Primary tabs

အလုပ်ပြီးမြောက်သူတွေ ကျင့်သုံးတဲ့ နည်းလမ်း (၉) ခု

အချိန်ကိုလုပြီး အလုပ်လုပ်ကြရတဲ့အခါ အားလုံးခံစားရတာက တစ်နေ့ကို (၂၄) နာရီရှိတာ မဟာပြဿနာတစ်ခုပါ။ သို့သော်လည်း အချို့အချို့သောသူတွေဟာ တစ်နေ့ (၄၈) နာရီပိုင်သည့် အလား အလုပ်တွေပြီးမြောက်အောင် လုပ်နိုင်ကြပါတယ်။ ကျွမ်းကျင်တဲ့လက်လှည့်ကစားသမား တစ်ယောက်လို မြောက်မြားစွာသော အလုပ်တွေ ကို တစ်ခုတလေတောင်ကျကျန်မနေစေဘဲ အောင်မြင်အောင်စွမ်းနိုင်သူတွေပါ။

လူတိုင်းလူတိုင်းကတော့ ဘဝမှာပို၍ ပို၍ နေရာရချင် အောင်မြင်ချင်ကြတာချည်းပါပဲ။ ဒီလိုအောင်မြင်ဖို့အတွက် နည်းလမ်းကလည်း အခြား မရှိပါဘူး။ ရတဲ့အချိန်အတွင်းမှာ အလုပ်များများ ပြီးမြောက်အောင် ဘယ်လိုလုပ်မလဲဆိုတာကသာ နည်းလမ်းဖြစ်ပါတယ်။

အလုပ်တွေ ဘယ်လောက်များများ အဲဒီ အလုပ်တွေအားလုံးကို အောင်မြင်ပြီးမြောက်အောင်လုပ်ပြီး အလုပ်က ပြန်လာနိုင်တဲ့အချိန်ဟာ ဘယ်လောက် လက်ခမောင်းခတ်ချင်စရာ ကောင်းတယ်ဆိုတာ အလုပ်ပြီးသူတိုင်းသိကြပါ လိမ့်မယ်။ အလုပ်ကို အချိန်အများကြီးပေးပြီး လုပ်နေရတာ ဒါမှမဟုတ် မဟားတရားကို ကြိုးစားပမ်းစားလုပ်နေရတာထက် စမတ်ကျကျ နေ့တိုင်းလုပ်သွားနိုင်ခြင်းက အလုပ်အားလုံးကို ပြီးမြောက်စေတဲ့ အကြောင်းတစ်ရပ်လည်းဖြစ်ပါတယ်။

အောက်မှာ ဖော်ပြသွားမယ့်နည်းလမ်းတွေကတော့ အလုပ်ပြီးမြောက်တဲ့သူတွေ နေ့တိုင်းလုပ်နေတဲ့ နည်းလမ်းတွေပါပဲ။ တစ်ချက်လောက်ဖတ်ကြည့်ပြီး ဒီနေ့ပဲစလုပ်ကြည့်လိုက်ပါ။

၁။    အရေးတကြီးဆိုတဲ့ နိုင်လိုမင်းထက်တွေကို ပယ်ပါတယ်။
ဆိုလိုတာက ဒါလေးကိုတော့ အရေးတကြီးလေးလုပ်ပေးပါလို့ အတင်းတောင်းဆိုလာရင် အားနာပါးနာနဲ့ အင်း မလုပ်လိုက်ပါနဲ့။ ပြတ်ပြတ်သားသား ငြင်းပစ်လိုက်ပါ။ ဒီလို အဆောတလျင်လုပ်ရမယ့်အလုပ်တွေက ဘယ်လောက်ပဲသေးသေး သင် တစ်နေ့တာ အပြီးဖြတ်ရမယ့် အလုပ်အစဉ်ဇယားကို အနည်းနဲ့အများဆိုသလို အနှောင့်အယှက်ပေးနိုင်ပါတယ်။ အခန့်မသင့်ရင် အဲဒီ့ အဆောတလျင်အသေးစားက ပြဿနာအကြီးစားအထိ ဖြစ်သွားပြီး လိုက်ရှင်းမဆုံးဖြစ်တတ်ပါ သေးတယ်။

