Primary tabs

အခက်အခဲတွေများလာတော့ ခံနိုင်ရည်ရှိလာတယ်

Photo- LMN

ဂီတနဲ့ပတ်သက်တဲ့ လက်လှမ်းမီသမျှ အခွင့်အရေးတွေဖြစ်တဲ့ ပြိုင်ပွဲတွေမှာ မလျှော့တဲ့ဇွဲနဲ့ ကြိုးစားတတ်သူ၊ လိုချင်တဲ့ပန်းတိုင်အတွက် လျှောက်လှမ်းနေတဲ့ ခရီးလမ်းတွေမှာ ဆူးညှောင့် ခလုတ်တွေ ဘယ်လောက်ရှိနေပါစေ စိတ်ဓာတ် 
ကြံ့ခိုင်စွာနဲ့ လျှောက်လှမ်းနေတဲ့သူ၊ သူ့ရဲ့ပင်ကိုယ် စိတ်ထားအတိုင်း လွတ်လပ်ပေါ့ပါးစွာနေတတ်ပြီး စိတ်ကိုချုပ်တည်းမထားတတ်သူ..... သူကတော့ ပရိသတ်အများဆုံး အာရုံစိုက်ခံရခဲ့တဲ့ အိပ်မက်ဆုံရာ ရာသက်ပန် Season 1 ရဲ့ Winner ဆုရှင်တဖြစ် အခုအချိန်မှာ ပရိသတ်ရဲ့အားပေးမှုကို အပြည့်အ၀လက်ခံရရှိထားတဲ့ တေးသံရှင် အောင်ထက်ပါ။ အောင်ထက်နဲ့ပတ်သက်ပြီး သူ့ရဲ့အနုပညာခရီးလမ်းတစ်လျှောက် ဖြတ်သန်းနေမှု၊ သူ့ရဲ့စိတ်နေစိတ်ထားနဲ့ အနုပညာအပေါ်ထားရှိတဲ့ သဘောထားတွေကို တွေ့ဆုံမေးမြန်းကြည့်တဲ့အခါ....

ဂီတခြေလှမ်းအစ
ကျွန်တော်၂၀၀၉ခုနှစ် ၈လပိုင်းလောက်ကစပြီး ပြိုင်ပွဲတွေအများကြီး ပြိုင်ခဲ့ဖူးတယ်။ ပြိုင်ပွဲသေးသေးလေးရော၊ အကြီးကြီးတွေရော ပြိုင်ခဲ့ပါတယ်။ ကျွန်တော်ပြိုင်ပွဲတွေမှာလည်း ဒီနာမည်နဲ့ပဲ ပြိုင်တာဆိုတော့ အဲဒီကတည်းက အခု
အချိန်ထိအောင် အားပေးနေတဲ့သူတွေ၊ ကြားထဲမှာ ပျောက်သွားတဲ့နှစ်တွေမှာရော ဘယ်ပျောက် သွားတာလဲဆိုပြီး သတိထားမိတဲ့သူတွေရှိပါတယ်။ အသက် ၁၉ နှစ်လောက်ပဲ ရှိသေးတယ်။ အဲဒီအချိန်မှာ ကျွန်တော့်မျှော်လင့်ချက်တွေ အကောင်အထည် ဖော်ဖို့အတွက် အခွင့်အရေးတွေ့ပြီဆိုပြီး အရမ်းပျော်မိတယ်။ အရင်တုန်းကလည်း သီချင်းဆိုတယ်၊ အပြင်မှာလည်း ဂစ်တာကိုင်ပြီး အော်ဟစ်ဆိုတယ်၊ ရပ်ကွက်ထဲမှာလည်း ဆိုတယ်။ အလုပ်ပြန်ပြီဆိုတာနဲ့ ကျွန်တော်ကအဆောင်မှာ နေတာဆိုတော့ အဆောင်မှာနေတဲ့ဝန်ထမ်းတော် တော်များများက ဒီအချိန်လေးပဲ ပိုင်တာလေ။ အဲဒီတော့ ညအချိန်လေးပဲ ဂစ်တာကိုင်ပြီးတော့ လွတ်လွတ်လပ်လပ် သီချင်းဆိုရတာ။ အဲဒီအချိန်မှာလည်း ဘေးနားကလူတွေက ကျွန်တော်သီချင်းဆိုတာကို လက်ခံကြတယ်။ အဲဒီလိုဂစ်တာတီး၊ သီချင်းဆိုတာနဲ့ပတ်သက်ပြီးတော့ပဲ ကျွန်တော်က အပေါင်းအသင်းများတာ၊ သူများဆိုရင်လည်း ကိုယ်ကဂစ်တာတီးပေးတယ်။ 

