Primary tabs

ဘ၀ကိုအေးအေးဆေးဆေးပဲ ဖြတ်သန်းချင်တယ်

K2O
Photo - LMN

အသက် ၁၇ နှစ်ကတည်းက သရုပ်ဆောင်ခြင်းဆိုတဲ့ အနုပညာကို ခြေလှမ်းစတင်ခဲ့သူ၊ အနုပညာသက်တမ်း ၁၀ နှစ်ကျော်တိုင်အောင် အနုပညာအပေါ် မပြောင်းလဲတဲ့ ခံယူချက်များနဲ့ ဆက်လက်လျှောက်လှမ်းနေခဲ့သူ၊ ဘ၀ကို အေးအေးချမ်းချမ်းနဲ့ပဲ အမြဲဖြတ်သန်းချင်ခဲ့သူ၊ ကံကံ၏အကျိုးကို ယုံကြည်တဲ့သူ... သရုပ်ဆောင် ဟိန်းဝေယံရဲ့ အနုပညာအကြောင်းအရာများနဲ့ ဘ၀အကြောင်းအရာများကို ပရိသတ်များအတွက် ဖော်ပြပေးလိုက်ပါတယ်။

လက်ရှိအနုပညာလှုပ်ရှားမှုများ
ကျွန်တော် ၅လပိုင်းမှာ ရိုက်ကူးမယ့် ရုပ်ရှင်ကားကြီးဖြစ်တဲ့ လူမိုက်ကျွန်းကားရိုက်ဖို့အတွက် ပြင်ဆင်နေပါတယ်။ အဲဒီကားအတွက် ကျွန်တော့်အနေနဲ့ ရိုက်ရက်ကိုလည်း အားလုံးအဆင်ပြေအောင်၊ ပရိသတ်တွေ ဇာတ်ကားထွက်လာတဲ့အခါမှာလည်း ကြည့်ရတာတန်အောင် ကျွန်တော့်အနေနဲ့ သေချာအချိန်ပေးပြီး လုပ်မှာပါ။ အဲဒီကားထဲမှာ ကိုရန်အောင်၊ ကိုရဲအောင်၊ ကိုမင်းရာဇာ၊ သဉ္ဇာနွယ်ဝင်း၊ ဖူးဖူးနဲ့ တခြားသရုပ်ဆောင်တွေ ပါကြပါတယ်။ အဲဒီကားထဲမှာ ကျွန်တော့် ကာရိုက်တာက မူးယစ်မှောင်ခိုခေါင်းဆောင်တစ်ယောက်ရဲ့ လူယုံတပည့်တစ်ယောက်အနေနဲ့ ကျွန်တော်နဲ့ ကိုမင်းရာဇာက ဘယ်လက်ရုံး၊ ညာလက်ရုံးအနေနဲ့ သရုပ်ဆောင်ရမှာပါ။ လူဆိုး၊ လူမိုက် ကာရိုက်တာအနေနဲ့ သရုပ်ဆောင်ရမှာပါ။ လူမိုက် ကာရိုက်တာအနေနဲ့ ရှေ့မှာသရုပ်ဆောင်ခဲ့တဲ့ ကားတွေလည်းရှိပေမဲ့ ဒီဇာတ်ကားကတော့ အဲဒီကားတွေနဲ့ သိပ်မတူဘူး။ ထူးထူးခြားခြား ဖြစ်မယ့်ကားလေးပါ။ ဗီဒီယိုကားအနေနဲ့ကတော့ ၇လပိုင်းလောက်မှ ကျွန်တော်တို့ မာန်ထက်ချီ ကနေ ပြန်ရိုက်ဖြစ်မယ်ထင်တယ်။ ရှေ့မှာလည်း ကျွန်တော်ရိုက်ထားတဲ့ ကားတွေက ထွက်ဖို့ရှိနေသေး တော့ ဗီဒီယိုကို အခုအချိန်မှာ တစ်လကို တစ်ကား၊
နှစ်လကို တစ်ကားလောက်ပဲ ရိုက်ဖြစ်တော့မယ်။

ရင့်ကျက်လာတဲ့အပြောင်းအလဲ
ကျွန်တော် အနုပညာသက်တမ်းဆိုရင် ၁၀ နှစ်ကျော်လောက် ရှိသွားပြီ။ ကျွန်တော့် အသက် ၁၇ နှစ် မပြည့်ခင်လောက်ကတည်းက သရုပ်ဆောင်လုပ်ခဲ့တာဆိုတော့ အတွေ့အကြုံကတော့ ၁၀နှစ်ဆိုတဲ့ အထိုက်အလျောက်တော့ အသိလေးတွေတော့ ရှိလာပါပြီ။ ဒါပေမဲ့ ကျွန်တော်အများကြီး လေ့လာရဦးမှာပါ။ ကျွန်တော်အများကြီး ကြိုးစားရဦးမှာပါ။ အရင်ကထက်စာရင်တော့ အရာရာကိုချင့်ချိန်ပြီးတော့ တွေးတတ်လာတာမျိုးတွေရှိတယ်။ သိပ်အပြောင်းအလဲကြီးတော့ မဟုတ်ပေမဲ့ အရင်ကထက်ပိုပြီးတော့ အားနာတတ်လာ တယ်၊ စကားနည်းလာတယ်။ အရင်တုန်းကဆိုရင်တော့ လွတ်လွတ်လပ်လပ် ပြောတယ်၊ ဆိုတယ် အခုအချိန်မှာတော့ သတိထားရတာမျိုးတွေ ရှိလာတယ်။ ဒါပေမဲ့ ကျွန်တော်ဒီအလုပ်လုပ်နေရတာ ပျော်ပါတယ်၊ ကျေနပ်ပါတယ်။

