Primary tabs

ပျော်ရွှင်အောင်မြင်တဲ့ အိမ်ထောင်ရှင်များ

မိုးလေကင်းလွတ်တဲ့ သီတင်းကျွတ်ကာလကို ရောက်ရှိလို့လာပါပြီ။ ဘ၀အတွက် စိတ်ကူးမျှော်လင့်ချက်ကိုယ်စီနဲ့ လက်တွဲကြဖို့ မင်္ဂလာပွဲဆင်နွှဲကြမယ့် မောင်နှံများ စိတ်လှုပ်ရှား ရင်ခုန်ကြရတဲ့ လတစ်လဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် အနာဂတ်ဇနီးမောင်နှံတွေ ပျော်ရွှင်ပြီး အောင်မြင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ကြတဲ့အခါမှာ အထောက်အကူဖြစ်နိုင်စေဖို့ သက်ဆိုင်ရာလုပ်ငန်း နယ်ပယ်အသီးသီးမှာ အောင်မြင်နေကြပြီး ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားကြတဲ့ အိမ်ထောင်ရှင်များရဲ့ ကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံများနဲ့ အကြံပြုချက်များကို မေးမြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်။

အချင်းချင်း မာန မထားကြပါနဲ့...
ဒီဇိုင်နာ - မမြင့်ဉ္ဇူ (Zu Zu Collection)

အစ်မ လက်ထပ်ခဲ့တာတော့ ၃၆ နှစ် အရွယ်မှာ လက်ထပ်ခဲ့ပါတယ်။ အစ်မ အသက် ၁၈ နှစ် အရွယ်မှာ စပြီး အင်္ကျီတွေ ချုပ်တယ်။ ကြားထဲမှာ ပညာသင်တယ်၊ ဂျပန်သွားတာနဲ့၊ New York သွားတာနဲ့ဆိုတော့ အစ်မ အသက် ၂၅ နှစ်မှာ Professtional ဒီဇိုင်နာတစ်ယောက်အနေနဲ့ စခဲ့တယ်ပေါ့။ အသင့်အတင့် အောင်မြင်နေတဲ့အချိန်မှာ အစ်မ အိမ်ထောင်ပြုခဲ့တာပါ။

အိမ်ထောင်ရေးအပေါ်မှာ  မျှော်လင့်ချက်ထားတယ်ဆိုတာမျိုးထက် Adjust လုပ်ခဲ့ရတာပေါ့။ အစ်မအဖေ ပြောခဲ့တာရှိတယ်။ သူကတော့ ယောက်ျားတစ်ယောက်ရဲ့ အမြင်နဲ့ပြောတာပါ။ မြန်မာမိန်းမတစ်ယောက်အနေနဲ့ ဘယ်လိုပဲ အောင်မြင်နေပါစေ ခင်ပွန်းသည်ရဲ့ ဦးဆောင်မှု နောက်ကို လိုက်ရမယ်ပေါ့။ အိမ်ထောင်ကို သာယာခိုင်မြဲစေချင်ရင် ကိုယ့်ယောက်ျားထက် ခြေတစ်လှမ်း၊ နှစ်လှမ်းလောက် နောက်ဆုတ်ထားမှ ရမယ်ပေါ့၊ အဓိက ပြောတာကတော့ စိတ်လျှော့ပေါ့လေ ဆိုတော့ အိမ်ထောက်ကျပြီးခါစ တစ်နှစ် နှစ်နှစ်လောက်မှာတော့ သူ့ဘက်ကိုယ့်ဘက် ညှိရတာတွေ ရှိပါတယ်။ အမှန်တော့ အစ်မတို့နှစ်ယောက်က အသွင်လည်းတူပြီး အကြိုက်လည်း တူပါတယ်။ ဒါကြောင့်လည်း မေတ္တာမျှပြီး ယူဖြစ်ခဲ့ကြတာပေါ့။ ဒါပေမဲ့ တကယ်တမ်းပေါင်းကြည့်တဲ့အခါမှ သိလာရတဲ့ လိုအပ်ချက်ကလေးတွေတော့ ရှိတယ်။ အဲဒီလိုအပ်ချက်တွေကို အစ်မတို့နှစ်ယောက်စလုံးက ညှိခဲ့ကြတယ်။ သူ့ဘက်ကလည်း လျှော့သလို ကိုယ့်ဘက်ကလည်း လျှော့တယ်။ ဒီလိုပဲ Adjust လုပ်ခဲ့ပါတယ်။ မယူခင် ဗေဒင်သွားမေးတော့ အစ်မတို့ အိမ်ထောင်ကို နှစ်နှစ်ပဲခံမယ်လို့ပြောတယ်။ အစ်မကတော့ ကိုယ့်စိတ်က အဓိကပါပဲဆိုပြီး သဘောထားခဲ့တယ်။ ၂၀၀၃ က လက်ထပ်ခဲ့တာဆိုတော့ အခု အစ်မတို့ အိမ်ထောင်သက်က ၁၃ နှစ်ထဲရောက်နေပြီ။ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး မျှော်လင့်ချက်ထားတယ်ဆိုတာထက် နားလည်မှုနဲ့ပဲ တည်ဆောက်ခဲ့တာပါ။

