Primary tabs

လုပ်ငန်းရှင်အသစ်တွေ မျှော်လင့်ထားရမယ့် အချက် (၁၀) ချက်

ကိုယ်စိတ်ကူးထားတဲ့အတိုင်း အဖြစ်အပျက်တွေ ဖြစ်မလာခဲ့တဲ့အခါ ဒါဟာ ငါ့အတွက် အခွင့်အရေးလို့ မှတ်ယူပါ….

ဒီနှစ်မှာ Wattpad ကို တည်ထောင်ခဲ့တာ (၁၀) နှစ်ပြည့်ခဲ့ပါပြီ။ Wattpad ဟာ လူမှုကွန်ယက်တစ်ခုဖြစ်ပြီး အဲဒီ့ ကွန်ရက်ထဲမှာ ကိုယ်ကလည်း သူများဝေမျှထားတဲ့အကြောင်းအရာတွေကို ဖတ်နိုင်သလို၊ ကိုယ်တိုင်လည်းတစ်ပါး သူတွေကို ဖတ်စေချင်တဲ့အကြောင်းအရာတွေကို ဝေမျှနိုင်တဲ့ နေရာတစ်ခုပါ။ စာရေးသူနဲ့ စာဖတ်သူကြားထဲက သမားရိုးကျ အတားအဆီးတွေကို ဖယ်ရှားချင်တဲ့ စိတ်တစ်ခုနဲ့ ကျွန်တော်နဲ့ Ivan Yuen တို့ Wattpad ကို စတည်ထောင်ခဲ့တယ်။ ကမ္ဘာအနှံ့က စာရေးသူ၊ စာဖတ်သူတွေပါဝင်တဲ့ လူမှုကွန်ရက်တစ်ခုကို တည်ထောင်ဖို့ Vancouver လေဆိပ်မှာစိတ်ကူး စရခဲ့တယ်။ စိတ်ကူးကနေအစပြုလို့ ကမူးရှူးထိုးပဲ စတင်လိုက်ကြတာ ဆယ်စုနှစ်တစ်ခုကို လွန်မြောက်ခဲ့တယ်ဆိုတာ အံ့အားသင့်စရာပါပဲ။

လုပ်ငန်းကို အခုမှစတင်မယ့် လုပ်ငန်းရှင်တွေအတွက် ကျွန်တော်ရခဲ့သမျှ အတွေ့အကြုံတွေကို ဝေမျှလိုက်ပါရစေ။ လုပ်ငန်းစတင်ပြီး (၁၀) နှစ်အတွင်းမှာ အောက်မှာဖော်ပြသွားမယ့် အချက် (၁၀) ချက်ကို မျှော်လင့်ပြင်ဆင်ထားနိုင်ကြပါစေ…

၁။    သင့်လုပ်ငန်းအတွက် ဖောက်သည်တွေကို ညတွင်းချင်းမရနိုင်ပါဘူး…
ကျွန်တော်တို့ရဲ့ လူမှုကွန်ရက်ကို စတင် မိတ်ဆက်ချိန်မှာ ကျွန်တော်တို့ Wattpad မှာ စာရေးသူရယ်လို့ တစ်ဦးတစ်ယောက်မှ ရှိမနေပါဘူး။ စာရေးသူမရှိတော့၊ အကြောင်းအရာဆိုတာကလည်း မပီပြင်ဘူးပေါ့ဗျာ။ အကြောင်းအရာ မပီပြင်တဲ့အခါကျတော့ စာဖတ်သူကလည်း ရှိမလာဘူးဗျ။ အဲဒီ့မှာ ကြက်ဥ နဲ့ ကြက်မ သံသရာက စတော့တာပဲဗျို့။ အဲဒီတော့ ကျွန်တော်တို့ Wattpad မှာ ဖတ်စရာရှိလာဖို့ စာဖတ်သူစိတ်ဝင်စားမယ့် နာမည်ကြီးပြီးသား ၀တ္ထုတွေ၊ အကြောင်းအရာတွေကိုဝယ်ပြီး တင်ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရေးကြီးတာက စာဖတ်ဝါသနာပါတဲ့သူတွေကို ဆွဲဆောင်နိုင်ဖို့မဟုတ်လား။

