Primary tabs

အတွေ့အကြုံက ကိုယ့်အတွက် အမြတ်ပဲ

“ဒီဆိုင်စဖွင့်တဲ့ အချိန်တုန်းကလည်း ကိုယ့်ကို အနီးကပ်ပြောဆိုပြသပေးမယ့် သူဆိုတာမရှိဘူး။ အတွေ့အကြုံရှိတဲ့သူတွေကို မေးမြန်းခဲ့တယ်။ တချို့လည်း ကူညီပြောပြပေးတယ်။ တချို့ကျတော့လည်းမကူညီဘူး။ ဆိုင်အပြင်အဆင်က အစ၊ ပစ္စည်းဝယ်တာ အဆုံး ကိုယ်ပဲတစ်ယောက်တည်းလုပ်ခဲ့ရတာဖြစ်တဲ့အတွက် အတွေ့အကြုံကတော့ တော်တော်ရခဲ့တယ်။ အဲဒါက ကိုယ့်အတွက် အမြတ်ပဲ” လို့ဆိုသူကတော့ Auspicious Silk မှ ဖြိုးသီရိခေတ်ပါ။ သူမရဲ့ ဖြတ်သန်းမှုများကတော့.....

ငယ်ဘ၀ဖြတ်သန်းမှု...
ဇာတိက ရန်ကုန်ပါ။ တစ်ဦးတည်းသော သမီး။ အ.ထ.က (၃) မင်္ဂလာတောင်ညွန့်ကနေ ၂၀၀၀ ခုနှစ်မှာ ဆယ်တန်းအောင်ခဲ့တယ်။ B.Sc (Zoology) နဲ့ ၂၀၀၄ မှာ ဒဂုံတက္ကသိုလ်ကနေ ကျောင်းပြီးခဲ့တယ်။  ငယ်ဘ၀နဲ့ ပတ်သက်ပြီး စဉ်းစားမိရင် ကိုယ့်မိဘတွေရဲ့အကြောင်းက ကျေနပ်စရာအကောင်းဆုံးပဲ။ ငယ်ဘ၀ရဲ့ အကောင်းဆုံး memory ဆိုရင်လည်း မိဘပဲ။ မိဘနဲ့က အသက်ကွာတယ်။ ဒီအရွယ်အထိ မိစုံဖစုံနေရတာလည်း ကျေနပ်တယ်။ ဘာအကြောင်းပြချက်နဲ့မှ အဖေသော်လည်းကောင်း၊ အမေသော်လည်းကောင်း ကိုယ့်ကို မစွန့်ခွာသွားဘူး။ ဘယ်လင်မယားမှ ရန်မဖြစ်ဘူးဆိုတာမရှိဘူး။ ဒါပေမဲ့ ကိုယ့်မိဘတွေဟာ ကိုယ့်မျက်နှာကိုပဲကြည့်ပြီး ကိုယ့်အတွက် အခုအချိန်ထိ ကျန်းကျန်းမာမာနဲ့ စုံစုံလင်လင်ဘေးနားမှာရှိနေပေးတဲ့အတွက် အရမ်းကျေနပ်တယ်။ မိဘတွေရဲ့ချစ်ခင်နှစ်သက်မှု အရိပ်အာဝါသအောက်မှာ ကြီးပြင်းခဲ့ရတာ ဖြစ်တဲ့အတွက် စိတ်ဓာတ်အင်အားက ကောင်းခဲ့တယ်။ ပျော်ရွှင်တဲ့စိတ် အမြဲရှိပြီး သူတစ်ပါးကိုလည်း အကောင်းမြင်စိတ် အမြဲရှိတယ်။ မိဘရဲ့ နွေးထွေးတဲ့အထောက်အပံ့က ကိုယ့်အတွက် အမြဲရှိတယ်လို့ ယုံကြည်တယ်။ လူအားဖြင့်လည်းကောင်း၊ စိတ်အားဖြင့်လည်းကောင်း၊ ငွေအားဖြင့်လည်းကောင်း အစစအရာရာက မိဘက ကိုယ့်အတွက်ရှိတယ်ဆိုတဲ့စိတ်နဲ့ ဘာမဆို လုပ်နိုင်ခဲ့တယ်။ အရည်အချင်းအရမ်းရှိလို့လားဆိုတော့ မဟုတ်ဘူး။ မိဘရဲ့ ထောက် ပံ့မှုတွေနဲ့ လမ်းကိုသာသာကြည်ကြည်လျှောက်နိုင်ခဲ့တာ။ အမေဆိုလည်း ကိုယ့်ကိုဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ်ဆိုပြီး ဖိအားပေးခဲ့တာမျိုးမရှိဘူး။ အဖေဆိုရင်လည်း ခြောက်တန်းလောက်ကတည်းက ပြင်ပစာအုပ်တွေ ပေးဖတ်တယ်။ စာဖတ်တဲ့ အလေ့အကျင့်က အဖေကြောင့် စခဲ့တယ်။ စာဖတ်တဲ့အကျိုးကြောင့် တွေးတောဆင်ခြင်နိုင်စွမ်းက ဆိုးဆိုးရွားရွားမဖြစ်ခဲ့ဘူး။ ငယ်ငယ်တုန်းကတော့ ကိုယ့်အပေါ်မိဘက ဘယ်လို ပျိုးထောင်ပေးခဲ့တယ်ဆိုတာ မသိခဲ့ဘူး။ အခုအချိန်ရောက်မှ ဒီလိုတွေပျိုးထောင်ခဲ့လို့ ကိုယ်ဒီလို ဖြစ်တာပဲဆိုတာကို သိလာခဲ့တာ။

စီးပွားရေးခြေလှမ်းအစ…
ဘွဲ့ရပြီး ၂၀၀၆ လောက်မှာ modeling ကို လုပ်ခဲ့တယ်။ အဲဒီတုန်းက ပြိုင်ပွဲတွေလည်း ၀င်ပြိုင်ခဲ့တယ်။ နောက်ပြီး ဗီစီဒီရိုက်တယ်။ ဇာတ်ကားလည်း နည်းနည်းရိုက်ခဲ့တယ်။ စီးပွားရေးအနေနဲ့ကတော့ ဒီပိုးထည်တိုက်ကိုမဖွင့်ခင်မှာ အိမ်ခြံမြေ အလုပ်ကိုလုပ်ခဲ့တယ်။ အိမ်ဝယ်တယ်။ ပြီးရင် ကိုယ့်စိတ်ကြိုက်အိမ်တွင်းအလှဆင်တယ်။ ပြီးတော့ပြန်ရောင်းတယ်ပေါ့။ ကိုယ်ရထားတဲ့ဘွဲ့နဲ့ မဆိုင်ပေမဲ့ Interior Design ကို စိတ်ဝင်စားတယ်။ အိမ်အတွင်းပြင်ဆင်ရတာကို ၀ါသနာထုံတယ်။ အစပိုင်းမှာတော့ အိမ်ခြံမြေစီးပွားရေး ကိုလုပ်မယ်လို့ရည်ရွယ်ပြီး လုပ်ခဲ့တာမဟုတ်ဘူး။ ကိုယ့်စိတ်ကြိုက်လေးဝယ်၊ ကိုယ့်စိတ်ကြိုက်လေးပြင်ဆင်ထားတာကို ရောင်းမလား ဘာလား လာမေးလိုက် ရောင်းလိုက်၊ နောက်ပြန်ဝယ်လိုက်၊ အသစ်ပြင်လိုက်နဲ့ တဖြည်းဖြည်း လုပ်ဖြစ်သွားခဲ့ တာ။ ဒါပေမဲ့ အရင်းကများတော့ တာဝန်ကြီး တယ်။ မှားသွားရင် ကိုယ့်ငွေက တော်တော်နဲ့ ပြန်မပေါ်ဘူး။ အိမ်ခြံမြေအလုပ်က လူပင်ပန်းတာထက် စိတ်ပင်ပန်းတာ ပိုများတယ်လို့ထင်တယ်။ (၅) နှစ်လောက်လုပ်ပြီး နောက်ပိုင်းမှာ အိမ်ခြံမြေဈေးကွက်က ပြောင်းလာတဲ့အတွက် ဒီလုပ်ငန်းတစ်ခုထဲမှာ နှစ်ထားလို့ မဖြစ်ဘူးလို့ တွေးပြီးတော့ ပိုးထည်တိုက်ကို စဖို့ ဖြစ်လာတယ်။