လုပ်ငန်းခွင်နဲ့ အိမ်ထောင်ရေးကြားက စိန်ခေါ်မှုဆိုရင် စောစောကပြောခဲ့သလိုပဲ ညှိရတာပေါ့လေ။ အစ်မ အမျိုးသားဘက်က နားလည်မှုေ ပးတာ ပိုများခဲ့တာပေါ့။ မောင်နှမချင်းတောင်မှ တစ်ခါတလေ မတည့်တာ ရှိတတ်တာပဲ။ ယောက်ျား၊ မိန်းမ တစ်ခါတလေ တိုက်ဆိုင်တာ ရှိနိုင်သလို မတိုက်ဆိုင်တာလည်း ရှိတယ်။ ညှိရ နှိုင်းရတာပေါ့။ အစ်မတို့က သားသမီးလည်း မယူခဲ့ဘူး။ အစ်မ အိမ်ထောင်ပြုတဲ့ အသက်အရွယ်မှာ ကလေးယူမယ်ဆိုရင် အစ်မ ၃၈ ၊ ၃၉ လောက်မှာ ကလေးမွေးရမယ့် ပုံစံပေါ့နော်။ အစ်မ အမျိုးသားကိုလည်း မေးခဲ့တယ်။ ကလေးယူကြမလားပေါ့၊ ခြောက်လလောက် စဉ်းစားခိုင်းခဲ့တယ်။ သားသမီးဆိုတာလည်း အပူတစ်မျိုးပေါ့၊ သူ့မှာ တူတွေ တူမတွေရှိတော့ ကလေးရှိတာ အိမ်ထောင်သုခတော့ရှိတယ်၊ ဒါပေမဲ့ ကလေးက လိမ္မာရင်တောင် ကိုယ်က လိုက်ပြီး စိတ်ပူပင်နေရတာမျိုး ရှိတယ်ဆိုတော့ အဲလိုမျိုး ပူရတာမျိုးကို သူမကြိုက်ဘူးပေါ့နော်။ အစ်မ သဘောထားကတော့ ရရင်လည်း ဖြစ်တယ်၊ မရရင်လည်း ဖြစ်တယ်ပေါ့နော်။ ဒါကြောင့် အစ်မတို့ ကလေးမယူခဲ့ဘူးပေါ့။ ကလေးမရှိတော့ တာဝန်လည်း သိပ်မရှိဘူး။ အစ်မ အမျိုးသားက ဆိုင်ဖွင့်ထားတယ်၊ အစ်မလည်း အလုပ်မလာခင် သူ့အတွက် လုပ်စရာရှိတာ လုပ်ပေးခဲ့တယ်။ ညနေစာကိုလည်း သူက သူ့အိမ်မှာပဲ စားတယ်ဆိုတော့ အစ်မအလုပ်အတွက် သိပ်ပြီး ပြဿနာ မရှိဘူးပေါ့နော်။ ဒါပေမဲ့ အစ်မတို့ တစ်နှစ်တစ်ခါ ခရီးရှည်ထွက်ဖြစ်အောင် ထွက်ကြတယ်။ ခရီးတိုလေးတွေလည်း နှစ်ခေါက် သုံးခေါက်လောက်တော့ သွားဖြစ်တယ်။ သူငယ်ချင်း အပေါင်းအသင်တွေလည်း ရှိတယ်ဆိုတော့ တစ်ပတ် တစ်ခါ၊ နှစ်ပတ် တစ်ခါလောက်ဖြစ်ဖြစ် စုပြီး ထမင်းစားဖြစ်ကြတယ်။ အသက်ကလည်း အစ်မတို့က နှစ်ပတ်လောက်ပဲ ကွာတယ်၊ သူ့ သူငယ်ချင်းကလည်း ကိုယ့်သူငယ်ချင်းပဲဖြစ်နေတယ်ဆိုတော့လေ။ အစကတော့ မသိခဲ့ကြဘူးပေါ့။

အစ်မအမျိုးသားက ဂီတာတီးတာ ၀ါသနာပါတယ်။ ညဘက် သူ ၀ါသနာပါတဲ့ ဂီတာတီးတယ်၊ အစ်မကလည်း Sketch တွေ ဘာတွေ ဆွဲစရာရှိရင် ဆွဲတယ်၊ ဘုရားရှိခိုးတယ်၊ Facebook ကြည့်တယ်ပေါ့၊ ကိုယ့်ဝါသနာ ကိုယ့်အလုပ်နဲ့ နေကြတယ်ပေါ့။ တစ်နေ့ ကိစ္စတော့ တစ်နေ့ ပြောကြတယ်။ သူကလည်း ဆိုင်ကိစ္စနဲ့ ဘယ်သူနဲ့ တွေတယ်၊ ဘယ်လိုရှိတယ် စသဖြင့်ပေါ့ ပြောတယ်၊ အစ်မကလည်း အစ်မကြုံတဲ့ ကိစ္စပေါ့၊ ဒီလို တစ်နေ့စာ ကိစ္စတွေ ပြောဖြစ်ကြတယ်။ ပြီးရင်တော့ ကိုယ့်ကိစ္စနဲ့ကိုယ်ပေါ့လေ။ ဒါကြောင့် အလုပ်ခွင်နဲ့ အိမ်ထောင်ရေးမှာ စိန်ခေါ်မှု ကြီးကြီးမားမား မရှိခဲ့ဘဲ ညှိနှိုင်းပြီး ဖြတ်သန်းခဲ့ကြပါတယ်။ မယူခင်မှာ တစ်ချက်တော့ ရှိတာပေါ့။ ဒီ Fashion Designer အလုပ်ကိုတော့ လုံးဝ Surrender မလုပ်နိုင်ဘူး။ ဒီအလုပ်ကို ဆက်လုပ်မယ်။ ပေးလုပ်မယ်ဆိုရင်တော့ လက်တွဲကြမယ်ပေါ့၊ အဲတစ်ချက်တော့ အစ်မ အစကတည်းက ပြောထားခဲ့တယ်။ တစ်ချို့တွေကလည်း ထင်ကြတာပေါ့၊ အစ်မ အမျိုးသားက လက်ဝတ်ရတနာဆိုင်ဖွင့်ထားတော့ အဲလိုင်းဘက်ကို ပါသွားလိမ့်မယ်ဆိုပြီး။ တစ်ခါတလေ ကိုယ် အကြံဉာဏ်ပေးရတာလည်း ရှိတယ်၊ မိန်းမ အမြင်နဲ့ပေါ့လေ။ သူ့လုပ်ငန်းနဲ့ကိုယ့် ရဲ့လုပ်ငန်းကလည်း ဆက်စပ်မှု ရှိပါတယ်။

