Primary tabs

Comfort Zone မှ ရုန်းထွက်ချင်တဲ့အခါ…

လူသားအားလုံးနီးပါးဟာ ပုံမှန်လုပ်ကိုင် ဆောင်ရွက်နေကျ အရာတွေအပေါ် တွယ်တာတတ်ကြပါတယ်။ ဒီလုပ်ငန်းဆောင်တာကိုပဲ ထပ်ခါ ထပ်ခါ လုပ်နေရတာ၊ တစ်နေ့ပြီး တစ်နေ့ လုပ်နေရတာဟာ အသားကျနေတဲ့အရာတွေမို့ အမှားအယွင်း မရှိနိုင်ဘူး။ အဲဒီ့အခါ ကိုယ့်ဘာသာကျေနပ်ပြီး သာယာနေတတ်တော့တာ။ ဒါပြီးဒါလုပ်မယ်ဆိုတဲ့ အစီအစဉ်အတိုင်း အားလုံးအထမြောက်သွားတဲ့အခါ ဘ၀ကြီးက သာသာယာယာ။ အတိုချုပ်ပြောရရင်တော့ ကိုယ့်နေ့တွေကိုသက်တောင့်သက် သာဖြတ်သန်းရခြင်းဟာ ကျေနပ်စရာပါ။

ဒါပေမဲ့လည်း အဲဒီ့လို သက်တောင့်သက်သာ ဖြတ်သန်းရတဲ့ကမ္ဘာ တစ်နည်းအားဖြင့် Comfort Zone ဟာ ငြီးငွေ့ဖွယ်ရာ အခြေအနေတွေနဲ့ ပိတ်လှောင်ထားတဲ့ အလုံပိတ်အခန်းတစ်ခုပါ။ သူ့မှာ ထောင်ချောက်ရှိပါတယ်။ အဲဒီ့ ထောင်ချောက်မှာ ပိတ်မိသွားတဲ့အခါ လူတွေဟာ Comfort Zone ထဲက ရုန်းမထွက်တော့ပါဘူး။

အသစ်အဆန်းကိုကြိုက်တဲ့ စွန့်ဦးသမားတွေအတွက်တော့ အပြောင်းအလဲ မရှိတဲ့အခြေအနေဟာ ရန်သူတစ်ယောက်ပါ။ အပြောင်းအလဲ  မရှိရင် မကြီးထွားနိုင်တော့ပါဘူး။ လူပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ် မတိုးတက် မကြီးထွားရင် ခေတ်ကာလနဲ့ မဆီလျော်တာ ဖြစ်လာနိုင်ပါတယ်။

လူတစ်ယောက်ရဲ့ သက်မွေးဝမ်းကြောင်း ပညာရပ်ဆိုင်ရာပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကရေးရာမှာပဲ ဖြစ်ဖြစ် ကြီးထွားတိုးတက်ဖို့ဆို Comfort Zone ကနေ နည်းနည်းပဲဖြစ်ဖြစ်၊ များများပဲဖြစ်ဖြစ် တိုးထွက်နိုင်ဖို့ လိုပါတယ်။ သင့်ကို သက်တောင့်သက်
သာ မဖြစ်စေတဲ့ အရာတွေကို လုပ်ရင်းကိုင်ရင်းက သင်ယူလေ့လာပြီး တိုးတက်ကြီးထွားအောင် လုပ်ယူကြရပါတယ်။

အကယ်၍များ သင်ဟာ Comfort Zone က ရုန်းထွက်ချင်တဲ့အခါ အောက်မှာ ဖော်ပြသွားမယ့် နည်းလမ်းလေးတွေကို အချိန်တစ်ချက်ပေးပြီး ဖတ်ကြည့်လိုက်ပါ…

၁။ တစ်ထစ်ချင်း နင်းထွက်ပါ…
ကိုယ်သက်တောင့်သက်သာ ဖြစ်နေတဲ့ အခြေအနေက ရုန်းထွက်ရတယ်ဆိုတာ သီအိုရီအားဖြင့်ရော၊ လက်တွေ့မှာပါ ခက်တဲ့ကိစ္စ တစ်ခုပါ။ ကိုယ့်အလုပ်ကို စတင်မိတ်ဆက်ဖို့ ကုမ္ပဏီခပ်ကြီးကြီးက တာဝန်ရှိသူတစ်ယောက်ဆီကို ဖုန်းစ ဆက်ရတာ၊ ဒါမှမဟုတ် ကိုယ့်အတွက်စိမ်းနေတဲ့အလုပ်တစ်ခုကို စပြီးလုပ်ရတဲ့ကိစ္စတွေက စဉ်းစားကြည့်ရင်တော့ ကျောတွန့်စရာပါ။ ဒါပေမဲ့ စကြည့်လိုက်ပါ။ လုပ်ကြည့်လိုက်ပါ။ ဒီလို စတင်လိုက်ခြင်းအားဖြင့် ကိုယ်တိုင်တောင် တွေးထင်မထားတဲ့ အခွင့်အလမ်းတွေ ကိုယ့်ဆီရောက်လာနိုင်ပါတယ်။ ရုပ်ရှင်တွေ ၀တ္ထုတွေထဲမှာတော့ ကံက မျက်နှာသာပေးတဲ့ ဇာတ်ကွက်တွေ ရှိနေတတ်ပေမဲ့၊ အမှန်ကတော့ အခွင့်အလမ်းဆိုတာ သူ့ဘာသာ ရှိနေတတ်တဲ့အရာဖြစ်ပြီး သူ့ကို ရှာဖွေနေတဲ့သူတွေနဲ့သာ ကြုံတွေ့မယ့်အရာ ဖြစ်ပါတယ်။