ဒီလိုနဲ့ အချိန် (၂) နှစ်တိတိ ဖြတ်သန်းပြီးချိန်မှာတော့ Wattpad ပေါ်ကို ပထမဆုံး ကိုယ်တိုင်ရေးဇာတ်လမ်းတစ်ပုဒ် တက်လာတယ်။ အဲဒီ့ဇာတ်လမ်းက စာဖတ်သူ (၅၀) ကနေ (၁၀၀) အထိကို ဆွဲခေါ်နိုင်ခဲ့ပြီး ပထမဆုံး အကြောင်းအရာက အစပြုလို့၊ ဒုတိယ၊ တတိယ နဲ့ စတုတ္ထတွေ တဖြည်းဖြည်း ရောက်လာပါတော့တယ်။

ကျွန်တော်တို့လိုပါပဲ။ ဘယ်လုပ်ငန်းမဆို ကိုယ့်အတွက် ဖောက်သည်ဆိုတာရလာဖို့ အချိန်တစ်ခုကို အရင်းအနှီးပြုကြရပါတယ်။ ကိုယ့်လုပ်ငန်းဖြတ်သန်းရတဲ့အချိန်ကို အရင်းပြုပြီး ဖောက်သည်ရဖို့ နည်းလမ်းက ဘယ်လိုဆိုတာ သင့်အတွက် ရလာပါလိမ့်မယ်။

၂။    သင်တွက်ချက်ထားတဲ့ အချိန်အတိုင်း ဖြစ်ချင်မှဖြစ်လာလိမ့်မယ်…
တစ်ခါတစ်ရံ သင့်စိတ်ကူးတွေက လတ်တလောမှာအောင်မြင်ဖို့ ခက်ခဲနေတဲ့အဆင့်မြင့် စိတ်ကူးတွေဖြစ်နေတတ်ပါတယ်။ စွန့်ဦးတီထွင်သူတွေ အမြဲကြုံတွေ့ရတဲ့ ကိစ္စကတော့ ကိုယ့်စိတ်ကူးတွေ လက်ခံလာအောင် အချိန်တစ်ခု စောင့်ဆိုင်း 
ရခြင်းပါပဲ။ စောင့်ဆိုင်းချိန်ဟာ သင်တွက်ချက်ထားတဲ့ အချိန်အတိုင်းဖြစ်ဖို့ အလွန်ခဲယဉ်းပါတယ်။ 

လွန်ခဲ့တဲ့ (၁၀) နှစ်၊ Wattpad ကို စတင်ချိန်မှာ မိုဘိုင်းဖုန်းကနေ စာဖတ်ဖို့ဆိုတာ ဂြိုလ်ကမ္ဘာက ဂြိုလ်သားကို ပုံဖော်ကြည့်ရသလိုပါပဲ။ iPhones တွေ ၊Tablet တွေ မရှိသေးဘဲ ဖုန်းစကရင် သေးသေးလေးမှာ စာ (၂) ကြောင်းလောက်သာ အများဆုံးမြင်ရတဲ့အချိန်။ အဲဒီ့အချိန်မှာ သင်ဝေမျှချင်တဲ့အကြောင်းအရာ ရှည်ရှည်လျားလျားဝေေ၀ဆာ ဆာတွေကို အင်တာနက်ကတဆင့် ဝေမျှကြမယ်ဆိုတဲ့ အိပ်မက်ဟာ ခုနကပြောတဲ့ အဆင့်မြင့်အိပ်မက်တစ်ခုပါပဲ။ ခေတ်က ကိုယ့်စိတ်ကူးနဲ့အတူ ရှိမနေတဲ့အချိန်ပါ။ ကဲ… အချိန်ကာလတစ်ခုဖြစ်တဲ့ ဆယ်စုနှစ်တစ်ခုကို လွန်မြောက်သွားချိန်မှာတော့ Wattpad ရဲ့ (၉၀) ရာခိုင်နှုန်းသော သုံးစွဲသူတွေဟာ မိုဘိုင်းကနေ သုံးကြပါတယ်။ ကိုယ်တွေ့ဆုံကြုံရတဲ့ အကြောင်းအရာကို အင်တာနက်ကတဆင့် ဝေမျှခြင်းဆို ထမင်းစားရေသောက်ကိစ္စဖြစ်နေခဲ့ပါပြီ။ 