အလုပ်ပြီးမြောက်တဲ့သူတွေဟာ သူတို့ရဲ့ လုပ်ဆောင်မှုကို အနှောင့်အယှက်ပေးမယ့် အလုပ်တွေကို ခပ်မြန်မြန်သိနားလည်လေ့ရှိပြီး၊ အဲဒီ့လို အလုပ်တွေကို လျစ်လျူရှုတာပဲဖြစ်ဖြစ်၊ တစ်စုံ တစ်ယောက်ကို တာဝန်လွှဲပေးတာပဲဖြစ်ဖြစ်လုပ်ပြီး သူတို့ရဲ့ အလုပ်လုပ်တဲ့အရှိန်ကို ထိန်းထားနိုင်သူ တွေဖြစ်ပါတယ်။

၂။    နှစ်ကြိမ်ပြန်မလုပ်ပါ။
အလုပ်ပြီးမြောက်တဲ့သူတွေဟာ အလုပ်တွေကို တို့လို့တန်းလန်းအနေအထားမှာ ထားလေ့မရှိပါဘူး။ အလုပ်တစ်ခုကို နှစ်ကြိမ်ပြန်လုပ်ရတယ်ဆိုတာ အချိန်ဖြုန်းခြင်းသက်သက်လို့ ခံယူထားကြသူတွေပါ။ အီးမေးလ်ကို နောက်မှ စာပြန်ပါ့မယ် ဆိုပြီး သိမ်းထားတာမျိုး၊ နောက်မှပဲဖုန်းခေါ်ပြီး ပြောလိုက်ပါတော့မယ်ဆိုတာမျိုး သူတို့ရာဇဝင် မှာ မရှိပါဘူး။ သူတို့ဒီအလုပ်ကို လုပ်ရမယ်ဆိုတာသိတာနဲ့ ချက်ချင်းထလုပ်ရင်လုပ်၊ ဒါမှမဟုတ် တစ်ယောက်ယောက်ကို တာဝန်ပေးလိုက်တာက သာ သူတို့ရဲ့ ဖြတ်သန်းမှုပါ။

၃။    အခက်ဆုံး(သို့) မလုပ်ခြင်းဆုံးအလုပ်ကို အရင်ဆုံးလုပ်တယ်။
တစ်နေ့တာ အလုပ်ဇယားထဲမှာ အခက်ဆုံး ဒါမှမဟုတ် ဖီးလ်မလာဆုံးဖြစ်နေတဲ့အလုပ်ကို အရင်ဆုံးလုပ်ခြင်းဟာ လုပ်စရာ အလုပ်တွေကို အီးရော အီးရောလုပ်ခြင်းကနေ ဖြေပေးနိုင်တဲ့ အကောင်းဆုံး ဆေးတစ်ခွက်ပါ။ ဒါကို အလုပ်ပြီး
မြောက်အောင် လုပ်နိုင်တဲ့သူတွေက ကောင်းကောင်းသိပြီး သူတို့ရဲ့မနက်ခင်းတွေကို အခက်ဆုံး ဒါမှမဟုတ် မလုပ်ခြင်းဆုံး အလုပ်တွေနဲ့ စဖွင့်လေ့ရှိကြပါတယ်။ အဲဒီ့အလုပ်ပြီးမြောက်သွားခဲ့ရင်တော့ သူတို့ရဲ့တစ်နေ့တာဟာ သာသာ
ယာယာနဲ့ လျောလျောရှူရှူဖြစ်သွားတော့တာပေါ့။

၎။    တစ်ပြိုင်တည်း အလုပ်များစွာမလုပ်ပါ။
တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ အလုပ်တစ်ခုမက လုပ်နိုင်တာက ဆရာကျသလိုလို ထင်ချင်စရာရှိပါတယ်။ ဒါပေမဲ့ ဒါဟာ အလုပ်ပြီးမြောက်အောင်မြင်တဲ့ နည်းမဟုတ်ဘူးဆိုတာ သိဖို့လိုပါတယ်။ Stanford တက္ကသိုလ်ရဲ့ သုတေသန 
ပြုမှုအရကတော့ တစ်ချိန်တည်းမှာ အလုပ်များစွာ လုပ်ခြင်းက တစ်ချိန်တည်းမှာအလုပ်တစ်ခုတည်းလုပ်ခြင်းထက် ပိုပြီးအလုပ်မပြီးစေပါဘူးတဲ့။ 