ဂီတအပေါ်ခံယူချက်
ကျွန်တော့်အမေက ခရစ်ယာန်ဆိုတော့ သီချင်းတွေနဲ့မစိမ်းဘူး၊ အဖေကလည်း ၀ါသနာပါတဲ့သူဆိုတော့ သူတို့ရဲ့ဝါသနာက ကိုယ့်မှာပါလာတာ။ ငယ်ငယ်လေးကတည်းကလည်း ဒီဂီတအလုပ်ကို လုပ်ဖို့စိတ်ဆန္ဒရှိခဲ့တယ်၊ ဘ၀ပေးအခြေ
အနေအရသာ လုပ်ဖို့အခွင့်အရေးမရတာ။ တချို့အခက်အခဲတွေကျတော့ ရင်ဆိုင်မှရတာမျိုးတွေ ရှိတယ်၊ တချို့အခက်အခဲတွေကျတော့ လျစ်လျူရှုပြီး မသိချင်ယောင်ဆောင်၊ ပေပြီးကျော်လိုက် လို့ရတယ်။ အဲဒီလိုကျော်လိုက်တဲ့အခါမှာတော့ ကိုယ်ခံစားရတာပေါ့။ အဲဒီအခက်အခဲတွေကို ခံစားရပါများလာတော့ လူကခံနိုင်ရည်ရှိလာတယ်။ အဲဒီလိုခံနိုင်ရည်ရှိဖို့ကလည်း စိတ်ဓာတ်ကြံ့ခိုင်ဖို့ အရေးကြီးတယ်။ အများကြီးခံစားလိုက်ရင်လည်း ကိုယ်လုပ်ချင်တဲ့အလုပ်က နှောင့်နှေးသွားလိမ့် မယ်။ အဲဒီအခက်အခဲတွေကြောင့်ပဲ ကိုယ်လုပ်ချင်တဲ့အလုပ်ကို ဖြစ်အောင်လုပ်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ၊ လုပ်ချင်စိတ်တွေ ပျောက်မသွားဖို့ကလည်း အရေးကြီးတယ်။ ပျောက်သွားခဲ့တဲ့ဆိုရင် ကိုယ်က ကျန်ခဲ့တဲ့သူတစ်ယောက်ပဲ ဖြစ်သွားမယ်ဆိုတဲ့ စိတ်နဲ့ အားတင်းခဲ့တယ်။ ကျွန်တော်တို့လိုလူမျိုးတွေဆိုတာ အပြင်မှာလည်းရှိပါတယ်။ နောက်ပြန်လှည့်ကြည့်ရင် ကိုယ့်ကျောတောင်ကိုယ် မြင်ချင်မှမြင်ရတာ။ ဘာမှမရှိဘူး ကိုယ်ကိုယ်တိုင်ပဲ လုပ်ရတာဆိုတော့ ကိုယ့်စိတ်ရော၊ ခန္ဓာကိုယ်ရော ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားရတယ်။ 

