Primary tabs

ထူးခြားခေါင်းဆောင်များရဲ့ အကျင့် (၁၂) ပါး

ငယ်သားတစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကို အမြင့်ဆုံးအထိတင်ပေးနိုင်တဲ့ အရည်အချင်းပိုင်ဆိုင်ထားသူဟာ ထူးခြားခေါင်းဆောင် ဖြစ်ပါတယ်။  ထူးခြားစွာ ခေါင်းဆောင်နိုင်ခြင်းဆိုတာဟာ တိတိကျကျပြောဖို့ ခက်သလို၊ နားလည်ရလည်း ခက်တဲ့ အတတ်ပညာ တစ်ခုပါ။

ကိုယ်ဘာလုပ်နေလဲဆိုတာကို တိတိကျကျသိပြီး ခက်ခဲတဲ့အချိန်တွေမှာ ကောင်းကောင်းစီမံနိုင်သူတွေဟာ ထူးခြားခေါင်းဆောင်ဖြစ်ပါတယ်။  ငယ်သားတွေကို ကောင်းသောပြောင်းလဲခြင်းတွေ ပြောင်းပစ်နိုင်သူတွေဟာ ထူးခြားခေါင်း   ဆောင်တွေပါ။ ကိုယ့်အားသာချက်တွေကို ကိုယ့်ထက်ပိုမြင်တတ်ပြီး၊ သူတို့မြင်တာကို သိအောင်လည်း သင်ကြားနိုင်တဲ့သူတွေပါ။ သူတို့ဟာ အိပ်မက်ကြီးကြီး မက်တတ်သလို၊ ငယ်သားတွေကိုလည်း သူတို့လိုအိပ်မက်ကြီးတွေ မက်တတ်ဖို့ လမ်းညွှန်တတ်ပါသေးတယ်။

သင်ဟာ ထူးခြားခေါင်းဆောင်ဖြစ်သလားဆိုတာကို အောက်မှာဖော်ပြသွားမယ့် မေးခွန်းတွေကို ဖြေကြည့်လိုက်ပါ။ 

၁။    ထိထိရောက်ရောက် ပြောဆိုဆက်ဆံတတ် လား
ခေါင်းဆောင်ခြင်း အတတ်ပညာရဲ့ အရေးပါတဲ့ ကိုင်းခက်တစ်ခုကတော့ ပြောဆိုဆက်ဆံမှု အတတ်ပညာပါ။ ထူးခြားခေါင်းဆောင်တွေရဲ့   ရည်မှန်းချက်တွေ နေ့စဉ်နဲ့အမျှ ပြီးမြောက်အောင် မြင်နေခြင်းရဲ့ အခြေခံအကြောင်းတရားကလည်း အဲဒီ့ ပညာရပ်ပါပဲ။ သင်ဟာ သင့်ပတ်ဝန်းကျင်နဲ့ ထိထိရောက်ရောက် ပြောဆိုဆက်ဆံတတ်သူ မ ဟုတ်ဘူးဆိုရင်တော့ ထူးခြားခေါင်းဆောင်မဖြစ်နိုင်ပါဘူး။

ထူးခြားခေါင်းဆောင်တွေဟာ သူ့ဝန်းကျင်မှာရှိတဲ့သူတွေကို စေ့ဆောင်နိုင်သူတွေပါ။ ငယ်သားတွေနဲ့ ဘယ်လောက်ဝေးနေပါစေ၊ ထိထိ ရောက်ရောက် ချိတ်ဆက်ထားနိုင်ပါတယ်။ ဘယ်လိုချိတ်ဆက်ထားနိုင်သလဲဆိုတော့ တစ်ဖက်သားကို ကောင်းကောင်းနားလည်ပြီး သူတို့ရဲ့လိုအပ်ချက်ကို ဖြည့်ပြီး ထိထိရောက်ရောက်ပြောဆိုနိုင်လို့ပါ။

