Primary tabs

သူတို့နဲ့ ဒုတိယမျက်နှာရဲ့ အလွဲများ

ဆံပင်ပုံစံဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဆိုတဲ့ စကားကိုအလှအပနဲ့ ပတ်သက်လို့ သိပ်ပြီး နှစ်နှစ်ကာကာစိတ်ဝင်စားခြင်းမရှိတဲ့ သူတွေတောင်မှ သိကြပါတယ်။ ရုပ်ခံလေးရှိပေမယ့် ဆံပင်ပုံစံကတလွဲဖြစ်ပြီဆိုရင် လူတစ်ယောက်ကို ကြည့်ရဆိုးသွားစေပါရော။ ဒီလို အခြေခံအ ကြောင်းအရာလေးကို အလှအပနဲ့ ပတ်သက်လို့ မိတ်ကပ်ပညာရှင်၊ ဆံပင်ပညာရှင်နဲ့ ဖက်ရှင်အကြံပေးတွေပါ ငှားထားတတ်ကြတဲ့ နာမည်ကျော်တို့တော့ မသိဘဲနေမှာတော့ မဟုတ်လောက်ပါဘူး။ 
ဒါပေမဲ့ ဆန်းသစ်တီထွင်စရာ ဆံပင်ပုံတွေဘဲထပ်သွားသလား၊ မျက်စိဘဲမှားသွားကြသလားတော့ မသိနိုင်ပါဘူး။ သူတို့နဲ့ မလိုက်ဖက်ဘဲ အရုပ်ဆိုးသွားစေတဲ့ ဆံပင်ပုံစံတွေကိုဖန်တီးခဲ့ဘူးကြသူတွေ ရှိခဲ့ဖူးပါတယ်။ ဘယ်သူတွေလဲဆိုတော့...

Mariah Carey 
Mariah Carey ရဲ့ ဆံပင်ပုံစံကို ကြည့်ပြီးတဲ့နောက်တော့ ပြောစရာစကားလုံးရှာမရ ဖြစ်သွားစေခဲ့ပါတယ်။ ဘယ်လိုရှု့ထောင့်ကနေ ကြည့်လို့မှ သူမဟာဒီဆံပင်ပုံနဲ့ လိုက်ဖက်ပါတယ်ဆိုပြီး အဖြေထွက်လာစရာမရှိလောက်ပါဘူး။ ဒီဓာတ်ပုံကိုရိုက်ထားတာ ၂၀၀၀ ခုနှစ်ကပါ။ အဲ့ဒီအချိန်တုန်းက သူမရဲ့ အသက်က ၃၀ ပေါ့။ ၁၃ နှစ်အရွယ် မဟုတ်ဘူးဆိုတာကို ထည့်သွင်းစဉ်းစားပုံမရခဲ့တော့ ဆံပင်ပုံစံကတလွဲဖြစ်ပြီး သူမကို ကြည့်ရဆိုးသွားစေခဲ့ပါတယ်။ 

Kate Hudson 
ဆံပင်အတိုကိုမှ အတွန့်တွန့် အကွေးကွေး ကောက်ထားတဲ့ ပုံစံလေးပေါ့။ သူမလိုချစ်စရာလှပတဲ့ သူကိုတောင်မှ ဒီလိုမျိုး အရုပ်ဆိုးသွားစေတာဆိုတော့ စာဖတ်ပရိသတ်ကြီးလည်း တခြားသူရဲ့ အမှားကနေသင်ယူနိုင်ဖို့ သတိပြုမိစေလိုပါတယ်။ Kate Hudson လောက် လှပချစ်စရာကောင်းတယ် ဆိုရင်တောင်မှ ၂၀၀၁ ခုနှစ်လောက်ကတည်းက သူမမှားခဲ့ဘူးတဲ့ အပြင်အဆင်ကိုတော့ မစမ်းကြည့်လိုက်ပါနဲ့လို့ အကြံပြုလိုက်ပါရစေ။ 

