Primary tabs

အောင်မြင်တဲ့လုပ်ငန်းရှင်တိုင်း ဘယ်လိုအရည်အချင်းတွေရှိရမလဲ…

လူတစ်ယောက်အောင်မြင်ဖို့ရာ ပထမဆုံးအဆင့်ကတော့ ကိုယ့်မှာ ဘာအရည်အချင်းတွေ ရှိထားပြီး ဘာအရည်အချင်းတော့ လိုအပ်နေလဲဆိုတာ သိဖို့ပါပဲ။ အတိုဆုံးပြောရရင်တော့ မညာတမ်း ကိုယ့်ကိုယ်ကို သိဖို့ပေါ့။  “ကိုယ့်မှာဘာတွေရှိပြီး ဘာတွေလိုလဲဆိုတာ ဘယ်လိုသိရမလဲ” ဆိုတဲ့ မေးခွန်းက အောင်မြင်ချင်သူတိုင်း ကိုယ့်ကိုယ်ကို မေးနေကျမေးခွန်းပါပဲ။ အမှန်တကယ် အောင်မြင်သူဖြစ်ချင်ရင် ကိုယ့်ကိုယ်ကို ပြည့်ဝအောင်အချိန်ပေးပြီး တည်ဆောက်ယူကြရပါတယ်။  ဒီဆောင်းပါးမှာတော့ အောင်မြင်တဲ့ လုပ်ငန်းရှင်တိုင်းမှာရှိရမယ့်အရည်အချင်း (၉) ခုအကြောင်းပြောပြထားပါတယ်။

၁။ ငွေကြေးစီမံခန့်ခွဲမှု အရည်အချင်း
စီးပွားရေးလုပ်ငန်းတစ်ခုကို ထိထိရောက်ရောက် အကျိုးရှိရှိလည်ပတ်ဖို့ဆိုရင်၊ သင်ဟာ ငွေကြေးကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်ရပါမယ်။ လတိုင်းလတိုင်းမှာ သင့်ငွေကြေးတွေ ဘယ်လို သွားလာလည်ပတ်နေလဲ ဆိုတာသိရဲ့လားဆိုတဲ့ မေးခွန်းနဲ့ ကုန်တဲ့စရိတ်ထက် သင်ပိုရှာနိုင်သလားဆိုတဲ့ မေးခွန်း နှစ်ခုကို အရင်ဆုံးမေးကြည့်ပါ။ မေးခွန်းနှစ်ခုလုံးအတွက် အဖြေက “ဟင့်အင်း” ဆိုရင်တော့ ကိုယ့်လုပ်ငန်းရဲ့ ငွေကြေးကို စီမံခန့်ခွဲဖို့ သင့်အတွက် ခက်ခဲပါလိမ့်မယ်။

အဖြေမရှိတော့ဘူးလားဆိုတော့ မဟုတ်ပါဘူး။ လေ့ကျင့်ယူလို့ရနိုင်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်ငွေကြေးကိုပဲ ဘယ်ဟာကို တော့ဖြင့်ဘယ်လိုသုံး၊ ဘယ်ဟာကတော့ လျှော့ စသဖြင့် အရင်ဆုံး စီမံခန့်ခွဲ လေ့ကျင့်ယူပါ။ ဒီအကျင့်နဲ့ တဖြည်းဖြည်း အသားကျလာရင် လုပ်ငန်းတစ်ခုလုံးရဲ့ ငွေကြေးကို စီမံဖို့ အဆင်ပြေလာပါလိမ့်မယ်။

၂။ ဖြစ်မြောက်အောင်လုပ်နိုင်တဲ့အရည်အချင်း
အကယ်၍များ သင်ဟာ အလုပ်တော်တော်များများကို ဖြစ်မြောက်အောင်မလုပ်နိုင်ဘူးဆိုရင်တော့ အောင်မြင်တဲ့ လုပ်ငန်းရှင် မဖြစ်နိုင်ပါဘူး။ ပျှမ်းမျှအားဖြင့် လုပ်ငန်းရှင်တစ်ယောက်ဟာ အဲ့လုပ်ငန်းရဲ့မှာရှိတဲ့ ၀န်ထမ်းတွေထက် အနည်းဆုံး တစ်ပတ်ကို (၁၂) နာရီလောက်ပိုပြီး အလုပ်လုပ်ကြရပါတယ်။ ကိုယ်အလုပ်လုပ်နေတဲ့နာရီတိုင်းဟာ ကိုယ့်လုပ်ငန်းကြီးထွားဖို့ စဉ်းစားကြံဆပြောဆိုညှိနှိုင်းနေခြင်း ဖြစ်ဖို့လိုပါတယ်။

