Primary tabs

အလုပ်တစ်ခုကို ရေရှည်လုပ်ကိုင်နိုင်ဖို့ဆိုတာ

အသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခုမှာ တည်ငြိမ်တဲ့ အလုပ်အကိုင်အဖြစ် လုံခြုံစိတ်ချရမှုရှိတယ်ဆိုတဲ့ ခံစားချက်မျိုးဟာ အမြဲတမ်းရှိနေတာတော့ မဟုတ်ပါဘူး။ ကိုယ်ကျင်လည်လုပ်ကိုင်နေတဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းက အချိန်နဲ့
အမျှ ပြောင်းလဲတိုးတက်မှုတွေ ရှိနေတယ်ဆိုရင်တော့ ပိုပြီးတော့ ဆိုးတာပေါ့။ ကုမ္ပဏီတစ်ခုမှာ  အလုပ်လုပ်နေသူဘဲဖြစ်ဖြစ် ဒါမှမဟုတ် အလုပ်တစ်ခုရဖို့ တက်တက်ကြွကြွရှာဖွေနေသူဖြစ်ဖြစ် ကိုယ့်အသက်မွေးဝမ်းကြောင်း လုပ်ငန်းရဲ့ အနာဂတ်ကို နားလည်ခံစားမိတဲ့သူဆိုရင် ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ တိုးတက်ဆောင်ရွက်မှုတွေအပေါ်မှာ အကျိုးသက်ရောက်မှု ရှိစေပါတယ်။ 

အလုပ်အကိုင် မတည်ငြိမ်ခြင်းဆိုတာက အလုပ်လုပ်နေတဲ့သူ တော်တော်များများနဲ့ ပတ်သက်နေလေ့ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီလို အခြေအနေတွေကို ကျော်လွှားဖို့အတွက်လည်း နည်းလမ်းတွေ အများကြီးရှိပါတယ်။ ပထမဆုံးအဆင့်ကတော့ ကိုယ်ကိုယ်တိုင်အတွက် ရေရှည်လုပ်ကိုင်နိုင်တဲ့ အလုပ်အဖြစ် ဖန်တီးဖို့ပါဘဲ။ အသက်မွေးဝမ်းကြောင်းလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်နေတဲ့သူတွေဆီက အကြံပြုချက်တွေကို အခြေခံထားပြီး တည်ငြိမ်တဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုလုပ်ကိုင်နိုင်ဖို့ ဘယ်လိုလုပ်မယ်ဆိုရင် အဆင်ပြေနိုင်မလဲဆိုတာကို လေ့လာကြည့်ကြမယ်နော်။

၁။ ကိုယ်နှစ်သက်တဲ့ အလုပ်ကိုသာ ရွေးချယ်ပါ။ 
နေ့ရက်တွေတိုင်းမှာ ကိုယ်နှစ်သက် ပျော်ရွှင်တဲ့ တစ်စုံတစ်ရာကို လုပ်ဆောင်နေရတဲ့အခါ စိတ်ဓာတ်တက်ကြွမှုရှိတဲ့အပြင် ကိုယ့်ကိုကို ယုံကြည်မှုလည်း ရှိစေပါတယ်။ ကိုယ့်ရဲ့ စိတ်ပါဝင်စားမှုနဲ့ ကိုက်ညီတဲ့ အသက်မွေးဝမ်းကြောင်းလုပ် ငန်းကိုရွေးချယ်ဖို့ လိုအပ်ရုံသာ မကပါဘူး ဝန်ထမ်းတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့တန်ဖိုးထားမှုတွေ ဆန္ဒတွေနဲ့ပါ ချိန်ညှိလို့ရနိုင်မယ့် ကုမ္ပဏီကို ရွေး ချယ်ဖို့လည်း လိုအပ်ပါတယ်။ 

‘ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေနဲ့ သဘောထားအမြင်တွေကို တန်ဖိုးထားပေးတတ်တဲ့ ကုမ္ပဏီတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခွင့်ရခဲ့မယ်ဆိုရင် ဒါမှမဟုတ် ကိုယ့်ရဲ့ ခံစားချက်တွေကို စိတ်သက်သာစွာနဲ့ မျှဝေပြီး ပူပေါင်းလုပ်ဆောင်လို့ရတဲ့ နေရာဖြစ်ခဲ့မယ်ဆိုရင် ပြုပြင်ပြောင်းလဲမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေမှာ ဖြစ်တဲ့အပြင် ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေကိုလည်း ကြောက်ရွံ့နေတော့မှာ မဟုတ်ပါဘူး။’ ဆိုပြီး The Learning Experience အတွက် သင်ယူလေ့လာခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌ Amanda Beers က ပြောပါတယ်။ 

