Primary tabs

အချစ်ကိုရှာဖွေတွေ့ရှိခဲ့တဲ့ စိုးပြည့်သဇင်

“တောင်တွေအထပ်ထပ် မင်းရဲ့တွန်းအားနဲ့ကွယ်ကျော်ခဲ့တယ်..... အနီရောင်သွေးပြွန်ကြောထဲ တဆစ်ဆစ်ကိုက်လို့ လှုပ်ရှားတယ်..... ခြင်ငယ်လေးတစ်ကောင်..... မင်းကလေးပေါ့....... သိပ်ချစ်တယ် အချစ်လေး..... အချစ်လေး..... ချစ်တယ်..... မင်းကလေးပေါ့.....” အဲဒီသီချင်းလေးကို တေးသံရှင်ဖြိုးကြီးနဲ့အတူ အသံသြရှရှလေးနဲ့ သီဆိုခဲ့တဲ့ ၁၃ နှစ်သမီးလေး သူမ၊ အနုပညာလောကထဲကို သရုပ်ဆောင်အနေနဲ့ ၀င်ရောက်ခဲ့ပြီး အကယ်ဒမီ ရွှေစင်ရုပ်ထုကိုလည်း ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့သူမ၊ သရုပ်ဆောင်နဲ့ ဂီတ၀ါသနာပါရာ အနုပညာနှစ်ရပ်စလုံးကို ဟန်ချက်ညီညီ ကြိုးစားအောင်မြင်နေတဲ့သူမ၊ သူမဆိုတာကတော့ အကယ်ဒမီသရုပ်ဆောင်တစ်ယောက်အပြင် တေးသီချင်းတွေလည်း ထွက်ရှိထားပြီး အခုအချိန်မှာ သူမရဲ့ဒုတိယမြောက် တစ်ကိုယ်တော်တေးစီးရီး “အချစ်ကိုရှာဖွေတွေ့ရှိခြင်း” ဆိုတဲ့ တေးစီးရီးထွက်ရှိထားတဲ့ သရုပ်ဆောင်၊ တေးသံရှင် စိုးပြည့်သဇင်ပါ။ သူမနဲ့ သူမရဲ့တေးသီချင်းတွေအကြောင်း၊ သူမရဲ့ အနုပညာ၊ သူမဖြတ်သန်းခဲ့တဲ့ အကြောင်းအရာ၊ သူမရဲ့ စိတ်နေစိတ်ထား၊ သူမတကယ်ရော အချစ်ကို တကယ်ရှာဖွေတွေ့ရှိခဲ့ပြီလား... စတာတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ အခုထွက်ထားတဲ့ “အချစ်ကို ရှာဖွေတွေ့ရှိခြင်း” ဆိုတဲ့ ခွေလေးအကြောင်းက စပြီး ပြောပေးပါဦး။

စိုးပြည့်ရဲ့ဒီMTV လေးက ထွက်ဖြစ်တာ CD ထွက်ပြီး တစ်နှစ်လောက်ကြာမှ ထွက်ဖြစ်တာပါ။ ဒီ MTV လေးမှာလည်း စိုးပြည့်အများကြီး ကြိုးစားထားပြီးတော့ ကြိုက်ကြတယ်လို့ ပြန်ကြားရတဲ့အတွက်လည်း အများကြီးဝမ်းသာပါတယ်။ CD မှာ ကြားဖူးပြီးသား သီချင်းကို MTV မှာ အရုပ်နဲ့တွဲပြီး ခံစားရတဲ့အတွက် ပိုပြီးကြိုက်ကြပါတယ်။ တချို့သီချင်းလေးတွေဆို ဥပမာ - ရင်ကွဲသစ္စာလို သီချင်းမျိုးဆိုရင် အရင် CD မှာတုန်းက သိပ်မကြိုက်ကြပေမဲ့ MTV ထွက်လာတဲ့အခါကျတော့ ကြိုက်သွားကြတယ်။ သီချင်းတွေနဲ့ ပတ်သက်ပြီးတော့ ပထမတစ်ကိုယ်တော်ခွေရယ်၊ အခုဒုတိယတစ်ကိုယ်တော်ခွေရယ်၊ ကြားထဲမှာ City FM ခွေလေးရယ် အဲဒါလေးတွေ လုပ်ဖြစ်ပါတယ်။ City FM ခွေထဲမှာ ကိုဇော်ပိုင်နဲ့ဆိုထားတဲ့သီချင်းဆို ပရိသတ်တွေကြိုက်ကြတယ်။ နောက်ပြီး ကို D ဖြိုး နဲ့ ဆိုထားတဲ့သီချင်းဆိုရင် Show တွေမှာလည်း တောင်းကြတယ်။

