Primary tabs

ဒီမေးခွန်း (၇) ခု ကို ဖြေကြည့်ပါ

ဒီမေးခွန်းတွေကို ကိုယ့်ကိုယ်ကို မေးကြည့်ရင်း ကိုယ့်ရဲ့ အတွင်းထဲက အသံကို သေချာနားထောင်ကြည့်ပါ။

လုပ်ငန်းခွင်ထဲကသူတွေ ကိုယ်လိုချင်တဲ့ အောင်မြင်မှုဆီလျှောက်ရတဲ့လမ်းက တစ်ဦးနဲ့ တစ်ဦးမတူညီနိုင်ပါဘူး။ ကိုယ့်ကိုယ်ကို မေးခွန်းတွေမေးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကိုယ်ပိုင်လမ်း တစ်ခု ကိုယ်တိုင်ဖန်တီးရင်း ကိုယ့်ရည်ရွယ်ရာကို တစ်နေ့နေ့မှာ အရောက်သွားနိုင်ဖို့ပါ။

ဘ၀မှာ အလိုချင်ဆုံးက ဘာလဲ။ အောင်မြင်ဖို့ပဲလို့ ဖြေမယ်ဆိုရင်တော့၊ အောင်မြင်ဖို့အတွက် ဘာတွေလုပ်ရမလဲဆိုတာ ကိုယ့်ကိုယ်ကိုမေးရင်း ရတဲ့အဖြေတွေကနေ ခုပဲ စတင်နေထိုင်လိုက်ပါ။

၁။    တစ်ပါးသူတွေအတွက် သင်က ဘယ်လိုလူလဲ…
တစ်ပါးသူတွေအတွက် ကိုယ်ကဘယ်လိုလူလဲဆိုတဲ့မေးခွန်းဟာ လူအများစုမေးခဲတဲ့ မေးခွန်းတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အတွက် တစ်ပါးသူတွေက ဘယ်လိုလဲဆိုတဲ့အတွေး တွေနဲ့ပဲ သံသရာလည်နေကြလို့ပါ။ ငါ့ကိုတော့ ဘယ်သူကဖြင့် ဘယ်လိုလုပ်ပေးတယ်၊ ဘယ်သူကတော့ဖြင့် ဘယ်လို မလုပ်ပေးဘူး စတဲ့ အကြောင်းရာတွေနဲ့ပဲ ချစ်တီးခေါင်း သန်းရှာမှန်းမသိ ရှာနေမိ တတ်ကြပါတယ်။ တစ်ပါးသူအပေါ် အကဲဖြတ်ခြင်းနဲ့ တိုင်းတာခြင်းမှာ အားစိုက်မိနေကြပါ။ အဲဒီ့ အားစိုက်မှုဟာ သင့်ကို အောင်မြင်မှုလမ်းပေါ်ခေါ် ဆောင်ပေးမယ့် အကြောင်းခြင်းရာမဟုတ်သလို တစ်ပါးသူကိုလည်း အကျိုးပြုစေတဲ့အရာမဟုတ် ပြန်ပါဘူး။ 

အောင်မြင်တဲ့သူတွေဟာ မိမိကိုယ်ကိုပဲ ဆန်းစစ်တတ်ကြသူတွေပါ။ ဒါကြောင့် တစ်ပါးသူတွေအတွက် ကိုယ်က ဘယ်လိုလူလုပ်မလဲဆိုတာ ကိုယ့်ကိုယ်ကို အမေးသင့်ဆုံးမေးခွန်းတစ်ခုပါ။ ဘာလုပ်လိုက်ရင် တစ်ပါးသူတွေအတွက် ကိုယ်က ဘယ်လိုဖြစ်သွားမလဲဆိုတာ ထည့်သွင်းစဉ်းစားပါ။ ကိုယ်လုပ်ရမယ့်အလုပ်တွေကိုပဲ အာရုံစိုက်ထားလိုက်တာနဲ့ သင်ဟာ အရင်နဲ့မတူဘဲ အဓိပ္ပာယ်ရှိရှိ ပြောင်းလဲသွားတယ်ဆိုတာ ကိုယ့်ကိုယ်ကို ခံစားသိလာပါလိမ့်မယ်။ သူတစ်ပါးကြောင့် ကိုယ့်ကိုယ်ကိုမပြောင်းလဲဘဲ ကိုယ်လိုချင်တဲပုံစံကို ကိုယ်တိုင်ကပဲ ပြောင်းလဲပစ်ပါ။

