Primary tabs

Tattoo ဒီဇိုင်းဆန်းနဲ့ သင်္ကြန်မှာလန်းဖို့...

လူငယ်တွေပျော်ကြတဲ့ သင်္ကြန်ပွဲတော်ကြီးမှာ ကိုယ်ပိုင်စတိုင်လ်ဆန်းနဲ့ သူ့ထက်ငါ အပြိုင်လန်းကြဖို့အတွက် အမိုက်စားတက်တူးနဲ့ ရေစိုခံ Body Art စိတ်ကူးလေးတွေ ပေးလိုက်ချင်ပါတယ်။ တက်တူးအမှန်တကယ် ထိုးချင်သူကလည်း ဆန္ဒရှိ
ရာ ဆောင်ရွက်နိုင်သလို တစ်ခါသုံး တစ်ပုံစံကြိုက်သူများအနေနဲ့လည်း ရေစိုခံ Body Painting ဒီဇိုင်းတွေကို စိတ်တိုင်းကျရေးဆွဲနိုင်မှာပါ။ ဒီ့အတွက်  Z Tattoo Studio ရဲ့ Tattoo Artist ကိုဇေလတ် နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

သင်္ကြန်မတိုင်မီ တက်တူးထိုးမယ်ဆို
သင်္ကြန်ပွဲတော်ရှိတဲ့ ဧပြီလဟာ ပူပြင်းပါတယ်။ အဲလိုပူတဲ့ရာသီမှာ တက်တူးထိုးရင် အနာကျက်မြန်ပါတယ်။ အနည်းဆုံး ပွဲတော်တိုင်ခင် ၁၅ ရက်ခန့်အကွာမှာ ထိုးနိုင်ရင် ပိုကောင်းပါတယ်။ တက်တူးထိုးပြီးတဲ့အခါ အနာကျက်ဖို့  အနည်းဆုံး 
အချိန်တစ်ပတ်မျှကြာတတ်တဲ့အတွက် သင်္ကြန်ရက်နီးကပ်ချိန်မှ ထိုးမယ်၊ ရေလည်းထွက်ကစားမယ်ဆိုရင်တော့ အနာကျက်မယ့်အချိန်မှာ ရေနူးပြီး တက်တူးတွေပျက်နိုင်သလို မူလရှိရင်းစွဲ Tone Color အရောင်ကျသွားနိုင်ပါတယ်။

ဖန်တီးနိုင်သော တက်တူးအမျိုးအစားများနှင့် ကာလာများ
အရောင်အားဖြင့် အခြေခံ ၀ါ၊ နီ၊ ပြာကနေ ခွဲထွက်လာတာတွေအများကြီး ရှိပါတယ်။ Portrait Color မှာ ကာလာပေါင်း ၂၃ ရောင်ရှိပြီး ကာလာခွဲ ပေါင်း ၃၈ ရောင်ရှိပါတယ်။ အရောင်တွေကို ပေါင်းစပ်ရေးထိုးနိုင်သလို အသင့်ရေးထိုးလို့ရတဲ့ ကာလာများစွာလည်းရှိပါတယ်။ တက်တူးအမျိုးအစားအား ဖြင့်လည်းများစွာရှိပြီး လူကြိုက်များတဲ့ ဒီဇိုင်းတွေကတော့ Tribal Tattoo, Japanese Tattoo နဲ့ Samoan Tattoo တွေပဲ ဖြစ်ပါတယ်။

မိန်းကလေးအများစုဟာ ပန်းပွင့်၊ လိပ်ပြာ၊ စာလုံးလို Small Tattoo လေးတွေ ရေးထိုးမှုများကြပြီး ကာလာစုံတက်တူးကို ပိုမိုနှစ်သက်ကြပါ တယ်။ 

ယောက်ျားလေးတွေကတော့ Geomatric Tattoo, Skull Tattoo, Silver Black Tattoo, Portrait Tattoo, Tribal Tattoo, Japanese Tattoo နဲ့  Samoan Tattoo အမျိုးအစားတွေကို အများဆုံး ရေးထိုးလေ့ရှိကြပါတယ်။

တက်တူးထိုးမည့်နေရာများနှင့် အခက်အခဲများ
အများအားဖြင့် ထိုးလေ့ရှိတဲ့နေရာတွေကတော့ လက်မောင်း၊ လက်ဖျံ၊ ကျောပြင်၊ လက်ပြင်၊ ပေါင်နဲ့ ခြေသလုံးပါ။ ထိုးတဲ့နေရာမှာ အခက်အခဲမရှိပေမဲ့ ဆေးရောင်မှိန်တတ်တဲ့နေရာတွေကတော့ ခြေဖနောင့်၊ လက်ဖနောင့်နဲ့ လက်ချောင်းနေရာတွေ ဖြစ်ပါတယ်။

