင်စကွပ်တဲ့အခါမှာ ဘရပ်ရှ်လေးနဲ့ ကွပ် ပေးနိုင်သလို နှုတ်ခမ်းနီတောင့်နဲ့လည်းကွပ်ပေး နိုင်ပါတယ် (ဒါကတော့ကိုယ့်ရဲ့လက်ကျွမ်းကျင်မှုပေါ် မူတည်ပါတယ်)။ ဘောင်ကွပ်ပြီးရင်တော့ နှုတ်ခမ်းအလယ်ပေါ်ကို အရောင်စတင် ဖြည့်ပေး လို့ရပါပြီ။
-    နှုတ်ခမ်းလေးကို ပိုပြီးဖူးကြွစေဖို့ lip gloss အရောင်မပါပဲ အလက်လေးတွေပါတဲ့ shimmer အမျိုးအစားကို နှုတ်ခမ်းသားပေါ် ဆိုးပေးပါ။
    ဒါကတော့ two-toned ၂ ရောင်စပ် နှုတ်ခမ်းဆိုးနည်းပဲ ဖြစ်ပါတယ်။
    ဒီလိုအဆင့်ဆင့်ဆိုးတာ အချိန်ကုန်တယ်လို့ ထင်ရင်လည်း ready made 2 toned နှုတ်ခမ်းနီလေးတွေဝယ်ပြီး ဆိုးလို့ရပါတယ်။ အလှကုန် ဈေးကွက်ထဲမှာ limited edition အနေနဲ့ ထုတ် တာတွေလည်းရှိသလို၊ Max Factor/ Dior/ Laneige တို့ကနေလည်း ၂ ရောင်စပ် အရောင်လှ လှလေးတွေ ထုတ်ပါတယ်။

    နိုင်ငံတကာမှာ ခေတ်စားနေတဲ့ 2 tone အရောင်လေးတွေကို ဖော်ပြလိုက်ပါတယ်။ Runway လမ်းမထက် ကမ္ဘာကျော် မော်ဒယ်လ်များကို ပြင် ဆင်ပေးတဲ့ ဒီဇိုင်းများဖြစ်တာကြောင့် ဒီနှုတ်ခမ်း အရောင်တွေက လူကြိုက်များမှာ အသေအချာပါပဲ။