ဟေးမိတ်ဆွေ
ကျွန်တော်အခု ဟေးမိတ်ဆွေဆိုတဲ့ ခွေအတွက် VCD ရိုက်ဖို့တွေ ပြင်ဆင်နေပါတယ်။ VCD ကို ၁၁လပိုင်းလောက်မှာ ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ CD က ၃လပိုင်းက ထွက်ထားတာဆိုတော့ ကြားထဲမှာ သင်္ကြန်ပိတ်ရက်နဲ့လည်း ခံသွားတာကြောင့် ပရိသတ်ဆီက Feedback ကို သေချာပြန်မကြားရသေးဘူး။ သိတဲ့သူလည်း သိသလို၊ မသိတဲ့သူတွေလည်း တချို့ကျွန်တော်ခွေထွက် တာကို မသိကြသေးတာ ရှိတယ်။ အခုတော့ Billboard ပြန်ထောင်မလို့ လုပ်နေပါတယ်။ လော
လောဆယ်မှာတော့ သိလို့ဝယ်ပြီးအားပေးတဲ့သူတွေလည်းရှိပါတယ်။ နားထောင်ပြီးတဲ့ ပရိသတ်တချို့ဆီကလည်း နောက်ထပ်ထွက်မယ့်ခွေကျရင် ဒီထက်ကောင်းတဲ့ပုံစံမျိုးလေးတွေ ဖန်တီးပေးပါဆိုပြီး အကြံပေးတာတွေလည်း ရှိပါတယ်။ ဒီခွေကို ၂၀၁၅၊ ၁၁ လပိုင်းလောက်ကစပြီး အကောင်အထည်ဖော်ဖြစ်ခဲ့တာပါ။ တေးရေးက ဆရာ စောခူဆဲနဲ့ ကျွန်တော်နဲ့ နှစ်ယောက်တည်း ရေးထားတာပါ။ ကျွန်တော်က ၆ပုဒ်၊ ဆရာ စော ခူဆဲက ၆ပုဒ်ပါ။ ကျွန်တော်တို့ပြိုင်ပွဲတုန်းကကျတော့ ဆွဲထားတဲ့အစီအစဉ်အောက်မှာ လုပ်ခိုင်းတဲ့အတိုင်း လုပ်လိုက်ရုံပဲ။ အခုကျတော့ ကိုယ့်လက်ကိုယ့်ခြေနဲ့ အကုန်လုပ်ရတာဆိုတော့ ဘယ်ဟာက နံပါတ်တစ်စပြီး လုပ်ရမှန်းမသိဘူး။ အခုကျတော့ ဆရာစောခူဆဲနဲ့ အနီးကပ်ရှိနေတာဆိုတော့
အသေးစိတ်ကအစ၊ ဆရာက ဒီလောကနဲ့ ပတ်သက်ရင် အကုန်ကျယ်ကျယ်ပြန့်ပြန့် သိထားတဲ့သူတစ်ယောက်ဆိုတော့ ဆရာ့အကူအညီနဲ့ပဲ အကောင်အထည်ဖြော်ဖစ်ပါတယ်။ သီချင်းဆိုလည်း သူရေးပေးနိုင်တာကို ရေးပေးတယ်။ သူ့သီချင်းတွေထဲကလည်း ကျွန်တော့်ကို စိတ်ကြိုက်ရွေးခွင့်ပေးတယ်။ ကျွန်တော်စိတ်ကြိုက်လုပ်ချင်တာ အကုန်လုံးကို တတ်နိုင်သလောက်လုပ်ပေးတယ်။ အမှန်တော့ ကျွန်တော့်ကို ဒီခွေလေးစပြီး အကောင်အထည်ဖော်ပေးခဲ့တာဆိုပေမဲ့ ကျွန်တော့်စိတ်ကြိုက်ချည်းပဲ အကုန်လုံးလုပ်ခွင့်ပေးတယ်။ ပြိုင်ပွဲဝင်သီချင်းတွေ မထွက်ခင်ကတည်းက ကျွန်တော်က ဒီခွေကိုစလုပ်နေပြီ။ ပထမတုန်းက အိပ်မက်ဆုံရာ ရာသက်ပန်က ပထမ၊ ဒုတိယ၊ တတိယ ဒီသုံးယောက်ကို ခွေထုတ်ပေးဖို့ရှိတယ်။ အဲဒါကို ဒီဇင်ဘာဆိုပြီးမှန်းထားပေမဲ့ အကြောင်းကြောင်းကြောင့် မထွက်ဖြစ်သေးဘူး။ ကျွန်တော်ကလည်း မှန်းထားတာ ဒီသုံးယောက်ခွေပြီးမှ ကျွန်တော့်ရဲ့ တစ်ကိုယ်တော်ခွေကို ထွက်မယ်လုပ်ထားတာ။ အဲဒီတော့ ကျွန်တော်ဒီတစ်ကိုယ်တော်ခွေလေးကို အရင်ထွက်ဖြစ်သွားတာပါ။ 

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ
ကျွန်တော့်အတွက် ဘ၀နဲ့ ပတ်သက်တဲ့ အသိရခဲ့တာတွေရော၊ ဂီတအလုပ်နဲ့ပတ်သက်ပြီး ရခဲ့တဲ့အသိတွေထဲမှာ သင်ဆရာအနေနဲ့ဆိုရင် အရမ်းနည်းတယ်။ မြင်ဆရာ၊ ကြားဆရာတွေကတော့ အများကြီးပဲ။ ကျွန်တော်ပြိုင်ပွဲတွေ စပြိုင်တုန်းက ဆရာဦးသန်းဝင်းဆိုတာရှိတယ်။ ဆရာက အနီးကပ် Guide Line ပေးတယ်။ သူ့အိမ်မှာပဲ ကာရာအိုကေသီချင်းတွေ သွားလေ့ကျင့်တယ်။ ဆရာက သီချင်းဆိုတာတစ်ခုတည်း သင်ပေးတယ်ဆိုတာထက် ရေးထားတဲ့သီချင်းအပေါ်မှာ ဘယ်လိုမျိုးစကားလုံးကို ဘယ်လိုအသံနဲ့ဆိုမှ အဓိပ္ပါယ်ပေါ်တယ်ဆိုတာမျိုးကို အနီးကပ်ပြောပြပေးတယ်။ 

ကူညီတတ်တဲ့စိတ်ထား
ကျွန်တော်က အရင်တခြားပြိုင်ပွဲတွေ ပြိုင်ကတည်းက ကိုယ်နဲ့အတူတူပြိုင်နေတဲ့ သူပဲဖြစ်ဖြစ်၊ ကိုယ်နဲ့အတူတူပြိုင်နေတယ်လို့ မသတ်မှတ်ထားဘူး။ ကိုယ့်စိတ်ထဲမှာ ကိုယ်နဲ့အတူတူ ကြိုးစားနေတဲ့သူတွေလို့ပဲ သတ်မှတ်ထားတယ်။ ကိုယ်
တတ်နိုင်သလောက်၊ ကိုယ်လုပ်ပေးနိုင်သလောက်ကို စိတ်အရှင်းဆုံးထားပြီး ကူညီတယ်။ မျှော်လင့်ပြီးတော့ ကူညီတာမျိုးမရှိဘူး။ အဲဒီလိုစိတ်ထားပြီး ကူညီလို့လားတော့မသိဘူး အခုလက်ရှိမှာလည်း ကျွန်တော့်ကိုကူညီနေတဲ့သူ တော်တော်
များများကလည်း ကျွန်တော့်ဆီက ဘာမျှော်လင့်ချက်မှမထားဘဲနဲ့ ကူညီပေးတာမျိုးကြုံရတယ်။ 

လွတ်လပ်မှုကိုမြတ်နိုးတယ်
ကျွန်တော်ပေါ့ပေါ့ပါးပါးပဲ နေတတ်တယ်။ စိတ်ကို ချုပ်တည်းပြီးလည်း မနေတတ်တော့ အဲဒီလိုမျိုးနေရတော့မယ်ဆိုရင် ကိုယ့်ကို တစ်ခုခုတားဆီးလိုက်သလိုခံစားရတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာလည်း အဲဒီလိုမျိုး ချုပ်တည်းနေရတာရှိတယ်။ အဲဒီလိုနေတတ်တဲ့ သူတွေဆီက အတုပြန်ယူရတယ်။ ကျွန်တော် အရင်ဝန်ထမ်းအလုပ်လုပ်တုန်းကတောင်မှ စည်းကမ်းအရမ်းမတင်းကြပ်ဘဲ လွတ်လွတ်လပ်လပ်နေရမယ့် ကုမ္ပဏီမျိုးကိုပဲ ရွေးပြီးလုပ်တယ်။ အပြင်မှာသူငယ်ချင်းအပေါင်း
အသင်းနဲ့ ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ်နေတတ်တဲ့ အကျင့်ရှိတယ်ဆိုတော့ အခုအချိန်မှာလည်း အဲဒီလိုနေလို့ရတဲ့နေရာမျိုးမှာ နေနေတုန်းပဲ။
 