၂။    သင်ဘယ်လို လုပ်ပေးနိုင်လဲ…
လူတော်တော်များများက ကိုယ်ဘာရသလဲဆိုတဲ့အပေါ် အာရုံစိုက်ကြတာများပါတယ်။ ဒါ့ထက် အာရုံစိုက်သင့်တာက ကိုယ့်ဘ၀အတွက်၊ ကိုယ့်အသက်မွေးမှုအတွက်၊ ကိုယ့်အပေါင်းအသင်းမိတ်ဆွေတွေရဲ့ ပျော်ရွှင်မှုနဲ့ အောင်မြင်မှုတွေ 
အတွက် ကိုယ်က ဘာတွေလုပ်ပေးနိုင်သလဲဆိုတဲ့ အကြောင်းပါ။ ဆိုလိုချင်တာက တစ်ကိုယ်ကောင်း မဆန်တတ်ဖို့ သင်ယူ လေ့လာကျင့်သုံးကြည့်ပါ။ ငါ့ကိုပဲသိဖို့၊ ငါ့ကိုပဲ ဂရုစိုက်ဖို့၊ ငါ့ကိုပဲ အမြင့်တင်ပေးဖို့ စောင့်ဆိုင်းနေတဲ့သူတွေဆီ အောင်မြင်မှုဟာ ရောက်မလာတတ်ပါဘူး။ 

ကိုယ့်ဝန်းကျင်ကသူတွေနဲ့ ကိုယ့်ကမ္ဘာကို ကောင်းမွန်တဲ့အရာတွေ လုပ်ပေးရင်းနဲ့ ပိုပိုပြီး အောင်မြင်လာတတ်ကြပါတယ်။ အောင်မြင်မှုရဲ့ အနှစ်အရသာဟာ ငွေကြေးမဟုတ်ပါဘူး။ သူ့ရဲ့ တကယ့်အရသာဟာ ပျော်ရွှင်ကျေနပ်မှုကို နက်
နက်နဲနဲ ခံစားမိခြင်းပါ။ အောင်မြင်ကိုဝေမျှနိုင်မယ်ဆိုရင်တော့ အမြင့်ဆုံးအောင်ပွဲကို ရရှိခံစားနိုင်ပါတယ်။

၃။    သင် ဘယ်လိုနားထောင်မလဲလဲ…
ကိုယ်ဘယ်လောက် ကောင်းကောင်းနားထောင်နိုင်သလဲဆိုတဲ့ မေးခွန်းကလည်း ကိုယ့်ကိုယ်ကို အမေးသင့်ဆုံး မေးခွန်းတွေထဲက တစ်ခုပါ။ လူတစ်ယောက်အကြောင်း ကောင်းကောင်းသိဖို့ သူ့ကို အချိန်ပေးဖို့လိုအပ်ပါတယ်။ ကိုယ်ကချည်း ပြောနေတဲ့သူဟာ တစ်ဖက်တည်းသွားလို့ရတဲ့ လမ်းလိုပါပဲ။ အဲဒီတော့ တစ်ပါးသူတွေရဲ့စကားကို နားထောင်ဖို့ လုံလောက်တဲ့အချိန်ပေးခြင်းဖြင့် သူတို့ကို ကောင်းကောင်းနားလည်ပြီး သူတို့ရဲ့ လိုအပ်ချက်တွေကို ကွက်တိကူညီအကြံဥာဏ်ပေးနိုင်ပါလိမ့်မယ်။

ပိုစူးစိုက်ပြီး နားထောင်နိုင်လေလေ၊ ပို ဗဟုသုတရလေလေပါပဲ။ တစ်ခုသတိထားရမှာက တစ်ဖက်သားကလည်း ဖြစ်သမျှကို အိတ်သွန်ဖာမှောက် ပြောတယ်၊ ကိုယ်ကလည်း အချိန်ပေးပြီး ခံစားနား ထောင်တယ်၊ ဒါပေမဲ့ သူတို့ရဲ့ အမှားတွေကို ကိုယ်တွေ့မြင်နေရင်တောင် ဖေးဖေးမမကြင်ကြင် နာနာလေးနဲ့ အကြံဥာဏ်ပေးဖို့ပါ။ တစ်ဖက်သားနဲ့ ပြောဆိုဆက်ဆံတဲ့အခါ အသံနေအသံထားနဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေဟာ အင်မတိအင်မတန်ကို အရေးပါပါတယ်။ သူကဘာဖြစ်လို့၊ ညာဖြစ်လို့ ရယ်လို့ နှိမ်ချဆက်ဆံစရာမရှိပါဘူး။ ကိုယ့်ကို လူတွေက လေးလေးစားစားဆက်ဆံစေချင်ရင် ကိုယ်ကလည်းလူတွေကို လေးလေးစားစား ဆက်ဆံပါ။ နားထောင်ခြင်းအနုပညာကို ပိုင်နိုင်ဖို့ အာရုံစိုက်ထားပါ၊ စိတ်တံခါးဖွင့်ထားပါ။ အရေးကြီးဆုံးတစ်ခုက ရင်ဖွင့်သမျှကို မဝေဖန်ဘဲ နားထောင်ပေးပါ။