ကိုယ့်ရဲ့ အိမ်ထောင်ရေးအပေါ်မှာတော့ သာယာပြီး နားလည်မှုရှိတဲ့ အိမ်ထောင်ရေးလို့ ထင်ပါတယ်။ အစ်မ အမျိုးသားက အနုပညာအလုပ်တွေ စိတ်မ၀င်စားဘူးပေါ့နော်။ ပွဲတွေ ဘာတွေရှိရင် သူ သိပ်စိတ်ဝင်စားလေ့မရှိတော့ အစ်မကလည်း ဇွတ်မခေါ်ဘူး၊ သူကလည်း သူ့စီးပွားရေးနဲ့ပတ်သက်တဲ့ ပွဲတွေဘာတွေဆို အစ်မဆန္ဒရှိရင် လိုက်ပေးပေါ့၊ မဖြစ်မနေလိုက်ရမယ့် ပွဲလမ်းမျိုးဆိုရင်တော့ အစ်မ လိုက်ပေးတယ်။ ရကာစကတော့ ငြင်းရခုန် ရသေးတယ်။ နောက်ပိုင်းတော့ အသက်လည်းရလာတော့ သိပ်မငြင်းဖြစ်ကြတော့ဘူး။

အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားတဲ့ စုံတွဲတွေအတွက် အကြံပေးချင်တာကတော့ လူနှစ်ယောက်ပေါင်းမယ်ဆိုရင် အဓိကက စိတ်ပဲပေါ့။ တစ်ဖက်က အရမ်းစိတ်တိုနေတဲ့ အချိန်ဆိုရင် တစ်ဖက်က ပါးစပ်ပိတ်ထားပြီး ငြိမ်နေ လိုက်ပေါ့။ ဒါဆို ရန်ပွဲမကြီးလာနိုင်တော့ဘူး။ တတ်နိုင်ရင် စိတ်မကောက်နဲ့၊ မာန မထားကြပါနဲ့။ အစ်မ ကိုယ်တိုင်လည်း ရှင်းရှင်းပြောရရင် အမှတ်မထားဘူး။ စိတ်တော့ကြီးတယ်၊ စိတ်တိုရင် ၀ူးဝူးဝါးဝါးတော့လုပ်တယ်၊ ပြီးရင် ခေါင်းထဲမှာ မထားထားဘူး၊ Open Heart လုပ်လိုက်တယ်။ မြှုံမထားတော့ နှလုံးသွေး မမည်းတော့ဘူးပေါ့။ အထဲမှာတော့ မြှုံမထားနဲ့ပေါ့၊ ပြဿနာရှိလာရင်လည်း လိပ်ခဲတည်းလည်း မထားဘဲ တစ်ခါတည်း ဖြေရှင်းကြပါ၊ ပြီးရင် အချင်းချင်း မာန မထားကြပါနဲ့လို့ အကြံပေးချင်ပါတယ်။ မာနထားရင် ကိုယ်ပဲစိတ်ပင်ပန်းပြီး အထူးသဖြင့် မိန်းကလေးတွေ မထားသင့်တဲ့ မာနကြောင့် ကိုယ်က ချစ်ရက်နဲ့ အိမ်ထောင်ရေး ပျက်စီးသွား တာမျိုးတွေ မြင်ဖူးတယ်။ အသက်ကြီးလာတဲ့ အခါမှ ဒါတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ သိလာမှာ။ အစ်မတို့ ကိုယ်တိုင်လည်း အချိန်တစ်ခုကို ကျော်ဖြတ်ခဲ့ပြီးမှ သိလာတာ။ ဒါကြောင့် ဒီလိုအချိန်တွေကို  အိမ်ထောင်ဖက် အချင်းချင်း နားလည်မှုနဲ့ အေးအေးချမ်းချမ်း ကျော်ဖြတ်သွားကြရင်တော့ အကောင်းဆုံးပါပဲ လို့ ပြောချင်ပါတယ်။

x x x x x

အိမ်ထောင်တစ်ခုတည်ဆောက်ဖို့ ယောက်ျားနဲ့မိန်းမ နားလည်မှုအရေးကြီးတယ်
ဝဏ္ဏခွါနီး

မှတ်မှတ်ရရကတော့ အာဇာနည် ငါ့ကိုချစ်တဲ့သူ ရိုက်ကူးရေးလုပ်နေတဲ့ အချိန်လောက်ကပေါ့။ သိတာတော့ကြာပြီပေါ့နော်။ မိန်းမရဲ့ မောင် ၀မ်းကွဲကလည်း အစ်ကိုနဲ့ သူငယ်ချင်း၊ အာဇာနည် အခွေကိုလုပ်နေတဲ့ သူဆိုတော့ အဲဒီမှာ ပြန်တွေ့တော့ ဇာတ်လမ်းစတာပေါ့နော်။

