Primary tabs

ကျွန်မကို နေ့တိုင်းစိတ်လှုပ်ရှားစေပါတယ်…

“Cosmetics တွေ၊ Skincare တွေ၊ အလှအပရေးရာတွေကို ငယ်ငယ်ကတည်းက စိတ်ဝင်စားတယ်။ အရမ်းလည်း ကြိုက်တယ်။ မှတ်မှတ် ရရ မူလတန်းတုန်းက အတန်းထဲမှာ ပထမဆုရလို့ ဖေဖေနဲ့ မေမေကို ဆုချဖို့ ပူဆာခဲ့တဲ့ပစ္စည်းက cosmetics အလှကုန် တစ်စုံပါ။ ဒါကြောင့် ဟိုးငယ်ငယ်ကတည်းက အိပ်မက်ဖြစ်ခဲ့ရတဲ့ အလုပ်အကိုင်မျိုးဖြစ်တဲ့ Beauty Industry ထဲမှာ ၀င်ရောက်လုပ်ကိုင်ခွင့်ရတဲ့အတွက် လက်ရှိအလုပ်အကိုင်ကို ကျေနပ်တယ်။ နာမည်ကျော်အလှကုန် Brand ဖြစ်တဲ့ Revlon Brand ကို ဦးစီးလုပ်ကိုင်ခွင့် ရရှိနေတဲ့အတွက် နေ့စဉ်အရောင်အသွေး မျိုးစုံ၊ အလှကုန်ပစ္စည်း အမျိုးအစားစုံနဲ့ ထိတွေ့ခွင့်ရနေပြီး  ကျွန်မကို နေ့တိုင်းစိတ်လှုပ်ရှားစေပါတယ်” လို့ ဆိုသူကတော့ REVLON ရဲ့ Brand Manager မခိုင်ဇာမင်းထွန်းပါ။ သူမရဲ့ ဖြတ်သန်းမှုများကတော့…

ငယ်ဘ၀ဖြတ်သန်းမှုများ
ဖေဖေ၊ မေမေ၊ အဘိုး၊ အဘွား နဲ့ မိသားစု ၀င်တစ်ဦးချင်းစီရဲ့ မေတ္တာတရားကို အပြည့်အ၀ရခဲ့တဲ့ တစ်ဦးတည်းသော သမီးပါ။ ရန်ကုန်မြို့မှာပဲ မွေးဖွားကြီးပြင်းခဲ့တဲ့ ရန်ကုန်သူစစ်စစ်လို့ ဆိုနိုင်ပါတယ်။ ငယ်ငယ်တည်းက တစ်ဦးတည်းသော သမီးဖြစ်တာကြောင့် မိဘတွေက အလိုလိုက်မှုတွေနဲ့အတူ ထောက်ပံ့ ပံ့ပိုးပေးခဲ့တာလည်း အများကြီးရှိခဲ့ပါတယ်။ အ.မ.က (၃) ဗဟန်းမှာ သူငယ်တန်းကနေ စတုတ္ထတန်းအထိ တက်ရောက်ခဲ့ပြီး အ.ထ.က (၂) ဗဟန်းကနေ (၁၀) တန်း အောင်ခဲ့ 
ပါတယ်။ ဆယ်တန်းအောင်ပြီးတော့ စီးပွားရေး တက္ကသိုလ်တက်ပါတယ်။ စီးပွားရေးတက္ကသိုလ် မတက်ခင်နဲ့ တက်နေတုန်း ကျောင်းတွေ ရက်ရှည်ပိတ်ခဲ့တာကြောင့် British Council နဲ့ USIS တို့မှာ အင်္ဂလိပ်စာသင်တန်းတွေ အခြေခံကနေစပြီး အဆင့်မြင့် သင်တန်းအဆင့်ဆင့်၊ IELTS ၊ TOFEL ၊ ကွန်ပျူတာသင်တန်းအမျိုးမျိုး၊ လုပ်ငန်းခွင်မှာ လိုအပ်တဲ့ သင်တန်းအမျိုးမျိုးတက်ရောက်ခဲ့ပြီး သင်ကြားဖို့ အဓိကလမ်းကြောင်းလမ်းညွှန်ပေးခဲ့တဲ့သူက မေမေပါ။ မငြီးမငြူ ကားမောင်းပေးပြီး လိုက်ပို့ပေးခဲ့တာ ဖေဖေပါ။ အခုအချိန်လို LCCI သင်တန်းတွေ အဲဒီ့အချိန်တုန်းက လူတော်တော်များများ မသိကြသေးပါဘူး။ သင်တန်းတွေတက်ဖို့ အားပေးခဲ့တဲ့ မေမေ့ရဲ့ ကျေးဇူးတွေကြောင့် အခုအချိန်ကျွန်မရဲ့အသက်မွေးမှုလမ်းကြောင်းမှာ အင်္ဂလိပ်စာ၊ computer skills ၊ accounting ၊ marketing နဲ့ management အခြေခံတွေအားလုံး ရရှိခဲ့တာပါ။ Bachelor of Commerce (B.Com) ဘွဲ့နဲ့ Master of Business Administration (MBA) ဘွဲ့ကို ရန်ကုန်စီးပွားရေးတက္ကသိုလ်က ရရှိခဲ့ပါတယ်။