၎။    ဘယ်လိုသိသာမြင်သာစေမှာလဲ...
ကမ္ဘာကြီးပေါ်မှာ ကိုယ်က ဘယ်လိုအနေအထားထိ သိသာမြင်သာအောင် နေထိုင်မလဲဆိုတာ စဉ်းစားဖူးပါသလား။ လူတွေဟာ တစ်ယောက်အပေါ် တစ်ယောက် ထင်ထားတာထက် သက်ရောက်မှုရှိစွာ နေထိုင်နေကြတာပါ။ လူတစ်ယောက်နဲ့ စကားတစ်ခွန်းမပြောဘဲ သူ့လှုပ်ရှားမှု ဟန်ပန်ကိုကြည့်ပြီး သူ့ရဲ့ စိတ်နေစိတ်ထားကို ပြောနိုင်ပါတယ်။ ဘ၀မှာ အစီအစဉ်တကျရှိခြင်းနဲ့ ခိုင်ခိုင်မြဲမြဲရှိခြင်းဆိုတဲ့ အရာနှစ်ခုကြား ဟန်ချက် ညီနေဖို့က ကိုယ့်ဂယက်ကို စောင့်ကြည့်ရမှာပါ။ ရေထဲမှာ မော်တော်တစ်စီးဖြတ်သန်းသွားတဲ့အခါ သူ့နောက်မှာ ယက်ကြောင်းတွေ တောက်လျှောက် လိုက်နေတာ မြင်ဖူးကြမှာပါ။ မော်တော်ခပ်ကြီး ကြီးတစ်စီးဖြတ်သွားမယ်ဆို သူ့ကြောင့်ဖြစ်လာတဲ့ ယက်ကြောင်းကကြီးတဲ့အတွက် ကျန်တဲ့ မော်တော်တွေလည်း လူးလူးလိမ့်လိမ့်ဖြစ်မယ်။ မော်တော်က ခပ်သေးသေးဖြစ်ခဲ့မယ်ဆိုရင်တော့ ယက်ကြောင်းက ခပ်မှိန်မှိန်နဲ့ ဘယ်သူမှသတိမထားမိလောက်ဘူး။ ဆိုလိုချင်တာက ကိုယ့်အရည်အချင်း၊ ကိုယ်လုပ်နိုင်တဲ့အရာတွေနဲ့ ကိုယ့်အတွက် ဘယ်လိုရပ်တည်မယ်ဆိုတဲ့ နေရာတစ်ခုရှာထားတတ်ဖို့ လိုပါတယ်။

၅။    ဘာတွေကို အတိုးအလျှော့လုပ်မလဲ…
လူ့ဘ၀မှာ ပါဝင်ပတ်သက်နေတဲ့ အစိတ်အပိုင်းတွေက အများသားလား။ အဲဒီတော့ ကိုယ့်ဘ၀မှာ ဘယ်အပိုင်းကိုတော့ အရှိန်တင်ပြီး ဘယ်အပိုင်းကိုတော့ အရှိန်လျှော့မယ်ဆိုတာ ကိုယ်တိုင်နားလည်ဖို့လိုပါတယ်။ ဒီအပိုင်းကတော့ တော်တော်ခက်ခဲမယ်၊ ဒီအပိုင်းကတော့ တော်တော့ကိုသည်းညည်းခံရမယ်ဆိုရင် ဘာတွေကိုပိုလုပ်ပြီး ဘာတွေကို လျှော့မလဲဆိုတာ ဆုံးဖြတ်ဖို့လိုပါတယ်။ ဒါမှသာ သင့်အောင်မြင်မှုဆီသွားမယ့် သင့်ကိုယ်ပိုင်လမ်းတစ်ခု ပေါ်လာမှာပါ။ အတိုးအလျှော့ ချိန်ဆမှုဟာ ဘ၀အောင်မြင်မှုအတွက် အရေးပါပါတယ်။ ဘ၀ရဲ့ အစိတ်အပိုင်းတွေမှာ ဘက်ညီစွာ အောင်မြင်မှုရမှသာ တကယ့် အောင်မြင်မှုပါ။ မဟုတ်ရင်တော့ လစ်ဟာပြီး စိတ်ညစ်စရာကောင်းတဲ့ အောင်မြင်မှုဖြစ်သွားပါလိမ့်မယ်။

