Primary tabs

အမျိုးသမီးတွေ ခေါင်းဆောင်မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောသလဲ…

မေလ ရဲ့ ဒုတိယတနင်္ဂနွေမှာ အမေများနေ့ကို ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ပြုလုပ်ကြတော့ ဒီကဏ္ဍကနေလည်း အမျိုးသမီးတွေအ ကြောင်း ပြောချင်မိတော့တယ်။  ခေါင်းဆောင်တွေဟာ အမျိုးသားတွေ အဖြစ်ပဲမွေးဖွားလာတာမဟုတ်ဘူးလို့ လက်ခံတယ်ဆိုရင် ဒီဆောင်းပါးကို ဆက်ဖတ်လို့ရပါပြီ။ သန်းပေါင်းများစွာသော အမျိုးသမီးတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်း အလုပ်ခွင်ထဲကို ဝင်ရောက်ပြီး ဦးနှောက်တွေ၊ ဝီရိယတွေသုံးလို့ သူတို့ရဲ့အလုပ်ချိန်တွေကို ကျော်ဖြတ် ခဲ့ကြပေမဲ့ သူတို့တွေထဲက အချို့အချို့သာ အဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ခွင့်ရှိတဲ့ ဦးဆောင်ခွင့်ရှိတဲ့ ထိပ်ပိုင်းနေရာကို ရောက်လာခဲ့ကြပါတယ်။ အရည် အချင်းရှိတဲ့ အမျိုးသမီးတိုင်း ဒီလိုအခွင့်အရေးကို မရခဲ့ကြပါဘူး။ ဘာကြောင့်ပါလဲ။ အဖွဲ့အစည်း တော်တော်များများဟာ အမျိုးသမီးတွေရဲ့ ဦးဆောင်နိုင်စွမ်းကိုထောက်ပံ့ပေးနိုင်တဲ့ သင်တန်းစတာတွေကို ထောက်ပံ့ပေးဖို့ အားနည်းခဲ့ကြပါ တယ်။ ဒီလိုသင်တန်းတွေကရတဲ့ အသိပညာ ဗဟုသုတတွေဟာ သူမတို့တတွေ လေဟုန်မှာ ပျံဝဲတက်နိုင်ဖို့ များစွာအကူအညီပေးနိုင်ပါတယ်။ နောက်ထပ် အကြောင်းရင်း တစ်ခုလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ လူမှုရေးအစုအဝေးတွေမှာ အမျိုးသမီးတွေထက် အမျိုးသားတွေက ပိုပြီး ရှေ့ထွက်လို့ကောင်းတယ်ဆိုတဲ့ ရှေးကျတဲ့လူမှုစံသတ်မှတ်ချက်တွေကြောင့်ပါ။ အဲဒီ့စံသတ်မှတ်ချက်တွေနဲ့လည်း အမျိုးသမီးတွေဟာ နေ့စဉ်နဲ့အမျှ ရုန်းကန်နေရပါတယ်။ 

တကယ့်ခေါင်းဆောင်တွေဟာ မွေးကတည်းက သန္ဓေပါလာသလား၊ လုပ်ယူလို့ရသလားဆိုတဲ့ မေးခွန်းကိုလည်း လူမှု သိပ္ပံပညာရှင်တွေ နှစ်ပေါင်းများစွာ ငြင်းခုန်လာခဲ့ကြပါတယ်။ လေ့လာချက်တွေမှာတော့ တကယ့် ခေါင်းဆောင်တွေဟာ သဘာဝအားဖြင့်ကိုက သြဇာရှိတယ်၊ ဆွဲဆောင်နိုင်တဲ့ အရည်အချင်းရှိတယ်၊ လွယ်လွယ် နဲ့ အလျော့မပေးဘူး၊ အမြင်ရှိတယ်၊ နောက်ပြီး ဒုက္ခသုက္ခတွေကို ကြံ့ကြံ့ခံနိုင်ကြပါတယ်တဲ့။ အဲဒီတော့ အကယ်၍များ သင်ဟာ သမားရိုးကျအား ဖြင့် အရပ်ရှည်ရှည်၊ ရုပ်ရည်သန့်သန့်၊ တက်တက်ကြွကြွ၊ စကားပြောကောင်းပြီး အစုအဖွဲ့နဲ့ နေတတ်သူမဟုတ်ဘူးဆိုရင် ခေါင်းဆောင်တစ်ယောက် မဖြစ်နိုင်တော့ဘူးပေါ့။ ဝမ်းနည်းစရာပါပဲ။ ခေါင်းဆောင်ကောင်း ဆိုတာ လုပ်ယူလို့မရဘူးလို့ ဆိုထားတာကိုး။