ဒါကြောင့် ဒီနေရာမှာ အားပေးစကားပြောချင်တာက ခေတ်က ကိုယ့်စိတ်ကူးနဲ့ အတူရှိမနေဘဲ နောက်မှာကျန်နေတယ်ဆိုရင် ကိုယ့်ေ မျှာ်လင့်ချက်ကို မစွန့်လိုက်ပါနဲ့။ အချိန်တစ်ခုကို အရင်းအနှီးပြုပြီး အောင်မြင်မှုအသီးအပွင့်ကို စားသုံးဖို့ ကြိုးစားတောင့်ခံသင့်ပါတယ်။

၃။    အဆိုးဆုံးကာလတွေ ရှိလာလိမ့်မယ်…

ကိုယ့်ရဲ့ ပထမဆုံးလုပ်ငန်းကို စတင်ချိန်မှာ လူတိုင်းလူတိုင်းဟာ မျှော်လင့်ချက်တွေနဲ့ တက်ကြွတဲ့ ကြက်ဖတွေ ဖြစ်နေတတ်ကြပါတယ်။  ဒါပေမဲ့ အမှန်တရားကိုပဲ ကျွန်တော်ပြောရမယ်ဆိုရင် အဲဒီ့ ခံစားချက်တွေ ကြာကြာမခံဘူးဆိုတာပါပဲ။
ကျွန်တော်တို့နဲ့ ကျွန်တော့် သူငယ်ချင်း နှစ်ယောက်သား ကော်ဖီဆိုင်ထိုင်တဲ့အခါ ကော်ဖီတစ်ခွက်ပဲ မှာနိုင်တဲ့အချိန်တွေလည်း ရှိခဲ့ဖူးတာ အမှတ်တရပါပဲ။ ဒါတွေဟာ အဆိုးဆုံးကာလတွေလို့ပဲ ဆိုပါရစေ။ ကိုယ့်စိတ်ကူးတွေကို စိတ်ပျက်လက်ပျက်နဲ့ ဘယ်နားမှာ အားတွေအင်တွေရှိနိုင်မလဲလို့ မေးခွန်းတွေလည်း အကြိမ်ကြိမ်ထုတ်ခဲ့ရပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ဒီလို အဆိုးဆုံးကာလတွေကို ကျွန်တော်တို့ ဖြတ်သန်းနိုင်ခဲ့တယ်လို့ပြောနိုင်ပါပြီ။

ဒီတော့ ခင်ဗျားတို့မှာလည်း အဆိုးဆုံးကာလတွေ ရှိလာမယ်လို့ မျှော်လင့်ထားပါ။ ကိုယ်လက်ရှိလုပ်နေတဲ့လုပ်ငန်းကို အကြိမ်ကြိမ်ပြန်သုံးသပ်ရင်း အကောင်းဆုံး ရှေ့ဆက်နိုင်မယ့်နည်းကို ရှာဖွေရပါလိမ့်မယ်။ အဲဒီ့ကာလတွေဟာ သင့်လုပ်ငန်းကို ရှေ့ဆက်မလား ရပ်ပစ်မလားဆိုတဲ့ အတွေးတွေနဲ့ မိုးလင်းမယ့် ကာလတွေပါ။ အဲဒီ့အချိန်မှာ သင့်ကိုသင် အမေးသင့်ဆုံးမေးခွန်းကတော့ ငါ့စိတ်ကူးအိပ်မက်ဟာ ငါဒုက္ခခံဖို့တန်တဲ့ အိပ်မက်လားဆိုတဲ့ မေးခွန်းပါပဲ။

ကြီးမားတဲ့စိတ်ကူးအိပ်မက်ဟာ အနှောင့်အယှက်နဲ့ တွေ့တာနဲ့ မှိန်ဖျော့မသွားတတ်ပါဘူး။ အကယ်၍ ပထမအကြိမ်မှာပဲ သင်လက်လျှော့လိုက်မယ်ဆိုရင်၊ ဒုတိယနဲ့ တတိယအကြိမ်တွေမှာ အရှိန်ကျသွားပြီး နောက်ဆုံးအောင်ပွဲခံရမယ့်အချိန်ဆိုတာ ရှိလာမှာ မဟုတ်တော့ပါဘူး။ ဒီတော့ အဆိုးဆုံးအချိန်တွေကို ကြံ့ကြံ့ခံပြီး   ဖြတ်သန်းမှ စိတ်ကူးအိပ်မက်ဟာ တန်ဖိုးတက်လာမှာပါ။