၂။    သတ္တိ ကောင်းသလား
ဘယ်သူမဆို သူတို့ ခေါင်းဆောင်တင်မယ့် သူဟာ ထိုက်သင့်တဲ့ ရဲရင့်မှု သတ္တိရှိရဲ့လားဆိုတာကို စောင့်ကြည့်လေ့လာပြီးမှ ကြည်ကြည်သာသာ နောက်လိုက်လုပ်လေ့ရှိကြပါတယ်။ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကိုချနိုင်ပြီး အဖွဲ့ရဲ့အားသာချက်၊ ကောင်းကွက်တွေကို သတိထားဂရုစိုက်တတ်တဲ့ ခေါင်းဆောင်ကိုသာ လိုချင်ကြပါတယ်။ ခက်ခဲတဲ့အချိန်တိုင်းမှာ အဖွဲ့နဲ့ တစ်သားတည်းဖြစ်နေတဲ့ ခေါင်းဆောင်ကိုသာ လိုချင်ကြပါတယ်။ သူတို့ရဲ့ အဲဒီလိုခေါင်းဆောင်ကသာ တုံးတိုက်တိုက် ကျားကိုက်ကိုက်လုပ်မယ့် အလုပ်မှန်သမျှ သူတို့ကလည်း တစ်သွေမတိမ်းလုပ်တတ်ကြပါတယ်။

ရဲရင့်တဲ့ခေါင်းဆောင်တစ်ယောက်အတွက် အခက်အခဲဟာ နှုတ်ခွန်းဆက်သတဲ့စာမေးပွဲ တစ်ခုလည်းမည်ပါတယ်။ ပန်းပဲသမားလက်ထဲက သံရည်ပူတွေကို မီးပြင်းတိုက်ပြီး ပုံသွင်းသလို၊ အခက်အခဲဆိုတာ ခေါင်းဆောင်တွေကို အရည်အချင်းစစ် ချပေးနိုင်သလို ပိုလို့လည်း ထက်မြက်စေပါတယ်။ အခက်အခဲဟာ သတ္တိကောင်းတဲ့ ခေါင်းဆောင်တွေကို ရဲဆေးတင်ပေးတဲ့ အရာဖြစ်သလိုသူတို့ရဲ့ဦးတည်ရာကို ပီပီသသမြင်စေတတ်ပါတယ်။

သတ္တိမကောင်းတဲ့ ခေါင်းဆောင်တွေကတော့ ကုမ္ပဏီရဲ့ ဦးတည်ရာကို မြေ၀ယ်မကျလိုက်နာသူတွေဖြစ်ပါတယ်။ သူတို့ရဲ့ ပထမဆုံးရည်ရွယ်ချက်က အန္တရာယ်ကင်းကင်းနဲ့ ရတဲ့နေရာမြဲနေဖို့ ဖြစ်လို့ သင့်ကိုဦးဆောင်ဖို့ထက် သူ့နောက်ကျော လုံဖို့ကိုသာ အာရုံထားသူဖြစ်ပါတယ်။

၃။    တကယ်ပဓာနကျတဲ့အချက်ကို စွဲမြဲလိုက်နာလား 
သင့်ကို သူတစ်ပါးက ဆက်ဆံစေလိုတဲ့ ပုံစံအတိုင်း သူတစ်ပါးကို ဆက်ဆံပေးခြင်းက ခေါင်းဆောင်မှုမှာ ပဓာနအကျဆုံးဆိုပြီး ဆောင်းပါးတော်တော်များများမှာ ဖတ်ဖူးကြမှာပါ။ သင့်ကို လေးလေးစားစား ဆက်ဆံစေချင်ရင် သင်ကလည်း ငယ်သားတွေကို လေးလေးစားစား ဆက်ဆံပေးလိုက်ပါ။ သူတို့ကျေကျေနပ်နပ်နဲ့ သင့်ကို လေးလေးစားစား ပြန်ဆက်ဆံပါလိမ့် မယ်ဆိုတာမျိုး ချည်းပါပဲ။ 