တက်တူးနှင့် ကြာချိန်
အမျိုးအစားပေါ်မူတည်ပြီး ပေးရတဲ့ အချိန်ကွဲပြားတဲ့အတွက်  Black & Gray ပုံတွေရေးထိုးတဲ့အခါ ကြာချိန် ၃ နာရီဝန်းကျင်၊ Samoan Tattoo  Black အတွက် ၆ နာရီဝန်းကျင်နဲ့ ကာလာစုံနဲ့ထိုးမယ့် Portrait တွေအတွက်လည်း ၆ နာရီခန့် အချိန်ပေးရမှာဖြစ်ပါတယ်။

တက်တူးမထိုးမီနှင့် ထိုးပြီးချိန် ဆောင်ရန်/ ရှောင် ရန်များ
Tattoo ရေးထိုးတော့မယ်ဆိုရင် မည်သူ့တိုက်တွန်းချက်မျှ မပါဘဲ ကိုယ်ပိုင်စိတ်ကူး၊ ကိုယ်ပိုင်ဆန္ဒနဲ့ ရေးထိုးစေချင်ပါတယ်။ သူများမြှောက်ပေးလို့ ထိုးတာမဟုတ်ဘဲ ကိုယ်တိုင်နှစ်သက် သဘောကျတဲ့ တက်တူးဒီဇိုင်းကို ရွေးချယ်စေချင်တယ်။ တက်တူးဖြစ်ပြီးရော ဈေးချိုတာပဲဆိုပြီးလွယ်လွယ်မထိုးစေချင်ပါ။ သေသေချာချာ စနစ်တကျနဲ့ ရေးထိုးပေးတဲ့ ကျွမ်းကျင်တက်တူးပညာရှင်မျိုးဆီမှာ တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်တာဟာ အကောင်းဆုံးဖြစ်ပါတယ်။ တက်တူးအပ်၊ ဆေး၊ ခွက်၊ တစ်ရှူး၊ Oilment စတဲ့ ပစ္စည်းတွေကိုလည်း တစ်ခါသုံးဖြစ်လား၊ သန့်ရှင်းမှုရှိလားဆိုတာကိုလည်း လေ့လာကြည့်ရှုသင့်ပါတယ်။

Tattoo ထိုးပြီးတဲ့အခါမှာလည်း ရေးထိုးထားတဲ့နေရာကို ဂရုစိုက်ရပါမယ်။ Tattoo Oilment ကို တစ်ပတ်ခန့်လိမ်းပေးရပါမယ်။ အညှော်မမိအောင်နေရပါမယ်။ တက်တူးနေရာကို ဆပ်ပြာ၊ခေါင်းလျှော်ရည် မထိသင့်ပါ။ ထိခိုက်ရှနာပျောက်လူးဆေးများ၊ ဆေးရည်များမလိမ်းသင့်ပါ။ အများသုံးရေကူးကန်ကို တစ်ပတ်တိတိ (အနာမကျက်သေးခင်) မသုံးရပါ။ ပင်လယ်ဆားငံရည်မစိမ်ရပါ။ တတ်နိုင်သမျှ နေရောင်ခြည် တိုက်ရိုက်မထိအောင်နေပါ။ တက်တူးထိုးထားတဲ့နေရာမှာ အသားဖတ်လေးတွေ လန်လာတဲ့အခါ၊ ယားယံလာတဲ့အခါ မခွာ၊ မကုတ်ဘဲနေပါ။ သတိထားပြီး Tattoo Oilment ကို ဂရုတစိုက် လိမ်းပေးရပါမယ်။

တက်တူးနှင့် ကုန်ကျစရိတ်
ရေးထိုးမယ် ဒီဇိုင်း၊ အရွယ်အစား၊ လိုချင်တဲ့ကာလာ စတာတွေပေါ်မူတည်ပြီး ကုန်ကျစရိတ် အနည်း/အများ ကွာခြားမှုရှိနိုင်ပါတယ်။ ခန့်မှန်း ခြေ အနည်းဆုံး ၃ သောင်းကျပ်မှ အများဆုံး ၁၀ သိန်းကျော်အထိ သုံးနိုင်ပါတယ်။