ငယ်ဘ၀ဖြတ်သန်းမှုနဲ့ ပတ်သက်ပြီး အမှတ်ရတာကို ပြောရရင် အတန်းထဲက စာအတော်ဆုံး (၁၀) ယောက်ထဲမှာတောင် မပါခဲ့ပါဘူး။ ဒါပေမဲ့ A နဲ့ B အတန်းတွေမှာ တစ်လှည့်စီဖြတ်သန်းရင်း အချိန်မှန်စာကျက်အတန်းတက်ပြီး သူငယ်ချင်းေ တွနဲ့ အရာရာကိုစူးစမ်းလေ့လာချင်စိတ် တော်တော်များခဲ့တဲ့သူပါ။ အသစ်အဆန်းတွေကို ငယ်ငယ်ကတည်းက ကြိုက်ပြီးလေ့လာချင်စိတ်လည်းသိပ်ရှိပါတယ်။

ဟီးရိုးများ
ကျွန်မဘ၀မှာ ဖြစ်ချင်တာ၊ လုပ်ချင်တာတွေအပြင် အသစ်အဆန်းကို စူးစမ်းလေ့လာချင်စိတ်က တော်တော်များများရှိခဲ့ပါတယ်။ အများက မကောင်းဘူးပြောရင်တောင်မှ ဘာလို့ မကောင်း တာလဲဆိုတဲ့စိတ်နဲ့ ကိုယ်တိုင်စူးစမ်းချင်တဲ့သူ ဖြစ်တဲ့အတွက် မိဘအသိုင်းအ၀ိုင်းက ပံ့ပိုးမှုကို တော်တော်များများလိုအပ်ခဲ့ပါတယ်။ အဲဒီတော့ ဖေဖေ၊ မေမေ၊ အဘွား နဲ့ ဒုတိယ အဖေလို့ ပြောနိုင်တဲ့ မေမေ့အစ်ကိုဖြစ်တဲ့ ကျွန်မရဲ့ဘကြီးတို့ ကျွန်မဘ၀မှာ အဓိကကျတဲ့ ဟီးရိုးတွေဖြစ်လာ
ခဲ့ပါတယ်။ တစ်ယောက်တည်း ရပ်တည်နိုင်အောင်၊ ပြောရဲ၊ ဆိုရဲ၊ သွားရဲ၊ လာရဲအောင် ကျင့်ပေးခဲ့ တာ မေမေ ဒေါ်ဥမ္မာခင်ထွန်းပါ။ ငယ်ငယ်တုန်းကတော့ မေမေက တစ်ယောက်တည်းလွှတ်ပေးပြီး နောက်ကနေ ထိန်းကွပ်ပေးခဲ့တာကို သဘောမပေါက်ခဲ့ပေမဲ့ အခုအချိန်မှာတော့ ရဲရဲတင်းတင်းလုပ်နိုင် ကိုင်နိုင်လာတာက မေမေ့ရဲ့ သင်ကြားမှု၊ ထိန်းသိမ်းကွပ်ကဲမှုကြောင့်ပါလားလို့ နားလည်သဘော ပေါက်လာပါတယ်။ မေမေက စိတ်ဓာတ်ခိုင်မာပြီး ရဲရင့်တဲ့အမျိုးသမီးပါ။ ဘ၀ရဲ့ အနိမ့်အမြင့်ကြား မှာ ပျော်ရွှင်အောင်ဘယ်လို နေထိုင်ရမလဲ၊ လက်ခံကျင့်ကြံရမလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိထားတဲ့သူပါ။ အခုအချိန်ထိ မေမေ့ဆီက သင်ယူစရာတွေ အများကြီးရှိနေပါသေးတယ်။ ဖေဖေကတော့ အနေအေးပါတယ်။ စကားများများလည်း မပြောပါ ဘူး။ ဒါပေမဲ့ ဒေါသကြီးတယ်။ လူတိုင်းကို ခွဲခြားမဆက်ဆံတတ်ဘဲ တပြေးညီတန်းတူ ညီတူ ဆက်ဆံတတ်ပါတယ်။ ဖေဖေက ရုပ်ရှင် အကယ်ဒမီတည်းဖြတ်ဆု (၃)ဆုရထားတဲ့ ဦးမြင့်ခိုင်ပါ။ ဖေဖေ့ ဆီကနေ ကိုယ့်တပည့်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ နဲ့ ဆက်ဆံတဲ့နေရာမှာသာ တူညီမျှ ဆက်ဆံနိုင်ဖို့၊ လူတွေရဲ့အကြောင်းကို နားလည်သဘောပေါက်ပြီးမှ ဆက်ဆံဖို့၊ နားလည်ပေးနိုင်ဖို့တွေ ရရှိခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ အဘွားပါ။ မေမေ့ရဲ့အမေပါ။ ဒေါ်ရင်မေလို့ ခေါ်ပါတယ်။ Single mom ဖြစ်တဲ့ အဘွားဖြစ်သူက လွတ်လပ်ရေးမရခင်အချိန်ကာလကို ကျော်ဖြတ်ခဲ့ရပြီး၊ စစ်ဒဏ်တွေ၊ ပြည်တွင်းစစ်တွေ၊ ပြည်သူပိုင်သိမ်းတဲ့ အချိန်တွေကျော်ဖြတ်ခဲ့ရပြီး သားသမီးလေး ယောက်ကို ကြံ့ကြံ့ခိုင် ကြီးပြင်းအောင်မွေးမြူရင်း မောင်နှမကို ထောက်ပံ့ပေးနိုင်တဲ့သူ အိမ်ထောင်ရှင်မ၊ မိခင်တစ်ယောက်။ အိမ်ရဲ့ အဓိက ထမင်းအိုးကို ရှာဖွေပေးနိုင်ခဲ့တဲ့ ဒုက္ခမျိုးစုံကို ရင်ဆိုင်နိုင်ခဲ့တဲ့သူပါ။ နောက်တစ်ယောက် ကျွန်မရဲ့ ဒုတိယအဖေလို့လည်းပြောလို့လည်း ပြောလို့ရတဲ့ မေမေ့ရဲ့ အစ်ကိုအရင်း ဦးညွှန့်အေးပါ။  စီးပွားအရှာ ကောင်းတဲ့သူ၊ လာဘ်မြင်သူ၊ လူမှုဆက်ဆံရေး တော်သူဖြစ်တာကြောင့် ကျွန်မ လေးစားအားကျရပြီး ဘ၀နေနည်းတွေကို လက်ဆင့်ကမ်းပေးနိုင်ခဲ့သူပါ။

