Primary tabs

ဆယ်လီ ဖေဖေ

တစ်ကမ္ဘာလုံးမှာရှိတဲ့ ဖခင်များကို ဂုဏ်ပြုတဲ့ အနေနဲ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် Father’s Day အတွက် နိုင်ငံကျော်ဖေဖေများ သူတို့ရဲ့ အဖိုးတန်ရတနာလေးတို့နဲ့အတူ ကြည်နူးပျော်ရွှင်စရာ မြင်ကွင်းပုံရိပ်လေးတွေကို ဖော်ပြရင်း People ကလည်း Father’s Day ကို ဂုဏ်ပြုလိုက်ပါတယ်။ 

ကျော်ကျော်ဗို နှင့် ပြိုင်သူခ (or) Ike 

ဖခင်မေတ္တာ - သမီးလေးအပေါ်ထားတဲ့ မေတ္တာကတော့ စကားလုံးနဲ့တောင် ပြောပြလို့မရဘူးဗျာ။ ကျွန်တော့်ရဲ့ အချစ်တွေ မေတ္တာတွေအားလုံးကို သမီးလေးတစ်ယောက်တည်းကိုပဲ အပိုင်ပေးထားတာလေ။

သမီးလေးကိုဖြစ်စေချင်တာ - Ike ဖြစ်ချင်တာကိုပဲ ဦးစားပေးမယ်။ သူဖြစ်ချင်တာ ဖြစ်ဖို့အတွက် လိုအပ်တာမှန်သမျှ ဘေးကနေ ဖြည့်ဆည်းပေးချင်ပါတယ်။ အခုကတော့ ပညာရေးဘက်မှာပဲ ထူးချွန်စေချင်တယ်။


သမီးလေးအတွက် စကားလက်ဆောင် - သမီးလေးကို ခုထိချစ်လို့ မ၀သေးဘူး။ သမီးလေးက ကျွန်တော့်ဘ၀ပါပဲ။ 

 

Rဇာနည် နှင့် ဥာဏ်ဘုန်းဇာနည် (or) ဖစ်ဖစ်တုန် 


ဖခင်မေတ္တာ - အကောင်းဆုံးတွေပဲ ဖြစ်စေချင်တယ်။ ကောင်းကောင်းမွန်မွန်နဲ့ ကြီးပြင်းစေချင်တယ်။ 


သားလေးကို ဖြစ်စေချင်တာ - သူ့ဘ၀ တစ်လျှောက်လုံးမှာ မတောင်းမတပဲနဲ့ လူချင်လူခင်ပေါစေချင်တယ်။ သူဖြစ်ချင်တာကိုလည်း အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးမယ်။


သားလေးအတွက်စကားလက်ဆောင် - ဖစ်ဖစ်တုန် ကိစ္စတိုင်းကို ရဲရဲရင့်ရင့်နဲ့ ရင်ဆိုင်ပါ။ လူသားချင်းစာနာထောက်ထားပေးပါ။ 

စည်သူလွင် နှင့် ဘုန်းပြည့်စည်သူ (or) Scotty 


ဖခင်မေတ္တာ - Scotty ငယ်ငယ်လေးက တည်းကနေ ခုအသက်အရွယ်မှာ ဘာတွေပြောင်းလဲသွားလည်းဆိုတာ အရိပ်တကြည့်ကြည့်နဲ့ ကြည့်တယ်။  သူအိပ်ပျော်နေတဲ့အချိန် သူ့ကိုဖတ်ပြီး နေရတာကို အရမ်းစိတ်ကြည်နူးတယ်။ 


သားလေးကို ဖြစ်စေချင်တာ - သူက ကျွန်တော်နဲ့တူတယ် Music ၀ါသနာပါတယ်လေ သူဂစ်တာတီးနေတဲ့အချိန် ပြီးတော့သူက ကလေးဆိုပေမယ့် သီချင်းဆိုရင် အ၀င်အထွက်မှန်တယ် ကီးမှန်တယ် ကျွန်တော်အရမ်းပီတိဖြစ်တယ်။ 


သားလေးအတွက် စကားလက်ဆောင် - ငယ်ငယ်ကတည်းက သူအမှားတစ်ခုခုလုပ်မိရင် ကျွန်တော်သူ့ကို စကားတစ်ခွန်းနဲ့ပဲ ဆုံးမတယ် ‘‘သားကို ပါပါး မချစ်ပဲနေလိုက်ရမလား ’’ သူ အဲ့လိုကြားတိုင်း ငိုမဲ့မဲ့နဲ့ ပါပါး သား မချစ်ပဲမနေပါနဲ့ဆို ပြီး ပြန်ချော့တတ်တယ်။ အဲ့လိုပြောတာ သားကို လိမ္မာစေချင်လို့ ကောင်းစေချင်လို့  မိဘစကား နားထောင်စေချင်လို့ ပြောတာပါ။