Primary tabs

“မျက်ခုံး မျက်တောင် အလှဆုံးဖြစ်အောင်”

"ကော့ညွှတ်ရှည်သွယ်တဲ့  မျက်တောင်လေးတွေနဲ့ ညှို့မျက်ဝန်းလေးဖန်တီးဖို့..."
ဆေးရောင်စုံ အခြယ်အသကူစရာမလိုဘဲ သဘာဝလို လှပနေစေတဲ့ ဆွဲဆောင်မှုအရှိဆုံး ညှို့မျက်ဝန်းလေးတွေ ဖန်တီးနိုင်တဲ့ ခေတ်ကြီးကို ရောက်ရှိလို့နေပါပြီ။ 

ဒီလိုလှပဖို့အတွက် ဘယ်လိုဖန်တီးမှု နည်းစနစ်တွေနဲ့ အမျိုးသား၊ အမျိုးသမီးထုအကြားမှာ ရေပန်းစားလျက်ရှိတယ်ဆိုတာ သိရှိနိုင်ဖို့အတွက် မျက်ခုံး၊ မျက်တောင်အလှဖန်တီးမှုကိုပါ ၀န်ဆောင်မှုပေးလျက်ရှိတဲ့ Psyche Spa ကို သွားရောက်ပြီး လေ့လာမေးမြန်းတင်ဆက်လိုက်ပါတယ်ရှင်…။

ဆက်နိုင်မယ့် မျက်တောင်အမျိုးအစားများ
မျက်တောင်အမျိုးအစားတွေကတော့  JC 0.07 8mm-12mm, B 0.15  8mm-12mm, C 0.15 8mm-12mm, D 0.07 8mm-12mm ရယ်လို့ လတ်တလောမှာ အမျိုးအစားလေးခုတွေ့ရှိရပြီး  0.07 ဆိုတဲ့ ကိန်းဂဏန်းဟာ မျက်တောင်ရဲ့ ကော့နှုန်းနဲ့ mm တွေကတော့ အရှည်ကိုဆိုလိုပါတယ်။

ဥပမာအားဖြင့် Makeup ပြင်ဆင်မှု အမြဲ ပြုလုပ်လေ့ရှိပြီး မျက်တောင်ကော့ကော့ကြိုက်နှစ်သက်သူဟာ JC ကိုရွေးချယ်နိုင်ပြီး အရှည်ကတော့ မိမိနှစ်သက်ရာ mm ကို သုံးနိုင်မှာပါ။

မျက်တောင် ဆက်ခြင်းဆိုသည်မှာ (Eyelash Extensions)
လူရဲ့ ပင်ကိုသဘာအတိုင်းဖြစ်နေတဲ့ မျက်တောင်တစ်ပင်ခြင်းပေါ်မှာ အပင်ရေအလိုက် မျက်တောင်အတုလေးတွေ ထပ်ဆက်တာဖြစ်ပါတယ်။ မျက်တောင်ဆက်တဲ့နေရာမှာ အသုံးပြုတဲ့ အမွှေးအမျှင်လေးတွေကဟာ နူးညံ့ပေါ့ပါးမှုရှိပြီး သဘာဝ ကျကျလှပနေစေဖို့ဖန်တီးထားတာဖြစ်ပါတယ်။

သဘာဝကျကျလေး လှချင်တယ်ဆိုရင်တော့ C ကိုရွေးချယ်နိုင်ပြီး ချစ်စရာကောင်းတဲ့ မျက်ဝန်းလေးဖြစ်ဖို့အတွက်တော့ B က သင့်တော်နိုင်တယ် စသဖြင့် ရှိပါတယ်။

 

ဆက်နည်းအမျိုးမျိုး
1P + 1P ဆက်ခြင်းဆိုတာဟာ  မျက်တောင် တစ်ပင်ပေါ်မှာ တစ်ပင်ထပ်ဆက်တာဖြစ်ပြီး 3P+3D ကတော့ မျက်တောင်တစ်ပင်ပေါ်မှာ သုံးပင်ဆက်တာဖြစ်ပါတယ်။ 6P + 6D ဆိုရင် ခြောက်ပင်ပွားဆက်တာဖြစ်ပြီး  အာရှမှာတော့ 3P+3D ကို ပိုမိုနှစ်သက်ကြတယ်လို့ သိရပါတယ်။