ဒါပေမဲ့ ဒီနေရာမှာ သတိပြုရမှာက လူတစ်ဦးနဲ့ တစ်ဦးရဲ့ လိုအပ်ချက်နဲ့ အကြိုက်တွေက မတူညီကြဘူးဆိုတာပါ။ ဒီ အချက်ကို ထူးခြားခေါင်း ဆောင်တွေက ကောင်းကောင်းသိကြပါတယ်။ ဒါကြောင့်သူတို့ဟာ ဆက်ဆံရတဲ့ လူတိုင်းကို နည်းလမ်းတစ်မျိုးတည်းသုံးပြီး ဆက်ဆံလေ့မရှိကြပါဘူး။ အချိုကြိုက်တဲ့သူကို အချိုနဲ့၊ အခါးကြိုက်တဲ့သူကို အခါးနဲ့၊ အငန် ကြိုက်တဲ့သူကို အငန်နဲ့ ဆက်ဆံကြပါတယ်။ အချိန်အလိုက်၊ နေရာအလိုက်၊ လူအလိုက် သူတို့ရဲ့ ဦးဆောင်မှုစတိုင်လ်ကို ပြုပြင်ပြောင်းလဲတတ်ကြပါတယ်။

၎။    ကိုယ့်အကြောင်းကိုယ် ကောင်းကောင်းသိသလား
ကိုယ်မလုပ်နိုင်တာ၊ ကိုယ်မပိုင်နိုင်တာကို သူတစ်ပါးအား အမိန့်အာဏာနဲ့ ခိုင်းစေခြင်းဟာ အင်မတန်မှ ထော်လော်ကန့်လန့်နိုင်တဲ့ ကိစ္စတစ်ခုပါ။ လိမ်လည်လှည့်ဖျားရာလည်း ရောက်ပါတယ်။ ခေါင်းဆောင်တော်တော်များများဟာ တစ်ပါးသူ 
တွေထက်သူတို့က ပိုတော်၊ ပိုသိ၊ ပိုတတ်တယ်ဆိုတဲ့ အမြင်တွေလည်း ပိုင်ဆိုင်တတ်ကြပါသေးတယ်။

ကိုယ့်အကြောင်းကိုယ် ကောင်းကောင်းသိတဲ့ ခေါင်းဆောင်က အင်မတန်ရှားပါတယ်။ (၁၀) ရာခိုင်နှုန်းလောက်သာ ကိုယ့်အကြောင်းကို သိကြတာပါ။ ကိုယ့်အကြောင်း ကိုယ်သိတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ကိုယ်သွားတဲ့ ဦးဆောင်မှုပုံစံက ဘယ်လိုလဲ၊ ကိုယ့်အားသာချက်ကဘာလဲ၊ ကိုယ့်အားနည်းချက်က ဘာလဲဆိုတာကို ကောင်းကောင်းသိကြတာကိုဆိုလိုတာပါ။ သူတို့ဟာ ကိုယ့်အမှောင်ခြမ်းနဲ့ အလင်းခြမ်းကိုခွဲခြားသိတဲ့အတွက် ဘယ်အရာကိုတော့ ဇောင်းပေးပြီး ဘယ်အရာကို
တော့ ဖော့ရမယ်ဆိုတာ အပ်ချမတ်ချသိကြသူတွေပါ။

၅။    ပြင်းပြင်းပြပြ ရှိရဲ့လား
ပြင်းပြင်းပြပြရှိခြင်းနဲ့ စိတ်ပါလက်ပါရှိခြင်းဟာ ကူးစက်တတ်တဲ့သဘောရှိသလိုပဲ၊ ပျင်းရိခြင်းနဲ့ စိတ်မပါခြင်းဟာလည်း အင်မတန် ကူးလွယ်တဲ့ သဘောရှိပြန်ပါတယ်။ ထူးခြားခေါင်းဆောင်တွေဟာ သူတို့လုပ်နေတဲ့အလုပ်အပေါ်မှာ ပြင်းပြင်းပြပြရှိကြသလို၊ သူတို့ရဲ့ ပြင်းပြစိတ်ကို သူတို့ဝန်းကျင်မှာရှိနေတဲ့လူအားလုံးဆီကို ပျံ့နှံ့ကူးစက်စေဖို့ ပြင်းပြင်းပြပြ လုပ်ဆောင်နိုင်သူတွေလည်း ဖြစ်ကြပါတယ်။