သက်ရှိတစ်ယောက်လို ပြင်ပမှာ သက်ဝင်လှုပ်ရှားမရှိပေမဲ့ ကျွန်မရဲ့ ဟီးရိုးထဲမှာ မပါမဖြစ်နောက်ထပ်တစ်ယောက်လည်း ရှိပါသေးတယ်။ ဆရာမ ခင်နှင်းယု၊ ဂျာနယ်ကျော်မမလေး ၀တ္ထုထဲက ဇာတ်ကောင်အမျိုးသမီးတွေပါ။ အမျိုးသမီးဖြစ်ပေမဲ့ ပညာတတ်ရမယ်၊ အိမ်တွင်းလက်မှုပညာတတ်ရမယ်၊ အိမ်ထောင်ထိန်းသိမ်းနိုင်ရမယ်၊ လွတ်လပ်တက်ကြွပြီး ရဲရဲရင့်ရင့်နဲ့ ထက်မြက်တဲ့ အမျိုးသမီးတွေက ကျွန်မအားကျအတုယူရတဲ့ အမျိုးသမီးတွေပါပဲ။

ပထမဆုံးအလုပ်ခွင်
ကျွန်မဘ၀မှာ အလုပ်ခွင်နဲ့ ပတ်သက်ရင် ဘယ်အရာမှ လွယ်လွယ်ကူကူမရခဲ့ပါဘူး။ ပထမဆုံးဖြတ်သန်းရတဲ့ အလုပ်ခွင်ထဲမှာ မှတ်မှတ်ရရ ရှိတာကတော့ တော်တော်ကို အဆင်မပြေနဲ့ ခက်ခဲခဲ့ပါတယ်။ ကျောင်းသူဘ၀၊ အိမ်မှာ အလို
လိုက်ခံထားရတဲ့ ဘ၀ကနေ အလုပ်ခွင်ထဲရောက်သွားတော့ ထောင့်မကျိုးဘဲ အချိုးတကျမဖြစ်ခဲ့ပါဘူး။ ရှေ့က ကိုယ့်ရဲ့အထက်အရာရှိက သင်ပြ၊ ပြောပြသွားတာကို သေသေချာချာမှတ်ထားရမယ်၊ နောက်နေ့မှာ ဘယ်သူမှ ပြန်သင်မပေးဘူးဆိုတာကို မသိခဲ့ဘဲနဲ့ မှတ်စုစာအုပ်နဲ့ လိုက်မှတ်ရမှန်းတောင် မသိအောင် တုံးခဲ့တာပါ။ အခုပြန်တွေးရင် ရယ်စရာဖြစ်ပေမဲ့ အဲဒီ့အချိန်တုန်းကတော့ နောက်နေ့ အလုပ်တွေလည်း စလုပ်ခိုင်းရော ဘာမှလည်းမမှတ်မိ၊ လူကြီးကအစအဆုံးပြန်သင်ရလို့ ဒေါသထွက်၊ ကိုယ်လည်း စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ခဲ့ပါတယ်။ ပထမဆုံးလုပ်ငန်းခွင်က Advertising Media တစ်ခုမှာပါ။ 

စင်ကာပူမှာလည်း တစ်နှစ်နီးပါးလောက်သွားလုပ်ခဲ့ဖူးပါတယ်။ သူတစ်ပါးရပ်ရွာမှာ ပထမ ဆုံးလုပ်ငန်းခွင်လို့ ဆိုနိုင်ပါတယ်။ Culture Shock နဲ့ ပတ်သက်ပြီး တော်တော်တွေ့ကြုံခဲ့ရတဲ့အပြင် အလုပ်က Admin cum Account Officer 
ရာထူးဖြစ်တာမို့ Accounting ပိုင်းက အခက်အခဲမရှိပေမဲ့ Admin ပိုင်းနဲ့ ပတ်သက်လာတဲ့အခါ စစချင်းရက်တွေမှာ နာမည်မှတ်ရတာမျိုး သေးသေးလေးကအစ အခက်အခဲရှိခဲ့ပါတယ်။ ဒါပေမဲ့ မဖြစ်ဖြစ်အောင် ကြိုးစားလုပ်ကြည့်မယ်ဆိုတဲ့ စိတ်ရယ်၊ သည်းခံတာရယ်၊ အလုပ်ထဲမှာ စေတနာထားပြီး လုပ်ခဲ့တာကြောင့်  (၃) လနောက်ပိုင်းမှာ အဆင်ပြေ ချောမွေ့ခဲ့ပါတယ်။

ဒုတိယအလုပ်ခွင်
ဒုတိယအလုပ်ခွင်ကတော့ ဟိုတယ်ပါ။ အရင်တုန်းက အလုပ်နဲ့ ဆက်စပ်တာရော ကိုယ့်ရဲ့ 1st Degree ဖြစ်တဲ့ B.Com ကို အသုံးချချင်တာရယ်၊ LCCI တုန်းက သေသေချာချာ ကြိုးစားလေ့လာခဲ့တာကို ပြန်ပြီး လေ့ကျင့်အသုံးချချင်တာရယ်၊ MBA တက်ပြီး နောက်ပိုင်းမှာ Accounting Field ကိုပဲ ဆက်လက်ရွေးချယ်ပြီးတော့ Traders ဟိုတယ်ရဲ့ Finance ဋ္ဌာနမှာ အလုပ်ဝင်ခဲ့ပါတယ်။ ပညာတွေရော၊ လုပ်ငန်းခွင်အတွေ့အကြုံတွေရော အများကြီးရရှိခဲ့ပြီး ဒီနေ့အထိလည်း အသုံး ချနေရဆဲပါပဲ။

