Primary tabs

စိတ်တူကိုယ်တူတို့ရဲ့ နံ ရိုးပိုင်ရှင်အကြောင်း

K2O
Photo - LMN
Makeup & Hair - Arkar Kyaw(Ko Mar)

ဂီတအနုပညာကို ရင်ဘတ်ထဲကခံစားချက်အတိုင်း လိုက်ပါလုပ်ဆောင်တတ်တဲ့၊ သူ့သီချင်းတွေ ပရိသတ်ပါးစပ်ဖျားမှာရှိနေပေမဲ့ သူ့ရဲ့ပင် ကိုယ်အနေအေးတဲ့စိတ်ကြောင့် သီချင်းနဲ့လူနဲ့ မတွဲမိတတ်ကြတဲ့ တေးသံ ရှင် ကောင်းကောင်း...၊ အသံချိုချိုအေးအေးလေးနဲ့ ခံစားချက်ပါပါ သီချင်းလေးတွေသီဆိုတတ်သူ၊ သူမရဲ့တစ်ကိုယ်တော်ခွေမှာ တစ်ခွေနဲ့တစ်ခွေ ပုံစံလေးတွေမတူအောင် ပရိသတ်အတွက် အကောင်းဆုံးပေးဆပ်ထား တဲ့ တေးသံရှင် အိုင်ရင်းဇင်မာမြင့်... သူတို့နှစ်ဦးရဲ့ ထွက်ရှိထားပြီးဖြစ်တဲ့ နံရိုးပိုင်ရှင် စုံတွဲတေးစီးရီးအကြောင်းနဲ့အတူ သူတို့နှစ်ဦးရဲ့ အနုပညာလှုပ်ရှားမှုများအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ အခုထွက်ထားတဲ့ နံရိုး
ပိုင်ရှင်ဆိုတဲ့ စုံတွဲခွေလေးကို ဘယ်အချိန်လောက် ကတည်းက အချိန်ယူပြီး ပြင်ဆင်ခဲ့ရလဲဆို တာကို ပြောပြပေးပါဦး။
အိုင်ရင်း    - ၂၀၁၄လောက်ကတည်းက စပြီးတော့ပြင်ဆင်ခဲ့တာ ၂၀၁၅ မှာ ထွက်ဖို့အတွက် ဆိုပြီးတော့ပါ။ အဲဒီလိုပြင်ဆင်ရင်းနဲ့ပဲ အချိန် မလောက်တာရယ်၊ သီချင်းတွေကိုလည်း သိပ်မကျေနပ်သေးတာ ရယ်၊ ပြန်လဲချင်တာရယ်နဲ့ပဲ ၂၀၁၅မှာ ထွက်ဖို့အတွက် မမီလိုက်ဘူး။ အဲဒီလိုလုပ်ရင်းနဲ့ ခဏရပ်သွားပြီးတော့ ၂၀၁၅နှစ်ကုန်ပိုင်းလောက်မှာ ပြန်လုပ်ပြီး ၂၀၁၆ မှာတော့ ထွက်နိုင်အောင် ကြိုးစားဖို့ မေမေက လည်းပြောတယ်။ အဲဒီလိုနဲ့ သီချင်းတွေ တချို့ပြန်ပြောင်းလိုက်ရတာလေးတွေနဲ့ ၂၀၁၆ ဖေဖော်ဝါရီလထဲမှာ ထွက်လာနိုင်ခဲ့တာပါ။

ဒီခွေလေးက Audio CD ဆိုတော့ VCD အ တွက်ရော ဘယ်တော့လောက် ထွက်မယ်လို့ မှန်း ထားလဲ။
အိုင်ရင်း    - အခုလောလောဆယ်တော့ VCD ကို စပြီးမရိုက်ရသေးဘူး။ ၁၀ ပုဒ်လုံးက စုံတွဲသီချင်းလေးတွေဖြစ်တဲ့အတွက် Music Video အနေနဲ့ဆိုရင်တော့ သရုပ်ဆောင် မင်းသား၊ မင်းသမီးရောပါမှ ဖြစ်မယ့်ပုံစံမျိုးဆိုတော့ နည်းနည်းတော့ ကြန့်ကြာလိမ့်မယ်လို့ ထင်ပါတယ်။ အိုင်ရင်း စဉ်းစားတာကတော့ Live Show ပုံစံလေးကို ပရိသတ်မြင်နေကျပုံစံမျိုးမဟုတ်ဘဲ တင်ဆက်မှုပြောင်းလဲပြီးတော့လည်း ပရိသတ်ကိုပေးချင်တယ်လို့တော့ စဉ်းစားမိပါတယ်။   
ဒီခွေလေးထဲမှာ အကောင်းဆုံးကြိုးစားပြီး ပရိသတ်အတွက် လုပ်ထားတယ်ဆိုတော့ အားရတဲ့အပိုင်းလေးတွေ နောက်ပြီး တနည်းနည်းနဲ့ဖြစ်ဖြစ် သိပ်အားမရတဲ့ အပိုင်းမျိုးတွေ ဖြစ်ခဲ့တာရှိသေးလား။