၆။    ကိုယ့်ကိုယ်ကို ဘယ်လိုပိုကောင်းအောင် လုပ်မလဲ…
ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့လိုပြီလို့ ခံစားရချိန်တိုင်း ဘာတွေကမှားနေပြီး ဘာတွေက ဒီ့ထက် ပိုကောင်းအောင် လုပ်နိုင်သလဲဆိုတာ ထည့်သွင်း စဉ်းစားကြည့်ပါ။ မောင်ဖြူကို မောင်မဲဖြစ်အောင် ပြောင်းပစ်လို့မရပါဘူး။ ဒီတော့ မောင်ဖြူကနေ ပိုကောင်းတဲ့ မောင်ဖြူဖြစ်အောင်သာ လုပ်ယူရမှာပါ။ ကိုယ်နေထိုင်ရှင်သန်ချင်တဲ့ပုံစံအတိုင်း အင်အားပြည့်နေထိုင်နိုင်ဖို့ ကိုယ့်ကိုယ်ကို ပိုကောင်းအောင် လုပ်ကြဖို့လိုပါတယ်။ ကိုယ်တိုင်က ချစ်နိုင်၊ လေးစားနိုင်တဲ့ ပုံစံဖြစ်အောင် ကြိုးစားနေထိုင်ကြရမှာပါ။ ဒီလို ပိုကောင်းအောင်မလုပ်ခဲ့ရင် တိုးတက်မှုမရှိတော့တဲ့ဘ၀ ဖြစ်သွားပါလိမ့်မယ်။ အားလုံးသောဘ၀တွေဟာ ရှေ့ကိုချီတက်နေရတာ ဖြစ်တဲ့အတွက် ကိုယ်တွေလည်း ရပ်နေလို့တော့ မရနိုင်ပါဘူး။ ကိုယ့်ကိုယ်ကို ဘယ်လိုပိုကောင်းအောင် လုပ်မလဲဆိုတဲ့နေရာမှာ ပိုကောင်းတာတွေ စားတာ၊ အိပ်ရေး၀၀ပိုအိပ်တာ၊ ပျော်ရွှင်မှုအတွက် အချိန်ပိုယူတာ၊ စာတွေ ပိုဖတ်တာ၊ လေ့ကျင့်ခန်း ပိုလုပ်တာ၊ ဟောပြောပွဲတွေ သွားတာ စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဘယ်လို အလုပ်ပဲဖြစ်ဖြစ် ကိုယ့်ကို နောက်တစ်ဆင့်တက်သွားစေမယ့် အရာမှန်သမျှ လုပ်ကိုလုပ်ကြရမှာပါ။

၇။    ဘယ်သူတွေကို ကျေးဇူးတင်မလဲ…
“ကောင်းခြင်း” နဲ့ “ဆိုးခြင်း” ဟာ အလွှာပါးပါးလေး တစ်ချပ်သာခြားတဲ့အတွက် ရောထွေးလွယ်ပါတယ်။ ပြောချင်တာက အကောင်းချည်းပဲ လုပ်တဲ့လူကောင်းမရှိသလို ဆိုးချည်းနေတဲ့ လူဆိုး  လည်းမရှိနိုင်ပါဘူး။ လူဆိုးရော လူကောင်းရော ဘ၀မှာ ကြုံကြရမှာပါ။ အဲဒီတော့ ကြုံလာတဲ့ လူ (၂) မျိုးလုံးကို ကျေးဇူးတင်တတ်ဖို့သင်ယူပါ။ ကိုယ့်ကို အဆိုးတွေကြုံတွေ့ စေတဲ့သူတွေဟာလည်း ကိုယ့်အတွက် အဖိုးမဖြတ်နိုင်တဲ့ဆရာတွေပါ။ ဒီလိုလူတွေဆိုရင်တော့ ဘယ်လောက်ဝေးဝေး ရှောင်သင့်တဲ့အကြောင်း သူတို့ကြောင့် ပိုသိလာရလို့ပါ။ ပြဿနာတွေ အထွဋ်အထိပ်ရောက်ချိန်မှာ ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ ဘယ်အချိန်ရောက်ရင်တော့ဖြင့် နှုတ်ထွက်စကားတစ်ခွန်းတောင် မဆိုသင့်တော့ ဘူးလဲဆိုတာ သူတို့ကြောင့် ပိုသိလာရလို့ပါ။ ဒါကြောင့် ကြုံခဲ့ရတဲ့လူဆိုးတွေကိုလည်း ကျေးဇူးတင်ပါ။

ကြုံခဲ့ရပြန်တဲ့ လူကောင်းတွေကိုလည်း ကျေးဇူးတင်စကားဆိုပါ။ ကျေးဇူးကို အသိအမှတ်ပြုခြင်းဟာ ဘယ်လောက်ပဲသေးငယ်ဦးတော့ တစ်ဖက်သားကို ကြီးမားတဲ့ခံစားချက်ဖြစ်စေနိုင်တာအမှန်ပါ။ သူတို့အတွက်ရှေ့ဆက်ဖို့အားတွေလည်း ဖြစ်စေပါသေးတယ်။

Ref :    Answering These 7 Questions Reveals Your Path to Success  by Sherrie Campbell