အခြားအနုပညာလှုပ်ရှားမှုများ
ကျွန်တော် ရှုတင်တွေ၊ ဘာတွေ အားတဲ့အခါမျိုးကျရင် နယ်တွေမှာ သီချင်းဆိုဖြစ်ပါတယ်။ ကျွန်တော် အဲဒီလိုသူငယ်ချင်းတွေနဲ့ သွားဆိုရတာကို ပျော်တယ်။ ကျွန်တော့်အနေနဲ့ သီချင်းခွေထုတ်ဖို့ဆိုရင် စိတ်ကူးတော့ရှိပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ သေချာတော့မလုပ်ဖြစ်သေးဘူး။ သီချင်းတော့ဝါသနာပါပေမဲ့ ထဲထဲဝင်ဝင်တော့ မလုပ်ဖြစ်သေးပါဘူး။ ဂီတကို ကျွန်တော်ဝါသနာလည်းပါသလို တန်ဖိုးလည်းထားတယ်။ လုပ်မယ်ဆိုရင်တော့ သေသေချာချာလေး၊ ကောင်းကောင်းမွန်မွန်လေးဖြစ်အောင် ကြိုးစားပြီးလုပ်မှာပါ။

ခန္ဓာကိုယ်နဲ့ကျန်းမာရေးအတွက်
ကျွန်တော်အရင်တုန်းက တော်တော်လေးဝသွားတဲ့ အနေအထားဖြစ်သွားတယ်။ ပေါင်ချိန် ၁၈၀ လောက်ဖြစ်သွားတယ်။ အစားတွေ စွတ်စားတယ်။ အခုနောက်ပိုင်းကျတော့ ၀တာက ကျန်းမာရေးအတွက်လည်း မကောင်းဘူးဆိုတော့ ကိုယ်ရေလည်းစစ်သွားအောင် အစားလျှော့စားဖြစ်တယ်၊ လေ့ကျင့်ခန်းကိုလည်း ထွေထွေးထူးထူးမဟုတ်ပေမဲ့ ပြေးတာလောက်တော့ ပုံမှန်လုပ်ဖြစ်တယ်။ ပြီးတော့ အဆီကျကော်ဖီသောက်တယ်။ အဓိက အစားလျှော့တာပေါ့။ အရင်ကဆို ကြေးအိုးကို နှစ်ပွဲလောက်တစ်ခါတည်းစားတာ။ အခုဆိုညဘက်ကို တတ်နိုင်သလောက် မစားဖြစ်အောင် နေတယ်။ အသီးအနှံလောက်ပဲ စားတယ်။

အတိုက်အခိုက်များနဲ့ ကြုံလာတဲ့အခါ
အတိုက်အခိုက်၊ အနှောင့်အယှက်နဲ့ ကြုံလာတဲ့အခါမှာ တော်တော်များများကို မဖြေရှင်းဖြစ်တာများတယ်။ ကျွန်တော့်ရဲ့ဘ၀ကို အေးအေးဆေးဆေး အေးအေးချမ်းချမ်းလေးနဲ့ပဲ ဖြတ်သန်းချင်တယ်။ ဘာမှ အတိုက်အခံတွေလည်း မဖြစ်ချင်ဘူး။ တချို့ကိစ္စတွေ၊ ဖြေရှင်းသင့်တယ်လို့ ကိုယ့်စိတ်ထဲမှာထင်တဲ့အရာတွေကိုပဲ ဖြေရှင်းတယ်။ ကျွန်တော့်စိတ်က ပျော့တဲ့အထဲမှာ မပါသလို မာတဲ့အထဲမှာလည်း မပါဘူး။ လာတိုက်ခိုက်ရင် စိတ်အနှောင့်အယှက် ဖြစ်သွားတာပဲရှိတယ်။ ပြန်ပြီးတိုက်ခိုက်တတ်တဲ့အထဲမှာ မပါဘူး။ တချို့ကိစ္စတွေကို ခေါင်းထဲသိပ်မထည့်တော့ဘူး၊ စိတ်ခံစားမှုမထားတော့ဘူး။ ဘ၀ကို အေးအေးဆေးဆေးဖြတ်သန်း ချင်တဲ့အတွက် အေးအေးဆေးဆေးပဲနေတယ်။ ပြီးတော့ ကျွန်တော်ကလည်း ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့အတွက် ကံကံ၏အကျိုးကို ယုံတယ်။ ကောင်းတဲ့သူပဲဖြစ်ဖြစ်၊ မကောင်းတဲ့သူ ပဲဖြစ်ဖြစ် ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်၊ ၀ဋ်ဆိုတာလည်တတ်တယ်။ အဲဒီလိုပဲ စိတ်ကိုထားလိုက်ပါတယ်။