၆။    မာန်ချနိုင်သလား
ထူးခြားခေါင်းဆောင်တွေဟာ သူတို့ရဲ့ မာန်စွယ်ကို ချိုးနိုင်ကြတဲ့သူတွေပါ။ သူတို့ရဲ့ နေရာနဲ့ လုပ်ပိုင်ခွင့်တွေကြောင့် သူတို့ဟာ သူများထက်  ခေါင်းတစ်လုံးပိုသာတယ်လို့ ဘယ်တော့မှ မတွေးသူတွေလည်းဖြစ်ပါတယ်။ ဒါကြောင့် လိုအပ်ရင် လိုအပ်သလို ဟိုးအောက်ခြေကအလုပ်ကိုလည်း လုပ်ပြနိုင်ပါတယ်။ ဒီလောက်ပမွှားလေးကို ငါမလုပ်ဘူးရယ်လို့မရှိကြပါဘူး။ သူတို့မလုပ်ချင်တဲ့အလုပ်ကို ငယ်သားတွေကိုလုပ်ဖို့လည်း မတိုက်တွန်းတတ်ကြပါဘူး။

၇။     ရက်ရက်ရောရော ရှိရဲ့လား
ထူးခြားခေါင်းဆောင်တွေဟာ စေတနာကောင်းသူတွေလည်း ဖြစ်ကြပါတယ်။ သူ့ငယ်သားတွေ အောင်မြင်မှုဆီရောက်ဖို့ စေတနာနဲ့  လမ်းပြပေးနိုင်ကြသူတွေပါ။ ငယ်သားတွေဟာ သူတို့ရဲ့ စွမ်းရည်ကို အကောင်းဆုံးအရောင်တင်နိုင်လေလေ၊ အဖွဲ့ရဲ့ အောင်မြင်မှုလည်း မြင့်မားလေလေဆိုတာ ကောင်းကောင်းသိကြလို့ပါ။ 

၈။    စိတ်ကိုရော ပိုင်နိုင်သလား
ကိုယ်လုပ်တဲ့အလုပ်ကို ဘယ်လိုအောင်မြင်အောင်လုပ်မယ်ဆိုတဲ့ အမြင်ရှိရုံနဲ့ မလုံလောက်ကြောင်း ထူးခြားခေါင်းဆောင်တွေက ကောင်းကောင်းသိကြပါတယ်။ အဲဒီ့အမြင်အသက် ၀င်လာပြီး ငယ်သားတွေလည်း ရှင်းရှင်းလင်းလင်း မြင်သာ ထင်သာရှိအောင် လုပ်ပေးဖို့ အဓိကကျပါတယ်။ ဒါကြောင့် ငယ်သားတွေ ကိုယ့်လမ်းကြောင်းကို ရှင်းရှင်းသိဖို့ လုပ်နိုင်သမျှ နည်းအကုန်သုံးပြီး လုပ်လေ့ရှိတဲ့အပြင် သိရုံမက လက်တွေ့လုပ်နိုင်ဖို့လည်း စွမ်းဆောင်ပေးတတ်ကြပါတယ်။ ငယ်သားတွေရဲ့ စိတ်ထဲအထိ ကိုယ်လုပ်ရမယ့်အလုပ်တွေကို သိနေစေအောင် ဖန်တီးပေးတတ်ကြပါတယ်။ 

၉။    အစစ်အမှန် ဟုတ်ရဲ့လား
ဆိုလိုချင်တာက အရာအားလုံးအပေါ်မှာ ရိုးသားပါတဲ့။ ဒါမှ ကိုယ်ပြောတာနဲ့ ကိုယ်လုပ်တဲ့  အရာတွေက ကိုက်ညီမှုရှိမှာပါ။ မဟုတ်ရင် အလိုင်းမန်း မညီသလိုဖြစ်နေပါလိမ့်မယ်။ သင်  တကယ်မသိတာ၊ နားမလည်ကို ငယ်သားတွေကို လုပ်ခိုင်းတဲ့အခါ သူတို့မှာ ဘယ်လိုလုပ်ကိုင်ရမှန်းမသိ အဖြေရှာရင်း အချိန်တွေကုန်နိုင်ပါတယ်။ ဒါ့အပြင် ခေါင်းဆောင်အပေါ်မှာလည်း ယုံကြည်မှု လျော့နိုင်ပါသေးတယ်။ ကိုယ်ဘာကိုပိုင်နိုင်ပြီး ဘာကိုတော့ အားလျော့တယ်ဆိုတာ ပွင့်လင်းမြင်
သာမှုရှိပါစေ။ လူတိုင်း မပြည့်စုံနိုင်ပါဘူး။ 