အကယ်၍များသင်ဟာ ဖြစ်မြောက်အောင် အလုပ်မလုပ်နိုင်တဲ့သူဆိုရင်တော့ သူများနဲ့ ရလဒ်တူရဖို့ အချိန် (၂) ဆ ထပ်ပေးရနိုင်ပါတယ်။ ဒီနေရာမှာ တစ်ခုသိထားရမှာက အလုပ်ဖြစ်မြောက်အောင်လုပ်နိုင်တဲ့နည်းတွေက တစ်ယောက်နဲ့ တစ်ယောက် မတူညီကြဘူးဆိုတဲ့အချက်ပါပဲ။ ဒီတော့ ကိုယ်က ဘယ်ချိန်ဆို အလုပ်ဖြစ်အောင် လုပ်နိုင်တာလဲ။ မနက်အစောပိုင်းလား၊ ညမိုးချုပ် စိတ်အေးလက်အေးရှိမှလား၊ တိတ်ဆိတ်ငြိမ်သက်နေမှ အလုပ်ကောင်းကောင်းလုပ်နိုင်တာလား၊ အတင်းကာရော ပြီးပြည့်စုံအောင်ကြိုးစားရင်း အချိန်ဖြုန်းမိနေတတ်တာလားဆိုတာ သိဖို့ အရေးကြီးပါတယ်။

၃။ ကိုယ့်ကိုယ်ကို အမှတ်တံဆိပ်တစ်ခုလို တည်ဆောက်နိုင်တဲ့ အရည်အချင်း
အမြဲတမ်းခန့်ထားတာမျိုး မဟုတ်ဘဲ သက်တမ်းတစ်ခုနဲ့သာ ခန့်ထားတဲ့ရာထူး နေရာမျိုး၊ အချိန်အကန့်အသတ်နဲ့သာ လက်တွဲ လုပ်ကိုင်ခြင်းမျိုးတွေ အခုလို အချိန်မှာ ပိုပိုပြီး ပေါများလာနေတာပါ။ ဒီတော့ ရာထူးတစ်ခု အလုပ်တစ်ခုကို အမြဲအထိုင်ချပြီး ဆွေးမြေ့အောင် လုပ်ဖို့ဆိုတာ ခက်လာပြီး ကိုယ့်ကိုယ်ကို အမှတ်တံဆိပ်တစ်ခုလို တည်ဆောက်နိုင်ခြင်းက ကိုယ့်ရဲ့ လုပ်ခလုပ်စာဖြစ်လာပါတော့တယ်။ 

ကိုယ့်ကိုယ်ကို အမှတ်တံဆိပ်လို တည်ဆောက်ခြင်းမှာ ဘာတွေပါလဲဆိုရင်တော့ အလုပ်လုပ်လာတဲ့ သက်တမ်းတစ်လျှောက်မှာ ဂုဏ်သိက္ခာ ဘယ်လောက်ရှိလဲ၊ သင့်ကို သင့်ပတ်ဝန်းကျင်ကလုပ်ဖော်ကိုင်ဖက်တွေ၊ အလုပ်တွဲလုပ်နေတဲ့ သူတွေက ဘယ်လောက်ယုံကြည်လဲ၊ သင်က သူတို့အပေါ် ဘယ်လောက်လွှမ်းမိုးမှုရှိသလဲ၊ အွန်လိုင်းပေါ်မှာရော ဘာတွေ တင်နေလဲ စတဲ့အချက်တွေ အားလုံးကို ခြုံငုံကြည့်ပြီး သင့်ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ကို တန်ဖိုးသတ်မှတ်ကြပါတယ်။ သင့်ကိုယ်ပိုင်အမှတ်တံဆိပ်ကလည်း လုပ်ငန်းတွေရဲ့ အမှတ်တံဆိပ်လိုပဲ အချိန်ယူပြီး တည်ဆောက်ရတာမျိုးပါ။ ဒီလို ကိုယ်ကိုယ့်ကို အမှတ်တံဆိပ်လို ကောင်းကောင်းတည်ဆောက်ပြီးမှ လုပ်ငန်းလုပ်တယ်ဆိုရင်တော့ ယှဉ်ပြိုင်မှုများတဲ့ စီးပွားရေးပင်လယ်ထဲ သင်က ထင်ရှားနေမှာအသေအချာပါ။

