Primary tabs

အကယ်ဒမီအတွက် ကြိုးစားတာမဟုတ် ကြိုးစားမှုအတွက်ရတဲ့ အကယ်ဒမီ

Photo - LMN

Makeup & Hair - Nyi Nyi Maung 
(Sanchaung)
Dress - Myo Min Soe
Shoe - Sin Koe Kaung
Dress - Ma Aye Nwe (Tharkayta)

ဟာသဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ထားနိုင်တဲ့သူ၊ ဇာတ်ရုပ်တွေကို ကျရာအခန်းကဏ္ဍကနေ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူ၊ ဟိုးအရင်ငယ်ဘ၀ သရုပ်ဆောင်က တည်းက ဇာတ်ပို့၊ ဇာတ်ရံအခန်းပေါင်းများစွာကို ကျရာဆေးစက်မှာ ရုပ်လုံးပေါ်အောင် ဖန်တီးနိုင်
စွမ်းရှိပြီး အခုအချိန်အထိလည်း နုပျိုဖျတ်လတ် သွက်လက်စွာ သရုပ်ဆောင်နိုင်သူ၊ ပရိသတ်ရင် ထဲကဆန္ဒနဲ့ တစ်ထပ်တည်းကျစွာ အကယ်ဒမီ ရွှေစင်ရုပ်ထုကို ဆွတ်ခူးနိုင်သူ... စတဲ့ အနုပညာ အရည်အသွေးတွေကို ပိုင်ဆိုင်ထားတဲ့ သရုပ် ဆောင် အကယ်ဒမီ တက္ကသိုလ်ဂွမ်းပုံကို တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။

အကယ်ဒမီနဲ့ပတ်သက်တဲ့ ၀မ်းသာပီတိစကားကို အရင်ဦးဆုံးပြောပြပေးပါ။
ဤအရာကို အချစ်ဟုခေါ်သလား ဇာတ်ကားလေးကို စသယ်လာခဲ့တာက ဒါရိုက်တာ စတီး(ဒွေးမေတ္တာ) ပေါ့နော်။ မဂွမ်းရုပ်ရှင်လောကထဲကို ရောက်လာတာက ဒါရိုက်တာ အကယ်ဒမီ မောင်နန္ဒ၊ ဒါရိုက်တာ အကယ်ဒမီ ဇော်မြင့်ဦးနဲ့ 
ကိုဇော်လွင်တို့ ၃ဦးကြောင့်ပါ။ ဒီဇာတ်ကားလေးနဲ့ အကယ်ဒမီရခဲ့တာက မဂွမ်းတစ်ဦးတစ်ယောက်တည်း ကောင်းလို့မဟုတ်ပါဘူး။ ဒီဇာတ်ကားကို သယ်လာတဲ့ ဒါရိုက်တာက ဒီနေရာလေးမှာတော့ တက္ကသိုလ်ဂွမ်းပုံက လုပ်နိုင်လိမ့်မယ်၊ ကွက်တိဖြစ်မှာပဲဆိုပြီး ပရိဂျူဆာတွေရော၊ ဒါရိုက်တာတွေရောကို ပေးလိုက်တယ်။ အဲဒါကို ခရေဖြူကလည်း ကောင်းတယ်၊ ကျန်တဲ့သူတွေဆိုရင်လည်း ဘယ်သူတွေနဲ့ ကောင်းမယ်၊ မဂွမ်းဆိုရင်လည်း ဒီနေရာမှာ ခလောက်ဆန်တဲ့ဇာတ်နဲ့လိုက်တယ်ဆိုပြီးတော့ ရိုက်ဖြစ်တယ်။ ကိုယ့်ကိုကမ်းလှမ်းပြီဆိုကတည်းက ဇာတ်ပို့၊ ဇာတ်ရံကိုအသားပေးပြီး ရိုက်ထားတဲ့ကား ဆိုတာတော့သိတယ်။ အကယ်ဒမီဆိုတာဝေးစွ ခေါင်းထဲမှာကိုမရှိဘူး။ ဇာတ်ပို့၊ ဇာတ်ရံတွေ လုပ်ကွက်ရှိတယ်။ ဒီလိုရုပ်ရှင်ကား ကြီးမပြောနဲ့ ဗီဒီယိုဆိုရင်တောင်မှ ဇာတ်ပို့၊ ဇာတ်ရံတွေ လုပ်ကွက်ရှိတယ်ဆို ပျော်ကြတာလေ။ မင်းသား၊ မင်းသမီးဆိုရင်လည်း ဇာတ်ပို့၊ ဇာတ်ရံအခန်းက အသားပေးနေတယ်၊ နည်းနည်းထပ်ထည့်ပေးဦးဆိုပြီး တောင်းဆိုတာများတယ်။ ဒါပေမဲ့ အခုဒီကားမှာ တကယ်ပဲ ထူးထူးခြားခြား နိုင်းနိုင်း၊ မိုးဟေကို သူတို့နှစ်ယောက်က ရတယ်ရိုက်မယ်။ နိုင်းနိုင်းဆိုရင် အခန်းပိုတောင် နည်းတယ်။ ဒါပေမဲ့ တစ်ခါတလေ ဇာတ်ပို့၊ ဇာတ်ရံအသားပေးလည်း ရိုက်ရမယ်ဆိုပြီး ရိုက်ပေးတယ်။ မိုးဟေကိုဆို လည်း ဘယ်သူတွေပါမှန်းမသိသေးပေမဲ့၊ သူတို့အခန်းနည်းပေမဲ့ တစ်ခါတလေပေါ့ပေါ့ပါးပါးလေး ရိုက်မယ်ဆိုပြီး ရိုက်ပေးတယ်။ ပုပ္ပါးမှာ သွားရိုက်ရမှာ ရိုက်မယ်ကြည်ကြည်ဖြူဖြူပဲ။ အဲဒီလိုမျိုးလေးတွေ လက်ခံပေးခဲ့တဲ့အတွက် မဂွမ်းတို့လည်း ဒီမင်းသား၊ မင်းသမီး၂ယောက်ကို တကယ်ကျေးဇူး အရမ်းလည်းတင်ပါတယ်။ အကယ်ဒမီစင်မြင့်ထက်မှာလည်း ကျေးဇူးတင်ပါတယ်ဆိုပြီး ပြောခဲ့တယ်။ အဲဒီတော့ မဂွမ်းတို့ဇာတ်ပို့၊ ဇာတ်ရံ ၄ယောက်က ကိုယ့်အတွက် လုပ်ကွက်ရတဲ့ ဒီဇာတ်ကားမှာ အသားကုန်တွေလုပ်ကြ၊ အတိုင်အဖောက်ညီညီနဲ့ ကွက်တိဖြစ်တဲ့အခါကျတော့ ပရိသတ်တွေက ဒီကားကိုကြည့်တဲ့အခါမှာ တစ်ကားလုံးကို ခြုံငုံပြီးတော့ ဒရာမာလေးလည်းပါတယ်၊ ဟာသလေးလည်းပါတယ်၊ ကျေးလက်ဒေသရဲ့ ချစ်စရာကောင်းတဲ့ စရိုက်လေးတွေ၊ မိသားစုလည်း အကုန်ကြည့်လို့ရတဲ့ ကားလေးဖြစ်တဲ့အတွက် မြန်မာတစ်နိုင်ငံလုံးက ၀မ်းပမ်းတသာနဲ့ Press Show ပြတဲ့အချိန်ကနေ ရုံကြီးတင်တဲ့အထိကို၊ အကယ်ဒမီပေးတဲ့နေ့အထိကို တအားအားပေးကြတယ်။ အကယ်ဒမီရမယ့်ကားဆိုပြီး တောက်လျှောက်ပြောလာကြတဲ့အခါကျတော့ အရင်တုန်းက အဲလိုစိတ်မျိုးနဲ့ ကြိုးစားခဲ့ကြတာမဟုတ်ပေမဲ့ အကယ်ဒမီပေးမယ်ဆိုရင်တော့ ပရိသတ်တွေ ထင်ကြေးပေးသလိုများရခဲ့ရင်ရောဆိုတဲ့ စိတ်နဲ့ ကြည်နူးလာတယ်၊ ရင်ခုန်လာတယ်။ ဒါပေမဲ့လည်း အကယ်ဒမီဘုတ်အဖွဲ့ရဲ့ အမှတ်ပေးစည်းမျဉ်းကိုတော့ ကိုယ်လည်းမသိဘူး၊ ကိုယ့်ထက်တော်တဲ့သူတွေလည်း ဘယ်ကားတွေမှာများ ရဦးမလဲမသိဘူးလေဆိုတဲ့ စိတ်နဲ့ တခြားသူတွေရဲ့နာမည်တွေလည်း ထွက်လာတဲ့အခါကျတော့ ဆိုက်ကိုတွေဖြစ်လာတာပေါ့နော်။ ကိုယ့်နာမည်ကြီးက တစ်တွေပြေးနေပြီးတော့ သူများဖြစ်သွားရင်လည်း ဘယ်တတ်နိုင်မလဲဆိုတဲ့ စိတ်နဲ့ ရင်ခုန်စွာစောင့်စားရင်းနဲ့ပဲ ရခဲ့တာပါ။ အကယ်ဒမီကို မလိုချင်ဘူးလားမေးရင် ဘယ်သူပဲဖြစ်ဖြစ် မင်းသား၊ မင်းသမီး၊ ဇာတ်ပို့၊ ဇာတ်ရံ၊ ဒါရိုက်တာ၊ စက်အဖွဲ့အားလုံး၊ အနုပညာနဲ့ လှုပ်ရှားနေကြတဲ့သူ ဘယ်သူမှမလိုချင်တာ မရှိဘူးလေ။ ဒါပေမဲ့ ဒါအိပ်မက်ပဲ။ မဂွမ်းတို့ ဇာတ်ပို့၊ ဇာတ်ရံဆိုတာ ကိုယ့်အတွက် လုပ်ကွက်ရှိတဲ့ကား၊ ကိုယ့်ကိုပေးလုပ်တဲ့ ကား အင်မတန်မှနည်းတယ်။ အဲဒီတော့ တစ်ကားတစ်လေလောက်လာတဲ့အချိန်မှာ အကုန်လုံးကပျော်ပြီးတော့ ပရိသတ်တွေကို ချပြခွင့်ရတယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ပဲ ကြိုးစားခဲ့ကြတာပါ။ အကယ်ဒမီအတွက် ကြိုးစားကြတာမဟုတ်ပေမဲ့ ကြိုးစားခြင်းကို အသိအမှတ်ပြုတဲ့ အကယ်ဒမီကလိုက်လာတာပါ။ အဲဒီအတွက် ရင်ခုန်တာပေါ့နော်။ တစ်ကြိုပေးခြင်းခံရပြီး မရသည့်တိုင်အောင် ငါကတစ်ကြိုပေးခံရပါလားဆိုတဲ့ စိတ်လေးတစ်ခုတည်းနဲ့တောင် ၀မ်းသာခဲ့ရပါတယ်။ အဲဒီလိုပဲ ဒီဇာတ်ကားလေးက ပရိသတ်ရဲ့ရင်ထဲကဆန္ဒနဲ့ မဂွမ်းရဲ့ ရင်ထဲက မျှော်လင့်ချက်နဲ့ အကယ်ဒမီဘုတ်အဖွဲ့ရဲ့ အမှတ်ပေးခြင်းနဲ့ ကွက်တိဖြစ်သွားတဲ့အချိန်မှာ ဒီတန်ဖိုးမဖြတ်နိုင်တဲ့ အကယ်ဒမီကို တကယ်တန်ဖိုးထားပါတယ်။

ဟာသပညာဆိုတာ တခြားသူတွေကို ရယ်မောအောင်လုပ်ရတဲ့အရာဆိုတော့ တကယ်လည်း ခက်ခဲတဲ့ပညာဖြစ်တဲ့အတွက် အဲဒီလိုမျိုးဟာသကို အမြဲမျက်ခြေမပြတ်အောင်၊ Up to date ဖြစ်နေအောင် ဘယ်လိုတွေ ထပ်ပြီး လေ့လာဖြစ်သလဲ။
အခုအချိန်မှာဆိုရင် ကိုရီးယားကားတွေ ခေတ်စားလာတယ်၊ အိမ်တိုင်းမှာ ကြီးကြီးငယ်ငယ် ကိုရီးယားကားကို ၁၀၀% မှာ ၈၀% လောက်က ကြည့်ကြတယ်။ အများအားဖြင့် ကြိုက်တယ်၊ ကြည့်တယ်ဆိုတော့ ဒီကားတွေကို လေ့လာမှရတော့မယ်။ တကယ်တမ်းကတော့ ကိုရီးယားကားတွေက သမားရိုးကျပဲ။ ဒါပေမဲ့ သရုပ်ဆောင်တွေအကုန်လုံးက သူ့ရဲ့ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်ကြတယ်။ ဒီကားမှာ မင်းသမီးပေမဲ့ နောက်ကားကျရင် ဗီလိန်ဖြစ်သွားတယ်။ ဇာတ်အိမ်တွေတူနေပေမဲ့ ပရိသတ်က စောင့်ကြည့်ကြတာပဲ။ ကိုယ်ကိုယ်တိုင်လည်း အဲဒီလိုပဲ။ ကိုယ်က Night Scene ရှိလို့ လွတ်သွားတယ်ဆိုရင် ဒီကားကိုပြန်ကြည့်ဖို့ ဘယ်နှနာရီပြန်လာမယ် ဆိုတာကို ကြည့်တယ်။ အဲဒီတော့ ကိုယ်ကဒီကားကို ဘာလို့ကြိုက်တာလဲ အဖြေရှာတယ်၊ သူ့ရဲ့ဇာတ်ကြောရိုးက ပရိသတ်ကိုမထိတထိ အသည်းယားစရာဖြစ်တယ်။ မဖြစ်နိုင်တာကြီးကို ဆိုပေမဲ့ ကိုယ်ကကြိုက်တယ်။ မြန်မာမှုလည်းဆန်တယ်၊ ဒါပေမဲ့ ပရိသတ်ကိုဆွဲဆောင်နိုင်တဲ့အား သူတို့