၎။    လမ်းကြောင်းပြောင်းဖို့ လိုလာနိုင်တယ်…
Wattpad ကို မောင်းနှင်ရင်းနဲ့ ရိက္ခာပြတ်ချိန်လည်းကြုံခဲ့ရပါတယ်။ အဲဒီ့လိုအချိန်မျိုးမှာ အခြားဘက်မှာ အကြံပေးဝင်လုပ်ရင်း ရတဲ့ ၀င်ငွေ ကို ကိုယ့်လုပ်ငန်းအတွက်ထည့်ရင်း ရှေ့ဆက်ခဲ့ရပါတယ်။ အခြားသောလုပ်ငန်းရှင်များလည်း ဒီလို အခြေအနေမျိုးကို ကြုံကောင်းကြုံလာနိုင်ပါတယ်။ ဒီလိုကြုံလာခဲ့ရင် ငါတော့ ကျရှုံးလေခြင်းလို့ မတွေးလိုက်ပါနဲ့။ တည့်တည့်သွားလို့ မရတဲ့အချိန်လမ်းကြောင်းပြောင်းပြီး အခြားတစ်ဖက်ကရောက်အောင်သွားတယ်လို့ နှလုံးသွင်းဖို့လိုပါတယ်။

အဖြောင့်အတိုင်း တည့်တည့်သွားဖို့ အကျပ်အတည်းဖြစ်လာပြီဆိုရင် လမ်းကြောင်းသွားဖို့ မတွန့်ဆုတ်လိုက်ပါနဲ့။ ငါကတော့ ငါကြိုတင် စီစဉ်ထားတဲ့အတိုင်းပဲသွားမယ်ဆိုတာမျိုး တွယ်ကပ်မနေပါနဲ့။ လမ်းကြောင်းပြောင်းသွားခြင်းဟာ ဦးတည်ရာ ပြောင်းသွားတာမဟုတ်ပါဘူး။

၅။ ကြီးမားတဲ့ ကံကြမ္မာ အခွင့်အလမ်းတွေလည်း ရလာတတ်ပါတယ်…
သင့်လုပ်ငန်းမှာ သူမတူတဲ့ အသွင်သဏ္ဍာန်ရှိခဲ့မယ်ဆိုရင် အဆိုးဆုံးအချိန်ကာလတွေကို ဖြတ်သန်းပြီးတဲ့နောက် ကြီးမားတဲ့ ကံကြမ္မာအခွင့်အလမ်းတွေ သင့်ထံ တံခါးခေါက်လာနိုင်ပါတယ်။

၂၀၁၁ မှာ Union Square Ventures က ငွေအရင်းအနှီးထုတ်ပေးလာပါတယ်။ Twitter တို့၊ Etsy တို့၊ Foursquare တို့ကို လုပ်ငန်းစတင်ခါစမှာ ရင်းနှီးငွေထုတ်ပေးတဲ့ Union Square Ventures လိုအဖွဲ့နဲ့ ချိတ်ဆက်မိတော့မှ ငါတို့လုပ်နေတာကို စောင့်ကြည့်နေတဲ့ သူတွေရှိသားပဲဆိုတဲ့ စိတ်နဲ့  ရှေ့ဆက်ဖို့ ဆောင့်တွန်းလိုက်သလို အင်အားတွေရလာခဲ့ပါတယ်။ တစ်ခါ တရံမှာ ကြီးကျယ်တဲ့အလုပ်တွေဟာ စွဲစွဲမြဲမြဲလုပ်ရင်း အခွင့်အလမ်းတွေ ရလာတယ်လို့ နားလည်လာရပါတယ်။

၆။    သင့်ကိုသင် အဆင့်မြှင့်တင်ခြင်းဟာ သင့် 
ထုတ်ကုန်ပေါ်မှာ အဆင့်မြှင့်တင်ခြင်းလိုပဲ အရေးကြီးပါတယ်…
လုပ်ငန်းစတင်ချိန်မှာ လုပ်ငန်းနဲ့ ပတ်သက်တဲ့အလုပ်မှန်သမျှကို ကိုယ်တိုင်လုပ်နိုင်တယ်ဆိုပြီး ၀င်လုပ်နေတဲ့လုပ်ငန်းရှင်မျိုး တစ်ခါမှ မတွေ့ဖူးပါဘူး။ ဟိုဟာလည်း ကိုယ်ပဲလုပ်မယ်၊ ဒီဟာလည်း ကိုယ်ပဲလုပ်မယ်ဆိုတာက မဖြစ်နိုင်တဲ့ကိစ္စတစ်ခုပါ။

