Primary tabs

လုပ်ငန်းခွင်တွင်းမှာ ချစ်ဇာတ်လမ်းရှိတာ ကောင်းလား မကောင်းဘူးလား

လုပ်ငန်းခွင်အတွင်းမှာ ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ဇာတ်လမ်းလေးတွေ ရှိနေတဲ့သူဆိုရင်တော့ တနလာင်္နေ့ နံနက်ခင်းတွေက တခြားသူတွေထက် ပိုပြီး ပျော်ရွှင်စရာ ကောင်းနေပါလိမ့်မယ်။ ဒါပေမဲ့  လုပ်ငန်းခွင်အတွင်းက လုပ်ဖော်ကိုင်ဖက် တစ်ဦးတစ်ယောက်နဲ့ ကြည်နူးဖွယ်ရာ ဇာတ်လမ်းလေးတွေ ရှိနေခြင်းဟာ လုပ်ငန်းခွင်တွင်း လှုပ်ရှားရုန်းကန်ရတဲ့ ဘဝကို ပိုပြီးတော့ ရင်ခုန်စရာကောင်းစေသလား ဒါမှမဟုတ် စွန့်စားမှုတွေများ ရှိနေသလားဆိုတာကတော့ စဉ်းစားစရာပါဘဲနော်။  

တကယ်လို့ ကိုယ်က လုပ်ဖော်ကိုင်ဖက် တစ်ဦးတစ်ယောက်နဲ့ တွေ့ဆုံချိန်းချက်ကြည့်ဖို့ အရမ်းကို စိတ်ဝင်စားနေတယ်ဆိုရင် ပျားရည်ဆမ်းကာလတွေနဲ့ အရုပ်ဆိုးသွားတဲ့ အခြေအနေ ဒါမှမဟုတ် မျှော်လင့်ချက်တွေ လျော့ရဲလာတဲ့ နေ့ရက်တွေကို အခုဖော်ပြသွားမယ့် အကြောင်းအရာတွေကနေ ရှာဖွေစူးစမ်းသွားနိုင်ပါလိမ့်မယ်။

ဘာကြောင့်မို့ စဉ်းစားသင့်တာလဲ 
လူအများစုဟာ တစ်နေ့တာရဲ့ အချိန်အများစုကို လုပ်ငန်းခွင်အတွင်းမှာဘဲ ကုန်ဆုံးကြရပါတယ်။ ဒါကြောင့်လည်း လုပ်ဖော်ကိုင်ဖက် အချင်းချင်း လုပ်ငန်းခွင်အတွင်းမှာဘဲ တွေ့ဆုံကာ ချိန်းတွေ့မှုတွေပြုလုပ်ကြပြီး ဆွတ်ပျံ့ဖွယ်ရာ ဇာတ်လမ်းလေးတွေကို ဖန်တီးကြဖို့ စိတ်အားထက်သန်ကြပုံရပါတယ်။ လုပ်ငန်းခွင်က လူတွေဆိုတာ ကိုယ်နေ့တိုင်း တွေ့မြင်နေရတဲ့သူတွေဖြစ်ပြီး ပုံမှန်ထက်လည်း တွေ့မြင်နေဖို့ရာ အခွင့်အလမ်း ပိုများတယ်လို့ ဆိုရပါမယ်။ တကယ်လို့ ကိုယ်က အချိန်အများစုကို တစ်ဦးတစ်ယောက်နဲ့အတူ ဖြတ်သန်းရတာများလာတဲ့အခါ အဲ့ဒီတစ်ယောက်နဲ့ နီးကပ်တဲ့ နားလည်မှုတွေနဲ့ ရင်းနှီးမှုရှိလာပြီး လျစ်လျူရှုဖို့ ခက်ခဲတဲ့ ပြောင်းလဲမှုမျိုးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