Jennifer Lopez
သူမဟာစတိုင်နဲ့ ပတ်သက်လို့ လူအရမ်း သတိပြုမိလောက်အောင် မှားယွင်းပြင်ဆင်တတ်တာနည်းတယ်လို့ ဆိုနိုင်တဲ့သူပါ။ ဒါပေမဲ့ ၂၀၀၂ ခုနှစ် အော်စကာဆုပေးပွဲမှာတော့ ရှေ့က ဆံပင်တွေကို အထက်ကိုအတင်းမြောက်ပင့်ထားပြီး အောက်ကိုအခွေအခွေနဲ့ ကျလာစေတဲ့ ပုံစံမျိုးလုပ်ထားပါတယ်။ ဒီလိုပုံစံမျိုးနဲ့ တွေ့ရခဲတယ်ဆိုပေမယ့် ဒီပုံစံကတော့ သူမနဲ့ မလိုက်ဖက်ပါဘူး။

Christina Aguilera 
သူမကဆံပင်ပုံစံနဲ့ ပတ်သက်လို့ တော်တော်လွဲနိုင်တဲ့သူလို့ ဆိုရပါမယ်။ ပိုပိုသာသာလေးပြောရရင် ဆံပင်ပုံစံအလွဲတွေနဲ့ ပတ်သက်လို့ စုစည်းထားမယ်ဆို ပြခန်းတစ်ခုစာ ရှိနိုင်ပါလိမ့် မယ်။ ဒါပေမဲ့ မြင်လိုက်တာနဲ့ ရယ်ချင်စိတ်ပေါ်သွားစေတဲ့ ဆံပင်ပုံစံလေးခုလောက်ဘဲ ဖော်ပြပေးချင်ပါတယ်။ ဆိုးဆိုးရွားရွားကိုလှနေတဲ့ အဖြူရောင် လူမည်းဆံပင်ပုံစံ၊ ရေစိုကောက်ထားတဲ့စတိုင်နဲ့ ခေါင်းပေါ်မှာ မြွေတွေတင်ထားသလို ဖြစ်နေတဲ့ ပြင်ဆင်မှုနဲ့တို့ဘဲ ဖြစ်ပါတယ်။ 

Madonna 
ဒီဓာတ်ပုံကို ကြည့်လိုက်ရင် ကိုယ်များမျက်စိမှားလေရော့သလားလို့ ထင်မိပါလိမ့်မယ်။ မမှားပါဘူး။ Madonna အစစ်ပါ။ Pop ဘုရင်မကြီးရဲ့ ရှေ့ပိုင်းကဆံပင်တွေ နဖူးပေါ်တက်နေတဲ့ စတိုင် ဖြစ်ပါတယ်။ ကြာတာတော့ ကြာခဲ့ပါပြီ။ ၁၉၉၈ ခုနှစ်လောက်တုန်းကပေါ့။ Madonna ဟာ ဒီဆံပင်ပုံစံကိုတော့ ရေရှည်မထားလိုက်တာဘဲ ကံကောင်းတယ်ဆိုရပါမယ်။ 

Kelly Osbourne
ထူးထူးဆန်းဆန်းဆံပင်ပုံစံတွေနဲ့ ပတ်သက်လာရင် Christine Aguilera ကို ပြိုင်ဆိုင်နိုင်စွမ်းရှိတဲ့သူကတော့ Kelly Osbourneပါဘဲ။ Kelly Osbourneဟာလည်း မြင်တွေ့ရသူ ရှော့ခ်ဖြစ်သွားနိုင်လောက်စေတဲ့ ဆံပင်ပုံစံလေးတွေ ပြင်ဆင်ဖန်တီးခဲ့ဘူးတဲ့သူပါ။ ကမ္ဘာ့မီဒီယာတွေရှေ့မှာ ဆံပင်အနက်နဲ့ ရွှေရောင်ဆံမြိတ်ချထားတဲ့ပုံစံ၊ မျက်လုံးတွေ အုပ်နေတဲ့အထိချထားတဲ့ ရှေ့ဆံပင်တွေနဲ့ ဖွာလန်လန် ဒီဇိုင်း၊ ဖဲပွင့်ကိုထိပ်တည့်တည့်မှာ စီးထားတဲ့ အုံထူထူဆံပင်ပုံစံစတာတွေနဲ့ ပေါ်ထွက်လာခဲ့ဖူးပါတယ်။ 