တစ်ချိန်တည်းမှာ အလုပ်တစ်ခုထက် ပိုပြီး လုပ်တတ်သူတွေဟာ တစ်ချိန်တည်းမှာ အလုပ်တစ်ခုသာလုပ်တဲ့သူတွေနဲ့ နှိုင်းယှဉ်တဲ့အခါ အကြောင်းအရာတစ်ခုတည်းအပေါ်မှာ အာရုံမစိုက်နိုင်ခြင်း၊ ခဏခဏမေ့ခြင်းနဲ့ အလုပ်တစ်ခုကိုချပြီး နောက် 
တစ်ခုကို ချက်ချင်းလုပ်ဖို့ ခက်ခဲခြင်းစတဲ့ ပြဿနာများရင်ဆိုင်ရနိုင်ပါတယ်။

တစ်ချိန်တည်းမှာ အလုပ်များစွာ လုပ်နိုင်တဲ့သူတွေလည်းရှိတယ်မလားလို့ မေးလာစရာ ရှိပါတယ်။ Standford တက္ကသိုလ်ရဲ့ သုတေသနပြုမှုတွေအရကတော့ တစ်ချိန်တည်းမှာအလုပ်များစွာလုပ်ပြီး အဲဒီလိုလုပ်ခြင်းက သူတို့ရဲ့ အရည်
အသွေးကို တက်စေတယ်လို့ ယုံကြည်နေသူများဟာ တကယ်တမ်းတော့ တစ်ချိန်တည်းအလုပ်တစ်ခုတည်း လုပ်ချင်သူတွေထက် စွမ်းဆောင်ရည် ပိုညံ့ပါတယ်တဲ့။ 

၅။    ရုံးကမပြန်ခင်ကတည်းက နောက်တစ်နေ့ အတွက် အသင့်ဖြစ်နေတယ်။
အလုပ်ပြီးမြောက်သူဆိုတာ နောက်တစ်နေ့အတွက်ပြင်ဆင်ရင်း ဒီတစ်နေ့ကို အပြီးသတ်နိုင်တဲ့ သူဖြစ်ပါတယ်။ ဒီအကျင့် သင့်မှာရှိပြီဆိုရင်တော့ သင်ဟာ ဒီနေ့အတွက်လည်း အလုပ်ကို အောင်နိုင်သူဖြစ်ပြီး နောက်နေ့အတွက်လည်း အောင်နိုင် အောင် ပြင်ဆင်ထားနိုင်သူပါ။

၆။     အစည်းအဝေးမှာ တောင်တောင်အီအီ မပြော ဘဲ ဦးတည်အကြောင်းအရာကိုသာ ဆွေးနွေး ပါတယ်။
လေ့လာဆန်းစစ်ချက်တွေရဲ့ အဆိုအရကတော့ အစည်းအဝေးတွေဟာ အချိန်တွေကို ဖြုန်းပစ်တဲ့အကြီးမားဆုံး ကိစ္စတစ်ခုပါတဲ့။ အစည်းအဝေးဆိုတာ သင်ဆန္ဒရှိရင် ရှိသလောက် သင့်အချိန်တွေကို တိုက်စားပစ်မယ့် ကိစ္စတစ်ခုဆို အ
လုပ်ပြီးမြောက် သူတွေ ကောင်းကောင်းသိကြပါတယ်။ ဒါကြောင့် သူတို့ကျင့်သုံးတဲ့နည်းလမ်းကတော့ အစည်းအဝေးမှာဦးတည် အကြောင်းအရာကို ကြိုအကြောင်းကြားထားပြီး အဲဒါ့ကိုပဲ ဦးတည်ဆွေးနွေးပါတယ်။ ဒီနည်းလမ်းဟာ အချိန်
တိုတိုနဲ့ ထိရောက်တဲ့ နည်းလမ်းဖြစ်ပြီး အစည်းအဝေးမှာ ပါဝင်သူတွေကိုလည်း ပျင်းရိမနေစေတော့ပါဘူး။

၇။    ဟင့်အင်း လို့ ငြင်းတတ်ပါတယ်။
“ဟင့်အင်း” ဆိုတဲ့စကားဟာ အလုပ်ပြီးမြောက်သူတွေ ကိုင်စွဲလေ့ရှိတဲ့ စွမ်းအားမြင့်စကားလုံး တစ်မျိုးပါ။ “ဟင့်အင်း” လို့ ငြင်းဖို့လိုလာရင် “လုပ်နိုင်ပါ့မလားမသိဘူး” တို့၊ “ဒါတော့မသေချာဘူးနော်” တို့ကိုတောင် ပြောလေ့မရှိသူတွေပါ။ မသေချာခြင်းထက် ငြင်းလိုက်တာက ပိုရိုးသားရာရောက်သလို အင်ပြည့်အားပြည့်နဲ့ တစ်ချိန်တော့ အောင်မြင်အောင်လုပ်ဖို့ အခွင့်အရေးပေးရာလည်း ရောက်ပါတယ်။