ဂီတကစပြီး ၀ါသနာပါခဲ့တာ ဘယ်အရွယ် လောက်ကတည်းကလဲ။ ပထမဆုံးစဆိုခဲ့ပြီး ပရိသတ်တွေ သတိထားမိတဲ့သီချင်းလေးလို့ပြောလို့ရတဲ့သီချင်းလေးက “သိပ်ချစ်တယ်အချစ်လေး” ဆိုတဲ့ သီချင်းလေးဖြစ်မယ်ထင်တယ်။ အဲဒါနဲ့
ပတ်သက်ပြီး အမှတ်တရလည်း ပြောပေးပါဦး။

သိပ်ချစ်တယ် အချစ်လေးသီချင်းက စိုးပြည့်ရဲ့ဂီတပထမဆုံးခြေလှမ်း၊ အသက် ၁၃နှစ်သမီးမှာ ဆိုခဲ့တဲ့သီချင်းပါ။ ဂီတကိုအရမ်းဝါသနာပါတဲ့အတွက်ကြောင့်ပဲ အသက် ၁၃နှစ် သမီးလောက်ကတည်းက သင်္ကြန်တွေမှာသီချင်းတွေလည်းဆိုတော့ ဂီတနဲ့မစိမ်းခဲ့ပါဘူး။ ဖေဖေကလည်း ၀ါသနာပါတော့ စိုးပြည့်ကို ဂီတကိုတကယ်ဝါသနာပါတယ်ဆိုရင် မင်းသမီးတစ်ယောက်သီချင်းဆိုတဲ့ ပုံစံမျိုးနဲ့တော့ ဆိုလို့မရဘူး၊ အဆိုတော်တစ်ယောက်ရဲ့ သီချင်းဆိုတဲ့ပုံစံမျိုးနဲ့ ဆိုဖို့ပြောပါတယ်။ အဲဒါကြောင့် စိုးပြည့်အနေနဲ့ ပရိသတ်က စိုးပြည့်ကို ဂီတဘက်မှာ အဆိုတော်တစ်ယောက်လို အဆိုတော်တယ်ဆိုပြီး လက်ခံလောက်တဲ့အခြေအနေအထိဖြစ်အောင် ကြိုးစားသွားမှာပါ။

အဆိုပိုင်းနဲ့ သရုပ်ဆောင်ပိုင်းကိုရော ဘယ်လိုမျှပြီးလုပ်ဖြစ်နေလဲ။

သီချင်းဆိုတာရော၊ သရုပ်ဆောင်တာရော နှစ်ခုစလုံးက စိုးပြည့်ဝါသနာပါတာတွေဖြစ်တဲ့အတွက် စီးရီးအတွက် အချိန်ပေးသလို၊ ရှိုးတွေလည်းသွားတယ်၊ သရုပ်ဆောင်ပိုင်းမှာလည်း အခုနောက်ပိုင်း ပရိသတ်ကြိုက်မယ့်၊ အဓိပ္ပါယ်ရှိမယ့် ဇာတ်ရုပ်မျိုးတွေကို ပိုပြီးဦးစားပေး ဖြစ်နေပါတယ်။

စိုးပြည့်ရဲ့သီချင်းတွေအပေါ် ပရိသတ်ရဲ့ အားပေးမှုကရော ဘယ်လိုရှိလဲ။

အမှန်အတိုင်းပြောရရင်တော့ ပရိသတ်က စိုးပြည့်သဇင် စင်ပေါ်တက်လာပြီဆိုရင် သရုပ်ဆောင်တစ်ယောက်အနေနဲ့ မြင်ကြတာဆိုတော့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် စိုးပြည့်သဇင် စင်ပေါ်တက်လာပြီဆိုရင် လက်ခုပ်တီးတယ်၊ အားပေး
တယ်၊ ကြည့်ဖို့အတွက် အဆင်သင့်ဖြစ်နေကြတယ်။ ဒါပေမဲ့ စိုးပြည့်က စိုးပြည့်သီချင်းတွေကို နားထောင်ချင်လို့ဆိုတာမျိုး ဖြစ်ချင်ပါတယ်။

ပထမစီးရီးကနေ ဒုတိယစီးရီးအထိ ခရီးရောက်လာပြီဆိုတော့ တစ်ခွေကနေ တစ်ခွေပြောင်းလဲလာတဲ့ အတွေ့အကြုံတွေအရ ကိုယ့်ကိုယ်ကို သိလာတဲ့ အားနည်းချက်၊ အားသာချက်တွေက ဘာတွေဖြစ်မလဲ။