Auspicious စတင်ပြီ…
ဒီလုပ်ငန်းကိုစလုပ်တဲ့အချိန်မှာ ကိုယ့်ထက် စောပြီး ဖွင့်ထားတာတဲ့ ဆိုင်တွေရှိတယ်။ ဒါပေမဲ့ နိုင်ငံခြားကသွင်းတဲ့ luxury ဇာရော၊ designer  lace ရော၊ အမရပူရ လက်ယက်ကန်းကြိုးကြီး ချိတ်တွေရော၊ ဘန်ကောက်ကသွင်းတဲ့ ထိုင်းပိုးပေါ်မှာ စက်ပန်းထိုးထားတာတွေရောကို showroom လိုပုံစံမျိုး တွဲဖွင့်ထားတာတော့ သိပ်မရှိသေးဘူး။ ဆိုင်တစ်ခုဖွင့်မယ်လို့ စဉ်းစားလိုက်တာနဲ့ ဘယ်လို Trend မျိုးကိုသွားမလဲဆိုတာ အရင်ဆုံးရွေးရတယ်။ ဇာနဲ့ ပိုးကို တွဲဖွင့်ချင်တယ်။ luxury ဘက်ကိုသွားမယ်ဆိုပြီး ရွေးခဲ့တယ်။ ကိုယ့်ဆိုင်ကိုရောက်လာတာနဲ့ ဇာလည်းရမယ်၊ ပိုးလည်းရမယ်၊ ချိတ်လည်းရမယ်ပေါ့။ ပွဲတက်ဖို့အတွက်ဆိုရင် Auspicious မှာ အကုန်ရနိုင်တယ် ဆိုတာမျိုးဖြစ်ချင်တယ်။ ဇာတွေကတော့ ဘန်ကောက်၊ ဟောင်ကောင်နဲ့ ကိုရီးယားကသွင်းတဲ့ ဇာတွေပါ။ အရင်တုန်းက ပွဲတက်ဂါဝန်ဆိုလည်း ကိုယ့်မှာရှိတဲ့ ခပ်ရိုးရိုးဝတ်စုံနဲ့ ပွဲတက်ကြပေမဲ့ အခုကျတော့ခေတ်ကပြောင်းသွားပြီး ဇာတွေကို ဒီဇိုင်နာနဲ့သေချာချုပ်ပြီး ပွဲတက်လာကြတယ်။ ၂၀၁၅ အောက်တိုဘာလမှာ Auspicious ကို စဖွင့်ခဲ့တယ်။ 

အတွေ့အကြုံ…
ဒီအလုပ်က ၀ယ်သူနဲ့ တိုက်ရိုက်ပြောဆိုပြီး ရောင်းဝယ်ရတဲ့ အလုပ်ဖြစ်တဲ့အတွက် အဲဒီ့အပိုင်းမှာ အတွေ့အကြုံကတော့ နည်းတယ်။ ဆက်ဆံရေးကောင်းအောင်၊ ကိုယ့်ပစ္စည်းက ပစ္စည်းချင်း တူရင်တော့ တခြားဆိုင်တွေထက် ဈေးသက်သာအောင်၊ အဖက်ဖက်က အဆင်ပြေအောင် လုပ်ရတယ်။ နောက်တစ်ခုက လုပ်ငန်းရဲ့သဘော သဘာဝက ကိုယ်နဲ့ နည်းနည်းစိမ်းပေမဲ့ လုပ်ငန်းရဲ့ အဓိက ကုန်ပစ္စည်းဖြစ်တဲ့ ပိုးထည်နဲ့ ဇာကတော့ ကိုယ့်အတွက် မစိမ်းဘူး။ အဲဒါကတော့ ကိုယ်ရွေးချယ်တဲ့လုပ်ငန်းအပေါ် ကိုယ့်အားသာချက်ပေါ့။ နောက်တစ်ချက်က Auspicious ကို စဖွင့်တာက ၀ါကျွတ်ချိန်ဖြစ်တယ်။ အဲဒီ့အတွက် ရောင်းအားကလည်း အဆင်ပြေတယ်လို့ ပြောရမယ်။ ရာသီချိန်ဖြစ်တယ်ပေါ့။ ဒါပေမဲ့ တစ်ဖက်ကလည်း ကိုယ်မသိသေးတာတွေကို သင်ယူရတာတွေလည်းရှိတယ်။ အဆင်မပြေတာကြုံလာရင်လည်း တစ်ချိန်ချိန်တော့ ပြေလည်သွားမှာပဲဆိုပြီး ထိုင်စောင့်နေလို့တော့မရဘူး။ ကိုယ့်ထက်အတွေ့အကြုံရှိတဲ့သူတွေကို လိုက်မေးရတယ်။ ဆွေးနွေးကြည့်ရတယ်။ သူများဆိုင်တွေကိုလည်း ပညာယူတဲ့အနေနဲ့ လိုက်ကြည့်ရတယ်။ နောက်ပြီး အွန်လိုင်းပေါ်မှာရော ဘယ်လိုဈေးနှုန်းတွေနဲ့ ဖြန့်နေသလဲ စသဖြင့်လေ့လာရတယ်။ ဒီဇိုင်းအသစ်တွေကတော့ ထွက်နေတာပဲ။ ဒါပေမဲ့ မြန်မာတွေရဲ့ အကြိုက်နဲ့ 
ကိုက်ညီမှာကို ရွေးတတ်ဖို့လိုတယ်။ အလုပ်ကသင်သွားတာတွေကတော့ အများကြီးပါပဲ။ အရေးကြီးဆုံး တစ်ခုကတော့ ကိုယ်တိုင်ကိုက ဒါကို ၀ါသနာပါတာပဲ။ 

အမှတ်တရ…
အမှတ်တရဆိုရင်တော့ ဆိုင်စစဖွင့်ချင်းမှာ အရောင်းစာရေးတွေခေါ်တယ်။ ရုပ်ရည်သန့်ပြန့်ရမယ်၊ စိတ်ရှည်ရမယ်၊ သွက်လက်ချက်ချာရမယ်ပေါ့။ လာလျှောက်တဲ့သူတွေထဲက ကိုယ်လိုချင်တာတွေနဲ့ ကိုက်ညီတဲ့သူကို ရွေးပြီးခန့်ထားလိုက်ရော။ ဆိုင်စဖွင့်တဲ့ ဖွင့်ပွဲနေ့လည်းရောက်ရော ဧည့်သည်တွေက ကိုယ့်ဆိုင်ကပစ္စည်းတွေကို အားပေးမယ်ပေါ့။ အဲဒီ့မှာ စတွေ့တာပဲ။ ကိုယ်ခန့်ထားတဲ့အရောင်းစာရေးတွေက ပိတ်ကို ကိုက်တံမထိုးတတ်၊ မဖြတ်တတ်ဘူး။ ကိုယ်ကလည်း မလုပ်တတ်ဘူး။ ဈေးဦးပေါက် အားပေးတာက အန်တီဆင့် (မေသန်းနု)။ သူကြိုက်တာလည်း တွေ့တော့ဝယ်မယ်ပေါ့။ ကိုယ့်ဝန်ထမ်းတွေက ကိုက်တံမထိုးတတ်တော့ သူကိုယ်တိုင်ကိုက်တံထိုး၊ ပိတ်စဖြတ်ပြီး အားပေးသွားရတယ်။ အဲဒါကတော့ ဒီဆိုင်နဲ့ ပတ်သက်တဲ့ အမှတ်တရအရှိဆုံး အဖြစ်အပျက်ပါ။ ဆိုင်ဖွင့်ပွဲနေ့ပြီးတော့မှပဲ ၀န်ထမ်းတွေရော၊ ကိုယ်ရော ကိုက်တိုင်းတာတွေ အကြီးအကျယ် လေ့ကျင့်ခဲ့ရတာ တကယ့်အမှတ်တရပါပဲ။ 

အခက်အခဲ…