University of California ရဲ့ သုတေသနပြုမှုတွေအရကတော့ ဟင့်အင်းလို့ ငြင်းဖို့ ခက်လေလေ၊ သင့်မှာ ဖိစီးမှုတွေ၊ အလိုမကျမှုတွေ၊ အော်ဟစ်ပေါက်ကွဲမှုတွေနဲ့ စိတ်ကျရောဂါအထိပါဖြစ်ဖို့ အခွင့်အရေးများလေလေဖြစ်ပါတယ်တဲ့။ ဒါကြောင့် ဟင့်အင်းလို့ ငြင်းတတ်ဖို့သင်ယူပါ။ ဒီအကျင့်က သင့်ရဲ့အလုပ်ပြီးမြောက်မှုနဲ့ စိတ်ပါလက်ပါရှိမှုကို တစ်ဆင့်မြှင့်ပေးနိုင်ပါလိမ့်မယ်။

၈။    သတ်မှတ်ထားတဲ့အချိန်မှာသာ အီးမေးလ် စစ်ဆေးပါတယ်။
အလုပ်ပြီးမြောက်သူတွေဟာ အီးမေးလ် စစ်ခြင်းအလုပ်နဲ့ သူ့အလုပ်အစဉ်ဇယားကို အပျက်မခံကြသူတွေပါ။ သူတို့ အီးမေးလ် အဝင်မှာ ပေးပို့သူပေါ်မူတည်ပြီး အရေးကြီးအဆင့်တွေ သတ်မှတ်ထားလေ့ရှိပါတယ်။ အရေးကြီးတဲ့ Customer တွေကို အရေးတကြီး စာရင်းသွင်းထားပြီး သူတို့ဆီက အီးမေးလ်ဝင်လာရင် သတိပေးတဲ့စနစ်ထားလေ့ရှိပါတယ်။ ကျန်တဲ့ အီးမေးလ်တွေကိုတော့ သတ်မှတ်ထားတဲ့ အားလပ်ချိန်တွေမှာသာစစ်ဆေးကြပါတယ်။ တချို့ကျတော့လည်း “အစည်းအဝေးအတွင်း ရောက်နေပါတယ်၊ ခဏနေမှအကြောင်းပြန်ပါမယ်” ဆိုတဲ့ စာသားမျိုးနဲ့ အလိုလျောက်ပြန်ကြားပေးတဲ့ စနစ်ကိုသုံးကြပါသေးတယ်။

၉။    နည်းပညာကို အားကိုးကြတယ်။
နည်းပညာဟာ အာရုံများစေတယ်လို့ ဝေဖန်မှုတွေရှိနေပေမဲ့လည်း သူ့မှာ အားသာချက်တွေကလည်း အများအပြား ရှိနေပါတယ်။ ဒါကြောင့်  အလုပ်ပြီးမြောက်သူတွေဟာ နည်းပညာကို အားကိုးကြပါတယ်။ အထက်မှာဖော်ပြခဲ့သလို အီးမေးလ်ကို အရေးတကြီးအဆင့်ဆင့် စီစဉ်တာမျိုး၊ အလိုလျောက် ပြန်ကြားစနစ်သုံးတာမျိုး၊ အရေးတကြီးအကြောင်းအရာတစ်ခု ပေါ်လာရင် ဖုန်းမှာ အချက်ပေးတာမျိုးကို ဆိုလိုပါတယ်။ သင့်လုပ်ငန်းရဲ့ စတော့ဈေးက ဈေးမြင့်လာတဲ့အ 
ခါ၊ သင်အားထားရတဲ့ Customer က အီးမေးလ် ပေးပို့လာတဲ့အခါ သင့်ကိုအချက်ပေးဖို့ နည်းလမ်းတွေ နည်းပညာအားကိုးနဲ့ရှာဖွေ ကြံဆထားနိုင်ပါတယ်။ ဒါဆိုသင့်ဖုန်းကနေ အချိန်တိုင်း စစ်ဆေးနေစရာမလိုတော့ဘူးပေါ့။
Ref :    9 Things Ultra (အလွန်အကျွံ) Productive People Do Every Day  by Travis Bradberry