တူညီတဲ့ ကုမ္ပဏီမှာ အမြဲတမ်းကြီး တွယ်ကပ်လုပ်ကိုင်နေဖို့ မလိုအပ်ဘူးဆိုတာကို သတိရပေးပါ။ ပိုပြီးကောင်းမွန် သင့်လျော်တဲ့ နေရာတစ်ခုကိုရွှေ့ဖို့ အတွေ့အကြုံနဲ့ တိုက်တွန်းအားပေးမှုတွေ ရှိလာတဲ့အခါမှာ ကြောက်ရွံ့နောက်တွန့်တာမျိုး တွေလည်း မလုပ်ပါနဲ့။ 

Epic Brewing Company ရဲ့ အနောက် အလယ်ပိုင်း အရောင်းတာဝန်ခံ Alex Wokjcik ကတော့   ‘ကိုယ့်ရဲ့ အသက်မွေးမှုလုပ်ငန်းတစ်ခုမှာ သစ္စာရှိနေတယ်ဆိုတာမျိုးက တကယ်တော့ မရှိပါဘူး။ အထူးသဖြင့် သိပ်ကို မြန်ဆန်တိုးတက်နေတဲ့ လုပ်ငန်းတွေမှာ ဆိုရင်ပေါ့။ ပြောင်းလဲတိုးတက်မှုတွေနဲ့အတူ စီးမျောနိုင်ဖို့သာ ပြင်ဆင်ထားပေးပါ။ အလုပ်တွေ အများကြီး ပြောင်းတာဟာ ကိုယ့် ကိုကိုယ် ထိခိုက်စေတယ်လို့ တွေးကောင်းတွေး ပါလိမ့်မယ်။ အမှန်တကယ်တော့ ဒါက နေရာပြောင်းရုံမျှသာ ဖြစ်ပါတယ်။ နေရာတစ်ခုမှာ ဘယ်လောက်ကြာအောင် အလုပ်လုပ်ခဲ့တယ်ဆိုတာကို ဘယ်သူကမှ ဂရုစိုက်မနေပါဘူး။ အထူးသဖြင့်တော့ သူတို့တွေက ကိုယ့်ကို အရေးတကြီး လိုအပ်နေတဲ့ အချိန်မျိုးမှာပေါ့။ တော်တော်များများကို ကျွမ်းကျင်အောင် လုပ်ထားကြည့်ပါ။ ကိုယ်စိတ်ကူးထားတာထက် ပိုတဲ့ နေရာအတော်များများဟာ ကိုယ်နဲ့ သင့်တော်နေပါလိမ့်မယ်’ ဆိုပြီး ပြောထားပါတယ်။ 

၂။ ကိုယ့်ကိုကိုယ် အကျိုးအမြတ် ပိုမိုရရှိအောင် လုပ်ဆောင်ပေးပါ။ 
တကယ်လို့ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းမှာ တည်ငြိမ်မှုကို ခံစားလိုတယ်ဆိုရင် ကိုယ်ကျင်လည်တဲ့ လုပ်ငန်းမှာ ကျွမ်းကျင်လိမ္မာဖို့ လိုအပ်ပါတယ်။ Chameleon Resumes ရဲ့ အမှုဆောင်အရာရှိလည်းဖြစ်တဲ့အပြင် ဥက္ကဋ္ဌအဖြစ်ပါ တာဝန်ထမ်းဆောင်နေတဲ့ Lisa Rangel ကတော့ ကိုယ်လုပ်ကိုင်နေတဲ့ လုပ်ငန်းကို တခြားသူတွေကနေ လိုအပ်လာမှု၊ တောင်းဆိုမှုတွေရှိနေအောင် ဖန်တီးအတွက် အကြံပြုထားပါတယ်။

‘ကိုယ့်ရဲ့ အောင်မြင်မှုတွေအတွက် အချက်အလက် တိကျစွာပါဝင်တဲ့ စာရွက်စာတမ်းတွေ ရှိရမှာဖြစ်ပြီး အဲ့ဒီလို အချက်အလက်တိကျတဲ့ စာရွက်စာတမ်းတွေ အလွယ်ပြောရမယ်ဆိုရင် အောင်လက်မှတ်တွေကို မှန်ကန်သင့်တော်တဲ့ နေ ရာမှာ မျှဝေပေးပြီးတော့ ကိုယ်ဟာ သူတို့ရဲ့ ပြိုင်ဖက်တွေကို တုန်လှုပ်သွားစေအောင် လုပ်ဆောင် နိုင်မယ့်သူဖြစ်တဲ့အကြောင်းကို ကိုယ့်ကိုအလုပ်တာဝန်ပေးအပ်မယ့် သူတွေ တစ်နည်း အလုပ်ရှင်တွေက သတိပြုမိပါစေ။ ဒါတွေက အလုပ်ရှင်တွေ
ရဲ့ နှစ်သက်သဘောကျမှုကို ခံရစေမယ့် အဓိကကျတဲ့ အရာလည်း ဖြစ်ပါတယ်။’ လို့ သူမကတော့ ပြောပါတယ်။ 