ဒီနေရာမှာ သေသေချာချာ သဘောပေါက်ထားရမှာက သင့်လုပ်ငန်းအောင်မြင်စွာ လည်ပတ်ဖို့ အခြားသူတွေရဲ့ အကူအညီ လိုကိုလိုအပ်ပါတယ်။ အဲ့ဒါထက်ပိုအရေးကြီးတာက သင်ဟာ ဦးဆောင်သူတစ်ယောက်အနေနဲ့ သင့်ကိုကူညီနေတဲ့အဖွဲ့ကို စိတ်အားတက်ကြွအောင် စွမ်းဆောင်နိုင်ဖို့ပါ။ အဲဒီတော့သင့်ကိုသင် အဆင့်တစ်ဆင့်ထက်တစ်ဆင့်မြင့်အောင် စွမ်းဆောင်ဖို့လည်း အရေးပါတယ်လို့ သိထားပါ။

၇။ အဖွဲ့လိုက်တိုးတက်လာဖို့လည်း အရေးကြီးတယ်…
သင့်လုပ်ငန်းကြီးထွားလာတာနဲ့ အမျှ၊ လုပ်ငန်းကိုမောင်းနှင်နေတဲ့လူတွေရဲ့ ခေါင်းတွေဟာလည်း မော့သထက် မော့လာတတ်ကြပါတယ်။ ဒီတော့ သူတစ်လူ ငါတစ်မင်းဖြစ်လာတတ်တယ်။ ဒါကြောင့် လုပ်ငန်းရဲ့ ဦးတည်ရာက ဘာ ၊ လုပ်ငန်း
က တန်ဖိုးထားရမှာ ဘာဆိုတာ ၀န်ထမ်းအချင်းချင်းကြားထဲမှာ ဝေမျှနိုင်ဖို့သိပ်လိုတယ်။ ဒါမှသာ ချိတ်ဆက်မိနေတဲ့ အဖွဲ့ဖြစ်လာပြီး လုပ်ငန်းအောင်မြင်ဖို့ နောက်တစ်ဆင့်ကို တက်နိုင်မယ်။

ကျွန်တော်တို့လုပ်ငန်းမှာတော့ ၀န်ထမ်းခန့်မယ်ဆိုရင် နည်းပညာအရ ကျွမ်းကျင်မှုအပေါ် သိပ်အာရုံမထားဘဲ ကိုယ့် လုပ်ငန်းရဲ့ အလေ့အထနဲ့ အသားကျသူဖြစ်နိုင်လားဆိုတဲ့အပေါ် ပိုအာရုံထားတယ်။ Wattpad မှာ လုပ်မယ့်ဝန်ထမ်းကို ရွေး
ချယ်တဲ့အခါ ဖန်တီးမှုတွေကိုဘယ်လောက် ဂရုထားတဲ့သူလဲ၊ ကိုယ့်ရဲ့လူမှုကွန်ရက်ပေါ်မှာ တင်တဲ့အကြောင်းအရာတစ်ခု ပေါက်သွားတယ်ဆို သူ့အတွက် ဘယ်လိုခံစားရလဲ စတဲ့မေးခွန်းတွေနဲ့ ပိုပြီး ဆုံးဖြတ်ဖြစ်ပါတယ်။

တစ်ခုတော့ ရှိတာပေါ့လေ။ တစ်ယောက်နဲ့ တစ်ယောက် အရည်အချင်းအားဖြင့် ထပ်တူကျစရာတော့မလိုပါဘူး။ အားသာချက် မတူတဲ့သူတွေ ရှိနေမှသာ စိတ်ကူးမတူဘဲ အရောင်စုံတဲ့ ပန်းချီကားတစ်ချပ်ဖြစ်လာနိုင်တာကို သတိချပ်ဖို့ လိုပါတယ်။