မှာရှိတယ်။ တစ်ယောက်ချင်းစီမှာ ထိမိအောင် သူတို့ရဲ့ကာရိုက်တာကို ထိမိအောင်ပြနိုင်တယ်။ အဲဒီတော့ ကိုရီးယားကားတွေရဲ့ ဟာသ၊ ပရိသတ်ကို ဘာကျွေးနိုင်သလဲ အဲဒါတွေကြည့်တယ်။ နောက်ပြီး ကာတွန်းကားလေးတွေရဲ့ ချစ်စရာအမူအရာ လေးတွေ၊  Mr Bean ဆို မဂွမ်းရဲ့ မြင်ဆရာလို့တောင် ပြောလို့ရတယ်။ အဲဒီအမူအရာလေးတွေကို ကိုယ့်ရဲ့မျက်လုံးထဲမှာမြင်နေတဲ့အမူအရာနဲ့ ကိုယ့် အိုက်တင်နဲ့ လုပ်လိုက်တဲ့အချိန်မှာ ပရိသတ်က ကြိုက်တယ်ပေါ့နော်။ ဘယ်ကားမှာတော့ ဘယ်လိုလုပ်လိုက်တဲ့အမူအရာလေးက ချစ်စရာလေးဆိုရင် ငါတော့ မြားအစင်းတစ်ရာပစ်လိုက်တာ  တစ်ချက်တော့ထိသွားပြီ၊ ဒီအချက်လေးကိုတော့ မှတ်ထားမယ်ဆိုပြီး ကိုယ်တိုင်ကိုယ့်ကားတွေကို ပြန်ကြည့်ပြီး လေ့လာတယ်။ ဖက်ရှင်တွေကို လေ့လာသလို ဒီဇိုင်နာကိုလည်း အိမ်ခေါ်ပြီး တောဆိုလည်း တောအလျောက်၊ မြို့ဆိုလည်း မြို့အလျောက်၊ ဒီကားမှာ ကိုရီးယားဝတ်စုံတွေ လိုနေတယ်ဆိုရင် ဒီဇိုင်နာက ကိုရီးယားနဲ့ပတ်သက်တာကို အင်တာ နက်ကနေကြည့်ပြီး ဒါလေးနဲ့ ဒါလေးတော့ စပ်ပြီးချုပ်လိုက်မယ်ဆိုပြီး ပြောတယ်။ အဲဒီမှာ အထည် ၂၀တော့ ချုပ်လိုက်ပါဆိုပြီး ဒီဇိုင်နာနဲ့ အဲဒီလိုမျိုး အပ်တယ်။ အဲဒီလိုမျိုးလေးတွေနဲ့ Up to date ဖြစ်နေအောင် လေ့လာရတာပေါ့။ လူငယ်တွေြ ကားမှာ ဘယ်လိုဗန်းစကားတွေပြောကြလဲ၊ facebook တွေ ခေတ်စားလာတော့ ကိုယ်မသုံးတတ်ဘူး ဒါပေမဲ့ ဒါတွေကမလေ့လာလို့မရဘူး ဒါတွေက ခေတ်အလိုက်သွားနေတာဆိုတော့ လေ့လာရတယ်။ 

မျိုးဆက်သစ် အနုပညာရှင်တွေအတွက် လက်ဆင့်ကမ်းချင်တဲ့ အကြံပေးစကားလေးတွေကို ကိုယ်ဖြတ်သန်းခဲ့တဲ့ အနုပညာခရီးအတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ပြောပြပေးပါဦး။
မဂွမ်းကတော့ အနုပညာလောကထဲကို ၀င်လာတဲ့ မင်းသား၊ မင်းသမီး၊ ဇာတ်ပို့၊ ဇာတ်ရံ အသစ်အသစ်ပေါင်းများစွာကို ပြောချင်တာက မဂွမ်းတို့လည်း အသစ်ဘ၀ကတက်ခဲ့ရတာပါ။ ဟိုးအရင် မင်းသား၊ မင်းသမီးကြီး၊ ဇာတ်ပို့၊ ဇာတ်ရံ