သရုပ်ဆောင်ချင်တဲ့ဇာတ်
ကျွန်တော် သရုပ်မဆောင်ဘူးတဲ့ ကာရိုက်တာတွေ အများကြီးကျန်ပါသေးတယ်။ အခုအချိန်မှာ ကာရိုက်တာအရ ကိုယ်တစ်ယောက်တည်း ဦးဆောင်ပြီးရိုက်တဲ့ ကာရိုက်တာထက် ဇာတ်လမ်းထဲမှာ မျောပါသွားတဲ့ ကာရိုက်တာမျိုးကို ရိုက်ချင်ပါတယ်။ ကိုယ်တစ်ယောက်တည်း ချွန်ပြီးထင်ပေါ်နေတဲ့ ကာရိုက်တာမျိုးမဟုတ်ဘဲ ဇာတ်လမ်းနဲ့ တစ်သားတည်းကျသွားတဲ့ ကာရိုက်တာမျိုး၊ ဇာတ်အိမ်ကောင်းကောင်းလေးနဲ့သွားတဲ့ ကာရိုက်တာမျိုးကို အခုနောက်ပိုင်းဦးစားပေးပြီး ရိုက်ကူးသွားမှာပါ။

ဟိန်းဝေယံနဲ့အကယ်ဒမီ
ကျွန်တော် ရိုက်ကူးသမျှ ကားတွေပေါ်မှာ လုပ်နိုင်သလောက် အကောင်းဆုံးကြိုးစားပြီး ရိုက်ကူးခဲ့ပါတယ်။ အဲဒီအပေါ်မှာတော့ အများကြီးမျှော်လင့်ချက်မထားပါဘူး။ မျှော်လင့်ချက်ထားရတာ ပင်ပန်းတယ်။ ကိုယ်အကောင်းဆုံး ကြိုးစား လိုက်တဲ့အပေါ်မှာ ပရိသတ်တွေကြည့်ရတာ စိတ်ကျေနပ်တယ်ဆိုရင် ကျေနပ်ပါတယ်။

ဟိန်းဝေယံနဲ့အောင်မြင်မှု
အောင်မြင်မှုဆိုတာကို ကျွန်တော့်အမြင်ကတော့ အောင်မြင်တယ်ဆိုတာကို တော်တော်များများထင်ကြတာက ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အပြင်ပန်းကို အောင်မြင်မှုအစစ်လို့ထင်ကြတယ်။ တကယ့် တကယ် ကတော့ အောင်မြင်တယ်ဆိုတာအပြင်မှာလည်း တကယ်ကို ပျော်ရွှင်အောင်မြင်သလို ကိုယ်ကိုယ်တိုင်လည်း တကယ်စိတ်ချမ်းသာတယ်၊ ကိုယ်လုပ်ချင်တာလည်း လုပ်ခွင့်ရနေတယ်၊ ဘ၀မှာလည်း အထိုက်အလျောက်နေလို့ရနေ တယ်ဆို တကယ်အောင်မြင်တဲ့ဘ၀လို့ သတ်မှတ်လို့ရတယ်လို့ထင်တယ်။ တချို့ကျတော့ရှိတယ် အရမ်းအောင်မြင်နေပြီးတော့ စိတ်တွေမွမ်းကြပ်နေရတာမျိုး၊ စိတ်ညစ်နေရတာမျိုးဆို အောင်မြင်မှုအစစ်မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်နေနေရတာကို စိတ်ပျော်ရွှင်နေတယ်ဆိုရင် ဒါအောင်မြင်မှုတစ်ခုပါ။ အခုအချိန်မှာ ကျွန်တော့်ရဲ့လက်ရှိ ဖြတ်သန်းနေရတဲ့ဘ၀လေးကို ကျေနပ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အလုပ်လုပ်ရင် လော
လော လောလောနဲ့ မလုပ်တတ်ဘူး။ ကိုယ်ဝါသနာပါတဲ့အလုပ်ကို စိတ်ပျော်ရွှင်ကျေနပ်စွာ အေးအေးဆေးဆေးပဲ လုပ်ချင်တယ်။ အနုပညာနဲ့ ပတ်သက်ရင်တော့ ကျွန်တော်အများကြီးဆက်ပြီး ကြိုးစားရဦးမှာပါ။

ဟိန်းဝေယံနဲ့အချစ်ရေး
အချစ်ရေးကတော့ အေးဆေးပါပဲ။

ပရိသတ်အတွက်
ကျွန်တော့်ကိုအခုအချိန်အထိ အားပေးနေတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ထိုက်တန်အောင် ကြိုးစားသွားမှာပါ။ ပရိသတ်တွေလည်း အစစအရာရာအဆင်ပြေချောမွေ့ပြီးတော့ စိတ်ချမ်းသာကြပါစေ။