ဈေးနှုန်းများ
လတ်တလောသိရတဲ့ (ဖေဖော်ဝါရီလအတွင်း) ဈေးနှုန်းများအရ  1P + 1P - သုံးသောင်းကျပ်ကနေ 3D - ငါးသောင်းကျပ်၊ 6D- ရှစ်သောင်းကျပ် စသဖြင့် အစားအစားရှိတယ်လို့ သိရပါတယ်။

မျက်တောင်ဆက်ခြင်းနှင့်ကြာချိန်
အပင်ရေအလိုက် ကြာချိန်ကတော့ မျက်လုံးတစ်ဖက် အပင် ၆၀ နဲ့ နှစ်ဖက်စာ ပင်ရေ ၁၂၀ ဆက်မယ်ဆို တစ်နာရီခွဲခန့် အချိန်ပေးရမှာ ဖြစ်ပါတယ်။

ဆက်ပြီး ဘယ်လောက်ထိခံမလဲ
ပုံမှန်အားဖြင့် တစ်လကျော်ခန့် ခံပါတယ်။ ဂရုစိုက်နိုင်တဲ့သူဆို ၄၅ ရက်ထိ တာရှည်ခံပါတယ်။

ဆက်ထားတဲ့မျက်တောင် ပြန်ဖြုတ်ချင်တယ်ဆို
မိမိကိုယ်တိုင်ပြန်ဖြုတ်မယ်ဆို မျက်လုံးကို မထိခိုက်စေဘဲ အဆီပါတဲ့ ခရင်မ်မျိုးနဲ့ ဖြုတ်နိုင်သလို ဆိုင်မှာဆိုရင်တော့ Eyelash Remover နဲ့ ဖြုတ်ပေးပါတယ်။ Cleansing Liquid နဲ့ Eye Spa ပြုလုပ်ပေးပါတယ်။ Eye Liquid (PH. 5.5) နဲ့ ပြန်လည်ဆေးကြောပေးတယ်လို့ သိရပါတယ်။

မျက်တောင်ဖြုတ်ပြီး ပြန်ထပ်ဆက်ဖို့
ပထမဆက်ထားတဲ့မျက်တောင်ကို ပြန်ဖြုတ်ပြီး ထပ်ဆက်ဖို့အတွက် အချိန်နှစ်ပတ်ကနေ သုံးပတ်ခြားပေးပြီးမှ ထပ်ဆက်သင့်ပါတယ်။  ဖြုတ်ထားတဲ့ အချိန်အတောအတွင်းမှာ မျက်တောင်အားဖြည့်ဆေးသုံးပေးတာမျိုးဟာ ပိုမိုကောင်းမွန်စေပါ တယ်။

မျက်တောင်ဆက်ထားသူများ ရှောင်ရန်
မျက်တောင်ဆက်ပြီးပြီးချင်း ရေမထိရပါ။ ဆက်တဲ့နေ့မှာ ညဘက်ကိုမျက်နှာသစ်မယ်ဆိုရင် မျက်လုံးတစ်ဝိုက် မထိအောင်ရှောင်ပြီး သစ်ပေးသင့်ပါတယ်။ (exercise,sweat,spa,swimming) မပြုလုပ်ရပါ။ ချွေးနဲ့အတူ အဆီလည်း ထွက်တတ် လို့ပါ။ 
Cleansing Oil /Cream အသုံးမပြုရပါ။
မှောက်မအိပ်သင့်ပါ။ 
လိုင်နာမသုံးရပါ။ မဖြစ်မနေ အသုံးပြုခဲ့မယ်ဆိုရင်လည်း Water-base cleansing ကိုပဲ သုံးပြီး Eyeliner ကို သေချာ ပြန်လည်သန့်စင်ပေးရပါမယ်။ အသုံးမပြုတာတော့ အကောင်းဆုံးပါ။