မြန်မာနိုင်ငံမှာ ဖုန်းမက်ဆေ့ခ်ျ စရတဲ့နေ့မှာ … Hi .. Hello ကနေ စသွားတာပေါ့နော်

ယူဖြစ်လိုက်ရတဲ့ အကြောင်းရင်းလေးကလည်း မှတ်မှတ်ရရပါပဲ။ ဟောလိုးဝင်း ညလေးမှာ လက်ထပ်ဖို့ဆုံးဖြတ်ဖြစ်တယ်။ ဇန်န၀ါရီ (၅) ရက်နေ့မှာ လက်မှတ်ထိုးတယ်။ မြန်တယ် ကျွန်တော်တို့ ကြိုက်တာရော ယူဖို့ဆုံးဖြတ်တာရော ယူဖြစ်တာရော။ ၂ယောက်စလုံးရဲ့ အသက်အရွက်လည်း (၃၀)ပတ်ချာလည်ဆိုတော့။ စကြိုက်တယ်၊ စချစ်တယ် ဆိုကတည်းက ကိုယ့်ရဲ့ အိမ်ထောင်ဘက်အဖြစ် စဉ်းစားပြီးတော့ ရည်ရွယ်ပြီးတော့ထားတာ။

စကတည်းက ကိုယ်ယူနိုင်မယ့်လူကို ရွေးထားတာပေါ့နော်။ နောက်ပြီးအစ်ကိုကလည်း အရမ်းပဲ ယူချင်နေပြီလေ အဲဒီတုန်းက။ ကိုယ်နဲ့ တွဲတဲ့သူတွေ အာဇာနည်၊ ဖြိုးကြီးတို့ကလည်း ယူသွားပြီ။ ကိုယ့်အသက်ရွယ်တစ်ခုလည်း ရောက်လာတာလည်းပါတာပေါ့နော်။  ကိုယ်အနီးအနားက သူတွေယူသွားတော့ ကိုယ်တစ်ယောက်တည်း ကျန်ခဲ့တယ်။ မိဘတွေကိုလည်း မြေးလည်းမွေးပေးချင်တယ်။ ဘ၀ကို တကယ်ကိုလိုချင်လာတာ။

ထူးဆန်းတယ်ဗျ။ စလုပ်ကတည်းက ဒီဓါတ်ပုံအလုပ်ပဲ လုပ်လာတာပေါ့နော်။ ကိုယ် ဒီအလုပ်လုပ်တာကိုလည်း သူကသိနေပြီးသားလေ။ ယူပြီးသွားတဲ့ နောက်ပိုင်းမှာလည်း ဒီအလုပ်နဲ့ ပတ်သက်ပြီးတားဆီးတာ၊ ချုပ်ချယ်တာ၊ ပိတ်ပင်တာဘာမှမရှိဘူး။ ကိုယ့်ကိုယ် လွတ်လွတ်လပ်လပ်လွှတ်ထားပေးတယ်။ လူပျိုတုန်းကတော့ စတူဒီယိုက သပ်သပ်၊ အိမ်ကသပ်သပ်လေ။ နောက်ပိုင်းကျတော့ စတူဒီယိုနဲ့ အိမ်တွဲထားပြီး လုပ်သလိုဖြစ်သွားတယ်ပေါ့။

အိမ်ထောင်ကျတော့ အလုပ်ပိုလုပ်ဖြစ်လာတယ်။ အနုပညာလုပ်တဲ့အပြင် ပရော်ဖက်ရှင်နယ်ဘက်ပါ ရောက်လာတယ်။ အချိန်တွေ အလကားကုန်ဖို့ နည်းသွားတယ်။ ကိုယ့်နောင်ရေးအတွက် ဘယ်လိုကောင်းအောင်လုပ်မလဲ Plan တွေ ပိုပိုချဖြစ်လာတယ်။ အလုပ်ပိုကြိုးစားလာတယ်ပေါ့။

အိမ်ထောင်ပြုလိုက်တာ အစ်ကို့အတွက် အထိန်းအကွပ်ရသွားတဲ့ သဘောပေါ့နော်။

လူလွတ်ဆိုရင် လွင့်ချင်တိုင်းလွင့် မျောချင်တိုင်း မျောနေမှာလေ။

အိမ်ထောင်ရေးဆိုတာကို လူတိုင်းတစ်ယောက်တစ်မျိုး ဖွင့်ကြမှာပဲလေ။

ကျွန်တော်မြင်တာကတော့ အိမ်ထောင်ပြုကြတဲ့ ယောက်ျားတိုင်းကတော့ အိမ်ထောင်ကျတယ်လို့ပဲ ပြောကြမှာပဲလေ။ နှောင်ကြိုးပေးတာကတော့ သားနဲ့သမီးပေါ့လေ။  ကလေးတွေနဲ့ ဘ၀ကို ဖြတ်သန်းရတယ်။ သူတို့တွေကြောင့် ဘ၀က ပိုပြီးအဓိပ္ပါယ်ရှိလာတယ်လေ။