ပင်ကိုယ်စိတ်နဲ့ စိတ်ခံစားချက်
ကျွန်တော့်ရဲ့ပင်ကိုယ်စိတ်က ခံစားလွယ်တယ်၊ နုတယ်။ ဒါပေမဲ့ အဲဒီလိုနေလို့မရဘူးလေ။ တချို့ဟာတွေကျရင် စိတ်ကိုပါ မရရအောင်လုပ်ယူပြီး အပြောင်းအလဲလုပ်ရတယ်။ ပြတ်ပြတ်သားသားဆုံးဖြတ်ပြီး ပြောရတဲ့အခါမျိုးတွေမှာ ရဲရဲဝံ့ဝံ့
ပဲ မှားလည်းခံဆိုပြီး လုပ်ရတာပေါ့။ ကိုယ့်ကိုထိုး နှက်တာမျိုးတွေ တွေ့လာတဲ့အခါမျိုးမှာဖြစ်ဖြစ်၊ စိတ်ဓာတ်ကျစရာ ကြုံလာတဲ့ အခါမျိုးမှာပဲဖြစ်ဖြစ် လုံးဝမလုပ်ချင်တော့ဘဲ ပြန်လှည့်ချင်တာမျိုး လုံးဝမရှိခဲ့ဘူး။ ကျွန်တော် ဒီအလုပ်ကိုလုပ်နေရရင် အခက်အခဲရှိတာတွေ၊ မရှိတာတွေ မသိဘူး။ လုပ်နေရရင်ကို ပျော်နေတာ။ ဒါပေမဲ့ ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ မိသားစုအတွက်ပြန်ငဲ့ကြည့်ရတာမျိုးတွေ ရှိလာတဲ့အခါမျိုးမှာကျတော့ ချင့်ချိန်ပြီးတော့ အချိန်တစ်ခုကို စောင့်ရတာမျိုးရှိတဲ့အတွက် တချို့အရာတွေကျ ရှေ့ကိုသွားချင်ပေမဲ့ နှောင့်နှေးနေတာမျိုးတွေရှိတယ်။

အနုပညာရှင်တစ်ယောက်ဖြစ်လာတဲ့အခါ
တခြားအနုပညာရှင်တွေရဲ့ သီချင်းတွေ နားထောင်နေတဲ့အချိန်မှာ ကျွန်တော်က ခံစားသူပရိသတ်ပဲ။ ကိုယ်ဆိုတဲ့အချိန်မှာ ကိုယ့်သီချင်းကိုလိုက်ဆိုပြီး အားပေးတဲ့အခါကျတော့ ကိုယ်ကဖျော် ဖြေသူပေါ့။ ကိုယ်က လွတ်လွတ်လပ်လပ် နေတတ်တဲ့သူတစ်ယောက်ဆိုတော့ အများကြီး ချုပ်တည်းလို့တော့မရဘူး။ လူတွေရဲ့ကြားထဲမှာ နေရမှာဆိုတော့ ဘယ်လိုမှရှောင်လွှဲလို့ မရတာတွေရှိလာရင် သီးသန့်နေလို့လည်းမရဘူး။ ဥပမာ- ကိုယ့်ကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေက ကိုယ်
နဲ့လက်ဆွဲနှုတ်ဆက်ချင်မှာပဲ၊ ကိုယ်နဲ့တွဲပြီး ဓာတ်ပုံရိုက်ချင်မှာပဲ အဲဒီလိုမျိုးတွေ ကြုံလာတဲ့အခါ ကိုယ်လုပ်နိုင်သလောက်တော့ ပြန်ပြီး နှုတ်ဆက်ပေးပါတယ်။ စိတ်ထဲမှာတော့ တစ်ယောက်ချင်းစီကို နှုတ်ဆက်ချင်တယ်။ အဲဒီလိုအချိန်မျိုးမှာ ပီတီ လည်းဖြစ်မိပါတယ်။ 