လုပ်ဖော်ကိုင်ဖက်တစ်ဦးနဲ့ ချိန်းတွေ့တဲ့အခါမှာ သူတို့က ကိုယ့်ရဲ့အလုပ်နဲ့ ပတ်သက်တဲ့ ပင်ပန်းရမှုတွေ၊ ဖိအားတွေကို သူတို့ကနားလည်နေ တာကြောင့် ကိုယ်က နားလည်ပေးနိုင်တဲ့သူတွေ ဖြစ်ပါလိမ့်မယ်။ ကိုယ့်ရဲ့ လိုအပ်ချက်တွေကို နားလည်ပေးပြီး၊ ကိုယ့်အလုပ်က ဘယ်လောက်ထိ အချိန်ပေးရတယ်ဆိုတာကို နားလည်ပေးတတ်တဲ့သူနဲ့ ချိန်းတွေ့ရခြင်းဟာ ခိုင်မြဲတဲ့ ဇာတ်လမ်းလေးအတွက်တော့ အရေးကြီးတဲ့ အရာပါဘဲ။ စိတ်ဖိစီးစရာတွေရှိနေတဲ့ ကိုယ်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို နားလည်တဲ့သူဖြစ်နေတာကြောင့် လည်း အဲ့ဒီတစ်ယောက်ကို နှစ်သက်စွဲလမ်းမှုကနေ မရှောင်လွှဲနိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ 

တချို့တွေကတော့ လုပ်ငန်းခွင်အတွင်းမှာ တွေ့ဆုံချစ်ကြိုက်ကြဖို့ ကြိုးစားတာဟာ ကိုယ်အရင်ကတည်းက သိခဲ့ပြီးသားသူဖြစ်တာကြောင့် ဘား ဒါမှမဟုတ် ကလပ်တစ်ခုမှာ တွေ့ဆုံမိခဲ့တဲ့သူနဲ့ ယှဉ်မယ်ဆိုရင်တော့ ပိုပြီးတော့ စိတ်ချရတဲ့ဆက်နွယ်မှုတစ်ခုကို စတင်နိုင်တယ်လို့ ဆိုကြပါတယ်။ နောက်ပြီး လုပ်ဖော်ကိုင်ဖက်တစ်ဦးနဲ့ ချစ်ကြိုးသွယ်တဲ့အခါမှာ ကိုယ့်ရဲ့ ချစ်ရေးချစ်ရာနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားမှုတွေကို ဖုံးကွယ်ထားလို့ ရသလို တစ်စုံတစ်ယောက်နဲ့ ချိန်းတွေ့မနေတဲ့သူ အဖြစ် ဟန်ဆောင်ပြီး စိတ်လှုပ်ရှား ခံစားလို့ရပါသေးတယ်။ ကိုယ့်ရဲ့ ချစ်သူနဲ့ သိပ်ကို ကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စနစ်တစ်ခုကို ဖန်တီးနိုင်တယ်ဆိုတာ ဘယ်သူကများ သိနိုင်မှာမို့လဲနော်။ 

လုပ်ဖော်ကိုင်ဖက်တစ်ဦးနဲ့ ဘယ်လိုမျိုး အောင်အောင်မြင်မြင် ချိန်းတွေ့ကြမလဲဆိုတာ 
လုပ်ဖော်ကိုင်ဖက်တစ်ဦးနဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ဇာတ်လမ်းလေး ဖန်တီးတဲ့အခါမှာ ဖြစ်လာနိုင်တဲ့ ကောင်းမွန်တဲ့အရာတွေ အားလုံးကို သိထားပြီးသွားပြီဆိုတော့ လုပ်ငန်းခွင်အတွင်း ချစ်ကြိုးသွယ်မှုမှာ ဘယ်လို အောင်အောင်မြင်မြင်နဲ့ သေ 
သေသပ်သပ်လေး လှုပ်ရှားနိုင်မလဲဆိုတာ သိထားဖို့ လိုအပ်လာပြီပေါ့။ 

၁။ အများရှေ့ တပူးတွဲတွဲတွေ သိပ်မလုပ်မိပါစေနဲ့။ 
လက်တွဲထားတာ၊ ပွေ့ဖက်တာ၊ မွှေးမွှေးပေးတာတွေ မလုပ်သင့်ပါဘူးနော်။ ဒီလို အပြုအမူလေးတွေကို ကိုယ့်အတွက် တစ်စုံတစ်ရာ ထိခိုက်စရာ ဖြစ်စေတယ်လို့ မထင်ရပေမယ့်လည်း အခြား လုပ်ဖော်ကိုင်ဖက်တွေကိုတော့ မသက်မသာ ခံစားမှုတွေ ဖြစ်ကောင်း ဖြစ်သွားနိုင်လို့ပါ။ သူတို့ကို ဒီလိုခံစားသွားစေရအောင် လုပ်ဖို့ လိုအပ်တာလည်း မဟုတ်ဘူးလေ။ 