ဒါ့အပြင် Wojcik ကတော့ ကိုယ့်ပြိုင်ဘက်တွေ အကြောင်းကို ကြားသိရဖို့နဲ့ ကိုယ်အလုပ်လုပ်နေတဲ့ ကုမ္ပဏီရဲ့အကြောင်း အသေးစိတ် အချက်အလက်တွေနဲ့ ဆောင်ရွက်မှု လုပ်ငန်းစဉ်တွေကို သိရှိနိုင်ဖို့အတွက် ဟောပြောပွဲတွေကို တက်ရောက်
ဖို့လည်း ထောက်ခံပြောဆိုထားပါတယ်။ 

Beers ကတော့ ကိုယ့်ရဲ့ အလားအလာကောင်းတွေအတွက်လည်း ဆက်လက်ရင်းနှီးမြှုပ်နှံနေဖို့က အရေးကြီးတယ်ဆိုတဲ့ အကြောင်းကို ‘ကိုယ့်အနေနဲ့ ဆက်လက်တိုးတက်ချင်တဲ့ စွမ်းရည်တွေက ဘာတွေဖြစ်မလဲဆိုတာကို အချိန်ယူလေ့လာပြီး ကိုယ်တိုးတက်လိုတဲ့ အရာတွေအ တွက်ကိုလည်း  အချိန်တစ်ခုပေးပြီး ရင်းနှီးမြှုပ်နှံမှုပြုပေးပါ။ ထပ်တိုးလာတဲ့ ကျွမ်းကျင်မှု အထောက်အထားတွေ၊ ထောက်ခံချက်လက်မှတ်တွေဘဲဖြစ်ဖြစ် ဒါမှမဟုတ် လမ်းညွှန်ပြသတဲ့သူ ရှာဖွေပြီးတော့ဘဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ ရင်းနှီးမြုပ်နှံဖို့ အခွင့်အရေးကို အရယူပေးပါ။’  ဆိုပြီးတော့ အကြံပြုထားပါတယ်။ 

၃။ လူမှုကွန်ယက်နယ်ပယ်တွေကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်ပေးပါ။
ကိုယ်က အလုပ်တစ်ခုကို တက်တက်ကြွကြွ ရှာဖွေနေတဲ့သူ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေနဲ့ ပတ်သက်လို့ Linkedln နဲ့ Twitter တို့လို့ ဆိုဒ်မျိုးတွေမှာ ထိန်းသိမ်းထားရှိသင့်ပါတယ်။

ကိုယ့်ရဲ့ ကိုယ်ရေးရာဇဝင်ကို အဆင့်မြင့်တင်တဲ့နေ့တွေဟာ အတိတ်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်လာတယ်လို့ Beers ကတော့ ဆိုပါတယ်။ ယနေ့မှာတော့ ကျွန်မတို့အနေနဲ့ အလုပ်ရှာဖွေသူတစ်ယောက်က အွန်လိုင်းမှာ ရေးသွင်းထားတဲ့ ကျွမ်းကျင်မှုတွေကို မြင်နိုင်ရုံသာမက သူဟာ ဘယ်သူတွေနဲ့ ချိတ်ဆက်မှုရှိနေပြီးတော့ ဘာတွေကို စိတ်ဝင်စားတယ်ဆိုတာကိုပါ သိနေနိုင်ပါပြီ။ 

ကိုယ့်ရဲ့ ကိုယ်ရေးရာဇဝင်နဲ့ အလုပ်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေအပေါ်မှာ အမြဲတမ်း တိုးတက်ထည့်သွင်းတာ ပြင်ဆင်တာတွေ လုပ်ဆောင်သင့်ရုံမျှသာမက အလားအလာရှိတဲ့ ကုမ္ပဏီတွေကိုလည်း သူတို့တွေရဲ့ ဖွံ့ဖြိုးတိုးတက်နေမှုတွေနဲ့ အလေ့အထတွေကို သိရှိရဖို့အတွက် ရှာဖွေသင့်ပါတယ်။ 