အလုပ်တစ်ခုကို မလုပ်ခင်ကတည်းက ကိုယ့်ကိုယ်ကို ပြင်ဆင်ထားတာက ငါအကောင်းဆုံးလုပ်မယ်၊ စေတနာထားပြီး လည်းလုပ်မယ်။ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ကြိုးစားမယ်။ ကောင်းရောင်းကောင်းဝယ်တော့ ဖြစ်ရမယ်။ ကိစ္စတိုင်းမှာက အကောင်းရှိသလို အဆိုးလည်းရှိမယ်။ အရောင်းအ၀ယ်မှာလည်း အရှုံးရှိသလို အမြတ်လည်းရှိမှာပဲ။ အဖေကုန်သည် မျိုးရိုးဖြစ်တဲ့အတွက် ဘာအားပေးလဲဆိုတော့ အရှုံးဆိုတာ ကြောက်စရာမလိုဘူးတဲ့။ တစိုက်မတ်မတ်ကြိုးစားဖို့တော့လိုတာပေါ့။ ခေတ်ရေစီးနဲ့ ကွာဟနေလို့ ဖြစ်ဖြစ်၊ ကိုယ့်ကြိုးစားမှု လျော့နေလို့ဖြစ်ဖြစ်နောက်ကျကျန်ခဲ့နိုင်ပေမဲ့ ဒါလည်း အချိန် အခန့်အတန့်တစ်ခုပဲဖြစ်မယ်။ ကိုယ့်ကြိုးစားမှုကို တင်လိုက်တာနဲ့ နေရာတစ်ခုတော့ ရှိလာမှာပဲ။ ဒါက ကြိုးစားမှုနဲ့ ပတ်သက်တဲ့ ကိုယ့်ခံယူချက်ပေါ့။ သေချာတာတစ်ခုကတော့ အလုပ်တစ်ခုမှာ အောင်မြင်ဖို့ ကံ၊ ဉာဏ်၊ ၀ီရိယက အရေးကြီး ဆုံးပါပဲ။ နောက်တစ်ခုက ကိုယ့်ကိုယ်ကို သုံးသပ်မိတာလေးပေါ့။ ရောက်ဆဲအသက်အရွယ်မှာ အရမ်းကြီးမခံစားတော့ဘူး။ ကောင်းခြင်း၊ ဆိုးခြင်းတွေဟာ ကိုယ့်စိတ်ကို မညှင်းဆဲနိုင်တော့ဘူး။ အရမ်းရင့်ကျက်သွားတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ငယ်တုန်းကလို တစ်ခုခုဖြစ်လာပြီဆိုတာနဲ့ ငါတော့သွားပါပြီဆိုတာမျိုး မတွေးတော့ဘူး။ တစ်ခုခုထစ်နေတာပဲဖြစ်ဖြစ်၊ ခက်နေတာပဲဖြစ်ဖြစ်၊ သြော်...ဒါတော့ဖြစ်တတ်တယ်ဆိုပြီး တွေးတတ်လာတယ်။ ပြီးတော့ အဲလိုခက်နေတာကို ဘယ်လိုနည်းနဲ့ ကျော်သွားမလဲဆိုတာကို အဓိကထား စဉ်းစားတယ်။ ဒီလိုဖြစ်နေတာ အချိန်အတိုင်းအတာတစ်ခု အထိပဲဖြစ်မှာ။ ပြီးရင်ကျော်လွှားသွားနိုင်မှာလို့ တွေးနိုင်သွားတယ်။ အရမ်းကောင်းနေတဲ့အချိန်ဆိုရင်လည်း ငါသတိထားနေရမယ်၊ ကြိုးစားမှုကို လျှော့လို့မရဘူးဆိုတဲ့ အသိရှိတယ်။ ကောင်းတဲ့ ကာလပဲဖြစ်ဖြစ်၊ ဆိုးတဲ့ ကာလပဲဖြစ်ဖြစ် ကိုယ်တိုင်က တည်ငြိမ်ဖို့လိုတယ်။

စီမံခန့်ခွဲမှု…