၂၀၀၉ မှာ အိမ်ထောင်ကျပြီး ခင်ပွန်းဖြစ်သူနဲ့ ဟောင်ကောင်ကို လိုက်သွားခဲ့တယ်။ တစ်နှစ်လောက်နေပြီးတော့ Hong Kong မှာရှိတဲ့ Kowloon Shangri-La Hotel မှာ Training သဘောမျိုးကို attachment ပုံစံနဲ့ တစ်နှစ်လောက် လုပ်ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုတာ ဘယ်နားမှာရှိမှန်းမသိတဲ့ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို မြန်မာဆိုတာ ဘယ်လိုလူမျိုး ဆို တာ ပြသခွင့်ရခဲ့တဲ့ အခွင့်အရေးတစ်ခုပါ။ Kowloon Shangri- La မှာရှိတဲ့ Finance Department မှာပဲ လုပ်ကိုင်ခွင့် ရရှိခဲ့ ပြီးတော့ သူတို့ရဲ့ လူမျိုးတွေကြားမှာ သူတို့ထက်မညံ့ဖို့၊ မြန်မာလူမျိုးဆိုတာ ကြိုးစားတယ်၊ တော်တယ်ဆိုတာ ပြနိုင်ဖို့ အရမ်းကြိုးစားခဲ့ရပါ တယ်။ သူတို့လူမျိုးတွေက အလုပ်လုပ်တာ အရမ်းမြန်ပြီး Time Management အရမ်းကောင်းပါတယ်။ သူတို့ကို အမီလိုက်နိုင်ဖို့ သူတို့ ဘယ်လိုပုံစံအလုပ်လုပ်လဲဆိုတာ သေသေချာချာသင်ယူ ပြီး လေ့ကျင့်ခဲ့ရပါတယ်။ တစ်နှစ်နီးပါး အချိန် အလုပ်လုပ်ပြီးတော့ ကိုယ့်ရဲ့အထက်အရာရှိ (၃) ယောက်နဲ့အတူ Department Head ဆီကနေ Recommendation သေသေချာချာရေးပေးထားတဲ့ စာ (၄) စောင်ရခဲ့တာကတော့ ကိုယ့်ဘာသာ အားရကျေနပ်ခဲ့ရတဲ့ achievement တစ်ခုပါ ပဲ။

အလုပ်ခွင်နဲ့ ဝေးပြီးတော့ အိမ်ထောင်ရှင်မစစ်စစ် အနေနဲ့ (၂) နှစ်နီးပါး နေဖြစ်ခဲ့ပါတယ်။ အဲဒီ့တုန်းကတော့ အချိန်တွေ အလကားဖြစ်မှာစိုးလို့ ACCA ကို Self-study အနေနဲ့ လေ့လာပြီး ဘာသာရပ်တချို့ကို ဟောင်ကောင်မှာပဲ ဖြေဖြစ်ခဲ့ပါတယ်။ စာကြည့်တိုက်မှာစာသွားဖတ်၊ စာအုပ်ငှားနဲ့ သူတို့ လူမျိုးတွေကြားမှာ သွားလာရင်း ဘ၀တွေကိုလေ့လာ၊ စာလည်း ဖတ်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ACCA ဆက်မလုပ်ဖြစ်တော့ပါဘူး။

အပြောင်းအလဲ
ကိုယ့်ရဲ့ 1st Degree က B.Com ဖြစ်တာရယ်၊ Accounting ဘာသာရပ်ကို အထူးနှစ်ခြိုက်တာရယ်၊ ဂဏန်းတွေတွက်ရတာကို ၀ါသနာပါတာကစလို့ Accounting Field ထဲမှာ နေရပေမဲ့ ကိုယ့်ဘာသာလုပ်ငန်းခွင်ထဲမှာ မပျော်ပိုက်ဘူး ဖြစ်လာတယ်။ နိစ္စဓူဝ ရုံးခန်းထဲက ကွန်ပျူတာ တစ်လုံးရှေ့မှာထိုင်ပြီး စာရင်းတွေလုပ်နေရတာကို မပျော်တော့ဘူးဖြစ်လာတယ်။

၂၀၁၂ ရန်ကုန်ပြန်ရောက်လာတဲ့အချိန်မှာ ကိုယ့်ရဲ့ Career ကို သေသေချာချာပြန်ရွေးဖို့ စဉ်းစားမိလာတယ်။ Sales & Marketing ကို အရင်တုန်းကလည်း လုပ်ကိုင်ခဲ့ဖူးတော့ ပြန်လုပ်ကြည့်ချင်လာတယ်။ HR လိုင်းကိုလိုက်ရမလား၊ Sales & Marketing ကောင်းသလား စသဖြင့် သေသေချာချာစဉ်းစားပြီး နောက်မှာ MBA တက်တုန်းက တီချယ် ဒေါ်ခင်စန်းရီ သင်ပေးခဲ့တဲ့ Cons-umer Behavior ဘာသာရပ်ကို ပြန်သတိရမိတယ်။ အရမ်းစိတ်ဝင်စားဖို့ ကောင်းပြီး အဲဒီ့ဘာသာရပ် ကို အရမ်းကြိုက်ခဲ့တာရော၊ သူနဲ့ပတ်သက်တဲ့ Paper Assignment သေချာလုပ်ခဲ့တာကစလို့ Sales & Marketing သမားကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်မလဲ၊ ဘယ်နေရာတွေမှာ ကျွမ်းကျင်ရမလဲ ဆိုတာ သေချာနားလည်အောင် အရင် ပြန်စဉ်းစား၊ ပြန်လေ့လာပြီးတဲ့နောက်မှာ ကိုယ့်ဘာသာ လုပ်ကိုင်နိုင်မယ်လို့ ယူဆလို့ Sales & Marketing Career ကို ရွေးချယ်ဖြစ်ခဲ့ပါတယ်။ 