၂။ အခန်းတစ်ခုတည်းမှာ နှစ်ယောက်တည်း အတူရှိနေတဲ့အခါ တံခါးပိတ်ထားတာမျိုးကလည်း သိပ်ပြီးတော့ မကောင်းပါဘူး။
ကိုယ်က တကယ်ဘဲ အလုပ်လုပ်နေတာလား ဒါမှမဟုတ် လုံးဝကွဲပြားတဲ့ တစ်စုံတစ်ရာကို လုပ်ေ နတာလား စတဲ့ ခန့်မှန်းမှုတွေ အတင်းတွေ ပြော ခံရဖို့က တကယ်တော့ ကိုယ့်အတွက် မလိုအပ်ဘူး မဟုတ်လား။ ဒါကြောင့် တံခါးကိုဖွင့်ထားပြီး အကွာအဝေးတစ်ခုစီမှာသာ အလုပ်လုပ်နေသင့်ပါတယ်။ 

၃။ နှစ်ယောက်အတူ မထိုင်ပါနဲ့။
လုပ်ငန်းခွင်ထဲက လူတွေဟာ နှစ်ယောက်စလုံးကို စုံတွဲအဖြစ် သိမြင်ထားကြပြီးသား ဖြစ်ပါတယ်။ အသက်မွေးဝမ်းကြောင်းလုပ်ငန်းနဲ့ ပတ်သက်တဲ့ ကိုယ့်ရဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းထားချင်တယ်ဆိုရင် ကိုယ်တွေက နှစ်ယောက်တွဲမှ အလုပ်ကို ပြီးမြောက်နိုင်တာမဟုတ်ဘဲ ကိုယ့် အလုပ်ကို သေသေသပ်သပ်နဲ့ ပရိုပီပီသသ လုပ်ဆောင်နိုင်တယ်ဆိုတာကို ပြသဖို့ ကြိုးစားပေးပါ။ လုပ်ငန်းခွင်မှာတော့ တစ်ကိုင်းနားတဲ့ ငှက်ကလေးတွေအဖြစ် ရှိနေဖို့ မလိုအပ်ဘူးထင်ပါတယ်နော်။

၎။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို လုပ်ငန်းခွင်ပြင်ပမှာဘဲ ချန်ရစ်ခဲ့ပေးပါ။ 
နှစ်ယောက်ကြားမှာ တင်းမာတဲ့ အနေအထားတွေ ရှိနေခဲ့ရင် ဒါမှမဟုတ် တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေကြဆဲဆိုရင်တောင် ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ရုံးခန်းပြင်ပမှာ ချန်ထားခဲ့ဖို့က အရေးကြီးဆုံးပါဘဲ။ အလုပ်ကို လန်းဆန်းတက်ကြွစွာနဲ့သာ သွားရောက်ပါ။ ဥပမာဆိုရရင် နှစ်ယောက်စလုံးက စီမံကိန်းတစ်ခုတည်းမှ အတူပူးပေါင်း လုပ်ကိုင်နေကြပြီး တစ်ဦးနဲ့ တစ်ဦး ကောင်းကောင်းမွန်မွန် ပြောဆိုကြဖို့ လို အပ်တဲ့အခါမှာ ကိုယ်ကသာ ပုံမှန်အတိုင်း အလုပ်ကို အာရုံစိုက်နေနိုင်တယ်ဆိုရင် အခြားသော လုပ်ဖော်ကိုင်ဖက်တွေကိုလည်း အနေခက်စေတာ၊ အဆင်မပြေတာတွေ ရှိစေမှာမဟုတ်ပါဘူး။ အလုပ်က အလုပ်ပါဘဲ။ 