ကောင်းကောင်း    - အားရတာကတော့ အဲဒီထဲက Track 2 အပုဒ် စိတ်တူကိုယ်တူဆိုတဲ့ သီချင်းလေးရယ်၊ နံရိုးပိုင်ရှင် သီချင်းလေးတွေကို အရမ်းအားရတယ်။ ဒီထဲမှာ အရင်ဆိုနေကျပုံစံ မဟုတ်တဲ့ သီချင်းအမြူးလေးတွေ၊ R & B ပုံစံလေးတွေနဲ့ ပရိသတ်ကိုလည်း သေသေချာချာလေးချပြချင်တဲ့အတွက် ကြိုးစားထားပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်ပြန်နားထောင်တဲ့အခါမှာတော့ ကိုယ့်ဘာသာကိုယ် နည်းနည်းလိုအပ်ချက်လေးတွေရှိတယ်လို့ ထင်မိတယ်။  VCD ပြန်ရိုက်တဲ့အချိန်ကျရင်တော့ Audio ပိုင်းဆိုင်ရာကို နည်းနည်း ပြန်ပြုပြင်ပြောင်းလဲဖို့ ရှိပါတယ်။ တချို့ဟာလေး တွေ Audio ပိုင်းနဲ့ ပတ်သက်လို့ စိတ်ထဲမှာ နည်းနည်းသိပ်ကျေနပ်မှု မရှိတာလေးတွေ  ရှိတဲ့အတွက်ပါ။
အိုင်ရင်း    - အိုင်ရင်းအနေနဲ့ကတော့ အိုင်ရင်းအလုပ်လုပ်တဲ့အပေါ်မှာ ဒီနေ့အလုပ်လုပ်တယ်ဆို ဒီနေ့အတွက် အကောင်းဆုံးဖြစ်အောင် လုပ်ပါတယ်။ အဲဒီလိုဆိုတော့ ဒီခွေထဲမှာ ၁၀ ပုဒ်စလုံး ကျေနပ်တယ်။ ကိုယ်လုပ်ထားတဲ့အပေါ်မှာ ကိုယ်မကြိုက်ဘူးဆိုတာမျိုး မရှိခဲ့ပါဘူး။

 

ဖြတ်သန်းခဲ့တဲ့ ဂီတခရီးမှာ အတွေ့အကြုံတွေလည်း အများကြီးရလာခဲ့ပြီဆိုတော့ ဟိုးအရင်သက်တမ်းကနေ အခုရင့်ကျက်လာခဲ့တဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီး
သုံးသပ်မိတာလေးတွေကို ပြောပြပေးပါဦး။
အိုင်ရင်း    - Melody World ကို ၂၀၀၈ မှာ ပြိုင်ခဲ့တယ်။ တကယ်တမ်းခွေထွက်တာကတော့ ၂၀၀၉ မှာ ဆိုတော့ တကယ်အဆိုတော်တစ်ယောက်အနေနဲ့ ရှင်သန်ခဲ့ရတာက ၇ နှစ်ရှိသွားပါပြီ။ အရင်တုန်းကနဲ့ အခုမှာဆိုရင် စိတ်အရမ်းနုတယ်၊ အလုပ်လုပ်တဲ့အခါမှာလည်း မသေချာမရေရာမှုလေးတွေနဲ့ စမ်းတ၀ါးဝါး လုပ်ခဲ့ရတာဆိုတော့ အခုအချိန်မှာ အဲဒီတုန်းကထက်စာရင် ပိုပြီး ရင့်ကျက်လာတယ်လို့ ခံစားမိပါတယ်။ အလုပ်လုပ်တဲ့ အခါမှာဆိုရင်လည်း ဘယ်လိုတိတိကျကျလုပ်ရမလဲဆိုတဲ့ အရာလေးတွေ၊ တကယ်အလုပ်လုပ်ပြီဆိုတဲ့အခါမှာ အားနာသင့်တဲ့အရာလေးတွေ၊ တစ်ဖက်နဲ့စကားပြောရင် ဘယ်လိုပြောဆိုရမလဲဆိုတဲ့ အရာလေးတွေကို ကိုယ့်ရှေ့က
စီနီယာအဆိုတော်တွေဆီက လေ့လာသင်ယူရတာမျိုးရှိသလို၊ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ အရရော၊ ကိုယ့်ပတ်ဝန်းကျင်ကသူတွေနဲ့ရော တဖြည်းဖြည်းတည်ငြိမ်လာတဲ့ အပိုင်းလေးတွေ ရှိလာပါတယ်။ အရင်တုန်းကဆို တစ်ခုခုဆိုရင် ချက်ချင်းတုန့်ပြန်ချင်တဲ့စိတ်ရှိတယ် အခုကျတော့ ချက်ချင်းတုန့်ပြန်ရင် ကောင်းမလားဆိုတဲ့ စိတ်မျိုးဝင်လာတယ်။ ကိုယ့်ကိုယ်ကို သုံးသပ်မိတဲ့အရာဆိုရင်တော့ ကိုယ်နည်းနည်းရင့်ကျက်လာတယ်လို့ ထင်ပါတယ်။