အားသာချက်မတူစေဦးတော့၊ အဖွဲ့လိုက် အလုပ်လုပ်ပြီး ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်အောင်သွားနိုင်သူဖြစ်ဖို့ကတော့ အရေးကြီးပါတယ်။ အဖွဲ့လိုက်တိုးတက်မှသာ လုပ်ငန်းက နောက်တစ်ဆင့်ကို တက်နိုင်တယ်ဆိုတာ ထပ်ပြောချင်ပါတယ်။

၈။    သုံးစွဲသူတွေထံက သင်ယူရပါလိမ့်မယ်…
Khosla Ventures က Ben Ling နဲ့ ပထမဆုံးအချိန် တွေ့ဆုံတုန်းက ကျွန်တော်မေးမိတဲ့ မေးခွန်းက YouTube မှာ သူ့ရဲ့ အမျိုးအမယ်တွေကို ဘယ်လိုများချဲ့ထွင်ခဲ့ပါသလဲပေါ့။ သူ့အဖြေက ရှင်းပါတယ်။ ကျွန်တော်တို့ အထူးတလည် လုပ်ယူ 
ခဲ့တာမရှိပါဘူး။ အမယ်အသစ်တွေက သူ့ဟာသူပေါ်ပေါက်လာပြီး ကျွန်တော်တို့က ဒါကို ရှာတွေ့ပြီး မြေတောင်မြှောက်ခဲ့တာပါပဲတဲ့။ 

ပြောချင်တဲ့သဘောက သင့်ကုန်ပစ္စည်းကိုဖြစ်စေ၊ ၀န်ဆောင်မှုကိုဖြစ်စေ သုံးစွဲတဲ့သူတွေက အဲဒီ့ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုရဲ့လားရာကို မောင်းနှင်သူတွေဖြစ်ပါတယ်။ သင်က နားစွင့်ထား တတ်ဖို့တော့လိုပါတယ်။ ကိုယ့်လူမှုကွန်ရက်ပေါ်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ အမြဲလေ့လာပြီး သုံးစွဲသူတွေ ပိုအဆင်ပြေမယ့်နည်းလမ်းတွေကို ပြောင်းလဲပေးရင်း ကျွန်တော်တို့ လူမှုကွန်ရက်လည်း သက်တမ်းရင့်လာတယ်ဆိုကြပါစို့။

၉။    သင့်လုပ်ငန်းဟာ အဆင့်ဆင့်ပြောင်းလဲလာတာတွေ့ရပါလိမ့်မယ်…
နံပါတ် (၄) မှာတုန်းက ပြောခဲ့သလိုပဲ၊ သင့်မှာ လုပ်ငန်းမစခင်ကတည်းက မဟာမူလ အစီအစဉ်ကြီးဆိုတာ ရှိကောင်းရှိပါလိမ့်မယ်။ သို့သော်လည်း  အဲဒီ့ မဟာမူလကြီးကိုပဲ တွယ်ဖက်ထားလို့ မဖြစ်နိုင်ပါဘူး။ ဒါက လုပ်ငန်းမစခင်သင့်စိတ်ကူးထဲက အစီအစဉ်ကြီးပါ။ လက်တွေ့လုပ်ကြပြီဟေ့ဆိုရင် သင့်စိတ်ကူးထဲက အချိုးအကွေ့အတိုင်း ဖြစ်ချင်မှ ဖြစ်လာမှာပါ။ ကျွန်တော်တို့စပြီး စိတ်ကူးခဲ့တာက ဇာတ်ကြောင်းတွေ အပြန်အလှန်ဝေမျှကြတဲ့ လူမှုကွန်ရက်တစ်ခုပေါ့။ သို့သော်လည်း နောက်ပိုင်းမှာ အဲဒီ့ဇာတ်ကြောင်းတွေက ဖျော်ဖြေရေး အစီအစဉ်တွေလိုဖြစ်ကုန်တယ်။ အမှန်က ဇာတ်ကြောင်းတွေက ဖျော်ဖြေရေး လုပ်ဖို့တော့မဟုတ်ဘူး၊ ဆင့်ပွားတွေးရင်းကဖြစ်လာတာ။ နောက်ပိုင်းကျတော့ Wattpad က အကြောင်းအရာတွေက ရုပ်သံတွေ၊ ရုပ်ရှင်ဇာတ်လမ်းတွေ၊ စာအုပ်တွေထဲက မာတိကာတွေဖြစ်ကုန်တယ်။