စိုးပြည့်သီချင်းစလုပ်ကာစဆိုရင် စိုးပြည့်အသံက ကြီးလည်းကြီးတယ်၊ သြလည်းသြတယ်ဆိုတော့ စိုးပြည့်အဲဒီ အသံကိုမကြိုက်ဘူး။ အဲဒီတုန်းက ငယ်လည်းငယ်သေးတာဆိုတော့ သိပ်လည်းနားမလည်ဘူး၊ Mood လောက်ပဲ ရှိတာ၊ 
အသံကာလာတွေဘာတွေဆိုလည်း အားနည်းတယ်။ ပထမစီးရီးမှာ အသံတော့ပြောင်းသွားတယ် ဒါပေမဲ့ အများကြီးလိုအပ်သေးတယ်၊ ပညာတွေ ကြွယ်ဖို့လိုအပ်သေးပါတယ်။ ဂီတရော၊ သရုပ်ဆောင်ပညာရောက လေ့လာလို့မကုန်ပါဘူး။ ကိုယ့်ရဲ့သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေအားလုံး၊ နိုင်ငံခြားက အဆိုရှင်ကြီးတွေ သူတို့ ဘယ်လိုဆိုသွားတယ်၊ ဘယ်လို Mood ယူသွားတယ်၊ ဘယ်လိုကာလာတွေနဲ့ ဆိုသွားတယ်ဆိုတာတွေကို နားရည်ဝပြီး လေ့လာနေမှ ကိုယ့်အတွက် တိုးတက်နိုင်မယ်လို့ ယူဆထားပါတယ်။

ကိုယ်နဲ့အလိုက်ဆုံးသီချင်းနဲ့ ကိုယ်အကြိုက်ဆုံးသီချင်းက ဘယ်လိုသီချင်းမျိုးဖြစ်မလဲ။ ကိုယ်ဆိုရတာခက်ခဲတဲ့သီချင်းကရော ဘယ်လိုသီချင်းမျိုးတွေဖြစ်မလဲ။

စိုးပြည့်က Music Style အားလုံးကို ကြိုက်ပါတယ်။ အဆိုတော်ဆိုတာ ဘယ်လိုသီချင်းမျိုးပဲဖြစ်ဖြစ်ဆိုနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အဲဒီထဲမှာမှ ကိုယ်လည်းပိုပြီးတော့ ဆိုနိုင်တယ်၊ ကိုယ့်ရဲ့အသံကာလာနဲ့လည်း လိုက်ဖက်တယ်လို့ထင်ပြီး ဘယ်တော့မှလည်း ပျောက်မသွားနိုင်တဲ့ Music ကတော့ Pop Music ပါ။ လူတိုင်းနီးပါလည်း ကြိုက်ကြမယ်လို့ထင်ပါတယ်။ ဒါပေမဲ့ စိုးပြည့်သီချင်းမျိုးစုံဆိုချင်တယ်၊ အဲဒီအတွက်လည်း ကြိုးစားဦးမှာပါ။ အခုလောလောဆယ်အထိတော့ စိုးပြည့် R&B Music ကို မဆိုဘူးသေးဘူး။ အဝေ့အ၀ိုက်တွေနဲ့ဆိုရတာမျိုးက စိုးပြည့်အတွက် လိုအပ်ဦးမယ်လို့ထင်တယ်။ Rock Music မျိုးကိုတော့ ဆိုဖူးပေမဲ့ အရမ်းကြမ်းတဲ့ Rock မျိုးတော့ မဆိုဖူးသေးဘူး။ စိုးပြည့် Crush Tone တော့ သိပ်မရဘူး။ အဲဒါလေးတွေတော့ လိုက်ပြီးကြိုးစားကြည့်ချင်တယ်။

အသံပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး သီးသန့် လေ့ကျင့်တာမျိုးရောရှိလား။

အသံပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အမောခံနိုင်အောင် လေ့ကျင့်ရတာတွေရှိပါတယ်။ စိုးပြည့်ရဲ့ဒုတိယစီးရီးမှာပါတဲ့ တချို့သီချင်းတွေဆိုရင် အသက်ခိုးတောင် ရှူလို့မရတဲ့သီချင်းတွေ ရှိပါတယ်။ အဲဒီကျရင် လေတောင်ပျက်ပျက်သွားတာ မျိုးရှိတော့ သီချင်းသွင်းရတာအရမ်းကို ခက်ခဲတာတွေ ရှိခဲ့ပါတယ်။ အဓိကအဆိုတော်တစ်ယောက်မှာ သက်လုံကောင်းဖို့ လိုတယ်။ အဲဒါကြောင့် အသံပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေလုပ်ရတယ်။ လမ်းလျှောက်တာမျိုး၊ ပြေးတာမျိုး လေ့ကျင့်ခန်းလေးတွေ လုပ်ဖြစ်တယ်။ စိုးပြည့်ရှိုးဆိုပြီဆိုရင် အစားလုံးဝမစားတော့ဘူး။ အရင်တုန်းက အစားစားလို့ရပေမဲ့ အခုနောက်ပိုင်းသတိထားလိုက်တဲ့အခါမှာ အကျင့်တစ်ခုလိုဖြစ်သွားတာလားမသိဘူး ဆီကြော်စားလိုက်ရင် အသံဝင်သွားတယ်၊ ဆိုကာနီး အသံကပ်သွားတာမျိုးတွေ ဖြစ်တယ်။ တချို့ကတော့ ရေခဲရေရှောင်ပေမဲ့ အခုအချိန်အထိ ရေခဲရေမရှောင်နိုင်သေးတာ အားနည်းချက်ပဲ။  

အနုပညာသက်တမ်း ကြာလာတာနဲ့အမျှ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိတာတွေကရော။

သရုပ်ဆောင်သက်တမ်းက ၁၀နှစ်ရှိသွားပါပြီ။ ဂီတသက်တမ်းကတော့ နည်းသေးတာပေါ့။ ငယ်ငယ်တုန်းကတော့ ဘာမှသိပ်မသိသေးဘူး။ အက်ရှင်ဆိုတာနဲ့ ပါးစပ်ထဲမှာရှိတာတွေ ပြောတော့တာ။ ဒါပေမဲ့ နောက်ပိုင်းကျတော့ အနုပညာပိုင်းနဲ့ပတ်သက်ပြီး ပိုပြီးတော့နားလည်လာတယ်။ အနုပညာ စလုပ်ကာစတုန်းကဆိုရင် စိုးပြည့်ကငယ်သေးတော့ လူမှုရေးပိုင်းမှာ အားနည်းတာတွေလည်းရှိတယ်၊ အဲဒါတွေက အသက်ကြီးလာတဲ့အခါမှာ တဖြည်းဖြည်းနဲ့ လောကက သင်ပေးလာတော့ ပိုရင့်ကျက်လာတယ်လို့ ထင်ပါတယ်။