ကောင်းကောင်း    - ကျွန်တော်ကတော့ အရင်ရော၊ အခုရော အတူတူပဲလို့ ထင်ပါတယ်။ ကျွန်တော့်ရဲ့ခံယူချက်က အစကတည်းကကိုက အနုပညာကို အလုပ်တစ်ခုအနေနဲ့ မလုပ်ခဲ့ဘူး။ ရင်ဘတ်ထဲကနေပဲ လုပ်တယ်။ ကျွန်တော့်ကို တော်ရုံတန်ရုံဆို ရန်ကုန်ရှိုးပွဲတွေမှာ မမြင်ရဘူး။ တွေ့ရခဲမယ်။ ရှိုးပွဲတွေဆိုရတာထက် တစ်ဦးတစ်ယောက်ကို Supporting လုပ်ပေးရတာကို ၀ါသနာပါတယ်။ သီချင်းရေးတာကို သီချင်းဆိုတာလိုပဲ ၀ါသနာပါတယ်။ ကျွန်တော့်ဂီတသက်တမ်းကို ပြောမယ်ဆိုရင်တော့ ၁၀ နှစ်နားကပ်ပြီလို့ ထင်တယ်။ Melody World မပြိုင်ခင်ကတည်းက မာမီးခေါက်ဆွဲပြိုင်ပွဲတို့၊ လေဆာဝေါလ်ကလုပ်တဲ့ ပြိုင်ပွဲတို့မှာ ပြိုင်ခဲ့ဖူးတယ်။ အဲဒီမတိုင်ခင်ကလည်း Harmony Group မှာ ဆိုခဲ့ဖူးတယ်။ ကျွန်တော့်ခွေထွက်တာလည်း ၂ခွေရှိပြီ။ ပထမတစ်ခွေမှာ သီချင်းတွေအောင်မြင်တယ်လို့ ပြောလို့ရပေမဲ့ ပရိသတ်က ကျွန်တော့်ကို လူနဲ့ သီချင်းနဲ့ မတွဲမိကြဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က အပြင်မှာလည်း ဘာသိဘာသာနေတတ်တဲ့ အကျင့်လေးရှိတယ်။ ဒါပေမဲ့ ဆက်ပြီးလည်း ကျွန်တော်ပရိသတ်အတွက် အကောင်းဆုံးပေးဆပ်မယ်။ သီချင်းတွေလည်း အကောင်းဆုံးဖန်တီးမှာပါ။ တေးရေး အနေနဲ့ ရေးထား တာတော့ အပုဒ်ရေ ၃၀ ကျော် လောက်ရှိပါတယ်။ အိုင်ရင်းရဲ့အခွေထဲမှာ ရေးပေးထားတဲ့ သီချင်းတွေအပြင် ယောက်ျားလေးသူငယ်ချင်းတွေအတွက် ရေးပေးထားပြီး ထွက်မလာသေးတဲ့ သီချင်းတွေလည်း ရှိပါတယ်။

 

အခုခွေနဲ့ပတ်သက်ပြီး ပရိသတ်ဆီက ပြန်ကြားရတဲ့ Feedback အပေါ် သုံးသပ်မိတာလေးတွေလည်း ပြောပေးပါဦး။
အိုင်ရင်း    - အိုင်ရင်းကတော့ အခုအချိန်မှာ ကိုယ့်ရဲ့ Fan တွေနဲ့ Facebook စာမျက်နှာပေါ်ကနေပြီး ကြားရတဲ့အပြင် တခြားပရိသတ်တွေဆီက ပြန်ကြားရတာကတော့ သူတို့မမျှော်လင့်ထားဘူး ဒီလောက်အထိ ချပြနိုင်လိမ့်မယ်လို့ သူတို့အမြဲကြားနေရတာက အဆွေးသီချင်းလေးတွေ များတယ်ဆိုတော့ ဒီလိုအသစ်တွေ ဖန်တီးလာလိမ့်မယ် မထင်ထားဘူးလို့ ပြောကြပါတယ်။ ပြီးတော့ အိုင်ရင်းတို့ ခွေလေးက Top Ten List လေးထဲမှာ ပါတယ်လို့ ပြန်သိရတယ်ဆိုတော့ ကိုယ်ကြိုးစားရကျိုးနပ်သလို ပရိသတ်အားပေးမှုကိုလည်း ကိုယ်ထင်ထားတာထက်ကိုရတဲ့အတွက် ၀မ်းသာပါတယ်။ ပြီးတော့ သီချင်း ၁၀ပုဒ်တည်းလုပ်တာ နည်းတယ်လို့ပြောတဲ့ ပရိသတ်တွေရှိ တာကို သိရတဲ့အတွက်ကြောင့် နောက်ထပ် ထပ်လုပ်ချင်တဲ့စိတ်တွေဖြစ်တယ်၊ ကိုယ်တွေရဲ့ စိတ်ဓာတ်ကို ခွန်အားပြန်ပေးလိုက်သလိုဖြစ်ပါတယ်။