ပြီးတော့ ချစ်တာနဲ့လက်ထပ်တာနဲ့၊ အိမ်ထောင်ပြုတာနဲ့ မတူဘူးလေ။ တစ်ခြားစီပဲဆိုတော့။ အဓိကကတော့အိမ်ထောင်ရေး မပြိုကွဲအောင် ကြိုးစားတယ်။ ရုန်းကန်ရတယ်။ ကြွေးဟောင်းဆပ်ရင်းနဲ့ ကြွေးသစ်ပါ ချနေရတယ်ပေါ့။

ဒီဘက်ခေတ်မှာ အိမ်ထောင်ပြုတာ သိပ်ကြောက်ဖို့ကောင်းတယ်။ အစစအရာရာပေါ့နော်။ ကျွန်တော်ဆိုလည်း လူပျိုတုန်းကဘ၀၊ အိမ်ထောင်သည်ဘ၀၊ ကလေး ၁ယောက်၊ ၂ယောက် မတူတော့ဘူးပေါ့။ ကလေးတွေဆိုတာလည်း သူ့အထုပ်နဲ့သူ လာတာရှိတာပဲလေ။ ဟပ်ချလောင်းဆိုပြီးတော့ ဖြစ်မသွားဘူးလေ။ ရုန်းကန်ရတယ်။ နောက် ဒီဘက်ခေတ်မှာ ပိုဆိုးတာကပညာရေး။ အရမ်း အရေးကြီးလာတယ်။ ပိုပြီးစဉ်းစားရတယ်။ အခုဆို အသက် (၅၀)အထိ ဘယ်လိုရုန်းကန်မလဲ၊ (၅၀) ကျော်ရင် ဘယ်လိုရပ်တည်မလဲ။ ဒီအတိုင်းမျောနေလို့ မရဘူးလေ။

အိမ်ထောင်တစ်ခု တည်ဆောက်တယ်ဆိုတာက ယောက်ျားနဲ့ မိန်းမနားလည်မှု အရမ်းအရေးကြီးတယ်လေ။ နှစ်ဖက်လုံးက တင်းနေလို့လည်းမရဘူး တစ်ယောက်တင်းရင် တစ်ယောက်ကလျှော့လိုက်။  ကျွန်တော်တို့ကျတော့ တတ်နိုင်သမျှပေါ့ ညှိုနှိုင်းတယ်။ လင်မယားမှာ ရန်မဖြစ်တဲ့ လင်မယားလို့တော့ မရှိပါဘူး။

ကျွန်တော့မိန်းမကတော့ ကျွန်တော့်အတွက် အရမ်းအဆင်ပြေတာပေါ့နော်။ ကိုယ်နဲ့လည်း သူငယ်ချင်းလိုရော၊ အစ်မတစ်ယောက်လိုရော၊ ညီမလိုရော။ ကျွန်တော်တို့ ၂ယောက်လုံးက သူ့မိဘလည်း ကိုယ့်မိဘလိုပဲ ဆက်ဆံကြတယ်။ သူ့မိဘရော ကိုယ့်မိဘရော တူတူကန်တော့ကြတယ်။ အမြဲတမ်းတူတူညီညီသွားတယ် ဘာပဲဖြစ်ဖြစ်။ နောက် ကျွန်တော့် အမေနေမကောင်းဘူးဆိုလည်း သူ့အမေလိုပဲ ပြုစုပေးတယ်။ ကိုယ်ကအလုပ်လုပ်တော့ မအားဘူးလေ၊ သူက ပြုစုပေးတယ် စောင့်ရှောက်ပေးတယ်။ ကျွန်တော့်အမေကလည်း သူ့ကိုချစ်တယ်။ ကျွန်တော်တောင်မသိဘူး တစ်ခါတလေအမေနဲ့ မိန်းမက ကျန်းမာရေးအကြောင်းတွေ ဆွေးနွေးကြတယ်။ မောင်နှမတွေ အားလုံးနဲ့လည်း ပြေလည်တယ်ချစ်ကြတယ်။ ထွေထွေ ထူးထူးကိုညှိစရာမရှိဘူး။ ဒါကတော့ ကျွန်တော့်ရဲ့ ကံကောင်းခြင်းလက်ဆောင်လို့ပဲ ပြောရမလား ပေါ့နော်။

ကျွန်တော်မြင်တဲ့အမြင်ကို ပြောပြတာပေါ့နော်။ ၁၀၀ ရာခိုင်နှုန်း မှန်တယ် မှားတယ်လို့လည်း မပြောဘူး။ တကယ်ဖြစ်ပျက်ခဲ့တဲ့ အမြင်တွေ နည်းနည်းပြောပြချင်ပါတယ်။ ဘာလို့လဲဆိုတော့ အရွယ်မရောက်ခင်  (၁၇၊ ၁၈ ၊ ၁၉) လောက်မှာ ယူကြတဲ့သူများများက တောက်လျှောက်ထာဝရတည်မြဲဖို့က ခက်ပါတယ်။ လူတိုင်းကို မပြောဘူးနော်။

တစ်ချို့သူတွေက ၁၀တန်းဖြေတယ်။ မဖြေနိုင်ဘူးဆိုပြီး အိမ်ကိုမပြန်ရဲလို့ ယောက်ျားနောက်လိုက်သွားတယ် မိန်းမနောက်လိုက်သွားတယ် စစ်ထဲဝင်သွားတာတွေရှိတယ်လေ။ အဲဒီအချိန်က အရမ်းဖြူစင်တယ် သစ်ရွက်လေးလှုပ်ရင်တောင် ရင်ခုန်ချင်တဲ့အရွယ်ဆိုတော့ ယူရင် တကယ့်ဘ၀မှာ ထိတွေ့အုံးမယ်လေ။ စီးပွားရေး မပြေလည်ရင် ကွဲတတ်ကြတာလည်းရှိတယ်။