လုပ်ငန်းခွင်တွင်းက ချစ်ဇာတ်လမ်းရဲ့ အန္တရာယ်များ

၁။ အာရုံစိုက်လို့မရ ဖြစ်တတ်ပါတယ်။ 
တကယ်လို့ အချိန်အများစုကို အလုပ်လုပ်ရမယ့်အစား အသည်းပုံ emoji လေးတွေ ပေးပို့နေရတာနဲ့ဘဲ အချိန်ကုန်ဆုံးနေတယ်ဆိုရင်တော့ ကိုယ့်ရဲ့ဇာတ်လမ်းက ဇာတ်ရှိန်အမြင့်ဆုံး အချိန်ပါဘဲ။ ကိုယ့်ရဲ့ အခြားသော လုပ်ဖော်ကိုင်ဖက်ေ တွကလည်း ကိုယ်အမှန်တကယ် အလုပ်လုပ်နေတဲ့ အချိန်အထိကတော့ လျစ်လျူရှု့ထားကြဦး မှာပါ။ တကယ်လို့ ကိုယ်က ‘ပရင့်လေး ထုတ်စရာရှိနေလို့’ ‘ပရင်တာက တကယ်ရော အလုပ်လုပ်ရဲ့လားဆိုတာ စစ်ဖို့လိုနေလို့ပါ’ စတဲ့ လက်ခံနိုင်စရာ မကောင်းတဲ့ အကြောင်းပြချက်တွေပေးပြီး အလုပ်ခွင်ထဲ လျှောက်သွားနေမယ်ဆိုရင်တော့ အခြား လုပ်ဖော်ကိုင်ဖက်တွေဟာ စိတ်မသက်မသာ ခံစားလာရပြီး အလုပ်နဲ့ ပတ်သက်လို့ ကိုယ့်အပေါ်မှာ ထားတဲ့ သူတို့ရဲ့ ထင်မြင်ချက်ကလည်း အဆိုးတွေ ဖြစ်လာစေတတ်ပါတယ်။

၂။ လမ်းခွဲလိုက်ရတယ်ဆိုရင်လည်း ခွတီးခွကျ ခံစားရတတ်ပြန်ပါတယ်။ 
ချစ်ဇာတ်လမ်းတွေ အကုန်လုံးက ပျော်ရွှင်ကြည်နူးစွာ ပေါင်းဖက်သွားကြလေသတည်းဆိုတာနဲ့ဘဲ အဆုံးသတ်နေကြတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ လုပ်ငန်းခွင်တွင်းက ချစ်ဇာတ်လမ်းလေးဟာလည်း အသည်းပုံလေးကနေ သစ်တော်သီးပုံလေးအဖြစ် သို့ လျင်လျင်မြန်မြန် ပြောင်းလဲသွားနိုင်ပါတယ်။ လမ်းခွဲတာကို အဆင်ပြေပြေ ချောချောမွေ့မွေ့ မလုပ်ဆောင်နိုင်ဘူးဆိုရင် အခြားလုပ်ဖော်ကိုင်ဖက် တွေအကြောင်း ဝေမျှခဲ့မိတာတွေ၊ ကုမ္ပဏီရဲ့ ပေါ်လစီတွေကို ကိုယ်ဘယ်လောက်ထိ မုန်းသလဲ ဆိုတဲ့အကြောင်းတွေက ကိုယ့်ကို ပြန်ပြီး ခြောက်လှန့်နေတတ်ပါတယ်။ 

နောက်ပြီး အစည်းအဝေးတွေမှာ သူတို့အဆိုတင်လာတဲ့ အယူအဆတိုင်းကို ကိုယ်ကသဘော မတူဖြစ်နေတယ်ဆိုရင် ဒါမှမဟုတ် သူတို့ကိုယ့်ကိုကြည့်မိတဲ့အချိန်တိုင်းမှာ ကိုယ်က ငိုကြွေးနေတယ် ဆိုရင်တော့ ပြဿနာတွေ ရှိနေပါပြီ။ ကိုယ်နဲ့ ဇာတ်လမ်းအဆုံးသတ်သွားတဲ့သူကြီးကို မုန်းနေရတာနဲ့ အလုပ်များနေတဲ့ကိုယ့်မှာ အလုပ်ကို နေ့စဉ်သွားဖို့၊ လုပ်ငန်းကောင်းကောင်းပြီးမြောက်ဖို့နဲ့ ရလဒ်ကောင်းတွေ ရရှိဖို့အတွက် ဘယ်လိုများ တွေးထင်ထားပါသလဲ။ 