ခွေ ရောင်းရတာ၊ မရောင်းရတာထက် သူတို့အရင်တုန်းကဆို ဘယ်လိုသီချင်းတော့လိုက်တယ်ဆိုပြီးအကြံဉာဏ်တွေပေးခဲ့ကြရာကနေ ၁၀ပုဒ်စလုံးကို ကြိုက်တယ်လို့ပြောတဲ့ ပရိသတ်က ရာခိုင်နှုန်း ၆၀၊ ၇၀ လောက် ရှိသွားတဲ့အတွက် အားတက်ပြီး နောက်ထပ်ခွေလုပ်တဲ့အခါကျရင် ဘယ်လိုမျိုးလေးလုပ်မယ်ဆိုတဲ့ စိတ်တွေလည်း ဖြစ်လာပါတယ်။
ကောင်းကောင်း    - ကျွန်တော်ကကျတော့ လူတစ်မျိုးပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်က Facebook လည်း မသုံးဘူး၊ Viber လည်းမသုံးဘူး။ အဲဒီတော့ ပရိသတ်ဆီက ကျွန်တော်ပြန်ကြားချင်တာမျိုးဆိုရင် အိုင်ရင်းကို မေးရတယ်။ သူငယ်ချင်းတွေထဲမှာတော့ တချို့သီချင်းတွေကြိုက်တယ်ဆိုပြီး ပြောတဲ့သူရှိသလို၊ တချို့သီချင်းတွေ ဝေဖန်တဲ့သူလည်းရှိတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့လည်း သီချင်းအသစ်တွေ ပရိသတ်ကိုချပြ
ချင်တဲ့ ဆန္ဒရှိသလို၊ သီချင်းတွေလည်း အများကြီးနားထောင်ပြီး လေ့လာပြီးရေးတယ်။ အဲဒါကြောင့်မို့လို့ ပရိသတ်တွေအနေနဲ့လည်း ကျွန်တော်တို့ကို နားလည်ပေးပြီး ကျွန်တော်တို့သီချင်းတွေကိုလည်း တစ်ပုဒ်စီနားဆင်ပေးပါလို့ ပြောချင်ပါတယ်။

ကောင်းကောင်းနဲ့ အိုင်ရင်းအနေနဲ့ အပြန်အလှန် တစ်ယောက်နဲ့တစ်ယောက် support လုပ်ပေးမှုအပိုင်း၊ အကြံဉာဏ်ပေးမှုအပိုင်းလေးတွေကိုလည်း ပြောပြပေးပါဦး။
ကောင်းကောင်း    - အခုဆိုရင် အိုင်ရင်းရဲ့ ဒုတိယခွေဖြစ်တဲ့ ချစ်လို့ဆိုတဲ့ခွေမှာ တချို့သီချင်းလေးတွေကို MTV မှာ ပြန်ထည့်ဖို့ ရွေးချယ်မှုအပိုင်းလေးတွေကို လုပ်ပေးတာရှိတယ်။ ပြီးတော့ အိုင်ရင်းအသံနဲ့လိုက်မယ့် သီချင်းလေးတွေကို ရွေးချယ်ပေးတယ်။ ကိုယ့်တစ်သက်စာပါ သွားမယ့်သီချင်းဆိုတော့ သေချာလေးဖြစ်စေချင်တယ်။ သူကိုယ်တိုင်ကလည်း အဆိုကောင်းပြီးသားလူတစ်ယောက်ဆိုတော့ သူ့ကိုလည်း ယုံကြည်တယ်။ ပြီးတော့ အခုဆိုတဲ့ သီချင်းက နောက်အနှစ် ၃၀ လောက်ဖြစ်သွားတဲ့အခါကျရင် ဒေါ်အိုင်ရင်းဆိုထားတာ အရမ်းကောင်းပါလား၊ ဦးကောင်းကောင်း ဟာမိုနီဆိုထားတာ အရမ်းကောင်းပါလားဆိုတာမျိုးလေးတွေ ပြန်ကြားချင်
တယ်။ သီချင်း တစ်ပုဒ်ကောင်းကောင်းထွက်လာဖို့ဆိုတာ မလွယ်ဘူး။ အများကြီးကြိုးစားရတယ် ဒါပေမဲ့ တစ်ခါတလေကျ စိတ်ကြိုက် ဖြစ်မလာတာမျိုး ရှိတတ်တယ်။ အဲဒီလိုအခါမျိုးမှာဆိုရင် အကြံဉာဏ်ပေးတာမျိုးရှိသလို ကျွန်တော့်ကိုလည်း အပြန်အလှန် အကြံပေးတာမျိုး ရှိပါတယ်။ အခုလည်း အိုင်ရင်းရဲ့ ချစ်လို့ ခွေ MTV ကျရင် အများကြီးဖြစ်စေချင်တယ် အကောင်းဆုံး အကြံဉာဏ်ပေးရင်းလုပ်မယ်လို့ စိတ်ကူးထားပါတယ်။