ဒီနေရာမှာ တစ်ခု သတိထားဖို့လိုပါတယ်။ ကိုယ်အစမပြုရဲတဲ့ အရာကို ကြိုးစားပြီး အစပြုလိုက်တယ်။ အောင်မြင်သွားတယ်ဆိုပါစို့။ နောက်ထပ် တစ်ခုပြီး တစ်ခု ဇယ်ဆက်သလို မလုပ်မိပါစေနဲ့။ ဝန်ထုပ်ဝန်ပိုးဖြစ်လာပါလိမ့်မယ်။ ဒီတော့ ကိုယ့် အတိုင်းအတာ ကိုယ်သိပြီး တစ်ဆင့်ချင်း နင်းထွက်မှသာ အောင်မြင်တဲ့ ရလဒ်ကို ရနိုင်ပါတယ်။ မနိုင်အင်ကာတွေ ဖြစ်လာရင် ငါအစပြုလိုက်တာ မှားလေခြင်းဆိုပြီး စိတ်ပြန်လည်သွားနိုင်ပါသေးတယ်။ 

ဒါကြောင့် ခပ်သေးသေးက စတင်ပါ။ ကိုယ့်ဘက်က ဖုန်းစခေါ်တာကို (၁၀) ကြိမ်လောက် တစ်ပြိုင်တည်းစခေါ်မယ့်အစား၊ တစ်ခုချင်းစီကို ဖုန်းခေါ်ပြီး သေသေချာချာပြောဆိုဖို့ ကြိုးစားပါ။ ကိုယ့်ဘက်က အဆင်သင့် မဖြစ်မချင်း အဆုံးထိ မလုပ်မိပါစေနဲ့။

၂။ သင်ဘာကို ကြောက်တာလဲ…
Comfort zone ဆိုကတည်းက သင့်အတွက် သက်တောင့်သက်သာ ဖြစ်တဲ့နေရာပေါ့။ အဲဒီ့နေရာမှာ လုပ်သမျှ ကိုင်သမျှတွေက သင့်အတွက် ဘေးကင်းတယ်၊ သင်လုပ်ရမှာကြောက်တဲ့ အရာမှန်သမျှ ရှိမနေတတ်ဘူး။ ဒါကိုလုပ်ဖို့ လူတိုင်းကြောက်လို့ ငါလည်းမထိဘူးဟာ ဆိုတာထက် သူများတွေတော့ ဒါကို ကြောက်လို့ မလုပ်ချင်ကြဘူး၊ ငါတော့ စမ်းကြည့်မယ်ဆိုတဲ့ စိတ်နဲ့ စမယ်ဆို သင့်အတွက် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်လာနိုင်ပါတယ်။

လူရှေ့သူရှေ့ စကားထွက်ပြောရတဲ့ ကိစ္စက လူတိုင်းနီးပါး ရွံ့ကြတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမဲ့ လူထောင်ပေါင်းများစွာရှေ့ စကားပြောကျင့်တာနဲ့ မစဘဲ လူနည်းနည်းရှေ့မှာပဲ ကိုယ့်ကုန်ပစ္စည်း  အကြောင်း၊ ကိုယ့်ဝန်ဆောင်မှုအကြောင်း စကားထွက်ပြောကြည့်ပါ။ ကြောက်တဲ့ကိစ္စကို ကြောက်တဲ့အတိုင်းမထားဘဲ နည်းနည်းချင်းစမ်းကြည့်ပြီး မကြောက်အောင် ကျင့်ယူလို့ရပါတယ်။

နောက်ပြီး ကိုယ့်အဆိုပြုချက်ကို ငြင်းပယ်ခံရမှာ၊ အပြစ်ပြောခံရမှာ၊ ရှုံးမှာကိုလည်း လူတော်တော်များများ ကြောက်တတ်ကြပါသေးတယ်။ ဒါပေမဲ့ အဲ့ဒါတွေ အကုန်လုံးက လူများသူပြော  များသလောက်လည်း မဆိုးရွားပါဘူး။ ဘဝမှာတစ်ကွေ့မဟုတ် တစ်ကွေ့တော့ တွေ့ရမယ့် အရာတွေပါ။ ဒါကြောင့် ဆိုးဆိုးရွားရွားကြီး မကြောက်မိပါစေနဲ့။ ကိုယ် ဖြတ်ကျော်သွားနိုင်တဲ့ အနေအထားတစ်ခု၊ ခလုတ်ကန်သင်းတစ်ခုလို့ပဲ ယူဆပါ။