မျက်တောင်မဆက်သင့်သူများ
မျက်ရစ်ဖော်ထားတဲ့သူဆိုရင် သုံးလအတွင်း မျက်တောင်မဆက်သင့်ပါဘူး။ 
မျက်တောင်ကောက်ထားတယ်သူကတော့ အချိန်တစ်လခြားပြီးမှ ဆက်သင့်ပါတယ်။
မျက်စဉ်းဆေးအမြဲသုံးနေရတဲ့ သူကတော့ မျက်တောင်ကျွတ်နှုန်းများတဲ့အတွက် မဆက်သင့်ဘူးလို့ အကြံပြုလိုပါတယ်။

မျက်တောင်ဆက်ခြင်းနှင့် အားနည်းချက်၊ အားသာချက်များ
ပင်ကိုမျက်တောင် နည်းသူ၊ ပါးသူတွေအတွက် မိမိနှစ်သက်တဲ့ပုံစံမျိုး ဒီဇိုင်မျိုးဆက်နိုင်ပြီး ကာလာကအစ စိတ်တိုင်းကျရွေးနိုင်မှာ ဖြစ်ပါတယ်။  
အားနည်းချက်ကတော့ မျက်နှာသစ်ချိန်မှာ အားမရတာမျိုး၊ ကျွတ်ထွက်သွားတဲ့ မျက်တောင်လေးတွေ ပြန်ဖြည့်ရတာမျိုး ရှိနိုင်ပါတယ်။ 
မျက်တောင်အတုတပ်ရသလို ကပ်လိုက်၊ ခွာလိုက် ပြုလုပ်ရတာမျိုး၊ ကော်သုံးရတာမျိုးမရှိတဲ့အတွက်  အသားအရေထိခိုက်တာမျိုး မဖြစ်စေဘဲ နည်းစနစ်ကောင်းမွန်မှုကြောင့် ဖိအားမရှိဘဲ ပေါ့ပါးနေစေမှာ ဖြစ်ပါတယ်။

"ဇင်ယော်တောင်မျက်ခုံးလေးနဲ့ အလှဆုံးဖြစ်ဖို့…"
မျက်လုံးကတော့ မျက်တောင်ထူထူကော့ ကော့လေးနဲ့ တစ်ဝင့်ဝင့်လှနေပါပြီ… မျက်ခုံးကပြောင်ပြောင်ကြီးဆိုလည်း ရယ်စရာဖြစ်လို့ နေတော့မယ်။ ဒီတော့ မျက်ခုံးကိုလည်း အချိန်  တိုင်းမှာ ထင်းလင်းပုံကျလှပနေစေဖို့ ပြုပြင်ရမယ်ဆိုတော့… မျက်ခုံးအလှအပ ဖန်တီးမှုအကြောင်းလေး ဆက်လက်လေ့လာကြည့်ကြပါစို့နော်။

မျက်ခုံးဖန်တီးခြင်းဆိုသည်မှာ (Eyebrow)
ဆေးနဲ့ ကိရိယာပေါင်းစပ်ပြီး လူရဲ့ပင်ကို မျက်ခုံးမွေးကဲ့သို့ ပုံဖော်ပေးတာဖြစ်ပါတယ်။ မျက်ခုံးမွေးကို Psyche Spa မှာ ဖန်တီးပေးတာကတော့ Semi permanent makeup လို့ ခေါ်ပါတယ်။ 
မျက်ခုံးတက်တူးထိုးတယ်လို့ ဆိုကြပါတယ်။ Psyche မှာ ၀န်ဆောင်မှုပေးတဲ့နည်းစနစ်ကတော့ ကိုရီးယားနိုင်ငံမှ မျက်ခုံးမွေးနဲ့ မျက်တောင်ဆုရရှိထားသူ ဆရာမ Gikishi ထံမှ သင်ယူထားတာ ဖြစ်တယ်လို့ သိရပါတယ်။ 
ကိုရီးယားနည်းစနစ် အခေါ်အဝေါ်အရ  Semi permanent makeup ဖြစ်ပြီး အမျိုးသား များပါ ပြုလုပ်နိုင်တဲ့ ဖန်တီးမှုကိုတော့ Embo နည်းပညာ လို့ခေါ်ပါတယ်။ ကျား/မ မရွေးလည်း ပြုလုပ်နိုင်ပါတယ်။
Embo ဟာ ဂျာမနီနည်းပညာဖြစ်ပါတယ်။  ဂျာမနီနည်းပညာကို ကိုရီးယားမှ အာရှအသားအရေနဲ့ သင့်လျော်အောင် တီထွင်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ 