အိုင်ရင်း    - ကိုကောင်းကောင်းကို ဟိုးအရင်လူမမြင်ဖူးသေးတဲ့အချိန် လန်ဒန်မြေပဲယိုဆိုတဲ့ ရုပ်ရှင်ကား အဲဒီတုန်းက အိုင်ရင်းတော်တော် ငယ်သေးတယ် အဲဒီကားထဲမှာ သီချင်းတွေအများကြီးပါတယ်။ အဲဒီထဲ ကမှ မျှော်လင့်ထားခဲ့သမျှ ဆုံးရှုံးခဲ့ရ အကြင်နာများတစိမ့်စိမ့် ထွက်ခွာလို့ သွား” အဲဒီစာသားကို အရမ်းကြိုက်တယ်။ အဲဒါဘယ်သူဆိုတာလဲပေါ့။ အဲဒါကိုတစ်ခါ နောက်ပြန်ရစ်လိုက်ပေါ့။ ဒီအဆိုတော် ဘယ်သူလဲ မသိဘူးပေါ့။ အဲဒီအသံတစ်ခါမှ မကြားဖူးဘူးပေါ့။ နောက်ဆုံးဇာတ်လမ်းပြီးသွားတဲ့အချိန် နာမည်တွေထိုးတဲ့အခါ အပြီးထိကို ရစ်ပြီးတော့ ဘယ်သူဆိုတာလဲဆိုတာ ရစ်ပြီးကြည့်တယ်။ အဲဒီမှာ အဆိုတော်က တေးရေး၊ တေး ဆို ကောင်းကောင်းပါလား ကိုယ်မသိဘူး မှတ်ထားလိုက်တယ်ပေါ့။ နောက်တော့မှ ပြိုင်ပွဲတွေမှာ သူနဲ့ကိုယ်နဲ့ တွေ့လာတယ်။ သူ့ကို လူမသိခင်ကတည်းက သူ့အသံ ကို ကိုယ်က အားပေးခဲ့တယ်။ ကိုယ်လည်း အဆိုတော် တစ်ယောက်မဖြစ်ခင်ကတည်းက သူ့အသံကို အားပေးခဲ့တယ်။ သူက အမြင့်သံတွေ အော်မယ် ဆိုလည်း အော်နိုင်တယ် အဲဒီအခါကျတော့ သူ့ကိုသာသာယာယာသီချင်းတွေ မဆိုစေချင်ဘူး။ ဆိုလွယ်သီချင်းတွေနဲ့ မဟုတ်ဘဲ သူကအော်လည်းအော်နိုင်တယ်၊ အသံကာလာလည်းရှိတဲ့အခါကျတော့ သူ့ကို တစ်လိုင်းသပ်သပ် ဖောက်ထွက်စေချင်တယ်။ အခု သူဆိုနေတဲ့ သီချင်းတွေထဲကနေထွက်စေချင်တယ်။ ဥပမာ- SIR ဆိုရင် ကိုဟန်ထူးလွင်ဆိုရင် အိုင်ရင်းတို့ ကလေးဘ၀ကတည်းက အခုအချိန်အထိ သူ့လိုင်းနဲ့သူခွဲထွက်သွားတယ်၊ သူ One Man Show လုပ်မယ်ဆို သူ့ပရိသတ် အခိုင်အမာကြီးနဲ့၊ ဦးလေးဖြူဆိုလည်း အဲလိုပဲ၊ ကိုမျိုးကြီးဆိုလည်း အဲလို၊ ကိုစိုင်းဆိုလည်း အဲလိုပဲ သူ့ပရိသတ်အခိုင်အမာရှိတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်လိုင်းနဲ့ကိုယ် ဖောက်ထွက်ခဲ့တဲ့ သူတွေက ဘယ်လောက်ပဲ အချိန်ကြာသွားပါစေ၊ ဘယ်လောက်ပဲ အသက်အရွယ်ကြီးသွားပါစေ တစ်ခုခုလုပ်မယ်ဆိုတာနဲ့ သူ့လူနဲ့ သူ၊ သူ့ Group နဲ့သူက ရှိပြီးသားဆိုတော့ အဲလိုမျိုးလေး ဖြစ်စေချင်တယ်။ အဲဒါကြောင့်မို့လို့ ကိုကောင်းကောင်းကို အကြံပေးချင်တာကတော့ ဆိုနိုင်တာထက် ပင်ပင်ပန်းပန်းဆိုစေချင်ပါတယ်။ သူကိုယ်တိုင်ကလည်း သီချင်းအရမ်း နားထောင်တဲ့သူ ဖြစ်တဲ့အခါကျ တော့ နိုင်ငံခြားကအဆိုတော်တွေလို ချွေးသီးချွေးပေါက်ကျပြီး ပင်ပင်ပန်းပန်းဆိုတာမျိုးကို ဖြစ်စေချင်ပါတယ်။ အဲလိုလည်း Stage ပေါ်မှာ မြင်ချင်ပါ တယ်။

 

 ဖြတ်သန်းလာခဲ့တဲ့ ခရီးလမ်းမှာ ကြုံတွေ့ခဲ့ရတဲ့ အတိုက်အခိုက်တွေကို အခုလို ရင့်ကျက်လာတဲ့ အချိန်မှာ ဘယ်လိုတွေ ဖြေရှင်းတတ်လာပြီလဲ။