ကြုံလာတဲ့ အတိုက်အခိုက်တွေအပေါ်မှာရော ဘယ်လိုစိတ်မျိုးထားပြီး ဖြတ်သန်းလဲ။

အတိုက်အခိုက်ဆိုတာမျိုးကတော့ လူတိုင်းမှာ ကြုံနိုင်တာပဲလေ။ အဲဒီအပေါ်မှာ ကိုယ့်ရဲ့ ခံယူချက်နဲ့လည်း ဆိုင်တာပေါ့နော်။ ကိုယ် အကောင်းဆုံးမေတ္တာထားတယ်၊ ကိုယ့်ကို လာတိုက်ခိုက်နေရင်လည်း မေတ္တာနဲ့ပဲတုန့်ပြန်ပါတယ်။ ကိုယ့်ကိုလာတိုက်ခိုက်ရင် ဘယ်တော့မှ ပြန်မပြောဘူး။ စိုးပြည့်မိဘတွေကလည်း သင်ထားတယ်။ ပြီးတော့ စိုးပြည်စိတ်ချမ်းသာချင်တယ်။ ကိုယ့်ကိုပြောလိုက်လို့ ပြန်ပြောလိုက်လို့ရတယ်။ ကိုယ့်မှာလည်း ပါးစပ်ပါတယ်။ ပြောဖို့အခွင့်အရေးနဲ့ အခြေအနေလည်းရှိတယ်။ ဒါပေမဲ့ စိုးပြည့်ပြန်မပြောခဲ့ဘူး။ ပြန်မပြောတာကို ကြောက်လို့လို့လည်း တချို့လူတွေ ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမဲ့ စိုးပြည့် ကြောက်တာတစ်ခုက စိုးပြည့် ကံကံ၏အကျိုးကိုယုံကြည်တယ်။ အရင်တုန်းကဒီလိုပြောခဲ့လို့ ဒီလိုအပြောခံရတာလို့ထင်တယ်။ အဲဒါကြောင့် နောက်ဘ၀ကိုမသယ်ချင်ဘူး။ ဒီတော့ ၀ဋ်ကြွေးကျေတယ်လို့သတ်မှတ်တယ်။ ကိုယ့်ကို အဲဒီလိုပြောလိုက်ရင် စိတ်မကောင်းဖြစ်  မယ်၊ ဒေါသဖြစ်မယ်၊ တစ်ခါတလေငိုလိုက်ရတာတွေလည်းဖြစ်မယ်၊ ကိုယ်ပြန်ပြောလို့ရပေမဲ့ ကိုယ်ချင်းစာတဲ့စိတ်နဲ့ ကိုယ့်လိုဖြစ်တာမျိုး မဖြစ်စေချင်လို့ပါ။ အဲဒါကို ကြောက်တယ်လို့ ထင်တဲ့သူတွေလည်း ရှိပါတယ်။ စိုးပြည့်က စိတ်ပျော့တယ်၊ သနားတတ်တယ်၊ အားနာတတ်တယ်၊ ကိုယ့်ကို တိုက်ခိုက်တဲ့သူတွေကို တစ်ခွန်းမှ ပြန်မပြောဘူး၊ ငိုပြီးပြန်လာခဲ့တာချည်းပဲ။ ဒါပေမဲ့နောက်ပိုင်းမှာတော့ နေတတ်လာတယ်။ ပြီးတော့ စိုးပြည့် တရားဓမ္မကိုလည်း လေ့လာတယ်။ ကိုယ့်အသက်အရွယ်နဲ့ငယ်သေးတယ်လို့ ပြောလို့ရပေမဲ့ စိုးပြည့်ထင်တာကတော့ တရားဓမ္မဆိုတာ ငယ်တာ၊ ကြီးတာနဲ့မဆိုင်ပါဘူး။ အနည်းအကျဉ်းသိ၊ အနည်းအကျဉ်း စိတ်ချမ်းသာတယ်။ ဥပမာ - ကိုယ့်ကိုပြောတယ်ဆိုရင် ကိုယ့်ကိုမှ ပြောတယ်ဆိုပြီး ပူလောင်နေမယ့်အစား ကိုယ်အရင်က သူ့ကိုလုပ်ခဲ့ဖူးလို့ အခုပြန်လုပ်ခံရတာဆိုပြီး တွေးလိုက်ရင် ကိုယ်လည်းစိတ်ချမ်းသာသွားတယ်။  

အောင်မြင်မှုကို ဘယ်လို အဓိပ္ပါယ်ဖွင့်ချင်လဲ။

အောင်မြင်မှုဆိုတာ ကြိုးစားမှုရဲ့ရလဒ် တစ်ခုလို့ပြောရင်လည်းရသလို၊ တစ်ခါတလေမှာ ကြိုးစားတိုင်းလည်း ရနိုင်တာမျိုး မဟုတ်ပါဘူး။ သေလောက်အောင် ကြိုးစားပေမဲ့လည်း ဖြစ်မ လာတာမျိုးရှိတတ်တော့ ဒါကိုမကြိုးစားဘူးလို့ ပြောလို့လည်း မရပါဘူး။ အောင်မြင်မှုဆိုတာ ကံ တွေ၊ စန်းတွေ၊ အတိတ်ကပြုလုပ်ခဲ့တဲ့ကံရယ်၊ အခု ပစ္စုပန်ကံရောပေါင်းပြီး ရတာလို့ထင်ပါတယ်။ အတိတ်ကံရဲ့ထောက်ပံ့မှုကြောင့် ပစ္စုပန်မှာ အောင်မြင်မှုတွေရနိုင်သလို၊ အတိတ်ကံဘယ်လောက်ပဲ ကောင်းကောင်း ပစ္စုပန်မှာ မကြိုးစားရင်လည်း မရနိုင်ပါဘူး။
    
သီချင်းအပြင် တခြားအနုပညာလှုပ်ရှားမှု တွေကရော ဘာတွေရှိသေးလဲ။

“သက်တံ့ရောင် အားမာန်သစ်”ဆိုတဲ့ ဇာတ်ကားလေးရိုက်နေပါတယ်။ ပြီးတော့ ရုပ်သံစီးရီးနဲ့ ရုပ်ရှင်ကားကြီးအတွက်ရိုက်ဖို့ အစီအစဉ်လေးတွေ ရှိပါတယ်။

Photo - Aung Ko Ko(Gray Hills)