တစ်ချို့ကြတော့လည်း နှစ်ဖက်လုံးက ချမ်းသာတယ်။ ကိုယ်လည်းလှချင် သူလည်းလှချင်နဲ့ အဆင်မပြေတာတွေရှိတယ်။ အဓိကကတော့ နားလည်မှုပေါ့ဗျာ။ လူတိုင်းအဆင်ပြေဖို့ကတော့ မလွယ် ဘူးလေ။ သွေးရင်းသားရင်းလည်းမဟုတ် တတ်နိုင်သလောက်တော့ ညှိုယူရမှာပေါ့။ အဓိက နောက်တစ်ခုကမိန်းမပေါ့။ ယောက်ျားတိုင်းက ၁၀၀ ရာခိုင်နှုန်းကောင်းတဲ့သူ မရှိဘူးပေါ့နော်။ ယောက်ျားတွေမှာလည်း အမှားကတစ်ခါတလေမှာရှိမှာပဲ အဲ့ဒါကိုမိန်းမက ပညာသားပါပါနဲ့ နားလည်ဖို့အရေးကြီးတယ်။ အဲဒီလိုမှ မဟုတ်ဘဲ ဆတ်ဆတ်ထိမခံလုပ်ရင်တော့ အိမ်ထောင်ရေးက ကွဲမှာပဲလေ။

ဘ၀စတယ်ဆိုတာ ၀ုန်းဒိုင်းကြီး ရော့... ပတ္တမြား ရော့... နီလာဆိုပြီး အော်တိုဖြစ်လာတာ မဟုတ်ဘူးလေ။  ကလေးတွေရဲ့ကံကြမ္မာ လင်မယား နှစ်ယောက်ရဲ့ကံကြမ္မာဆိုပြီး ရှိသေးတယ်လေ။ ချမ်းသားပြီးသားသူတွေကို မပြောဘူးပေါ့နော်။ လူတိုင်းကချမ်းသာတာမှ မဟုတ်တာ။ နှစ်ယောက်ကြိုးစားရမယ်၊ နားလည်ရမယ်၊ ခွင့်လွှတ်သည်းခံရမယ်။

x x x x x

အဓိက နားလည်မှုနဲ့ ရှေ့ဆက်ခဲ့တာပါ
ဒီဇိုင်နာ မလတ်(Lady Botique)

အိမ်ထောင်သက် ၁၉ နှစ် ရှိသွားပါပြီ။

အိမ်ထောင်မကျခင်ရော အိမ်ထောင်ကျပြီး ရော ကိုယ့်မှာ ပံ့ပိုးမှုတွေ အများကြီးရခဲ့တယ်။ အိမ်ထောင်မကျခင်ကဆို အစ်မတွေ၊ အမေတွေရဲ့ ပံ့ပိုးမှုကြောင့် ဒီဇိုင်နာအလုပ်ကို ဇောက်ချပြီး လုပ်နိုင်ခဲ့တယ်။ ဘွဲ့ရတော့ရော၊ အိမ်ထောင်ကျတဲ့ အချိန်ကျတော့ရော ဒီအလုပ်မှာ ဇောက်ချပြီး လုပ်နိုင်ခဲ့တယ်။ အဓိကကတော့ Management လုပ်ဖို့ပဲ အရေးကြီးတာပါ၊ ကျန်တာက ပံ့ပိုးမှုတွေ ရှိနေခဲ့လို့ပါ။ မိသားစု Type က အေးအေးဆေးဆေးပဲဆိုတော့ အဓိကက နားလည်မှုနဲ့ပဲ ရှေ့ဆက်ခဲ့တာပါ။ ဒီဇိုင်နာအလုပ်ကို အရမ်းရူးသွပ်ခဲ့တာဆိုတော့ အိမ်ထောင်မကျခင်ကတည်းက ဇောက်ချလုပ်ခဲ့တာ။ အမှန်အတိုင်းပြောရရင် မိသားစုကို အချိန်ပေးတာနည်းခဲ့တယ်။ သမီးကြီး ၈တန်းေ လာက်ထိက မိသားစုကိုအချိန်မပေးနိုင်ခဲ့ဘူး။ ဒါပေမဲ့ ကိုယ့်နောက်မှာ မိသားစုရှိနေခဲ့တယ်၊ အဓိက အမေကပံ့ပိုးပေးခဲ့တယ်။ အလုပ်ကို အရမ်းရူးသွပ်တော့ အလုပ်မှာ အချိန်ပိုပေးဖြစ်တယ်၊ မိသားစုအချိန် နည်းခဲ့တယ်။ ဒါပေမဲ့ တစ်ပတ်တစ်ခါတော့ မိသားစုအပြင်ထွက်ဖြစ်တယ်။ အခု သမီးငယ်လေးရှိလာတဲ့အချိန်ကတော့ မိသားစုကို အချိန်ပိုပေးမယ်ဆိုတဲ့ စိတ်ကပိုများလာတဲ့အတွက် မိသားစုကို အချိန်ပိုပေးဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ ဒီအလုပ်ကို Control လုပ်ဖို့အတွက် ကိုယ့်မှာ ၀န်ထမ်းကောင်းတွေ ရှိတယ်။ အလုပ်ဘက်ကို ဦးစားပေးဖြစ်တဲ့အခါကျတော့ အိမ်မှုကိစ္စပိုင်းမှာ နည်းနည်းအားနည်းချက်ရှိပေမဲ့ လိုအပ်တဲ့ အကူအညီပေးနိုင်မယ့် လူအားလုံးကို ဖြည့် ဆည်းပေးထားတယ်။ တစ်နေ့တာ ဆိုင်ကိုမထွက်ခင်မှာ အိမ်မှာ သူတို့ကို Control လုပ်ခဲ့ပြီး အဲဒါကို အမေက ပြန် Control လုပ်တယ်။ တစ်ချိန်တည်းမှာပဲ သမီးနှစ်ယောက်အတွက်၊ အမျိုးသားအတွက် လိုအပ်တာတွေအားလုံးကို ဖုန်းနဲ့ပဲ လှမ်းပြီး Control လုပ်တယ်။