၃။ ဥပဒေပိုင်းဆိုင်ရာ ကိစ္စရပ်တွေတောင် ကြုံတွေ့ကောင်း ကြုံတွေ့ရတတ်ပါတယ်။
လုပ်ငန်းခွင်တွင်းက ဇာတ်လမ်းလေး တစ်ပုဒ်ဟာ သိပ်ကို ဆိုးဆိုးရွားရွားနဲ့ အဆုံးသတ်သွားခဲ့ရင် ဖြစ်လာနိုင်မယ့်အရာတွေ ရှိနေပါသေးတယ်။ တရားစွဲဆိုခံရတာမျိုးတို့ ဘာတို့ပေါ့။ ဒါပေမဲ့ များသောအားဖြင့်တော့ ရာထူးကြီးတဲ့သူနဲ့ ရာထူးငယ်တဲ့သူတွေရဲ့ ဇာတ်လမ်းမှာသာ ဖြစ်လေ့ရှိတာမျိုးပါ။ (တစ်ယောက်က မန်နေဂျာဖြစ်ပြီး တစ်ယောက်က သူ့ရဲ့လက်ထောက်ဆိုတာမျိုးပေါ့) သူတို့တွေက ကိုယ့်ကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုနဲ့ အလွယ်တကူ စွပ်စွဲနိုင်ပြီး ဒီလိုအခြေ
အနေ ဖြစ်လာရင်လည်း နှစ်ယောက်စလုံးအတွက် မကောင်းပါဘူး။ 

Daily Mail က ပြုလုပ်တဲ့ စစ်တမ်းတစ်ခုအရ လုပ်ငန်းခွင်အတွင်း ချစ်ဇာတ်လမ်းရှိကြတဲ့ လူသုံးယောက်မှာ တစ်ယောက်ကတော့ သူတို့ဟာ လုပ်ငန်းခွင်အတွင်းမှာ ချစ်မှုရေးရာကိစ္စတွေ ရှိခဲ့ကြတယ်လို့ ဝန်ခံခဲ့ကြပါတယ်။ သို့သော်လည်း လူ့
စွမ်းအား အရင်းအမြစ်ဌာနရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဆန့်ကျင်နေတာကြောင့် အလုပ်မှ ရပ်စဲခံရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သင့်ကို သူ့အနေနဲ့ မေတ္တာသက်ဝင်မိကြောင်း ပြောလာပြီး သင်ကလည်း လက်မခံလိုတဲ့အခါမှာ ဘယ်လိုလုပ်သင့်သလဲဆိုတာ စဉ်းစားဖို့တော့ လိုလာပြီပေါ့နော်။ 

၁။ ရှင်းလင်းတဲ့ ရည်ရွယ်ချက်တွေ ထားရှိပါ။ 
လုပ်ငန်းခွင်နဲ့ ပုဂ္ဂလိက ဘဝကို ခွဲခြားသတ် မှတ်ထားတဲ့ စည်းဘောင်တွေက ဘယ်တော့မှ မဝေဝါးပါစေနဲ့။ တကယ်လို့ လုပ်ဖော်ကိုင်ဖက်ထဲက တစ်စုံတစ်ယောက်က ကြည်နူးဖွယ်ရာ ဇာတ်လမ်းလေးတွေ ဖန်တီးဖို့ ပုံစံတစ်မျိုးနဲ့ ချဉ်းကပ်လာ တယ်ဆိုရင် အဲ့ဒီလိုခံစားချက်မျိုးက ကိုယ့်ဆီမှာ ရှိမနေတဲ့အကြောင်း သူသိစေဖို့ ရှင်းရှင်းလင်းလင်း ပြသပေးပါ။ 