အိုင်ရင်း    - အတိုက်အခိုက်ဆိုရင် ကိုကောင်းကောင်းထက် အိုင်ရင်းက ပိုများပါတယ်။ မိန်းကလေးလည်း ဖြစ်တာကို။ အဲလိုကြုံလာပြီဆို နံပါတ်တစ်ပြောပြဖြစ်တာအမေ၊ နံပါတ်နှစ်က ကိုကောင်းကောင်းပါ။ အရင်တုန်းကတော့ မျက်ရည်တွေလည်း ကျခဲ့ဖူးတယ်။ အရမ်းခံစားပြီး တစ်ပတ်၊ နှစ်ပတ်လောက်အထိ အဲဒါကြီးကိုသယ်ထားတယ်။ နောက်ပိုင်း အသက်အရွယ်ရလာတဲ့အခါကျတော့ ဒီအရာတွေကို Minutes ဘက်က လာတဲ့အရာတွေလို့ သတ်မှတ်လိုက်တယ်။ တဖြည်းဖြည်းနဲ့ မာကျောလာတယ်လို့ ထင်တယ်။ အဲဒီတော့ အဲဒါနဲ့ပတ်သက်တဲ့အရာ အားလုံးကို တစ်ရက်တော့ခံစားရတယ် ဒါပေမဲ့ ခဏနေရင် အလိုလိုနေရင်းဖယ်လာနိုင်တယ်။ ကိုယ့်ဘာသာ ကိုယ် ပျော်အောင် ဘယ်လိုနေရမယ်ဆိုတဲ့ အရာတွေကို ရှာဖွေလာနိုင်တယ်။ အိုင်ရင်းမှာက ဆိုးတဲ့အချက်တစ်ချက်ရှိတယ် အဲဒါကဘာလဲဆိုတော့ တစ်ခုခုဆိုရင် မျက်နှာကသူများလို ဟန်မဆောင်တတ်ဘူး။ ချက်ချင်းခံစားပြီး မျက်နှာပျက်သွားတတ်တယ်။ အဲဒါဆိုရင် အမေကသိသွားပြီ။ ဖုန်းသာကိုင်နေတာ မျက်နှာက ပျက်သွားပြီဆိုတော့ Facebook မှာ ဘယ်သူကဘာပြောလဲ၊ ဖုန်းထဲမှာ ဘာပြောလိုက်လို့လဲမေးတယ်။ ဒါပေမဲ့ ပျက်သွားတဲ့မျက်နှာကို နာရီဝက်၊ တစ်နာရီ၊ နှစ်နာရီအတွင်း ပြန်တည်ဆောက်ရတယ်။ အဲလိုတည်ဆောက်ပြီးသွားတော့မှ အရင်ရုပ်ကို ပြန်ရတယ်။ အိုင်ရင်းဟန်မဆောင်တတ်ဘူး။ အဲဒါလေးတော့ ပြန်ပြင်ရမယ်။ ဟန်မဆောင်တတ် တာ ကောင်းတဲ့ နေရာကောင်းပေမဲ့ မကောင်းတဲ့နေရာ မကောင်းဘူး။ အဲဒီတော့ တစ်ချို့က အိုင်ရင်းရဲ့ရင်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာ မသိတော့ အိုင်ရင်းက မာနကြီးတယ်ဆိုပြီး ထင်ကြတယ်။ အဲဒါလေးက ငယ်ငယ်ကတည်းက အခုအချိန်ထိ လုံးဝပြောင်းလဲလို့မရသေးတဲ့ အရာတစ်ခုပါ။
ကောင်းကောင်း    - ကျွန်တော်ဆိုလည်း ဂီတ သက်တမ်း ၁၀ နှစ်ဆိုတော့ အတိုက်အခိုက်တွေ ခံရတာပဲလေ။ အဲဒီဒဏ်တွေ မခံနိုင်လို့လည်း ကျွန်တော် Facebook မသုံးတာပါတယ်။ ကျွန်တော် အိုင်ရင်းရဲ့ ဒုတိယခွေ ထဲမှာ တော်တော်များများရေးထားပေးတယ်။ အဲဒီမှာ ဘယ်လို ပြန်ကြားရလဲဆိုရင် အိုင်ရင်းက ဒီလောက်ပဲဖြစ်မှာပေါ့ သွားတင်ထားတဲ့ ဆရာကိုက ကောင်းကောင်း ဖြစ်နေတာကိုးဆိုပြီး ပြန်ကြားရတယ်။ ဒါပေမဲ့
ကျွန်တော်ပြန်တွေးလိုက်ပါတယ် ကျွန်တော့်ရဲ့စိတ်မကျေနပ်မှုက ကျွန်တော့်ရဲ့ သီချင်းအပေါ်မှာပဲရှိမယ်။ သူများအပေါ်မှာမရှိဘူး၊ မနာလိုတာမရှိဘူး၊ ကျွန်တော့် Music ကို ကျွန်တော် အကောင်းဆုံးလုပ်တယ်။ အဲဒီအပေါ်မှာ ဝေဖန်လာတာကိုတော့ ကျွန်တော်ပြောပြချင်ပါတယ်။ ကျွန်တော် Copy ရေးတာ အရမ်းနည်းပါတယ်၊ သီချင်းတစ်ပုဒ်၊ နှစ်ပုဒ်လောက်ပဲ ရေးပါတယ်။ ကျန်တဲ့သီချင်း အပုဒ် ၃၀၊ ၄၀ က Own Tune ချည်းပါပဲ။ ဘာကြောင့် ကျွန်တော် Own Tune ရေးတာလဲဆိုတော့ နောက်တက်လာမယ့်လူငယ်တွေကို ကိုယ့်အားကိုယ်ကိုးစေချင်တယ်။ သူတပါးကို ဝေဖန်တိုက်ခိုက်နေမယ့်အစား ကိုယ့်အားကိုယ်ကိုးတတ်စေချင်တယ်။ အဲလို တိုက်ခိုက်