အဲဒီ့ အယူအဆဟောင်းကို ပျောက်ပျက်စေမယ့် ခေတ်သစ် လေ့လာချက်တွေကတော့ ခေါင်းဆောင်ကောင်းဆိုတာ လုပ်ယူလို့လည်းရပါတယ်တဲ့။ နောက်ပြီး အမျိုးသမီးတွေအတွက် ကောင်းတဲ့ အချက်က ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ အဓိကအချက်တွေဖြစ်တဲ့ စိတ်ရှည်တတ်ဖို့၊ ကိုယ်ချင်းစာတတ်ဖို့၊ စိတ်ကိုဖွင့်ထားဖို့၊ နားထောင်တတ်ဖို့ စတာတွေကို အရွယ်ငယ်ငယ်က တည်းက လေ့ကျင့်ယူလို့ရပါတယ်လို့ ဆိုတယ်။ နယ်ပယ်တိုင်းမှာ ဦးဆောင်နေတဲ့ အမျိုးသမီးတော်တော်များများမှာတော့ အထက်မှာဖော်ပြထားတဲ့ အရည်အချင်းတွေ ရှိနှင့် ပြီးသားပါ။ သို့သော်လည်း အမျိုးသမီးတော်တော်များများမှာ ရှိတဲ့ မကောင်းမြင်စိတ်နဲ့ ကိုယ့်ကိုယ်ကို ကန့်သတ်တဲ့အကန့်အသတ်တွေက အမျိုးသမီးခေါင်း ဆောင်တွေကို မွန်းကြပ်စေတတ်ပါတယ်။ နေ့စဉ်ဘဝရဲ့ တာဝန်တွေနဲ့ ကိုယ့်စိတ်ကူးအတိုင်း စီးမြောလုပ်ကိုင်ချင်တဲ့ အရာနှစ်ခုကြားမှာလည်း လွန်ဆွဲနေတတ်ပါတယ်။ ထူးထူးခြားခြားအမြင်ရှိတဲ့ ခေါင်းဆောင်ဖြစ်ဖို့ ကိုယ့်ကိုယ်ကို လေ့ကျင့်ယူခြင်းဟာ အဖွဲ့အစည်းကို ဦးဆောင်တဲ့နေရာမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေဖို့အတွက် မရှိမဖြစ်တဲ့အရည်အချင်း တစ်ခုပါ။ 

အဲဒီလို လေ့ကျင့်ယူနိုင်ဖို့ အဆင့် (၇) ဆင့်ကို အောက်မှာ ဖော်ပြသွားမှာပါ။ အဆုံးထိအောင် ဖတ်ကြည့်တဲ့အခါ စိတ်ကူးတစ်ခုတော့ရမှာ အသေအချာပါ။