ဒါဟာ သင့်ရဲ့မဟာမူလ အစီအစဉ်ကြီးကနေ သွေဖယ်သွားခြင်းမမည်ဘဲ အဆင့်ဆင့် ပြောင်းလဲသွားခြင်းသာ ဖြစ်ပါတယ်။ ဒီလို အဆင့်ဆင့် ပြောင်းလဲသွားခြင်းအားဖြင့် သင့်လုပ်ငန်းဟာလည်း ပြက္ခဒိန်နှစ်တွေ တစ်နှစ်ပြီးတစ်နှစ်ကို ဖြတ် သန်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။

၁၀။    သင်ဟာ လူတွေရဲ့ဘ၀ကို ပြောင်းလဲပေး နိုင်လိမ့်မယ်…
Wattpad ကို စတင်လည်ပတ်ချိန်မှာ ကျွန်တော်ဟာ ပြဿနာတစ်စုံတစ်ရာဖြစ်လာခဲ့ရင် ကိုယ့်အတွက်ပဲ ဦးတည်ဖြေရှင်း လာခဲ့ပါတယ်။ ဒီလိုနဲ့ အချိန်ကြာလာတဲ့အခါ ကျွန်တော့်လုပ်ငန်းဟာ အခြားသူတွေရဲ့ဘ၀တွေပေါ်မှာလည်း သက်ရောက်မှုရှိတယ်ဆိုတာ သဘောပေါက်လာပါတယ်။ အာဖရိကတိုက်က လူတွေက သူတို့ရဲ့ ရင်ထဲကစကားလုံးတွေကို အခြားသူတွေကို ဝေမျှနိုင်လို့ ကျွန်တော်တို့ လူမှုကွန်ရက်ကို ကျေးဇူးတင်ကြတာလည်းရှိတယ်။ မိဘတချို့ သူတို့ရဲ့ရင်ထဲ
က အကြောင်းအရာတွေကို သူတို့သားသမီးတွေ ဖတ်မိလို့ ပိုလိမ္မာသွားကြတာလည်း ရှိတယ်လို့ဆိုလာတယ်။ စာရေးသူ တချို့ကလည်း သူတို့အတွက် အမာခံပရိသတ်ကို ကျွန်တော်တို့လူမှုကွန်ရက်ကတဆင့်ရလို့ ကျေးဇူးတင်ကြတာလည်းရှိတယ်။

ကျွန်တော်တို့ မျှော်လင့်ထားတာထက် ကျော်လွန်ပြီး ဘ၀ပေါင်းများစွာအပေါ် သက်ရောက်နိုင်နိုင်ဆိုတာ မယုံနိုင်စရာပါပဲ။ ကျွန်တော့်ဝန်ထမ်းတွေပဲဖြစ်ဖြစ်၊ ကျွန်တော့်ဖောက်သည်တွေပဲဖြစ်ဖြစ်၊ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ရဲ့ဘ၀အပေါ် ကောင်းသောပြောင်းလဲ မှုတွေ ပြောင်းလဲမှုတွေ ပြုလုပ်နိုင်တယ်ဆိုတဲ့ ခံစားချက်ဟာ သင် လုပ်ငန်းသစ်တည်ထောင်ပြီး ဆယ်စုတစ်ခုအတွင်းရလာမယ့်အချိုမြိန်ဆုံး အရာ ဖစ်တယ်လို့ ကျွန်တော်ရဲရဲကြီးအာမခံနိုင် ပါတယ်။ အဲဒီ့ခံစားမှုဟာ ပြီးပြည့်စုံမှုရှိစေရုံသာမက သင့်ကိုယ်သင်လုပ်ငန်းရှင်တစ်ယောက်အဖြစ် နောင်ဆယ်စုနှစ်ပေါင်းများစွာ ရှေ့ဆက်ရပ်တည်ဖို့ အကောင်းဆုံးမောင်းနှင်နိုင်တဲ့ အင်အားတစ်ခုလည်း ဖြစ်ပါတယ်။

ဒီဆောင်းပါးက Wattpad ဆိုတဲ့ လူမှုကွန်ယက်ကို တည်ထောင်သူတစ်ယောက်ဖြစ်တဲ့ Allen Lau ရဲ့ 10 Things You Can Expect During Your First 10 Years of Business ဆောင်းပါးကို သင့်လျော်သလို ဘာသာပြန်ဆိုထားတာပါ။