အလုပ်ပင်ပန်းတဲ့အချိန်မှာ ပင်ပန်းလိုက်တာလို့ ပြောမိပေမဲ့ ကိုယ်ဝါသနာပါတာကို ရွေးချယ်ထားတာဆိုတော့ ကိုယ့်အလုပ်ကိုယ် နိုင်နင်းအောင် Management ကောင်းကောင်းလုပ်တယ်။ အိမ်မှာ မှာစရာရှိတာမှာထားခဲ့ပြီးလို့ ဆိုင်ကိုရောက်သွားတဲ့အချိန်မှာ ဆိုင်ကလူတွေကို Management လုပ်တယ်၊ တစ်ချိန်တည်းမှာပဲ စက်ရုံကိုလည်း Management လုပ်ရတယ်။ ရှိသမျှဝန်ထမ်းအားလုံးကို ကင်မရာနဲ့ကြည့်ပြီး Manage လုပ်တယ်။ ၀န်ထမ်းတွေကို တစ်ယောက်ချင်းရော၊ တစ်နေ့တာအတွက် အလုပ်ကိုလည်း ကြည့်တယ်။ အလုပ်ဘက်ကို အာရုံစိုက်တဲ့အတွက် တစ်ခုရှိတာက အိမ်မှုကိစ္စပိုင်းမှာတော့ နည်းနည်းမနိုင်ဘူးပေါ့။ တစ်ဖက်မှာ ထူးချွန်အောင် လုပ်တဲ့သူတိုင်းက တစ်ဖက်မှာတော့ လိုအပ်ချက်ရှိမှာပါပဲ။

အိမ်ထောင်ရေးမှာ ပြဿနာမရှိဘူးဆိုတာလည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကြောင့်ပါတယ်။ ၂ဦးလုံးကလည်း အေးအေးဆေးဆေးသမားဖြစ်တဲ့အတွက် ဘာပြဿနာမှ သိပ်မရှိပါဘူး။ တစ်ခါတလေ အလုပ်က Stress များလို့ ဒေါသထွက်တာရှိတဲ့အခါ အမျိုးသားက နားလည်ပေးတယ်။ မျက်နှာအရမ်းပျက်လာပြီဆိုရင် အမျိုးသားက နေရာကနေ ရှောင်ပေးလိုက်တယ်။ သူ ဒေါသထွက်လာရင်လည်း ကိုယ်ကရှောင်ပေးလိုက်တယ်။ အဲဒီလိုနေပေးလိုက်ရင် ဘာမှပြဿနာမှ မရှိတော့ဘူး။

လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ ကိုယ်တွေနှစ်ယောက်ကျတော့ သူငယ်ချင်းလည်းဖြစ်၊ နားလည်မှုနဲ့လည်း ပေါင်းသင်းလာတာဆိုတော့ အိမ်ထောင်ရဲ့ခက်ခဲတာ သိပ်မရှိခဲ့ပါဘူး။

x x x x x

တကယ်ချစ်မြတ်နိုးမှ လက်တွဲစေချင်တယ်
ဒီဇိုင်နာ - မပုံ့ (My Favourite)

ပုံ့လက်ထပ်ခဲ့တာ အသက်(၂၅) နှစ်ကျော် လောက်မှာပါ။

အိမ်ထောင်ရေးနဲ့ စီးပွားရေးကြားမှာ ဘယ်လိုဟန်ချက်ညီအောင် ဆောင်ရွက်ခဲ့ရသလဲ ဆိုတော့… ဒီ Designer အလုပ်က အပျိုဘ၀ကတည်းက ရူးသွပ်စွာလုပ်ခဲ့တာလေ…။ ရည်းစားဘ၀ကတည်းက သူလည်းအများကြီး ကူညီပေးခဲ့တယ်။(ဥပမာ - ပိတ်စသွားဝယ်ရင် ကားမောင်းပို့၊ ပိတ်စထုတ်လိုက်ဆွဲ၊ လိုချင်တဲ့ Accessories ရှိရင် သူ့ကိုဝိုင်းလုပ်ခိုင်းရတာပေါ့) ရည်းစားဘ၀ကတော့ အများကြီးကူညီပေးခဲ့တယ်။ နိုင်ငံခြားက Design  Book တွေ၊ Pattern Drawing တွေ လိုချင်တာတွေ အကုန်မှာပေးတယ်။  ခုတော့ သူလည်းအလုပ်များတော့ သိပ်မလုပ်ပေးနိုင်တော့ဘူး။ ကိုယ်ကလည်း ပိုအလုပ်များလာတယ်။