အမှန်အတိုင်းပြောရရင် ကိုယ်ရွေးချယ်ခဲ့တဲ့ ဒုတိယလမ်းဟာ ကိုယ့် career ကို တစ်ကနေပြန်စပြီး လျှောက်လှမ်းရမှာဖြစ်တဲ့အတွက် စိုးရိမ်စိတ်တွေ၊ ပူပန်စိတ်တွေနဲ့ ဒွိဟဖြစ်ခဲ့ပါတယ်။ ဖေဖေ၊ မေမေ၊ ခင်ပွန်းဖြစ်သူတို့ရဲ့ အားပေးမှုက အဓိကကျခဲ့ပါတယ်။ အဲဒါကြောင့် ဆုံးဖြတ်ချက်ချပြီးတော့ ကိုယ်ဆုံးဖြတ်ထားတဲ့လမ်းကြောင်းကို အောင်မြင်အောင်လုပ်မယ်ဆိုပြီး သေသေချာချာ ကြိုးစားခဲ့ပါတယ်။ 

အခက်အခဲ
၂၀၁၂ မှာ ထိုင်းနိုင်ငံကလာဖွင့်တဲ့ Nitipon Beauty Clinic မှာ Sales & Marketing Manager အဖြစ်နဲ့ Beauty Industry ထဲကို စရောက်လာခဲ့ပါတယ်။ လုပ်ငန်းအသစ်ဖြစ်တာကြောင့် setup အပိုင်းတွေရော၊ training တွေရောကို လုပ်ကိုင်ခဲ့ရပြီး ပွင့်ပွင့်လင်းလင်းပြောရရင် အခက် အခဲတွေရှိခဲ့ပါတယ်။  ကျွန်မဘ၀မှာ အလုပ်နဲ့ပတ်သက်ရင် လွယ်လွယ်ကူကူနဲ့ ရခဲ့တာမရှိပါဘူး။ အလုပ်ခွင်နဲ့ နှစ်နှစ်လောက် အဆက်ပြတ်သွားတာရယ်၊ ကိုယ်လုပ်တဲ့ နယ်ပယ်အသစ် ဖြစ်တာရယ်၊ career ပြောင်းသွားတာရယ် အားလုံးပေါင်းပြီး သေသေချာချာလေ့လာသင်ယူ ကြိုးစားခဲ့ရတာပါ။ ၂၀၁၂၊ ၂၀၁၃ နဲ့ ၂၀၁၄ ကာလတွေကို ဘ၀ရဲ့ခက်ခဲတဲ့ အချိန်ကာလတွေလို့တောင် ပြောလို့ရ  ပါတယ်။ အလုပ်ခွင်နဲ့ အသားကျအောင် ကြိုးစားရင်း၊ ကိုယ်ရောက်နေတဲ့ နေရာမှာ အလုပ်တွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အားထုတ် ရင်း စိတ်ရောကိုယ်ရောပင်ပန်းခဲ့ရတဲ့ နှစ်တွေပါ။  Nitipon တစ်နှစ်လောက် လုပ်ပြီးတဲ့နောက်မှာတော့ Oriflame, Sweden  မှာ တစ်နှစ်နီးပါး လုပ်ကိုင်ခွင့် ရခဲ့ပါတယ်။ မတူညီတဲ့ Brand တွေ၊ မတူညီတဲ့ ကုန်ပစ္စည်းအမျိုးအစားတွေနဲ့ အတူနိုင်ငံခြားသားတွေရဲ့ လုပ်နည်းလုပ်ဟန် လုပ်ကိုင်ပုံတွေပညာရခဲ့ပါတယ်။ ၂၀၁၄ မှာမှ Revlon Brand ကို ဦးစီးတာဝန်ယူရတဲ့ Brand Manager အနေနဲ့ New Link Marketing limited ကို စတင်ဝင်ရောက်ခဲ့ပါတယ်။ 