၁။ အတိတ်မှာ ဖြတ်သန်းခဲ့ရသမျှဟာ သင့်အတွက် လမ်းညွှန်တစ်ခုပါ။
ဒါဟာ သင်လုပ်ကြည့်နိုင်တဲ့ အရိုးရှင်းဆုံး အဆင့်တစ်ခုပါ။ စိတ်ကူးအသစ်တစ်ခု ဒါမှမဟုတ် ထူးထူးခြားခြားဖြစ်စေမယ့် အရာတစ်ခုကို စဉ်းစားမယ်ဆိုရင် အရင်တုန်းက ဘယ်လိုစိတ်ကူးစရခဲ့သလဲ၊ ဘယ်လို ဈာန်ဝင်စားခဲ့သလဲဆိုတာ အချိန်
ပေးပြီးပြန်စဉ်းစားကြည့်ပါ။ စေ့စေ့တွေးရင် ရေးရေးပေါ်လာတာ ဓမ္မတာပါ။ အတိတ်ကို အချိန်ပေး စဉ်းစားရင်း လက်ရှိမှာရသမျှအချက်အလက်တွေပေါ်မူတည်ပြီး တွက်ချက်ခန့်မှန်းရင်း အဖြေတစ်ခုရလာနိုင်ပါတယ်။ မယုံရင် စမ်းကြည့်ပါ။ 

၂။ မရနိုင်ဘူးလို့ ဘယ်တော့မှမပြောပါနဲ့။
သူမတူတဲ့ ဖန်တီးတတ်တဲ့အတွေးဆိုတာ ညာဘက်ဦးနှောက်က တွေးတောတာပါ။ အဲဒီ့အကျင့်ကို ပြုစုပျိုးထောင်တဲ့ နေရာမှာ အောင်မြင်မှာပါဆိုတဲ့ စိတ်ကိုပဲ ထည့်ထားပါ။ ဆိုလိုတာက မရနိုင်တော့ဘူးထင်တယ်၊ မဖြစ်နိုင်တော့ဘူးထင်တယ်ဆိုတဲ့ အဆိုးမြင်တဲ့ အတွေးနဲ့စိတ်ကို ဖယ်ထားဖို့ပါ။ အဲဒီ့အဆိုးမြင်တဲ့ အတွေးကို ဖယ်ထားနိုင်မှ စိတ်ကူးအသစ် အကြံဥာဏ်အသစ်ဆိုတာ ရလာမှာပါ။ အမြဲသိထားဖို့က စိတ်ဆိုတာ သဘာဝအားဖြင့် အဆိုးကိုလည်း မတိမ်း၊ အကောင်းကိုလည်း မယိမ်းတဲ့ မျှခြေမှာပဲရှိတာမို့ အဆိုးကိုဖယ်ထုတ်ပြီး အကောင်းကို ကျင့်ယူလို့ရပါတယ်။ ရကိုရရမယ်ဆိုတဲ့ စိတ်ဆုံးဖြတ်ထားရင် အဲ့အတိုင်းလိုက်လုပ်လေ့ရှိပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ရရမယ်၊ ဖြစ်ရမယ်ဆိုတဲ့ စိတ် လေ့ကျင့်ထားရင် မရဘူးဆိုတာ မတွေးတော့ပါဘူး။ မရနိုင်ဘူး၊ မဖြစ်နိုင်ဘူးဆိုတဲ့ စိတ်ရှိနေမယ်ဆို အဲ့အတိုင်းဖြစ်သွားပါလိမ့်မယ်။ အဖြစ်မခံပါနဲ့။

၃။ ကိုယ့်ပင်ကိုသိကို ယုံကြည်ပါ။
အမျိုးသမီး တော်တော်တော်များများမှာ အမျိုးသားတွေနဲ့ ကွဲပြားတဲ့ အာရုံခံနိုင်စွမ်း၊ လေ့လာနိုင်စွမ်း၊ ခံစားနိုင်စွမ်း ရှိပါတယ်။ အဲဒီ့အစွမ်းဟာ အမျိုးသမီးတွေမှာသာရှိတဲ့ ထူးဆန်းအံ့သြဖွယ်ေ ကာင်းတဲ့ အရည်အချင်းပါ။ အဲဒီတော့ ကိုယ်သာ 
ပိုင်တဲ့ ကိုယ့်ရဲ့ ဆဋ္ဌမ အာရုံကို ယုံပါ။ ဆဋ္ဌမ အာရုံဖြစ်လာပြီဆို ကိုယ်ဘယ်လိုခံစားရလဲ၊ ဘယ်လို ပြောင်းလဲလာလဲ သတိထားစောင့်ကြည့်ပါ။  အဲဒီ့အတိုင်း ဖြစ်လာသလားဆိုတာ လေ့လာသုံးသပ်ပါ။ သင့်အတွက် အကျိုးမယုတ်ဘူးဆိုတာ သိလာပါလိမ့်မယ်။