ကလေးက (၃) ယောက်ဆိုတော့ သူတို့လေးတွေအတွက် ပိုကြိုးစားရတော့ လင်မယားနှစ်ယောက်က တွေ့ချိန်တောင်နည်းလာတယ်။ ဒါပေမဲ့ Sunday ပေါ့… တစ်ပတ် တစ်ရက် Family Day ထားတယ်။ မိသားစုလိုက် ဘုရားသွား၊ Shopping သွားပေါ့။ တစ်နှစ်ကိုမိသားစုလိုက် ပြည်တွင်း၊ ပြည်ပခရီး (၂) ကြိမ်လောက် ရအောင်သွားတယ်။  လင်မယားနှစ်ယောက်တည်းလည်း သီးသန့်ခရီးသွားတယ်။ နှစ်ညအိပ်လောက်ပေါ့။ တစ်ယောက်ကို တစ်ယောက် အချိန်သီးသန့်ပေးတဲ့ သဘောပါပဲ။ ဒါပေမဲ့ ကလေးတွေကိုလွမ်းတယ်။ သူတို့နဲ့ အတူသွားလည်းသူတို့အတွက် နံပါတ်တစ် ဦးစားပေးရတာလေ။

အိမ်ထောင်ရေးဆိုတဲ့ အဓိပ္ပါယ်ကတော့ ပုံ့အမြင်ဆိုရင် မတူညီတဲ့ မိသားစုနှစ်ခုက လူနှစ်ယောက်ပေါင်းစပ်ဖို့အတွက် ပထမဆုံးအချစ်ပေါ့.. ယူပြီးတော့ သံယောဇဉ်ပေါ့… ကလေးတွေရလာတော့ ခိုင်မြဲခြင်းတွေပါလာပြီး ဘ၀က ပိုလှလာတာပေါ့နော်။

အိမ်ထောင်ပြုမယ့် မင်္ဂလာမောင်နှံတွေအတွက်ကတော့ လက်ထပ်တော့မယ်ဆိုရင် တကယ်ချစ်မြတ်နိုးမှ လက်တွဲစေချင်တယ်။ တစ်ယောက်နဲ့ တစ်ယောက် မာနတွေပြိုင်ရင် မတည်မြဲနိုင်သလိုသစ္စာမရှိရင်လည်း ပြိုကွဲတတ်ပါ တယ်။ တစ်ယောက်အကျင့်ကို တစ်ယောက် သေချာလေ့လာပြီးသည်းခံနိုင်လား စဉ်းစားဖို့လိုပါတယ်။ ပြုပြင်ပေးရင်ရမှာပါလို့ စိတ်ကူးမယဉ်သင့်ဘူးလို့ ထင်ပါတယ်။

ဘ၀တစ်ခုကို ဘ၀တစ်ခုနဲ့ ပေါင်းစပ်ဖို့ဆိုတာ လွယ်မယောင်နဲ့ခက်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့ အကျင့်တွေကိုပါ ဖျောက်ဖျက်ရပါတယ်။ သာယာတဲ့ မိသားစုဘ၀ရဖို့ဆိုတာ နှစ်ယောက်လုံးနဲ့ဆိုင်လို့ တစ်ယောက်ကို တစ်ယောက် နားလည်တဲ့ မိသားစုဘ၀တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုရင်း..။

x x x x x

မိသားစုကို နံပါတ် (၁) အရေးပေးတယ်
စမိုင်းလ်

အသက် ၂၀ မှာ အိမ်ထောင်ပြုခဲ့ပါတယ်။

အိမ်ထောင်ရှင်တစ်ယောက်အတွက် လုပ်ငန်းခွင်ရဲ့ စိန်ခေါ်မှုတွေကတော့ အိမ်မှုကိစ္စ၊ သမီးတွေကိစ္စနဲ့ ယောက်ျားကိစ္စတွေအပြင် အလုပ်ပါ ပါလာတော့ အနည်းနဲ့ အများတော့ သူများထက်ပို ပင်ပန်းတယ်။ ဒါပေမဲ့ပျော်ပါတယ်။

အိမ်ထောင်ရေးနဲ့ စီးပွားရေးမှာတော့ မိသားစုကိုတော့ နံပါတ် ၁ အရေးပေးပါတယ်။ ဥပမာ- ကလေးနေမကောင်းတဲ့အချိန် အရေးကြီးတဲ့ အလုပ်တွေ အကုန်ပစ်ထားပြီး သမီးနဲ့ပဲ နေတယ်။

အိမ်ထောင်ရေးဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်နားလည်ယုံကြည်မှု၊ ဂရုစိုက်မှုနဲ့၊ ချစ်ခင်ကြင်နာမှုတွေ ပေါင်းစပ်ထားတယ်လို့ ခံယူထားပါတယ်။

အိမ်ထောင်ပြုမယ့် သတို့သား၊ သတို့သမီးလောင်း၊ အိမ်ထောင်ရှင်လောင်းများအတွက် လမ်းညွှန်အကြံပြုချက်ပေးရမယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက်အသေးအဖွဲလေးကအစ မညာဘဲ အမှန်အတိုင်းရိုးသားဖို့၊ တစ်ယောက်အမှား လုပ်ခဲ့ရင်လည်း တစ်ယောက်နဲ့ တစ်ယောက်အပြစ်မတင်ဘဲ အတူတူရင်ဆိုင်ကြစို့။

x x x x x