ကြီးတွေရဲ့ ကားတွေကို ကြည့်ခဲ့ရပြီး အားကျအတုယူခဲ့ပြီး အခုဆိုရင် အနှစ် ၃၀ ရှိပြီ ဖြတ်သန်းခဲ့ရတာပါ။ ဒါပေမဲ့ ကိုယ်တွေဖြတ်သန်းခဲ့ရတာက ကံ၊ ဥာဏ်၊ ၀ီရိယ၊ သင်ဆရာ၊ မြင်ဆရာပေါ့။ ကိုယ့်ရဲ့အားနည်းချက်ကို ရှာရတာပေါ့။ ကိုယ့်ရဲ့ အားနည်းချက်က အရပ်ပုတယ်၊ ရုပ်မချောဘူး အဲဒီတော့ ဖက်ရှင်ပိုင်းကို ကိုယ်နဲ့သင့်တော်တာဖြစ်ရ မယ်၊ ဇာတ်ကားနဲ့လိုက်ဖက်တဲ့ အ၀တ်အစား၊ ပရိသတ်ရင်ထဲကို ထိမိနိုင်တဲ့ အိုက်တင်ဘယ်လို ပေးမလဲပေါ့။ အဲဒီလိုမျိုးကိုယ့်ကို ဒါရိုက်တာက ချပေးတဲ့ ဇာတ်ရုပ်အပေါ်မှာ ကွက်တိဖြစ်အောင် ကြိုးစားတယ်။ ပရိသတ်ရင်ထဲမှာ ထိမိအောင် ကိုယ့်ရဲ့ အမူအရာလေးကို ငြိစေမယ့်ဟာ ဘာလေးပေးရမလဲဆိုတာ လိုက်ရှာတယ်။ ပြီးရင်တခြားအနုပညာရှင်ရဲ့အိုက်တင်လေးတွေနဲ့ ကိုယ့်ရဲ့အိုက်တင်ကိုပေါင်းတယ်။ ဒါက ကိုယ့်ရဲ့မြင်ဆရာပေါ့ အဲဒီလိုမျိုးပဲ နောက်လာမယ့် မျိုးဆက်သစ်လေးတွေအနေနဲ့လည်း ဇာတ်ကားအစုံ ရှေးခေတ်ကားတွေရော အကုန်လေ့လာပါ၊ စာများများဖတ်ပါ၊ ပြီးတော့ ကိုယ့်ရဲ့အထက်မှာရှိတဲ့ လူကြီးတွေ၊ အနုပညာရှင်ကြီးတွေကို respect ရှိပါ။ အခုကတော့ အနုပညာလောကထဲကို ၀င်တော့ဝင်လာကြတယ် ဒါပေမဲ့ မလိုလားအပ်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ဆိုရင် အချိန်တိုအတောအတွင်းမှာ ပြုတ်ကျသွားနိုင်ပါတယ်။ ရေရှည်အနုပညာကို ချစ်မြတ်နိုးရင် အနုပညာကို သစ္စာရှိရှိနဲ့ဝင်လာပါလို့ မှာချင်ပါတယ်။

အခုအချိန်အထိ နုပျိုနေတဲ့ လျှို့ဝှက်ချက်အကြောင်းလေးကိုလည်း ပြောပြပေးပါဦး။
ပရိသတ်တွေက ပြောကြတယ် မဂွမ်းက နုပျိုတယ်လို့ အဲဒါကတော့ အရပ်ပုတာလည်း ပါတာပေါ့နော်။ ပြီးတော့ မဂွမ်းက အရမ်းစိတ်ညစ်ခံတတ်တဲ့အထဲမှာ မပါဘူး။ အရင်တုန်းကတော့ ငယ်တဲ့  အချိန်ဆိုတော့ ပေါက်ကွဲလွယ်တယ်။ စိတ်ညစ်စရာရှိလည်း စိတ်အရမ်းညစ်တတ်တယ်။ ပေါက်ကွဲပလိုက်တယ်။ အဲဒီလိုလူမျိုးထဲမှာပါတယ်။ ဒါပေမဲ့ ဒီလိုအသက်အပိုင်းအခြားမှာ စိတ်ကို အရမ်းမလွှတ်ပေးတော့ဘဲ ဘုရားဟောတရားနဲ့အညီ ထိန်းချုပ်တယ်။ ဒေါသကြီးရင် အသက်တိုတယ်၊ ရုပ်ကိုကျစေတယ်။ အဲဒီတော့ ကိုယ်လုပ်နေတာက ဟာသ။ အဲဒီအတွက် ဒီဒေါသဖြစ်တာဟာ ပြဿနာကို ဖြေရှင်းတာမဟုတ်ဘူး။ ငယ်ငယ်တုန်းကတော့ ပြဿနာသေးသေးလေးကို ကြီးကြီးလုပ်တတ်တယ်။ ဒါမှဒါ။ ဟိုဟာ မဟုတ်ဘူး။ ထက်လည်းထက်တယ်။ စိတ်အရမ်းကြီးတယ်။ အခု နောက်ပိုင်းကျတော့ အသက်အရွယ်အရ သေးသေးမွှားမွှားဆိုလည်း စိတ်ထဲမှာ မထားတော့ဘူး။ တခြားသူတစ်ယောက်က တိုက်ခိုက်တာဆိုလည်း ဥပေက္ခာပြုလိုက်တဲ့အတွက် စိတ်ထားတတ်လာတာကြောင့် စိတ်ထဲမှာ အမြဲပျော်နေတယ်။ နောက်ပြီးတော့ မဂွမ်းရဲ့မိဘတွေနဲ့လည်း နွေးနွေးထွေးထွေးနေတယ်။ ကိုယ်ကတစ်ဦးတည်းသော သမီးလည်းဖြစ်တာကြောင့် ကိုယ်က အဖေ၊ အမေကို ကိုယ့်ရှုတင်အားပြီဆိုတာနဲ့ ဘုရားဖူးထွက်ချင်လား၊ ခရီးသွားချင်လား၊ ဒါမှမဟုတ် ရန်ကုန်မှာဆိုလည်း တစ်ခုခုစားချင်လား သွားမယ်ဆိုပြီး အချိန်ပေးဖြစ်တယ်။ အမျိုးသားကလည်း မဂွမ်းရဲ့ဘေးနားမှာ ဘော်ဒီဂတ်သဘောမျိုး ဖြစ်နေတော့ ကိုယ့်ရဲ့အလုပ်ကိစ္စတွေ၊ ရက်ချိန်းတွေ၊ အ၀တ်အစားကိစ္စတွေကအစ အကုန်လုပ်ပေးတယ်။ အဲဒီလိုမျိုးတွေဆိုတော့ မဂွမ်းမှာ ပူပင်သောကဆိုတာ ၈၀% က ပျော်ရွှင်မှုဆိုရင် ၂၀%နှုန်းလောက်ပဲ စိတ်ညစ်ညူးမှုက ရှိတဲ့အတွက် စိတ်ပျိုရင်ကိုယ်နု ဆိုသလိုမျိုးလေး ဖြစ်နေတာပါ။

အတိုက်အခိုက်တွေနဲ့ ကြုံလာတဲ့အခါမှာရော ဟိုးအရင်တုန်းကစိတ်နဲ့ဆို ဘယ်လိုတွေဖြေရှင်းလဲ၊ အခုလက်ရှိဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက်နဲ့ဆိုရင်ရော ဘယ်လိုစိတ်ဓာတ်မျိုး ထားလိုက်လဲ။
အနုပညာလောကထဲမှာမှ မဟုတ်ပါဘူး နေရာတိုင်းမှာ အတိုက်အခိုက်ဆိုတာ ရှိတာပေါ့နော်။ ငယ်ငယ်တုန်းကဆိုရင် ကိုယ့်အပေါ်လာတိုက်ခိုက်တာမျိုးဆိုရင် တုန့်ပြန်တဲ့အားက အရမ်းမြန်တယ်။ စိတ်လည်းအရမ်းကြီးတယ်။ ကိုယ်ကတော့ ချစ်လိုက်ရတာ၊ ခင်လိုက်ရတာ၊ သူကျတော့ ကိုယ့်ကိုအဲဒီလိုမျိုး လုပ်သလားဆိုတဲ့ စိတ်နဲ့ မကျေမချမ်းတွေဖြစ်တယ်၊ ဒေါသထွက်တယ်။ အခု နောက်ပိုင်းကျတော့ ဒါကမကောင်းတဲ့စိတ်၊ မကောင်းတဲ့သူကို မကောင်းတဲ့အတိုင်းပဲထားလိုက်။ တုန့်ပြန်တာလုပ်မယ့်အစား မေတ္တာနဲ့သာ အနိုင်ယူပါဆိုတဲ့ စိတ်တစ်ခုရလာတဲ့အချိန်မှာ ကိုယ်ကိုယ်တိုင်လည်း မျက်နှာကြည်လာတယ်၊ ကိုယ့် စိတ်ကို ကိုယ်နိုင်လာတယ်။ အလုပ်လည်းလုပ်လို့ ကောင်းသွားတယ်၊ ဥပေက္ခာပြုလို့ရမယ့်အရာကို ဥပေက္ခာ ပြုလိုက်ပါ၊ ဖြေရှင်းလို့ရမယ့်ဟာကို ဖြေရှင်းလိုက်ပါ၊ နောက်ပိုင်းမှာ ဖြေရှင်းလို့မရတော့ဘူးဆိုရင် ဥပေက္ခာပြုလိုက်တော့တယ်။

ဇာတ်လမ်းထဲမှာမဟုတ်ဘဲ အပြင်က မဂွမ်းရဲ့ ပုံစံကဘယ်လိုလဲ။