၂၀၁၄ က ဖေဖေဆုံးတဲ့နှစ်ပါ။ ဖေဖေ့နာရေးဖြစ်နေချိန်မှာ Revlon ကို စပြီးတာဝန်ယူရမှာပါ။ ဖေဖေဆုံးသွားတာကြောင့် အရမ်းစိတ်ဓာတ်ကျပြီး အလုပ်မလုပ်ချင်တဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ရက်လည်ပြီးတဲ့အချိန်မှာ စိတ်အားတင်းပြီး အဖေ့ဆီက ခွန်အားတွေကိုယူ ကိုယ့်ကိုယ်ကို နှစ်ဆအားတင်းပြီး အလုပ်သစ်ထဲကိုဝင်ရောက်လာခဲ့ပါတယ်။ ကိုယ်လည်း ပုထုဇဉ်ဆိုတော့ ၀မ်းလည်း နည်းတတ်တယ်။ စိတ်ဓာတ်လည်း ကျတတ်တယ်။ လဲကျသွားလိုက်၊ ကိုယ့်ကိုယ်ကို ပြန်ထူ မတ်လိုက်၊ ဆက်လျှောက်လိုက်ပေါ့။ ကိုယ့်ကိုယုံကြည်ကြတဲ့ ကိုယ့်မိဘ၊ ကိုယ့်အိမ် ထောင်ဖက်ကိုလည်း ကျွန်မ ဒါတော့ လုပ်နိုင်တယ်ဆိုတာကို လုပ်ပြချင်တယ်။ ဒါကြောင့်လည်း ကြိုးစားခဲ့တယ်။ အဲဒီ့စိတ်က ခွန်အားဖြစ်ခဲ့ တယ်ထင်ပါ တယ်။ 

အမှတ်တရ
အလုပ်တွေ တစ်ခုပြီးတစ်ခု ပြောင်းခဲ့တော့ အလုပ်တွေနဲ့ ပတ်သက်တဲ့အမှတ်တရတွေလည်း အများကြီးရှိခဲ့တယ်။ အလုပ်ခွင်မှာ ဆုံခဲ့ရတဲ့ ဆရာသမားတွေ တစ်ယောက်ချင်းစီမှာ ကောင်းကွက်တွေရှိတယ်။ အဲဒါတွေကို ကျေးဇူးတင်စွာနဲ့ သင် ယူခဲ့ရတယ်။ သူတို့ သင်ပြပေးမှုကြောင့် ကိုယ့်အသက်မွေးမှုမှာ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ခဲ့တယ်။ ပညာရပ်ဆိုင်ရာတွေအပြင် သူတို့ဆီက ဘ၀နေထိုင်နည်းတွေကိုလည်း သင်ယူခဲ့ရ တယ်။ ဥပမာ- Hong Kong Shangri La မှာ ဆုံခဲ့ရတဲ့ ဆရာသမားဆိုရင် ဘ၀နေထိုင်နည်းနဲ့ ပတ်သက်ပြီး “တစ်နေ့မှာ ကိုယ့်ပတ်ဝန်းကျင်က အနည်းဆုံး လူ (၅) ယောက်ကိုတော့ ရယ်ပြပါ” တဲ့။ အဲဒီ့အမူအကျင့်ကိုလုပ်ရင်း ကိုယ့်မှာ မိတ်ဆွေတိုးတယ်။ လူလည်းချစ်တယ်။ အဲဒီ့အကျင့်ကကျွန်မ အတွက်သိပ်အသုံးဝင်လို့ ဒီနေ့ ဒီအချိန်ထိ ကျင့်သုံးဖြစ်တယ်။ 

အားသာချက်နဲ့ အားနည်းချက်
အလုပ်ခွင်ထဲမှာ အမျိုးသမီးနဲ့ အမျိုးသား တန်းတူလုပ်နိုင်တယ်လို့ မြင်မိတယ်။ အမျိုးသမီးတွေရဲ့ အားသာချက်က အာရုံစူးစိုက်မှု အားကောင်းတယ်။ အသေးစိတ်မြင်တတ်၊ လုပ်တတ်တယ်။ အားနည်းချက်ဆိုရင်တော့ အမျိုးသမီးတွေမှာ မိသားစု အရေးတွေ၊ စိတ်ပူပန်မှုတွေက တစ်ခါတလေကျရင် personal feeling တွေ ပါလာတတ်တာမျိုးပါ။

အောင်မြင်မှုသော့ချက်
ကျွန်မလုပ်တယ်ဆိုရင် ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ရှိတယ်။ တစ်ခုခုကိုလုပ်ပြီဆိုရင် စိတ်ရော၊ လူရော ခွန်အားအပြည့်နဲ့ လုပ်တတ်တယ်။ နောက်တစ်ခုက ကျွန်မဘာကိုလုပ်လုပ် စေတနာထားပြီးလုပ်ပါတယ်။ ကိုယ်လုပ်ရမယ့်အလုပ်ကို ကြည့်ပြီးရလာမယ့် ရလဒ်ကိုဘယ်သူခံစားရမှာလဲ။ ဥပမာ ကိုယ့်ရဲ့ customer တွေလား၊ ကိုယ့် department ထဲက ၀န်ထမ်းတွေလား၊ ကိုယ့်အထက်အရာရှိလား စသဖြင့်ပေါ့လေ။ အသုံးပြုမယ့်သူက ရှင်းရှင်းလင်းလင်း လွယ်လွယ်ကူကူနဲ့ အသုံးပြုနိုင်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ အသုံးချနိုင်ဖို့ အမြဲဦးစားပေး စဉ်းစားပါတယ်။