အောင်မြင်မှုဆိုတာကို
ဘယ်လိုအရာကို အောင်မြင်မှုလို့ ပြောလဲ ဆိုတာတော့ ကျွန်တော်သေချာမသိဘူး။ ဒါပေမဲ့ လက်ရှိမှာတော့ ကျွန်တော်လုပ်ချင်တဲ့ အလုပ်ကို လုပ်ခွင့်ရတယ်၊ အဲဒီအလုပ်နဲ့ပဲ အသက်မွေးခွင့်၊ ၀မ်းစာရှာခွင့်ရတယ်၊ ကျွန်တော့်ရဲ့မိဘတွေကို လုပ်ကျွေးခွင့်ရတယ်။ အဆင်မပြေတဲ့သူ တချို့ကို တတ်နိုင်သလောက် ကူညီပေးနိုင်တယ်။ အရင်တုန်းကဆိုရင် အဲဒီလိုမျိုး လုပ်ချင်ရင်တောင် စိတ်ပဲရှိတာ မလုပ်နိုင်ဘူးဆိုတော့ ကျွန်တော့်အနေနဲ့ ကိုယ်လုပ်နေတဲ့အလုပ်နဲ့ အဲဒီလိုမျိုးတွေ လုပ်ပေးနိုင်တာကို အောင်မြင်မှုလို့ မြင်မိပါတယ်။ 

အခြားအနုပညာလှုပ်ရှားမှုများ
သီချင်းဆိုတာအပြင် ကြော်ငြာလေးတွေရိုက်ရတယ်။ ကိုယ်လုပ်နိုင်သလောက်လေးတော့ လုပ်ဖြစ်ပေမဲ့ သီးသန့်ကြီးလုပ်ဖို့ကျတော့ ဂီတဘက်မှာ အချိန်ပေးနိုင်တာလျော့သွားမှာ စိုးရိမ်တယ်။ ပေါ့ပေါ့ပါးပါးမျိုးလေး လုပ်ရတာမျိုးတော့ 
လုပ်ဖြစ်ပါတယ်။ MRTV- 4 က နောက်ထပ်ရိုက်မယ့် TV Series တွေမှာ လိုအပ်လာရင် နောက်ခံသီချင်းတွေဆိုပေးဖို့ အဲဒီလောက်ပဲ ရှိပါတယ်။

အချစ်ရေး
လက်ရှိမှာကျွန်တော့်အတွက် အခြေအနေတစ်ခု အသားကျဖို့ လိုအပ်သေးတယ်၊ ကျွန်တော့် မိသားစုကိုလည်း သေချာတဲ့ မိသားစုဘ၀ကိုလည်း ပေးချင်သေးတယ်။ ပြီးမှသာ အချစ်ရေးကို စဉ်းစားချင်တယ်ဆိုတော့ အခုအချိန်မှာ အချစ်ရေးက အေးဆေးပါပဲ။

ပရိသတ်အတွက်
ကျွန်တော့်အနေနဲ့ ကျွန်တော်ရူးသွပ်တဲ့ ဂီတအလုပ်ကို နောက်ပိုင်းလည်း ရူးရူးမူးမူးပဲ အရိုးသားဆုံးကြိုးစားပြီး လုပ်သွားမှာပါ။ ကျွန်တော့်ရဲ့ကြိုးစားမှု၊ ကျွန်တော်ဆိုပြတဲ့ သီချင်းတွေအပေါ်မှာလည်း အားလုံးမျှဝေပြီးခံစားပေးကြပါ။ သီချင်း
တွေ နားဆင်ရင်း၊ ဘ၀အမောတွေ ဖြေဖျောက်နိုင်ကြပါစေ။