Gwen Stefani 
သူမကိုသူမယုံကြည်မှု အပြည့်ရှိတဲ့ ငွေရောင်ဆံနွယ်တွေနဲ့ အနီရဲရဲ နှုတ်ခမ်းနီတို့ ပေါင်းစပ်ထားတဲ့ စတိုင်ကို မရောက်သေးခင်လေးမှာ Gwen Stefani ဟာသူမရဲ့ ဖက်ရှင်ခြေလှမ်းတွေရဲ့ ဦးတည်ရာကိုရှာဖွေခဲ့ရပုံပါဘဲ။ အဲ့ဒီဖက်ရှင် မတိုင်မီက နေ့ရက်တွေကို ပြန်သွားမယ်ဆိုရင် သူမဟာဆံပင်ကို ကာလာစုံတင်ခဲ့ဖူးတဲ့အပြင် ပုံစံအမျိုးမျိုးလည်း ဖန်တီးခဲ့တဲ့သူလို့ ဆိုနိုင်ပါတယ်။ ကံမကောာင်းစွာနဲ့ဘဲသူမရဲ့ ရွေးချယ်မှု အတော်များများက မမှန်ကန်ခဲ့ဘူး။ 

Scarlett Johansson 
Johansson တစ်ယောက် mullet ဆံပင်ပုံစံကို အကြာကြီးထားခဲ့ဖူးတယ်လို့ ပြောရင် ယုံကြလိမ့်မယ် မထင်ပါဘူး။ ဒါပေမဲ့ ၂၀၀၃ ခုနှစ် လောက်ကို ပြန်လှည့်ကြည့်မယ်ဆိုရင် သူမရဲ့ ဆံပင်စတိုင်က mullet ပုံစံဖြစ်နေကြောင်းကို တွေ့ရပါလိမ့်မယ်။ သူမက David Bowie ရဲ့ စိတ်ဝင်စားမှုကိုရချင်လို့ အကောင်းဆုံးကြိုးစားခဲ့တာ ဖြစ်ပါသတဲ့။ 

Nicole Kidman 
ဒါကတော့ သိပ်ကို ကြာသွားခဲ့ပါပြီ။ ၁၉၈၇ ခုနှစ်ကတည်းကပါ။ သိပ်အများကြီးဝေဖန်လို့တော့ မရပါဘူး။ ဒါပေမဲ့ Nicole Kidman ရဲ့ နာနတ်သီးစတိုင် ဆံပင်ပုံက မရယ်ချင်ဘူးဆိုရင်တောင် ပြုံးမိသွားစေပါတယ်။ သူ့ခေတ်သူ့အခါမှာတော့ လှကောင်းလှခဲ့နိုင်ပါတယ်။ 

Jessica Simpson 
၂၀၀၁ ခုနှစ်တုန်းက Jessica Simpsin ရဲ့ ဆံပင်ပုံစံတီထွင်ဖန်တီးမှုကို တွေ့မြင်ရတဲ့အခါ မအံ့သြဘဲမနေနိုင်ပါဘူး။ ရွှေအိုရောင်ဆံပင်ကို ခေါက်ဆွဲခြောက်တွေလို တစ်ခေါင်းလုံးကို ကောက် ထားပါတယ်။ သူမရဲ့ မျက်နှာနဲ့ လိုက်ဖက်မှု မရှိတဲ့အပြင် ရှုပ်ပွနေတယ်လို့ ခံစားရစေပါတယ်။ သူမအနေနဲ့ The Lion King ရုပ်ရှင်ကို ကြည့်ပြီးတဲ့နောက်ပိုင်းမှာ ဒီဆံပင်ပုံစံမျိုးပြုလုပ်ဖို့ စိတ်ကူးရလာသလားမသိနိုင်ပါဘူး။