တက်တူးထိုးမယ်ဆို
မြန်မာနဲ့ စင်ကာပူက တက်တူးထိုးလိုသူတွေအတွက် မြန်မာပြည်က Z Tattoo Studio (တိုက် ၉၊ ၃ လွှာ၊ မင်္ဂလာလမ်း၊ စမ်းချောင်း၊ ရန်ကုန်။ ဖုန်း- ၀၉ ၇၉၅၀၃၀၂၇၂၊ ၀၉ ၄၃၁၂၄၈၅၄) မှာ နှစ်လ၊ စင်ကာပူက MagniFico Studio မှာ တစ်လ အလှည့်ကျ ရေးထိုးပေးလျက်ရှိတယ်လို့ Tattoo Artist ကိုဇေလတ်ထံမှ သိရပါတယ်။ လှပသပ်ရပ်တိကျတဲ့ အနုပညာမြောက်တက်တူးတစ်ခုဖြစ်လာဖို့အတွက် Tattoo မထိုးမီမှာ တစ်လခန့် ကြိုတင် date ယူပြီး ထိုးချင်တဲ့ ဒီဇိုင်းနဲ့ အရွယ်အစား၊ ထိုးမယ့်နေရာကို တိုင်ပင်ဆွေးနွေးသင့်တယ်လို့ ကိုဇေလတ်က အကြံပြုထားပါတယ်။ ဆက်လက်ပြီး ရေစိုခံ Body Painting Tattoo အကြောင်းလည်း လေ့လာကြည့်ကြပါမယ်။

Body Painting ဆိုတာ
တက်တူးအနုပညာ ရေပန်းစားသလိုပဲ ခ တာလှပမှုကို ပေးစွမ်းနိုင်တဲ့ Body Painting Tattoo ကိုတော့ မိန်းကလေးအများစုက စိတ်ဝင် စားကြပါတယ်။ သင်္ကြန်ဖက်ရှင်အဖြစ် ဖန်တီးနိုင်ဖို့အတွက်တော့ ရေစိုခံ Body Painting Tattoo က ကူညီပေးနိုင်မှာပါ။

သင်္ကြန်ပွဲတော်အပြင် ဖက်ရှင်ရှိုးများ၊ ဓာတ်ပုံနဲ့ ရုပ်ရှင်ရိုက်ကူးရေးများမှာလည်း အများဆုံး အသုံးပြုကြပါတယ်။

Body Painting Tattoo ဆိုတာ
အရေပြားအပေါ်ယံမှာတင် ပြုလွယ်ပြင်လွယ်ရေးထိုးနိုင်တဲ့ Skin Art တစ်ခုဖြစ်ပါတယ်။ ဖန်တီးမှုအနေနဲ့ Body Painting Tattoo ဆေးကို သီးသန့်အသုံးပြုရေးဆွဲရတာပါ။ 

အသုံးပြုသောဆေး
အဲဒီဆေးတွေဟာ အရေပြားပေါ်မှာ ရေးဆွဲနိုင်သလို အလှပြင်ပစ္စည်းမိတ်ကပ်အဖြစ်လည်း သုံးနိုင်ပါတယ်။ ထုတ်လုပ်တဲ့ အမျိုးအစားအလိုက် အာမခံပေးတဲ့ ဆေးများကိုသာ အသုံးပြုရေးဆွဲပါ တယ်။

တာရှည်ခံချိန်
ရေစိုခံပြီး အချိန်အားဖြင့်လည်း အနည်းဆုံး နာရီ ၃၀ အထိခံပါတယ်။  Black Tone တွေဟာ အချိန်ကြာကြာပိုခံပြီး ကာလာများနဲ့ရေးဆွဲရတဲ့ ဆေးတွေကတော့ တစ်ရက်ခန့် ရေစိုခံ အသုံးပြုနိုင်ပါတယ်။ 

ဈေးနှုန်းများ
Body Paint တံဆိပ်အမျိုးအစားအလိုက် ဈေးနှုန်းကွဲပြားမှုရှိပါတယ်။ အနည်းဆုံးကန်ဒေါ်လာ ၂၀ ကနေ အများဆုံး ကန်ဒေါ်လာ ၁၀၀ ကျော်အထိ ရှိနိုင်မှာဖြစ်ပါတယ်။

Tattoo Artist - Ko Zay Latt
Model - Juliana Black (Singapore) 
Photographer - Ko Thet (Singapore)