လာတဲ့သူတွေကိုလည်း အစကဆို တအားခံရခက်တယ်။ နောက်ပိုင်းကျတော့ ခံစားမနေတော့ဘူး သူတို့ကိုပြန်တုံ့ပြန်မယ့်အစား ကျွန်တော်ပြုပြင်စရာရှိ ပြုပြင်လိုက်တယ်။

 

နောက်ထပ်ထပ်လုပ်ထားတဲ့ အနုပညာလှုပ်ရှားမှု တွေအကြောင်းကိုလည်း ပြောပြပေးပါဦး။
အိုင်ရင်း    - ဒုတိယတစ်ကိုယ်တော်ခွေကို Music Video ရိုက်ဖို့ရှိပါတယ်။ ပြီးတော့ တတိယခွေကို ဘယ်လိုပုံစံလုပ်မလဲဆိုတာရယ် ရှိပါတယ်။ အိုင်ရင်းရဲ့ ပထမခွေနဲ့ ဒုတိယခွေမှာ Music Style လေးတွေက အနည်းအကျဉ်းပြောင်းသွားပါတယ်။ ပထမခွေမှာ ပရိသတ်ကြိုက်ကြပေမဲ့ အေးတာများတယ်လို့ ပြောကြတယ်။ အဲဒါကြောင့် ဒုတိယခွေမှာ မျှတအောင်လုပ်ပါတယ်။ တတိယခွေမှာတော့ ဒုတိယခွေထက် အားသာအောင် ကြိုးစား
နေပါတယ်။ အိုင်ရင်းက သီချင်းပဲ ဆိုတတ်ပါတယ်။ အိုင်ရင်းသီချင်းကိုဆိုတဲ့အခါမျိုးမှာ ကိုယ့်ကိုဘုရားပေးထားတဲ့ ကောင်းခြင်းဆိုတဲ့ အသံကိုမခိုမကပ်ဘဲ ၁၀၀% ဆိုပါတယ်။ အိုင်ရင်း Live Show တွေဆို တဲ့အခါမှာလည်း Key ချ မဆိုပါဘူး။ Original Key အတိုင်းပဲခွေထဲမှာဆိုတဲ့ Key အတိုင်းပဲဆိုပါတယ်။ ပြီးတော့ အိုင်ရင်းမှာမခံချင်တဲ့ စိတ်တစ်ခုက ဒါလေးတောင်မဆိုနိုင်ဘူးလားလို့ ပြောလိုက်ရင် ရအောင်ဆိုပြမယ်ဆိုတဲ့စိတ် ရှိပါတယ်။ အဲဒီတော့
အိုင်ရင်းနေမကောင်းသည်ဖြစ်စေ၊ ကောင်းသည် ဖြစ်စေပရိသတ်ကို ခွေထဲကအတိုင်း၊ Original Key အတိုင်း၊ အသက်ရှူသံ၊ လေဟပ်သံကလွဲလို့ အကောင်းဆုံးဆိုတဲ့အရာကို ချပြပါတယ်။ အိုင်ရင်းကြိုးစားမှုကတော့ ပထမခွေကနေဒုတိယခွေ၊ ဒုတိယခွေကနေ တတိယခွေဖြစ်လာမယ့် ခွေအတွက် အကောင်းဆုံးဖြစ်ဖို့အတွက် ပြင်ဆင်နေပါတယ်။ နောက်ပြီး ဒီ Duet ခွေလေးကို ပရိသတ်ရင်ထဲဘယ်လိုထပ်ပြီး ၀င်ရမလဲဆိုတာကိုလည်း ကြိုးစားနေပါတယ်။ အိုင်ရင်းရဲ့ Single ခွေတိုင်းမှာလည်း အိုင်ရင်းရဲ့ Trade Mark လိုမျိုးကို ကောင်းကောင်းနဲ့ Duet တစ်ပုဒ်ထည့်ပေးတယ်။ ကိုကောင်းကောင်းခွေမှာလည်း အဲလိုပဲ Duet တစ်ပုဒ် ထည့်ပေးပါတယ်။ အိုင်ရင်းအနေနဲ့ Duet ကို ကိုယ့်ရဲ့ Senior တွေနဲ့ရောကိုယ့်ထက်အငယ်တွေနဲ့ရောဆိုပါတယ်။ ဒါပေမဲ့ နောက်ဆုံးကျရင် ပရိသတ်တွေက ကိုကောင်းကောင်းနဲ့ အသံကာလာအလိုက်ဆုံးဆိုပြီးပြောကြပါတယ်။ အဲဒါကြောင့် ပရိသတ်လည်း မျှော်လင့်မှာပဲဆိုတဲ့ စိတ်နဲ့ကိုကောင်းကောင်းနဲ့ တစ်ပုဒ်တစ်ပုဒ်ကို တစ်ကိုယ်တော်ခွေထဲမှာလည်း ထည့်ဖြစ်ပါတယ်။