Semi permanent makeup နှင့် မျက်ခုံးတက်တူး ကွာခြားချက်
Semi permanent ဟာ အရေပြားအပေါ် ယံလွှာမှာတင် ထိုးခြင်းဖြစ်တဲ့အတွက် ပုံသေဖြစ် မသွားတဲ့အတွက် အသက်အရွယ်အလိုက် ကာလာနဲ့ ပုံစံကို မိမိစိတ်ကြိုက် အမျိုးမျိုးပြောင်းလဲနိုင် သလို ထိုးထားချိန်မှာလည်း အရောင်ပြောင်းလဲမှု ဖြစ်စေတာမျိုး ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ 
Tattoo ကတော့ ရာသက်ပန်ခံပြီး အရေပြား အတွင်းထိရောက်တဲ့အတွက် အသားအရေနဲ့ ဓာတ်ပြုတဲ့အခါ မိမိလိုချင်တဲ့အရောင်ကနေ ပြောင်းလဲသွားတာမျိုး ဖြစ်တတ်ပါတယ်။

မျက်ခုံးဖန်တီးဖို့ ကြာချိန်
ပထမဆုံးအကြိမ် မျက်ခုံးစထိုးမယ်ဆို နှစ်ဖက်ကို တစ်နာရီခန့် အချိန်ပေးရပါမယ်။ နာကျင်မှု မခံစားရစေဖို့ Cream သုတ်လိမ်းထားရမယ့် အချိန်က နာရီဝက်ပါ။ စုစုပေါင်း တစ်နာရီခွဲခန့် အချိန်ပေးရပါမယ်။ မျက်ခုံးပုံစံဖော်ပြီးတဲ့အခါ ဘောင်အပြင်က အမွေးတွေကို ရိတ်ပစ်ရမှာဖြစ်ပြီး နောက်ပိုင်းမှာ လည်း ပုံစံထဲကကွဲထွက်နေတဲ့ အမွေးတွေကို ရိတ်ပေးရမှာပါ။ ထိုးပြီး သုံးရက်အကြာမှာ ဆေးကွာကျပြီး သဘာဝလိုလှနေတဲ့မျက်ခုံးကို တွေ့ရပါမယ်။ နောက်ထပ်တစ်လခြားမှာတော့ ကာလာ ထပ်ထည့်နိုင်မှာ ဖြစ်ပါတယ်။

ရွေးချယ်ကြသော ကာလာများ
မြန်မာကြိုက် အရောင်တွေကတော့ အညို အရင့်/အနု၊ အမည်း နဲ့  မီးခိုးရောင်တွေ ဖြစ်ပါတယ်။ Customer စိတ်ကြိုက်ကာလာကိုလည်း ဖော်စပ်ပြီး ထိုးပေးနိုင်တယ်လို့သိရပါတယ်။

တာရှည်ခံချိန်
Semi permanent  ဖြစ်တဲ့အတွက် အချိန် ၆ လကနေ ၅ နှစ်အထိ တာရှည်ခံပါတယ်။ တစ်ခါတစ်ရံမှာ အသားအရေနဲ့ ရာသီဥတုပေါ် မူတည်ပြီး အပြောင်းအလဲရှိတတ်ပါတယ်။ ထိုးထားပြီးတဲ့အချိန်မှာလည်း ပုံစံပြောင်းဖို့ ဆန္ဒရှိရင် ပြောင်းနိုင်သလို ကြိုက်ရာကာလာကိုလည်း ရွေးချယ်နိုင်ပါတယ်။