၎။ အားသာချက် နဲ့ အားနည်းချက်ကို ကောင်းကောင်းသိတဲ့ အရည်အချင်း
လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာတာနဲ့ သင်ဟာ အရာရာတိုင်းမှာ ပိုကောင်းပိုတော်နေရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်အားသာချက်က ဘာလဲ၊ ကိုယ့်အားနည်းချက်က ဘာလဲဆိုတာကိုတော့ သိကိုသိဖို့ လိုအပ်ပါတယ်။ ဒါတွေကို ကောင်းကောင်းသဘောပေါက် နားလည်ထားပြီဆိုရင် တော့ အကောင်းဆုံး ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်တဲ့သူ ဖြစ်လာမှာပါ။ 

ဘယ်လိုနေရာတွေမှာ အကောင်းဆုံး ဆုံးဖြတ်ချက်တွေချနိုင်မှာလဲဆိုရင်တော့ ဘယ်သူတွေနဲ့ ဘယ်လို လက်တွဲလုပ်ကိုင်မလဲ၊ ဘယ်လို ဝန်ထမ်းတွေကို ခန့်ထားမှာလဲ၊ ဘယ်လိုစီးပွားရေးကို တစိုက်မတ်မတ်လုပ်မလဲစတဲ့ နေရာတွေမှာပါ။ ကိုယ့် အားသာချက်နဲ့ အားနည်းချက်ကိုသိပြီး ပြင်ပမှာ ဘယ်လိုအခွင့်အလမ်းတွေရှိလဲ၊ ဘယ်လို အန္တရာယ်တွေတော့ရှိလဲဆိုတာကို သိဖို့ ကိုယ်ကိုယ့်ကို SWOT Analysis လုပ်ကြည့်ပါ။

၅။  အလုပ်ဖြစ်တဲ့ ၀န်ထမ်းတွေကိုခေါ်ယူထားနိုင်တဲ့ အရည်အချင်း
ကိုယ့်မှာ ဘာအားနည်းနေလဲဆိုတာကို သိပြီဆိုရင် သင်အားနည်းနေတဲ့နေရာကို အားဖြည့်ပေးနိုင်မယ့်လူတစ်ယောက်ကို သင့်လုပ်ငန်းအတွက် မဖြစ်မနေ ခေါ်ယူရတော့မယ်ဆိုတာ သင်ကောင်းကောင်း သဘောပေါက်လာပါလိမ့်မယ်။ ဒါကြောင့် ၀န်ထမ်းကောင်းကောင်းကို ခေါ်ယူထားနိုင်တဲ့ အရည်အချင်းဟာလည်း လုပ်ငန်းရှင်တစ်ယောက်အတွက်အရေးပါတဲ့ အရည်အချင်းတစ်ခု ဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့လုပ်ငန်းတစ်ခုဟာ သူ့ကိုဖွဲ့စည်းထားတဲ့ဝန်ထမ်းတွေ ကောင်းရင်ကောင်းသလောက် ခရီးပေါက်နိုင်လို့ပါ။

သင့်လုပ်ငန်းမှာ ကောင်းတဲ့တော်တဲ့သူတွေကို ခေါ်ထားနိုင်ပြီဆိုရင် အဲဒါက လုပ်ငန်းရဲ့ အားသာချက်ဖြစ်လာတဲ့အပြင် တော်တဲ့ ကောင်းတဲ့လူတိုင်းက သင့်လုပ်ငန်းရဲ့ ဝန်ထမ်းဖြစ်ချင်လာတဲ့အထိ လုပ်ငန်းရဲ့ ဂုဏ်သိက္ခာကို တည်ဆောက်နိုင်ပါသေးတယ်။ 

၆။ အရောင်းပညာတတ်တဲ့အရည်အချင်း
ရောင်းတာများ ဘာခက်သလဲ၊ ကိုယ် မရောင်းတတ်လဲ ရောင်းတတ်တဲ့သူကို ခေါ်ခန့်ထားပြီး လုပ်ငန်းကိုလည်ပတ်လိုက်ရင် ပြီးတာပဲလို့ တွေးတဲ့ သူတွေ ရှိကောင်းရှိမှာပါ။ ကိုယ်ခေါ်ခန့်ထားတဲ့သူက ကောင်းကောင်းမရောင်းတတ်တဲ့သူ ဆိုရင်တော့ ပြဿနာရှိလာပါပြီ။ တည်ထောင်ခါစ လုပ်ငန်းလေးတွေ အရှုံးပေါ်သွားကြတယ်ဆိုတဲ့ အကြောင်းတရားကလည်း ဒါပါပဲ။ 