၂။ ပရောပရည် အပြုအမူတွေကို ရှောင်ရှားပေးပါ။ 
သတိမထားမိဘဲ ပရောပရည်လုပ်သလို ဖြစ်မိသွားတတ်တယ်ဆိုရင်လည်း လုပ်ငန်းခွင် အတွင်းမှာတော့ ဂရုစိုက်သင့်ပါတယ်။ အခြားသော လုပ်ဖော်ကိုင်ဖက်တွေက ကိုယ့်အပေါ်မှာ အထင်အမြင် လွဲမှားစေရုံသာမက အခြားသော စိတ် အနှောင့်အယှက် ဖြစ်စရာတွေလည်း ကြုံတွေ့ရနိုင်တာကြောင့်ပါ။ ကိုယ်က ပရော်ပရည်လုပ်သလို မဟုတ်ဘဲ  ခင်ခင်မင်မင်ရှိတတ်သူအဖြစ်သာနေရင် အဲ့ဒီလိုဖြစ်တာတွေ တွေ့ကြုံရတာ နည်းပါးပါလိမ့်မယ်။ 

၃။ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ မသောက် ပါနဲ့။
ယမကာ သောက်သုံးခြင်းဟာ ကိုယ့်ကိုကိုယ် ဒုက္ခရောက်စေဖို့အတွက် အသေချာဆုံး နည်းလမ်းတစ်ခုပါဘဲ။ အထူးသဖြင့်တော့ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ပွဲတွေမှာပေါ့။ ဒါကြောင့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အမူးလွန်အောင် မသောက်မိစေဖို့ အရေးကြီးပါတယ်။ ကိုယ် အရက်မူးနေတဲ့ အပြုအမူတွေက လုပ်ငန်းခွင်တွင်းက ခိုင်မြဲတဲ့ ချစ်ဇာတ်လမ်းရဲ့ အစဖြစ်နိုင်သလို ပိုဆိုးတာလည်း ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းမှာ နောင်တရမယ့် ကိစ္စတွေလည်း ဖြစ်စေနိုင်ပါတယ်။ 

၎။ ကိုယ်ရေးကိုယ်တာ ကိစ္စအဖြစ်သာ ထားရှိပါ။ 
ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းအရာတွေကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ မဆွေးနွေးမိစေဖို့ ကြိုးစားပါ။ အထူးသဖြင့်တော့ ကိုယ်နှစ်သက်မိနေတဲ့သူပေါ့။ ကိုယ်က ကိုယ့်အကြောင်းများများပြောလေ ကိုယ့်ဘဝထဲကို အခြားတစ်ယောက် ကို ဝင်ခွင့်ပေးမိလေဖြစ်ပြီး ချစ်ဇာတ်လမ်း အစပျိုးဖို့ရာလည်း ပိုပြီး လွယ်ကူသွားစေပါတယ်။ 

၅။ လုပ်ဖော်ကိုင်ဖက်နဲ့ နှစ်ဦးတည်း ရှိမနေပါနဲ့။
အချိန်အများကြီးကို လုပ်ဖော်ကိုင်ဖက် တစ်ဦးတည်းနဲ့ ကုန်ဆုံးခြင်းဟာ ခက်ခဲတဲ့ အခြေအနေတွေကို ဦးတည်သွားစေနိုင်ပါတယ်။ နှစ်ယောက်တည်း အချိန်အကြာကြီး အတူကုန်ဆုံးမိနေတာမျိုးကို ရှောင်ရှားနိုင်ဖို့ ကြိုးစားသင့်ပြီး မဖြစ်မနေ အခြေအနေဆိုရင်လည်း အလုပ်နဲ့ ဆက်စပ်မှုရှိတဲ့ အကြောင်းအရာတွေကိုသာ ပြောဆိုဆွေးနွေးသင့်ပါတယ်။ 

အခုဆိုရင်တော့ လုပ်ငန်းခွင်အတွင်းမှာ ချစ်ဇာတ်လမ်းရှိခြင်းရဲ့ ကောင်းတဲ့အချက်တွေရော ဆိုးတဲ့အချက်တွေပါ သိသွားပြီးမို့ လုပ်ဖော်ကိုင်ဖက် တစ်ဦးတစ်ယောက်နဲ့ ချိန်းတွေ့ဖို့ ကြိုးစားတဲ့အခါမှာ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာခွဲခြားပြီး ဆွတ်ပျံ့ဖွယ်ရာ ဇာတ်လမ်းလေးတွေ ဖန်တီးနိုင်ပါစေလို့ ပြောကြားရင်း နှုတ်ဆက်ပါတယ်။ 
Ref : Office Romance Tips and the Dangers of Dating a Coworker 
By Eleana Stylianou