လုပ်ငန်းအကြီးကြီးလည်း မဟုတ်တဲ့အတွက် ၀န်ထမ်းကအများကြီးမရှိဘူး။ အဲဒီ့အတွက် မိသားစုလို ပုံစံမျိုးပဲဖြစ်နေတယ်။ စီမံအုပ်ချုပ်တဲ့ ပုံစံမျိုးမဟုတ်ဘဲ နားလည်အောင်ပဲရှင်းပြတယ်။ ပြောပြ တယ်။ 

ဟီးရိုးများ…
စာစဖတ်ဖြစ်တဲ့အချိန်မှာ ဒေါက်တာ မင်းတင်မွန်ရဲ့ စာအုပ်တွေကို အဖေကပေးဖတ်တယ်။ အဲဒီ့အချိန်ကတည်းက ဆရာ့ကိုလေးစားအားကျခဲ့တယ်။ သူ့ဘ၀ကလည်း သူ့စာတွေလိုပဲ လေးစားစရာကောင်းတယ်။ မွန်ပြည်နယ်ကနေ ကြီးပြင်းလာတဲ့ ကလေးတစ်ယောက်ဟာ ဆယ်တန်းအောင်တဲ့အချိန်မှာ တစ်နိုင်ငံလုံးမှာ ပထမရခဲ့တယ်။ ပညာသင်ဆုတွေနဲ့ နိုင်ငံခြား တက္ကသိုလ် တွေမှာလည်း အထူးချွန်ဆုံးဆိုတဲ့အဆင့်ကနေ အောင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီ့ဘွဲ့တွေရပြီး မြန်မာနိုင်ငံကို ပြန်လာတဲ့အချိန်မှာ စီးပွားရေးလည်း မလုပ်ဘူး၊ ပညာရေးလည်းမလုပ်ဘူး။ တရားပြတဲ့ဆရာပဲလုပ်ခဲ့တယ်။ တရားပြတဲ့နေရာမှာလည်း ခက်ခဲတဲ့စကားလုံးတွေ မသုံးဘဲ လူပိန်းနားလည်အောင် ရှင်းပြနိုင်တယ်။ ပုံမှန်ဆို ကျွန်မ တရားစာအုပ်တွေ မဖတ်ချင်ဘူး။ ပျင်းတယ်။ ဒါပေမဲ့ ဆရာ့စာအုပ်တွေကျတော့ စိတ်ဓာတ်ခွန်အားရလို့ ဖတ်ဖြစ်တယ်။ ဆရာ့စိတ်ဓာတ်ကိုရော စာတွေကိုရော လေးစားအားကျတယ်။ နောက်တစ်ယောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ပါ။ အမျိုးသမီးတစ်ယောက်ဖြစ်ပေမဲ့ စိတ်ဓာတ်အရမ်းမာပြီး အရမ်းလည်း မွန်မြတ်တဲ့သူတော်ကောင်း။ ငြိမ်းချမ်းရေးနဲ့ ယှဉ်ပြီးဖြစ်တဲ့ခေါင်းဆောင်က မြန်မာမှာသာမကဘူး ကမ္ဘာမှာလည်းရှားတယ်။ နောက်တစ်ခုက ကျွန်မရဲ့ ငယ်ဘ၀အိပ်မက်က ဘာသာစကားတွေ အများတတ်တဲ့သံတမန်တစ်ယောက်။ ဒါကြောင့် ဘာသာစကားအများကြီးတတ်တဲ့အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ကို လေးစားအားကျတယ်။ 

အောင်မြင်မှုသော့ချက်…
နံပါတ်(၁) ကတော့ စေတနာ။ ကိုယ်လုပ်လိုက်တဲ့အလုပ်တိုင်းကို စေတနာထားပြီး လုပ်ရမယ်။ ဘယ်အလုပ်ပဲဖြစ်ဖြစ် စေတနာမထားဘဲ ပေါ့ပျက်ပျက်လုပ်မယ်ဆို သိသာတယ်။ ရုတ်တရက် မသိသာဘူးဆိုရင်တောင် ရေရှည်မှာ 