ရောင်းတတ်ဖို့ဆိုတာ တကယ်တော့ ခက်ခဲတဲ့အလုပ်တစ်ခုပါ။ လုပ်ငန်းရှင်တစ်ယောက်ဟာ အရောင်းပညာတတ်ဖို့ လိုပါတယ်။ အရောင်းပညာဟာ ကိုယ့်ကုန်ပစ္စည်းကို၊ ကိုယ့်ဝန်ဆောင်မှုကို တစ်ဖက်လူဆီရောင်းလိုက်နိုင်တယ်ဆိုတာထက် အများကြီးပိုကျယ်ပြန့်ပါတယ်။ ကိုယ့်လုပ်ငန်းကို ငွေကြေးရင်းနှီးဖွယ်ရှိတဲ့ မြှုပ်နှံသူတွေကိုလည်း ကိုယ်လုပ်ငန်းရဲ့ သဘောထား ခံယူချက်တွေကို ရောင်းတတ်ဖို့လိုသလို၊ အရည်အချင်းအရှိဆုံးလူ တွေကိုယ့်လုပ်ငန်းရဲ့ ၀န်ထမ်းတွေဖြစ်လာဖို့လည်း  ကိုယ့်လုပ်ငန်းဟာ ဘယ်လိုလုပ်ငန်းဖြစ်ကြောင်း ဘာတွေအားသာကြောင်းရှင်းပြရင်း ကိုယ့်လုပ် ငန်းကို  ရောင်းတတ်ဖို့ လိုတယ်။ အရောင်းပညာ ကောင်းကောင်းတတ်တယ်ဆိုတာက ပစ္စည်းတစ်ခု ရောင်းနိုင်တာကို ဆိုလိုတာမဟုတ်ပါဘူး။ အဖြေတစ်ခုကို လက်ဦးမှုရဖို့ ဘယ်လိုလုပ်မလဲဆိုတာ ကောင်းကောင်းသိခြင်းသာဖြစ်ပါတယ်။ 

၇။ ဈေးကွက် အကောင်အထည်ဖော်တတ်တဲ့ အရည်အချင်း
လုပ်ငန်းတစ်ခုကို တည်ထောင်ထားတဲ့လုပ်ငန်းရှင်ဖြစ်ပြီဆိုတာနဲ့ လုပ်ငန်းရဲ့ ဋ္ဌာနတိုင်းမှာ သင်ပါဝင်ဖို့ လိုအပ်လာပါပြီ။ အဲဒီတော့ အခု လောလောဆယ် ဘယ်လို ဈေးကွက်ပညာတွေက ခေတ်စားနေတာလဲ၊ သူများတွေက ဈေးကွက်ကို ဘယ်လို ထိုးဖောက်နေသလဲဆိုတာတွေ အခြေခံအား ဖြင့်တော့ သိထားရမှာပါ။ 

ကျွန်တော်ကတော့ဖြင့် ဈေးကွက်ပညာနဲ့ ရင်းကိုမရင်းနှီးဘူးဆိုတာ နဲ့ ရပ်ထားလို့မရပါဘူး။ မရင်းနှီးလည်း ရင်းနှီးအောင်လုပ်ပြီး မသိရင်လည်း သိအောင်လုပ်သင့်ပါတယ်။ ဈေးကွက်ပညာနဲ့ သက်ဆိုင်တဲ့ နည်းစနစ်တွေ၊ လမ်းညွှန်ချက်တွေက ပုံလိုအောလို့ပါ။ အဲဒါတွေကို သိထားမှ သတ်မှတ်ထားတဲ့ စရိတ်အတွင်း ကိုယ့်ဈေးကွက်ကို ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာကို တွေးယူနိုင်မှာပါ။

၈။ အရှုံးကို ရင်ဆိုင်နိုင်တဲ့ အရည်အချင်း
ကိုယ့်လုပ်ငန်းအောင်မြင်လာတဲ့အခါ၊ ဒါဟာ တစ်သမတ်တည်းမသွားဘူးဆိုတာ သိထားဖို့ လိုပါတယ်။ လုပ်ငန်းရှင်တစ်ယောက်အဖို့  လုပ်ငန်းရဲ့ အတက်အကျတိုင်းမှာ ဘယ်လို ရင်ဆိုင်ဖြတ်သန်းမယ်ဆိုတာ ကောင်းကောင်း သိရပါမယ်။ ရှုံးနိမ့်သွားချိန်မှာ၊ အရှုံးကို ခဏဖယ်ထားပြီး နောက်တစ်ကြိမ် ဒီ့ထက်ကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာ သေချာအာရုံစိုက်နိုင်ရမှာပါ။ အဲဒီလို အရှုံးကလည်း ကိုယ့်ဆီတစ်ခေါက်ပဲလာမယ်လို့ အာမခံမထားလို့၊ သင်နဲ့ အရှုံးနဲ့ ငြိမ်းချမ်းရေးရတဲ့အထိ အကြိမ်ကြိမ်ရောက်လာနိုင်ပါသေးတယ်။