ဒီနေရာမှာ ကိုယ့်ကိုယ်ကို မဖြစ်မနေမေးရမယ့် မေးခွန်းက “ငါက ဘာကို ကြောက်တာလဲ။ ဘယ်လောက်အထိ အဆိုးရွားဆုံး ဖြစ်လာနိုင်သလဲ” ဆိုတဲ့ မေးခွန်းပါ။ အဆိုးရွားဆုံး အခြေအနေမှာတောင် ကိုယ်က ရှေ့ဆက်နိုင်မယ်လို့ယူဆရင်၊ ယုံ ကြည်ရင် အခုပဲ အားမွေးပြီး ရှေ့ကိုတိုးလိုက်ပါ။ 

၃။ ကိုယ့်လမ်းကိုယ်ထွင်ပါ…
သင်သွားမယ့်လမ်းမှာ ခက်ခဲတဲ့ ကိစ္စတော်တော်များများကို ကျော်လွှားပြီး ရှေ့ဆက်နိုင်မှ နောက်တစ်ဆင့်ကို တက်နိုင်မှာပါ။ ဒီလို လုပ်ဖို့က တစ်ယောက်နဲ့ တစ်ယောက် နည်းလမ်းခြင်း မတူနိုင်ပါဘူး။ သင်အသားကျနေတဲ့ Comfort Zone ရဲ့ အပြင်ဘက်မှာ ဘာရှိသလဲဆိုတာ ဘယ်သူမှ အတတ်မပြောနိုင်ပါဘူး။ ကိုယ်တိုင်ရုန်းထွက်ကြည့်မှ မြင်ရတွေ့ရကြုံရမယ့် ကိစ္စတွေပါ။ သူများတော့ သူ့ Comfort Zone က ရုန်းထွက်တုန်းက ဒါတွေကြုံရလို့ ကိုယ်တော့ဒါတွေပြင်ထားမယ် ဆိုပြီးလည်း ကြိုပြင်ထားလို့မရနိုင်ပါဘူး။ 

ကံဇာတာ ဆန်းလဂ်ကောင်းတွေက ကိုယ့်အိမ်တံခါးကို လာခေါက်တယ်ဆိုတာ ရှားပါးဖြစ်စဉ်တစ်ခုပါ။ အဲဒီ့ရှားပါးဖြစ်စဉ်ကို ထိုင်ပြီးစောင့်နေတာထက် ကိုယ့်ရဲ့ Comfort Zone ထဲက ကိုယ်တိုင်ရုန်းထွက်ပြီး ကံဇာတာ ဆန်းလဂ်ကောင်းတွေနဲ့ ပြေးသာတွေ့လိုက်ပါ။

၎။ ထပ်ခါ ထပ်ခါ ရင်ဆိုင်ကြည့်ပါ…
ကိုယ်ကြောက်တဲ့အရာတွေနဲ့ ဝေးရာမှာ နေမယ့်အစား၊ အဲဒီ့အရာတွေနဲ့ ထပ်ခါထပ်ခါ ရင်ဆိုင်တွေ့ကြည့်ပါ။ တစ်ခါထွက်ရင် ခြေတစ်လှမ်းနှုန်းနဲ့ ကိုယ့်ကိုယ်ကိုလေ့ကျင့်ပြီး အသားမကျမှုကို အသားကျအောင် လုပ်ပါ။ Gym မှာ ကြွက်သားတွေ တက်လာအောင်လေ့ကျင့်သလိုမျိုး ပေါ့။ အချိန်မှန်မှန် နဲ့ အချိန်ယူလေ့ကျင့်လို့ရပါတယ်။

ကိုယ့်အတွက် အသားမကျတဲ့အရာတွေနဲ့ တဖြည်းဖြည်း အသားကျလာပြီဆိုရင် သင့်အတွက်နောက်ထပ် Comfort Zone အသစ်တစ်ခုကို ရှာတွေ့တော့မှာ သေချာနေပါပြီ။ ဒီလိုနည်းနဲ့ပဲ ကိုယ့်ရဲ့ နယ်ပယ်ကို ချဲ့ထွင်ရင်း ကိုယ့်လမ်းကိုယ်ဖောက်ရင်း ဘ၀ရဲ့ ရည်မှန်းချက် အသစ်သစ်တွေဆီ အရောက်သွားနိုင်ကြဖို့ ဆန္ဒပြုလိုက်ရပါတယ်။
Ref: How to Take 4 Strategic Steps Outside of Your Comfort Zone by Nick Unsworth