Sarah Harding 
Sarah ကတော့၂၀၀၇ ခုနှစ်လောက်က ပရိသတ်ကြီးကိုခြောက်လှန့်ဖို့ ကြံစည်ခဲ့ဘူးတယ် လို့ ဆိုရမလားပါဘဲ။ တစ်ဦးတစ်လေကများ ဆံပင်စတိုင်ကိုဖန်တီးတဲ့အခါ စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းတွဲတွေထဲက ဇာတ်ကောင်ကိုကြည့်ပြီး ဖန်တီးလို့ ရတဲ့အကြောင်း သူမကိုအကြံပေးမိ သလား မပြောနိုင်ပါဘူး။ Star Trek စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းထဲက Mr. Spock ဆိုတဲ့ ဇာတ်ကောင်ရဲ့ ဆံပင်ပုံစံနဲ့ ပေါ်ထွက်လာတဲ့ သူမကို ကြည့်ရတာဟာ ထူးဆန်းနေသလိုရယ်စရာလည်း ဖြစ်ရပါတယ်။

Beyonce
အရာအားလုံးနီးပါး ပြီးပြည့်စုံအောင် ကြိုးစားအားထုတ်နိုင်တဲ့ Beyonce ဟာ ၂၀၀၂ ခုနှစ်တုန်းကတော့ ဆံပင်ပုံစံနဲ့ ပတ်သက်လို့ ပြောစရာ ဖြစ်ခဲ့ရပါတယ်။ တစ်ခေါင်းလုံးမှာ ကွေးကောက်နေတဲ့ ညိုညစ်ညစ်ရွှေရောင်ဆံပင်အရှည်တွေက သူမရဲ့ အသွင်အပြင်ကို ပိုမိုလှပဖက်ရှင်ကျသွားအောင်တော့ မထောက်ပံ့ပေးခဲ့ဘူးလို့ အတိအကျဆိုနိုင်ပါတယ်။ 

Jessica Biel     
Jessica Biel က ရှေးရှေးတုန်းက ပြင်ဆင်ခဲ့ကြတဲ့ ဆံပင်ပုံစံမျိုးကို ကြိုးစားဖန်တီးထားတဲ့ အနေအထားပါဘဲ။ ပြီးတော့ ဒီစတိုင်ကကြော့ရှင်း လှပဖက်ရှင်ကျတဲ့ ၁၉၂၀ ခုနှစ် အလွန်က စတိုင်လို့လည်း တွေးထင်ထားပုံရပါတယ်။ ဝမ်းနည်းစွာနဲ့ဘဲ မတူးပါဘူးလို့ ငြင်းပါရစေ Jess ရယ်။ တရုတ်အရုပ်မကလေးမိတ်ကပ်တွေ အလွန်အကျွံ ပြင်ဆင်ထားသလို ဖြစ်နေတော့ ဆံပင်ပုံစံကပါ ပြောစရာဖြစ်သွားခဲ့ရတော့တာပေါ့။ 

Mena Suvari
ဆံပင်ပုံစံပတ်သက်လို့ ခဏခဏအလွဲတွေ လုပ်တတ်တဲ့ နောက်တစ်ယောက်ကို ပြပါဆိုရင် တော့ MenaSuvariကို ပြရမှာပါဘဲ။ ရှိတ်ထိုးထားတဲ့ ကတုံးဆံပင်ပေါက် ပုံစံကစလို့ ရှေ့ဘက်ကိုပန်းကန်လုံးပုံစံအမြိတ်တွေ ချထားတဲ့ပုံစံအပြင် ကောက်ကောက်ကွေ့ကွေ့ ဖွာဖွာလန်လန် ဆံပင်ပုံစံအဆုံး ဖန်တီးပြင်ဆင်တတ်သူပေါ့။ Mena Suvari အတွက် ဆံပင်ပုံစံဖန်တီးအကြံပေးနေတဲ့သူဆီကိုသူမရဲ့ ဓာတ်ပုံတွေ ပို့ပေးဖို့များလိုအပ်ခဲ့ဖူးသလား မသိနိုင်ပါဘူးနော်။ 

ဒီတစ်လမှာတော့ အလွဲများစွာထဲက အလွဲတွေက ဒီလောက်နဲ့ဘဲရပ်ပါရစေနော်။ ပရိသတ်ကြီးလည်း ဒုတိယမျက်နှာအတွက် အကောင်းဆုံးလေ့လာပြီးယုံကြည်မှုရှိရှိ ပြင်ဆင်လှပနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ 
http:// www.marieclaire.co.uk/beauty/hair/celebrity-hair-disasters-bad-celebrity...
Olivia Wilde, Rowan Blanchard, Zo Kravitz