‘Glassdoor, Linkedln နဲ့ Twitter တို့လို နေရာတွေကတော့ ကိုယ့်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့အပြင် ဘယ်လိုကုမ္ပဏီတွေက ကိုယ့်အပေါ်မှာ အကျိုးကျေးဇူး ရှိစေသလဲဆိုတာတွေကို အွန်လိုင်းကနေ တစ်ချက်ကြည့်လိုက်ရုံနဲ့ အမိုက်စားပုံတွေ၊ ပို့စ်တွေနဲ့ ပြန်လည်တုန့််ပြန်မှုတွေကို တွေ့မြင်နိုင်နေပြီ ဖြစ်ပါတယ်။’ ဆိုပြီး Beers က ထပ်လောင်းပြောဆိုထားပါတယ်။ 

၎။ ကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့ သက်ဆိုင်တဲ့ ကွန်ယက်ကို ချဲ့ထွင်ပေးပါ။ 
ကိုယ်လုပ်ဆောင်နေတဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းရဲ့ လုပ်ငန်းခွင်နယ်ပယ်ထဲက လူတွေ ဒါမှမဟုတ် အခြားသော အသက်မွေးဝမ်း ကြောင်း လုပ်ငန်းက လူတွေကို သိကျွမ်းခင်မင်ခြင်းဟာ အလုပ်အကိုင် အခွင့်အလမ်းတွေကို ရှာဖွေတဲ့အခါမှာ အကူအညီ ဖြစ်စေပါလိမ့်မယ်။ ဒါကြောင့်လည်း ကိုယ်နဲ့ သက်ဆိုင်တဲ့ ပတ်ဝန်းကျင် ဒါမှမဟုတ် ကွန်ယက်ကို ချဲ့ထွင်ဖို့က အရေးပါခြင်းဘဲ ဖြစ်ပါတယ်။ 

ကိုယ့်ကိုကိုယ် အရောင်းမြင့်တင်ခြင်းဆိုတာဟာ ထုတ်ကုန်ပစ္စည်းတစ်ခု ဒါမှမဟုတ် ဝန်ဆောင်မှုကို အရောင်းမြင့်တင်တာနဲ့ ဘာမှ မကွဲပြားပါဘူး။ ကိုယ်အသိပေး ပြောကြားလိုတဲ့ အကြောင်းအရာ ဒါမှမဟုတ် ပေးလိုတဲ့ message အတွက် ကျွမ်းကျင်စွာ လမ်းညွှန်ပေးနိုင်တဲ့သူဆီက အကြံပြုမှုကို ရယူပြီးတော့ ရေးသားပြင်ဆင်ထား မယ်ဆိုရင် ကိုယ့်ရဲ့ ကျွမ်းကျင်မှုဆိုင်ရာ နယ်ပယ် က သဘာဝကျကျ ဖွံ့ဖြိုးလာပါလိမ့်မယ်။  

Beers ကတော့ လူမှုရေးနဲ့ သက်ဆိုင်တဲ့ ပွဲတွေ၊ အလှုအတန်းလုပ်တဲ့ ဆောင်ရွက်မှုတွေ၊ ကွန်ယက်ချိတ်ဆက် ဆောင်ရွက်တဲ့ အဖွဲ့တွေ၊ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးရေးနေ့တွေကို တက်ရောက်ပါဝင်ဖို့နဲ့ ကိုယ့်အသက်မွေးဝမ်း ကြောင်း လုပ်ငန်းနယ်ပယ်ထဲက လူတွေကို ပိုပြီးတွေ့ဆုံဖို့ ထောက်ခံပေးထားပါတယ်။ 

‘ပူးပေါင်းဆောင်ရွက်ခွင့် ရတဲ့အခါမှာ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်နဲ့ အကြံပြုချက်တွေကို မျှဝေကမ်းလှမ်းပါ။ ပြီးတော့ စည်းဝေးတွေ့ဆုံမှုတွေနဲ့ လှုပ်ရှားဆောင်ရွက်မှုတွေမှာလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ပါ။ လူတိုင်းဟာ ကိုယ့်ရဲ့အဖွဲ့အစည်း တိုးတက်လာအောင် ဆောင်ရွက်နိုင်တယ်ဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ဌာနရဲ့ အပြင်ဘက်က လူတွေကလည်း အဖွဲ့အစည်းကို ဦးဆောင်နိုင်တဲ့သူတွေ ဖြစ်နေနိုင်လို့ပါ။’ 

အထက်မှာ ဖော်ပြခဲ့တာတွေ အားလုံးကို လုပ်ဆောင်နိုင်အောင် ကြိုးစားပါလို့ Beers ကတော့ အကြံပြုထားပါတယ်။ ကိုယ်က ပိုပြီးတောက်ပလေ ကိုယ့်ကွန်ယက်က ပိုကျယ်လေဆိုပြီးတော့လည်း သူမက ပြောထားပါတယ်။ 
Ref: How to Create Job Stability for Yourself