အောင်မြင်သူတိုင်းဟာ အောင်မြင်တဲ့ နေရာကိုရောက်ဖို့ အရှုံးကို အကြိမ်ကြိမ် ကျော်ဖြတ်ခဲ့ကြရတာပါ။ သင့်ရဲ့ လုပ်ငန်းသွားရမယ့် ခရီးရှည်ကြီးမှာ အရှုံးဟာ အဆုံးသတ်မဟုတ်ဘူးဆိုတာ သိထားဖို့လိုပါတယ်။ ဒါဟာ သင်ယူရင်းကျော်ဖြတ်သွားရမယ့် အခြေအနေတစ်ခုဖြစ်သာဖြစ်ပါတယ်။ အောင်မြင်တဲ့ လုပ်ငန်းရှင်ဖြစ်ချင်ရင် အရှုံးကို ရင်ဆိုင်နိုင်တဲ့ အကျင့်တစ်ခု မွေးယူထားရပါမယ်။

၉။ သင့်ဝန်းကျင်ကို တိုးတက်အောင်လုပ်နိုင်တဲ့ အရည်အချင်း
စီးပွားရေးမှာ အောင်မြင်ရတဲ့ အကောင်းဆုံးနည်းကတော့ သင့်ဝန်းကျင်ကို အကောင်းဘက်ကပြောင်းလဲပေးနိုင်ခြင်းပါ။ ဒီလိုပြောလို့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့၊ ငတ်မွတ် ခေါင်းပါးမှုတွေကို အဆုံးသတ်ဖို့ စတာတွေလို ကြီးကြီးကျယ်ကျယ်တွေကို ဆိုလိုတာမဟုတ်ပါဘူး။ 

သင့်ဝန်းကျင်မှာ နေ့စဉ်ခက်ခဲနေတဲ့အရာလေးတစ်ခုက သင့်ထုတ်ကုန်တစ်ခုကြောင့် အချိန်ကုန်သက်သာ၊ လူသက်သာသွားတယ်ဆိုတာမျိုး။ တန်ဖိုးအစစ်အမှန်ဆိုတာက သူများတွေ အကြိမ်ကြိမ်ရှုံးနိမ့်နေတဲ့ အရာကို ကိုယ်လုပ်ငန်းက ပိုကောင်းအောင်မြင်အောင်လုပ်နိုင်တဲ့ အခြေအနေပါပဲ။ သင့်လုပ်ငန်းကို ဒီလို ဦးတည်ပြီးသွားမယ်ဆို ဘယ်လို အခက်အခဲပဲ ကြုံကြုံကျော်လွှားသွားမယ့်နည်းလမ်းကို ရှာဖွေပြီး ပန်းတိုင်ဆီအရောက်သွားနိုင်ဖို့ တွန်းအားရသွားမှာပါ။

ကဲ… အထက်မှာ ဖော်ပြထားတဲ့ အရည်အချင်းတွေကြည့်ပြီး များပြားလိုက်တာလို့ ကြောက်လန့်မသွားပါနဲ့။ အောင်မြင်တဲ့ လုပ်ငန်းရှင်ဖြစ် ဖို့ ပထမဆုံးအဆင့်က သင့်မှာ ဘာအရည်အချင်းတွေရှိပြီး ဘာအရည်အချင်းတွေတော့ ဖြည့်ဖို့လို သေးတာလဲဆိုတာ နားလည်ဖို့ပါ။ ဖော်ပြထားတဲ့ အရည်အချင်းတွေ အားလုံးက သင်ယူတတ်မြောက်နိုင်လို့၊ ကိုယ့်မှာ လိုအပ်နေတာကို သိတာနဲ့ အဲဒါကို သင်ယူဖို့ အချိန်ပေးပါ။ လုပ်ငန်းကို အောင်မြင်စွာ လည်ပတ်နိုင်သူများဖြစ်ကြပါစေ။
Ref: 9 Skills Every Successful Entrepreneur Needs by Kimberly de Silva