၎။ စည်းဘောင်တွေကိုလည်း ကိုယ်လိုသလို ပြောင်းပစ်ဖို့ မတွန့်ပါနဲ့။
အမျိုးသမီးတော်တော်များများဟာ လူမှုဘောင်မှာ စည်းဘောင်တွေကို မချိုးဖောက်ဖို့၊ စနစ်အတွင်းမှာပဲနေဖို့ ဖိအားပေးခံရလေ့ရှိပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ သူ့ဝန်းကျင် မှာ သိသမျှကို ပြောလွန်းရင်၊ ရည်မှန်းချက် ကြီးလွန်းရင်၊ လွယ်လွယ်လက်မခံဘဲ ပြန်ပြန်ထောက်လွန်းရင်၊ သိပ်တော်လွန်းရင် မသင့်လျော်ဘူးလို့ အမြင်ခံရတတ်ပါတယ်။ ဒါပေမဲ့ အဲဒီ့ စည်းဘောင်တွေကို ကြောက်မနေပါနဲ့။ ကျော်သင့် ကျော်၊ ပြောင်းသင့်ပြောင်းပစ်လိုက်ပါ။ ကိုယ့်စိတ် ကူးတွေ၊ လုပ်ဆောင်ချက်တွေက ထူးခြားကောင်းမွန်ဖို့ မေးခွန်းတွေမေးဖို့ မတွန့်ပါနဲ့။ ထို့အတူ နေမြဲအတိုင်း အလိုက်သင့်နေလို့တဲ့ စိတ်ကိုဖျောက်ပစ်ဖို့လည်း မတွန့်ပါနဲ့။ အယူအဆဟောင်းတွေကို စိန်ခေါ်ချင်စိတ်ရှိတဲ့အခါ တိုးတက်မှုနဲ့ ဖန်တီးမှုကိုပြုလုပ်ဖို့ အခွင့်အရေးက သင့်အတွက် ဖြစ်လာမှာပါ။ ဒီလောကမှာ ကိစ္စတော်တော်များများက ကောင်းဖို့အတွက်ပြောင်းလဲပစ်ရတာပါ။

၅။ အခွင့်အရေးကို ရအောင်ယူပါ။
နေမြဲအတိုင်းနေလိုတဲ့စိတ်ထဲ ပိတ်မိနေရင် စိတ်ကူးအသစ် လုပ်ဆောင်မှုအသစ်တွေဆီသွားဖို့ သင့်မှာ အဆင်သင့် မဖြစ်နိုင်ပါဘူး။ အခွင့်အရေးတစ်ခုပေါ်လာရင် ရအောင်ယူမလား ဒါမှမဟုတ် လက်လွှတ်လိုက်မလား။ သင်စဉ်းစားစရာ ဒီ နှစ်မျိုး တည်းရှိတာပါ။ အိပ်မက်အကြီးကြီး မမက်တတ်ရင်တော့ အောင်မြင်မှုကြီးကြီးမားမားက ဘယ်တော့မှ သင့်ဆီ ရောက်မလာပါဘူး။ စိတ်ကူးအသစ်၊ လုပ်ဆောင်မှုအသစ်ဆိုတာ လက်ရှိမှာ ဖြစ်နေတဲ့ နည်းလမ်းတွေ၊ လုပ်ဆောင်ချက်တွေကနေ ကွဲထွက်တဲ့အရာကို ဆိုလိုတာပါ။  အခွင့်အရေးကို ရအောင်ယူပြီး ရှုံးချင်ရှုံးပါစေဆိုပြီး လုပ်ချလိုက်ပါ။ တချို့ တချို့သော အောင်မြင်မှုတွေက အရှုံးကနေ မွေးဖွားလာရတဲ့အရာတွေပါ။