ကောင်းကောင်း    - ကျွန်တော်ကျတော့ ဒုတိယခွေက ညီမျှခြင်းဆိုပြီး Title ပေးထားတယ်။ ဒါပေမဲ့ ခွေထဲမှာတော့ ညီမျှခြင်းဆိုတာ တစ်ပုဒ်မှမပါဘူး။ အကုန်လုံး ခြုံငုံကြည့်လိုက်ရင် အားလုံးကညီမျှတယ် ချမ်းသာသာ၊ ဆင်းရဲရဲ၊ ရုပ်ချော ချော၊ ရုပ်ဆိုးဆိုးလူသားအားလုံးက အခွင့်အရေးအတူတူပဲဆိုတဲ့ အိုင်ဒီယာလေးနဲ့ အဲလို Title လေး ပေးထားတာပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ MTV မှာ စဉ်းစားထားတာကတော့ မတူညီသော ညီမျှခြင်းလို့ ပေးထားတယ်။ အဲဒီသီချင်းကို ဦးသောမတ်စ်က ပြန်ရေးပေးမယ် အဲဒီသီချင်းလေး ထည့်မယ်။ အဲဒီထဲမှာ Copy သီချင်းတစ်ပုဒ်ကို ပြန်လျှော့မယ်၊ ပြီးတော့ အိုင်ရင်းက ကျွန်တော့်ကို Rock ဘက်ကို သွားစေချင်တယ်ဆိုတော့ အဲဒါလေး
လုပ်ဖြစ်မယ်။ တစ်ခါတလေကျတော့ ကျွန်တော် Rock သီချင်းတွေ မဆိုဖြစ်တာက Show ဆိုတဲ့အခါ Band နဲ့ တိုက်ထားတာမျိုးမဟုတ်တော့ တီးတဲ့သူတော်ပေမဲ့ ကိုယ်နဲ့သဟဇာတသိပ်မဖြစ်ဘူး။ ပြီးတော့ ကျွန်တော်ဘယ် Show သွားသွား ကျွန်တော့် Band နဲ့ပဲ ကျွန်တော်သွားချင်တယ်။ အဲဒီလိုဆိုတော့ ကျွန်တော် Slow တွေ ဆိုဖြစ်တာများတယ်။ အဲဒီတော့ခွေမှာ ပရိသတ်တွေ သိပ်နားမထောင်ဖူးသေးတဲ့ ရက်ဂေးပုံစံလေးတွေ၊ Blue ပုံစံလေးတွေဆို ချင်တော့ အဲဒီလိုပုံစံလေးတွေ ပြန်ထည့်မယ်။ ပြီးတော့ ကိုစောဖိုးခွားဆိုထားတဲ့ ချစ်ကြပါစို့ဆိုတဲ့ သီချင်းလေးကို ကျွန်တော်ရယ်၊ ကိုစောဖိုးခွားရယ်၊ အိုင်ရင်းရယ် ၃ယောက်ပုံစံဆန်းဆန်းလေးနဲ့ ပြန်ဆိုပါမယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်စီစဉ်ထားတဲ့ ခွေတစ်ခွေ၊ အဲဒီခွေကအရင်တုန်းက Producer ရှိတယ်။ အခုတော့ အကြောင်းအမျိုးမျိုးကြောင့် အဲဒီ Producer အဆင်မပြေခဲ့ရင် ကျွန်တော့်ဘာသာ ကျွန်တော်ထုတ်ဖို့စီစဉ်ထားပါတယ်။ သီချင်းလည်း အကုန်ပြီးသွားပြီ အဲဒီအတွဲခွေထဲမှာ ကို Rဇာနည်၊ မဖြူဖြူကျော်သိန်း၊ ကျွန်တော်၊ အိုင်ရင်း၊ ဒီဖြိုး၊ ၀န၊ အိုင်ရင်းရဲ့ အစ်ကို Leo နဲ့ အခြားသူငယ်ချင်းတစ်ယောက်၊ နှစ်ယောက်လောက်ပါမယ်။ အဲဒီခွေလေးကိုလည်း အားရပါတယ်။ အဲဒီအထဲမှာ အားအရဆုံးက အိုင်ရင်းကို ရေးထားပေးတဲ့ အချစ်အတုဆိုတဲ့သီချင်းလေးပါ။ အဲဒီသီချင်းလေးက ကျွန်တော်ထွက်ထားတဲ့ အရင် Album ထဲက သီချင်းလေးတစ်ပုဒ်ပါ။ အဲဒီသီချင်းရဲ့ Melody ကို တရုတ်ကုမ္ပဏီတစ်ခုက ၀ယ်ချင်တာတောင် ကျွန်တော်မရောင်းခဲ့ပါဘူး။ အဲဒီစုံတွဲခွေလေးကို Title တော့ မပေးရသေးပါဘူး။ အဲဒီခွေလေးလည်း ထွက်ဖို့ရှိပါတယ်။ ထွက်လာရင်လည်း ပရိသတ်တွေအားပေးကြပါဦး လို့ ပြောချင်ပါတယ်။