ထိုးထားတဲ့ မျက်ခုံးကို ပြန်ဖျက်ချင်တယ်ဆို
သာမန်အားဖြင့် မျက်ခုံးထိုးထားပြီး တစ်လခြားပြီဆိုရင် မိမိစိတ်ကြိုက်ပုံစံ ထပ်မံပြုပြင် ပေးနိုင်ပါတယ်။ ပြန်ဖျက်ချင်ရင်လည်း လွယ်ကူမှုရှိပြီး ပြန်လည်ပြုပြင်ချိန် နှစ်နာရီခန့်တော့ ပေးရမှာပါ။

မျက်ခုံးဖန်တီးဖို့ မတည့်ရှုသူများ
ဆီးချိုရောဂါရှိသူ၊ သွေးရောဂါရှိသူ၊ ဓာတ် မတည့်မှုကြောင့် ဆေးသောက်နေရသူများ မပြုလုပ်သင့်ပါ။

လုံခြုံစိတ်ချရဖို့
တစ်ခါသုံးအပ်ကိုသာ အသုံးပြုပြီး ပတ်ဝန်းကျင်နှင့် ကိရိယာများကို ပိုးသတ်ထားပါတယ်။ မျက်ခုံးမထိုးမီ Customer စိတ်ကြိုက်ဖြစ်စေရန် အတွက် ကြိုတင်ဆွေးနွေးအကြံပေးမှုများကို ပြုလုပ်ပေးပြီး ဓာတ်ပုံမှတ်တမ်းတင်ပေးတယ်လို့ သိရပါတယ်။

မျက်ခုံးထိုးထားသူများ  ရှောင်ရန်
အဆီပါဝင်တဲ့ ပစ္စည်းမျိုးသုံးတဲ့အခါ မျက်ခုံးနဲ့ မထိစေအောင် အထူးရှောင်ကြဉ်ရပါမယ်။ 

ကုန်ကျစရိတ်
အနည်းဆုံး ကျပ်သုံးသိန်းမှ  ငါးသိန်းအထိ ရှိနိုင်ပါတယ်။

မျက်ခုံးထိုးခြင်းနှင့် အားသာချက်၊ အားနည်းချက်
အားသာချက်ကတော့ မျက်ခုံးမွေးဆွဲဖို့ မလိုတော့တဲ့အတွက် အချိန်မကုန် အလုပ်မရှုပ်တော့ပါ။ အသစ်ပေါက်လာတဲ့ အမွေးအမျှင်လေးတွေကိုလည်း ကိုယ်တိုင်ရိတ်ပြီး ပုံသွင်းပေးနိုင်ပါ တယ်။ ပုံမှန်အားဖြင့် တစ်ချိန်လုံးမျက်ခုံးမွေးလေးဆွဲထားရမှ နေတတ်သူများအတွက် ခရီးသွားတဲ့အခါမှာပဲဖြစ်ဖြစ် အချိန်မရွေး မိမိကိုယ်ကို ယုံကြည်မှုပြည့်ဝနေစေမှာ ဖြစ်ပါတယ်။ အားနည်းချက်အနေနဲ့ကတော့ မျက်ခုံးပုံစံနဲ့အရောင်ကို အပြောင်းအလဲလေး လုပ်ချင်တယ်ဆိုရင် တစ် နှစ်မှာတစ်ခါ လောက်ပြန်ထိုးရတဲ့ ကုန်ကျစရိတ် မျိုးတော့ ရှိနိုင်မှာပဲ ဖြစ်ပါတယ်ရှင်။

ခုလို မျက်ခုံး၊ မျက်တောင် ပိုမိုလှအောင်ဖန်တီးနည်းလေးတွေကို လေ့လာပြီး ရည်ရွယ်ချက်ရှိသလိုဆောင်ရွက်ရင်း ဗဟုသုတ တိုးပွားနိုင်ကြပါစေနော်…

Photo - Psyche Spa