စီမံခန့်ခွဲမှုပုံစံ
Participative ပုံစံမျိုး Teamwork အဓိက အသားပေးပြီးတော့ ကျွန်မရဲ့လက်အောက်မှာရှိတဲ့သူတွေကိုစုစည်းပြီး meeting လုပ်လေ့ရှိပါတယ်။ သူတို့လုပ်ချင်တာကဘာလဲ၊ သူတို့အမြင်တွေကရော ဘယ်လိုမျိုးရှိလဲ ဆိုတာကိုအဓိကထားပြီး တော့ စီမံလေ့ရှိပါတယ်။ တချို့အလုပ်တွေကို ကိုယ်က guideline ချပေး၊ အလုပ်တွေကို assign လုပ် ခွဲဝေပေး၊ တချို့ကိစ္စတွေမှာ သူတို့ရဲ့အမြင်တွေနဲ့ အတူ လုပ်ကိုင်ဆောင်ရွက်စေပါတယ်။ လုပ်ကိုင်
ဆောင်ရွက်ပြီးတဲ့ ရလဒ်ကိုကြည့်ပြီး coaching လုပ်ပေးတဲ့ စီမံခန့်ခွဲမှုပုံစံကိုကျင့်သုံးပါတယ်။

အကြံပြုချက်
ကိုယ့်ဝမ်းစာကို ပြည့်အောင်ဖြည့်ထားပါ။ စာတွေ့ဆိုတာထက် ကိုယ်တိုင်လည်း အပတ်တကုပ်လေ့လာပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ သင်ယူစရာ၊ လေ့လာစရာတွေ အများကြီးရှိပါတယ်။ အဲဒီလိုဝမ်းစာပြည့်တဲ့ လူငယ်တွေအတွက် အလုပ်
အကိုင်က မရှားပါဘူး။ ကိုယ်ရွေးချယ်လိုက်တဲ့ နယ်ပယ်မှာ နှံ့နှံ့စပ်စပ်ထဲထဲဝင်ဝင်ရှိရင် ကိုယ့်အတွက် အခွင့်အလမ်းတွေ အများကြီးရောက်လာမှာပါ။ နောက်ပြီးတော့ ပြောမှသိတာမျိုး၊ ခိုင်းမှသိ တာမျိုး မဟုတ်ဘဲ ကိုယ့်စိတ်နဲ့ကိုယ်လုပ်ချင်ကိုင်ချင်စိတ်ရှိနေရင်တော့ အများရဲ့အသိအမှတ်ပြု ခြင်းကိုခံရမှာပါ။ 

မျှော်လင့်မထားတာတွေ ကြုံလာရင်
အဲဒါမျိုးကလည်း မကြာခဏ ဖြစ်တတ်ပါတယ်။ ဥပမာ ကျွန်မတို့ဆိုလည်း ပွဲတွေခဏခဏ လုပ်တော့ ဒီလိုကိစ္စတွေက ကြုံလာတတ်တယ်။ အဲဒီအချိန်မျိုးမှာ အရင်ဆုံးလုပ်ရတာက ကိုယ့်စိတ်ကိုအေးအောင် အရင်ထားလိုက်ရတယ်။ စိတ်
ကို လျှော့လိုက်ပြီး ဒီအချိန်မှာ အကောင်းဆုံးနဲ့ အမြန်ဆုံးလုပ်နိုင်တာက ဘာလဲဆိုတာ အဖြေရှာရတယ်။ အမြန်ဆုံးပြေလည်အောင် ဖြေရှင်းနိုင်မယ့်လူက ကိုယ်တိုင်လည်းဖြစ်ချင်ဖြစ်မယ်။ ကိုယ်တိုင်မဟုတ်ဘဲ တခြားတစ်ယောက်ဆိုရင်လည်း အဲဒီ့ တစ်ယောက်ရဲ့အကူအညီနဲ့ ချက်ချင်းဖြေရှင်း လိုက်တယ်။ ဒါမှမဟုတ်ရင်လည်း ပြဿနာရဲ့ အရင်းအမြစ်ကို သေသေချာချာစဉ်းစားပြီး၊ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေထဲက အသင့်တော်ဆုံး ဖြစ်မယ့်အဖြေကို ရွေးချယ်ပါတယ်။