၁၀။    ဖော်ဖော်ရွေရွေ ရှိလား
ထူးခြားခေါင်းဆောင်တွေဟာ သူတို့ကိုယ်တိုင်ထက် ငယ်သားတွေရဲ့ ဝေဖန်အကြံပြုမှု၊ သဘောထားအမြင်နဲ့ စိန်ခေါ်မှုတွေကို ကြိုဆို ကြောင်း ပွင့်ပွင့်လင်းလင်း သိစေတတ်ကြပါတယ်။ ဘာပြောပြော ဟုတ်ကဲ့လိုက်နေတာမျိုး၊ လမ်းရိုးအတိုင်း အေးအေးမှန်မှန်သွားနေတာမျိုးနဲ့ အသစ် မတွေးခေါ်တာမျိုးတွေက အဖွဲ့အစည်းကို ကျဆုံးစေတဲ့ လမ်းကြောင်းဖြစ်တယ်ဆိုတာ ကောင်းကောင်းသိကြသူတွေပါ။ ဒါကြောင့် အဖွဲ့အတွင်းမှာ ပါဝင်နေသူတွေရဲ့ စိတ်ကူးစိတ်သန်းတွေ၊ ခံစားချက်တွေကို လွပ်လွပ်လပ်လပ် စီးဆင်းစေတတ်တဲ့ ဖော်ရွေသူတွေ ဖြစ်ကြပါတယ်။

၁၁။    တာဝန်ယူတတ်လား
ထူးခြားခေါင်းဆောင်တွေဟာ ခေါင်းခံတတ်သူတွေလည်းဖြစ်ကြပါတယ်။ သူတစ်ပါးကို အပြစ်တင်ဖို့ထက် သူပဲတာဝန်ယူ ဖြေရှင်းပစ် လိုက်သူတွေပါ။ သူတို့ရဲ့ တစ်စုံတစ်ရာသော အမှားအတွက်လည်း ရှောင်မပြေးတတ်ပါဘူး။ “ဒီအရှုပ်ထုပ် ဘယ်မှပို့မနေနဲ့။ ငါ့ဆီယူလာလိုက်၊ ငါရှင်းလိုက်မယ်” ဆိုတဲ့သူမျိုးတွေပါ။ ဒီလိုလူမျိုးတွေဟာ ငယ်သားတွေကိုလည်း တာဝန်ယူတတ်သူတွေဖြစ်လို့ ငယ်သားတွေရဲ့ ယုံကြည်မှုကို အပြည့်အ၀ ရထားသူတွေလည်းဖြစ်ကြပါတယ်။

၁၂။    မောင်းနှင်တတ်ရဲ့လား
ကိုယ်လုပ်ရမယ့်အလုပ်ရဲ့ ဦးတည်ရာကို ကောင်းကောင်းသိဖို့ကလည်း အလုပ်လုပ်ရာမှာ အဓိကကျတဲ့ မောင်းနှင်အားတစ်ခုဖြစ်ပါတယ်။ ထူးခြားခေါင်းဆောင်တွေဟာ ဒီအချက်ကို ကောင်း ကောင်းအသုံးချတတ်သူတွေပါ။ အဖွဲ့မှာ ပါဝင်နေသူ အားလုံးကို ငါတို့ဟာ ကြီးမားတဲ့အလုပ်တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အရေးပါတယ်ဆိုတဲ့ စိတ်ကို ထည့်ပေးထားတတ်သူတွေပါ။ အဲဒီ့ ခံစားချက် ထည့်ပေးလိုက်နိုင်ရင် သင်လိုရာကို မောင်းနှင်နိုင်တဲ့ အဖွဲ့အစည်းတစ်ခုကို သင်ပိုင်ဆိုင်နိုင်ပါပြီ။
Ref :    12 Daily Habits of Exceptional Leaders  By Travis Bradberry