၆။ ဗဟုသုတ များသထက်များပါစေ။
စိတ်ကို ဖြန့်ကျက်ထားဖို့၊ ကိုယ့်အတွေးတွေ အသစ်ဖြစ်နေဖို့ နောက်ထပ် ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုက အနုပညာ၊ ဂီတ နဲ့ သမိုင်းကို ထိတွေ့နေဖို့ပါ။ အဲဒီ့အရာတွေထဲမှာ မတူညီတဲ့ ဓလေ့ထုံးတမ်းတွေ၊ ယုံကြည်ကိုးစားမှုတွေ၊ စီးပွားရေးတွေ၊ အဖွဲ့အစည်းတွေနဲ့ လူတွေအကြောင်း ပါဝင်နေပါတယ်။ ဒါတွေကို များသထက်များအောင် သိထားရင် သင့် အတွက် စိတ်ကူးသစ်တွေဆန့်ထုတ်နိုင်ဖို့ အများကြီး အထောက်အကူဖြစ်နိုင်ပါတယ်။ နောက်ပြန်မဆွဲတတ်တဲ့ အတွေးရှိသူတွေဟာ ရင်းမြစ်အစုံကနေ ဗဟုသုတယူဖို့ အမြဲဆာ လောင်နေတတ်သူတွေပါ။

၇။ ဦးနှောက်ကို ဖန်တီးချိန်လေးပေးပါ။
ဦးနှောက်ဆိုတာ ဖျစ်ညှစ်စဉ်းစားလေ မထွက်လေဆိုတဲ့အထဲ ပါတယ်ဆိုတာမမေ့ပါနဲ့။ သင့်တစ်နေ့တာဟာ ပူပန်သောကတွေ၊ ပြဿနာသေးသေးကြီးကြီးတွေ၊ တက်ရောက်ရမယ့် ပွဲလမ်းသဘင်တွေနဲ့ပဲ ပြည့်နှက်နေမယ်ဆိုရင် စိတ်ကူးသစ် အကြံဥာဏ်သစ်တွေ ထွက်ဖို့ ဘယ်လိုမှ မျှော်လင့်လို့မရနိုင်ပါဘူး။ သူ့မှာ နေရာလပ်မှ ရှိမနေတာ။ အဲဒီတော့ နေ့တစ်နေ့မှာ သင့်အတွက် အလတ်ဆတ်ဆုံး အချိန်တစ်ချိန်ရှိပါလိမ့်မယ်။ အဲဒီ့အချိန်မှာ အချိန်အတိုင်းအတာလေး တစ်ခု ပေးပြီး ဦးနှောက်ကိုအားဖြည့်ပေးနိုင်မယ့်အရာလေးတွေထိတွေ့ရင်း၊ အေးအေးလူလူ စဉ်းစားခန်းလေးဝင်ရင်း စိတ်ကူးသစ်တွေ ကြံဆနိုင်ပါတယ်။

ဖော်ပြထားတဲ့ အဆင့်လေးတွေကို အမျိုးသမီးလေးတွေ ငယ်စဉ်ကနေ အရွယ်ရောက်တဲ့အထိ လေ့ကျင့်ပေးမယ်ဆို အရည်အသွေးပြည့်ဝတဲ့ အဖွဲ့အစည်းတွေကို ဦးဆောင်နိုင်တဲ့ အမျိုးသမီးခေါင်းဆောင်ကောင်းတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်က ခေါင်းဆောင်နေရာကို ရောက်ထားပြီးသားဆိုရင်တော့ အဆင့် (၇)ဆင့်ထဲက ကိုယ့်အတွက် လိုအပ်တာကို ယူသုံးရင်း အောင်မြင်တဲ့ အမျိုးသမီးခေါင်းဆောင်တွေဖြစ်ကြဖို့ ဆန္ဒပြုလိုက်ပါတယ်။
Ref: Who Says Women Can't Be Leaders?  By Areva Martin