မဂွမ်းရဲ့ပင်ကိုယ်ပုံစံက ပျော်ပျော်တော့ နေတတ်တယ်။ ဒါပေမဲ့ အပြင်မှာ သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်သွား၊ ပျော်တာမျိုး မဟုတ်ဘူး။ စိတ်ပျော်ရွှင်အောင်နေတတ်တယ် အိမ်မှာဆိုရင် အေးအေးဆေးဆေးနဲ့ TV လေး ကြည့်မယ်။ သူငယ်ချင်းတွေနဲ့စကားပြောမယ်။ အဲဒါလောက်ပဲ။ ငယ်ငယ်တုန်းကဆိုရင်တောင်မှ ကျောင်းတက်နေတဲ့ အချိန် တွေမှာဆို ကိုယ့်ရဲ့မျက်နှာကတည်တယ်။ ပုပ်တတ်တယ်။ အိမ်ကစထွက်ပြီဆိုကတည်းက မျက်နှာကတည်ပြီး ပုပ်နေတာ။ သူများစမှာဆိုးတဲ့အတွက် မျက်နှာကြော အရမ်းတင်းတာ။ ဖေဖေ့ရဲ့ သူငယ်ချင်းတွေဆိုရင် မင်းရဲ့ သမီးက ဟာသမှာ အရမ်းလူကြိုက်များတဲ့ သရုပ်ဆောင်ဆိုတာကို မယုံဘူးတဲ့။ ဘာလို့လဲဆိုတော့ ဟိုးအရင်တုန်းက စန်းစန်းကြည်က ဟာသသရုပ်ဆောင် တက္ကသိုလ်ဂွမ်းပုံဆိုတာ လူနှစ်ယောက်လို သပ်သပ်ကြီး ဖြစ်သွားတယ်တဲ့။ အခုဆိုရင်တော့ ပရိသတ်နဲ့ပြုံးရွှင်စွာနေတယ် ဒါက အလုပ်က သင်သွားတာ။ ဒါပေမဲ့ ကိုယ့်မိသားစုနဲ့ဆိုရင်တော့ အေးဆေးတည်ငြိမ်စွာ နေတတ်တယ်။ နောက်ပြီး အပြင်သွားပြီဆိုရင်  မဂွမ်း ဟာသလေးတစ်ကွက်လောက် လုပ်ပြပါဆိုရင် စိတ်ထဲမှာတစ်မျိုးပဲဖြစ်တယ်။ facebook မှာ ဆိုလည်း ပရိသတ်ရဲ့ comment ကို အမြဲပြန်ပေးတယ်။ မပြန်ပေးရင်တောင် like လေးတွေလောက် ပေးတယ်။ ဒါပေမဲ့ မဂွမ်းကိုမာနမကြီးနဲ့နော် အားပေးနေတာလို့ပြောရင် အရမ်းခံစားရတယ်။ အဲဒါကတော့ မဂွမ်းရဲ့ အားနည်းချက်တစ်ခုပေါ့နော်။ 

Stress တွေ အရမ်းများလာတဲ့ အချိန်မျိုးမှာ အဲဒီ Stress တွေကို ဘာနဲ့ဖြေဖျောက်ပစ်လဲ။
စိတ်အရမ်းပင်ပန်းလာပြီဆိုရင် စကားမပြောတာများတယ်။ စာဖတ်ဖူးတာက အရမ်း ဒေါသဖြစ်နေတဲ့အချိန်မှာ ချက်ချင်းမတုန့်ပြန်လိုက် ပါနဲ့ ဒေါသသံနဲ့ ဖြစ်သွားတတ်တယ်တဲ့။ အိမ်သားတွေနဲ့လည်း အဲဒီလိုပဲ ကိုယ်စိတ်တိုနေတဲ့ အချိန်မှာ အိမ်သားတစ်ယောက်ယောက်က ကိုယ့်ကိုလာပြောရင် စိတ်တိုတဲ့အခံနဲ့ ပြန်ပြောမိတယ်။ အဲဒီတော့ အဲဒီလိုပြောမိမှာဆိုးလို့ စကားတစ်ခွန်းမှမပြောတော့ဘူး။ ကိုယ်စိတ်တိုနေရင် သိတယ်။ နာရီဝက်လောက် အတွင်းမှာတော့ တော်တော်
ထိန်းရတယ်။ အချိန်နည်းနည်းကြာလာတာနဲ့ အမျှ ရုပ်ရှင်ကြည့်လိုက်မယ်၊ သီချင်း နားထောင်လိုက်မယ်ဆိုရင် စိတ်ပြေသွားတယ်။ အဲဒီအချိန်ကျမှ အဲဒီအကြောင်းအရာကို ပြန်စဉ်းစားတယ်။ ဒါလေးက ခေါင်းထဲထည့်ရမယ့်ကိစ္စမဟုတ်ဘူး၊ ဒါကတော့ မရတော့ဘူးဆိုလည်း မရဘူးပေါ့။ မရတာကို လိပ်ခဲတည်းလည်း ဖြစ်နေမယ်ဆိုရင် ကိုယ်လည်း မျက်နှာကြီးပုပ်သိုးနေမယ်၊ အားလုံးအတွက်မကောင်းတဲ့အရာတစ်ခုကို ဖျောက်လိုက်တာကောင်းတယ် အဲဒါနဲ့ပဲ ပြန်ဖြေတယ်။ Stress တွေ အရမ်းများလာရင် စကားမပြောတာများတယ်။ 