ပေါ်တာပဲ။ နံပါတ်(၂) က ကိုယ်လုပ်မယ့်အလုပ်ကို ရူးသွပ်ရမယ်။ အလုပ်ကိုအချိန်ပြည့်ပေးပြီး စိတ်ရော ကိုယ်ရော နှစ်ထားရတာကိုး။ စာတစ်ပုဒ်ထဲမှာ ဖတ်ဖူးတယ်။ ဘာပဲလုပ်လုပ် ကိုယ်နဲ့ဆက်ဆံရတဲ့တစ်ဖက်လူ အဆင်ပြေသွားဖို့ကို အရင်စဉ်းစားပြီးလုပ် ပေးလိုက်ပါ။ ငွေကြေးကို ဒုတိယနေရာကသာ စဉ်းစားပါတဲ့။ စီးပွားရေးလုပ်တာတော့ မြတ်ချင်လို့လုပ်ကြတာချည်းပါပဲ။ ဒါပေမဲ့ ထိုက်သင့်သလောက်လေးရပြီဆို ထပ်ပြီး လောဘတက်မနေနဲ့တော့။ တစ်ဖက်ကလူအဆင်ပြေပါစေဆိုတဲ့ စေတနာ အမြဲရှိနေဖို့လိုပါတယ်။ 

အကြံပြုချက်…
လုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင် ကိုယ်နဲ့ အရမ်းကျွမ်းဝင်တဲ့ လုပ်ငန်းမဟုတ်ရင်တောင် အရမ်းမစိမ်းတဲ့ လုပ်ငန်းဖြစ်ဖို့လိုပါတယ်။ ကျွန်မတို့အသက်အရွယ်တန်းတွေမှာ ကိုယ်တတ်ထားတဲ့ ပညာနဲ့ အလုပ်မလုပ်ဖြစ်ကြတာများတယ်။ ကျွန်မ 
ဆို Zoo နဲ့ ကျောင်းပြီးပေမဲ့ Interior Design ကို စိတ်ဝင်စားပြီးလုပ်ဖြစ်တယ်။ တချို့ဆို အင်ဂျင်နီယာဘွဲ့ယူထားပေမဲ့ စားသောက်ဆိုင်ဖွင့်ချင်ဖွင့်တယ်။ ကျွန်မကတော့ ဖက်ရှင်ကို စိတ်ဝင်စားတဲ့အတွက် ဒီလုပ်ငန်းကိုရွေးချယ်ခဲ့တယ်။ ကိုယ်စိတ်မ၀င်စားဘဲ လုပ်ငန်းတစ်ခုကို ရေရှည်လုပ်လို့မရဘူး။ အောင်လည်းမအောင်မြင်နိုင်ဘူး။ အဲဒီလိုကိုယ်နဲ့ကိုက်ညီမယ့်လုပ်ငန်းကိုရွေးချယ်ပြီးသွားပြီဆိုရင် ဒုတိယအဆင့်အနေနဲ့ စဉ်းစားရမှာက နေရာပဲ။ ကိုယ်ရောင်းချင်ဝယ်ချင်တဲ့သူတွေကို ဘယ်နေရာထိတွေ့မလဲပေါ့။ ကိုယ့်လုပ်ငန်းက ပစ္စည်းရောင်းဝယ်တာမျိုးမဟုတ်ဘဲ ထုတ်လုပ်တာဆိုရင်တော့လည်း တစ်မျိုးပေါ့လေ။ နောက် ထပ်အရေးကြီးတာက ကိုယ့်ဝန်ထမ်းတွေကို ကောင်းကောင်းစီမံနိုင်ဖို့၊ ကိုယ်ကခရီးထွက်မယ်၊ အကြောင်းတစ်ခုကြောင့် မလာနိုင်ဘူးဆိုရင်တော့ အဆင်ပြေနေဖို့ သေချာ train ထားဖို့ လိုပါတယ်။