စိတ်ချမ်းသာအောင် ဘယ်လိုနေထိုင်သင့်လဲဆိုတာကို ပရိသတ်အတွက်လည်း အကြံဉာဏ်လေးပေးပေးပါဦး။
ပရိသတ်ဆိုတာလည်း လူသားထဲက လူပဲလေ။ လူတိုင်းမှာ ဘ၀တစ်ခုစီရှိကြတယ်။ အရမ်းချမ်းသာပြေလည်နေတဲ့ သူတွေရှိသလို၊ ဘ၀ကို ရုန်းကန်ရင်းနဲ့ လှုပ်ရှားနေရတဲ့သူတွေလည်းရှိတယ်။ မဂွမ်းတို့ဆိုလည်း ရုန်းကန်ကြိုးစားရင်းနဲ့မှ နေရာတစ်ခုကို ရောက်လာတဲ့သူတွေပါ။ ချမ်းသာကြွယ်ဝတဲ့ အသိုင်းအ၀ိုင်းကမဟုတ်ပါဘူး။ အဲဒီတော့ ရုန်းကန်ရင်းနဲ့ ရိုးသားမယ်၊ ကြိုးစားမယ်၊ ဘ၀ကိုအရှုံးမပေးပါနဲ့။ ကိုယ်တကယ်လို့ ရုန်းကန်နေရတာ ပင်ပန်းနေမယ်ဆိုရင် ကိုယ့်ထက်ရုန်းကန်နေရတဲ့ မပြေလည်တဲ့သူတွေကို ကြည့်ကြည့်လိုက်ပါ။ အဲဒီလိုကြည့်လိုက်တဲ့အချိန်မှာ ငါမပြေလည်တာ သူတို့ထက်စာရင် ပြေလည်နေပါသေးလားဆိုတဲ့ စိတ်တစ်ခုနဲ့ ပိုပြီးကြိုးစားချင်တဲ့စိတ်၊ ပိုပြီးတော့ အောင်မြင်ချင်တဲ့စိတ် ပေါ်လာပါလိမ့်မယ်။ မဂွမ်းတို့ဆိုလည်း အဲဒီလိုပဲ ငါမလုပ်တော့ပါဘူးလေဆိုပြီး စိတ်ဒုံးဒုံးချပြီး စိတ်ပျက်ဖူးတယ်။ အဲဒီလို စိတ်ပျက်နေလို့ ငါဘာလုပ်မှာလဲဆိုပြီး ကိုယ့်ကိုယ်ကို ပြန်ပြီးကြိုးစားရတာပေါ့။ ပြန်ဝေဖန်ရတာပေါ့။  တောင်ဝှေးလဲရင် ကိုယ်ကထူနိုင်တယ်၊ ကိုယ်လဲရင် တောင်ဝှေး မထူနိုင်ဘူးဆိုတာမျိုးပေါ့။ ဘ၀မှာကိုယ်ရုန်းကန်ကြိုးစားနေရင်း ပြုတ်ကျသွားရင် ကိုယ်ကိုယ်တိုင်ပဲ ပြန်ကြိုးစားမှရမှာ။ ရည်မှန်းချက်ကတော့ ထားရမယ်။ အဲဒီအထိ မရောက်ဘူးဆိုရင် ဘာလုပ်မလဲ။ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်လေးတစ်ခုကို ဖြစ်နိုင်ချေရှိတဲ့အထိ ကြိုးစားပါ။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဖြစ်ကို ဖြစ်လာပါလိမ့်မယ်။ 

ပရိသတ်အတွက် နှုတ်ဆက်စကားပြောပေးပါဦး။
အနုပညာချစ် ပရိသတ်တွေ၊ စာဖတ်ပရိသတ်တွေ အားလုံးအတွက် အကယ်ဒမီရမှ မဟုတ်ပါဘူး အနုပညာအလုပ်တွေ စလုပ်ခဲ့တဲ့ ၁၉၈၆ ကတည်းက အမြဲတမ်းကြိုးစားပြီး တင်ဆက်မှာပါ။ အသက်နဲ့ခန္ဓာ တည်မြဲနေသရွေ့ ဒီထက်ကြိုးစားပြီး တင်ဆက်နေဦးမှာပါ။ ဒါကြောင့်မို့လို့ အနုပညာလောကက လူတွေအားလုံးကို ချစ်ကြပါလို့ ပြောချင်ပါတယ်။