Primary tabs

ဘာပဲလုပ်လုပ် ရိုးရိုးသားသားပဲလုပ်ပါ...

Future Com. Adevertising နဲ့ NET Com. Advertising တို့ရဲ့ co-founder အဖြစ် တာဝန်ယူလုပ်ကိုင်နေတဲ့ ဒေါ်ကေမြတ်ခိုင်နဲ့ ယခုလရဲ့ entrepreneur စာမျက်နှာအတွက် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ စွန့်ဦးလုပ်ငန်းရှင်တစ်ဦးအဖြစ် စီးပွားရေးလောကမှာ အောင်မြင်မှုများစွာနဲ့ ရပ်တည်ဖို့ ဘာတွေလိုအပ်တယ်၊ လုပ်ငန်းစတင်ဖို့ ကြိုးပမ်းခဲ့ရတာတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သူ လူငယ်များအတွက် ဗဟုသုတရစရာ အချက်အလက်များကို ဖေါ်ပြပေးလိုက်ပါတယ်။

လက်ရှိလုပ်ကိုင်နေသော ရာထူး
Future Com. Advertising ကို အစ်မနဲ့ မနန်းနွယ်လှိုင် နှစ်ယောက်က တည်ထောင်ခဲ့တာ ပါ။ ၂၀၁၅ မှာ NET Com. Advertising  ထပ်ချဲ့ထားပါတယ်။  Future Com. Advertising  မှာ အစ်မက Account Director အနေနဲ့ တာဝန်ယူပေးထားတယ်။ NET Com. မှာတော့ MD အနေနဲ့လုပ်ပေးနေပါတယ်။ မနန်းနွယ်လှိုင်ကလည်း  Future Com. Advertising မှာ MD နေရာကိုလုပ်ပေးနေပါတယ်။  အစ်မတို့ ၂ယောက်က ဟိုဘက်ဒီဘက်မျှပြီး တာဝန်ယူကြတာပါ။ 

လုပ်ငန်းစတင်ဖို့ စိတ်ကူးခဲ့ပုံ
Future Com. Advertising မစခင်မှာ အစ်မနဲ့ အစ်မသူငယ်ချင်းဖြစ်တဲ့ မနန်းနွယ်လှိုင်တို့ ၂ယောက်လုံး Bates Advertising မှာ အလုပ်လုပ်ခဲ့ကြပါတယ်။  အဲဒီအချိန်က မြန်မာနိုင်ငံမှာ မီဒီယာအေဂျင်စီဆိုတာ သိပ်မရှိသေးဖူး။ မီဒီယာအေဂျင်စီဆိုတာ ကုန်အမှတ်တံဆိပ်တွေရဲ့ အကြောင်း၊ သတင်းအချက်အလက်နဲ့၊ ကြော်ငြာတွေကို စားသုံးသူတွေကြားထဲ ထိထိရောက်ရောက် ဖြန်ဖြူးပေးရတဲ့ ၀န်ဆောင်မှုလုပ်ငန်းဖြစ်ပါတယ်။ ဆိုတော့ communication strategy ၊ media planning ၊ media buying စသဖြင့် တွေ ပါလာတယ်။ media department မှာ အစ်မတို့ နှစ်ယောက်စလုံးက media strategist အဖြစ် လုပ်ခဲ့ကြပါတယ်။

ဒီလိုနဲ့ ၂၀၀၂ ခုနှစ် August လလောက်မှာ၊ Bates Advertising က sanction ကြောင့် ပြန်ဆုပ်သွားခဲ့ရပါတယ်။  လုပ်လက်စ clients တွေ ကစဥ့်ကလျား ဖြစ်ကုန်ကြတယ်။ သူတို့ကို တာဝန်ယူပြီး ဆက်လုပ်ပေးဖို့ လူမရှိဘူးဖြစ်နေရော။ ဖြစ်တဲ့အခါကျတော့ ကိုယ်တာဝန်ယူခဲ့တဲ့ Brands အတွက် contract terms ပြီးတဲ့အချိန်အထိ ကစဥ့်ကလျားမဖြစ်အောင် ဆက်လုပ်ပေးလိုက်တယ်။ ၀န်ဆောင်ခလဲမယူခဲ့ပါဘူး။ ကိုယ်ယူခဲ့တဲ့ တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တာပါ။

စေတနာရောင်ပြန်ဟပ်တယ်လို့ပဲ ဆိုရမယ်။ ဆက်လုပ်ပေးလိုက်တော့ အစ်မတို့ clients တွေက အစ်မနဲ့ မနန်းနွယ်လှိုင်အပေါ်ကို ယုံကြည်မှုအပြည့်ရှိလာပြီး Future Com. Advertising ကို စလုပ်ဖို့ တိုက်တွန်းပြီး ယုံယုံကြည်ကြည်နဲ့ အလုပ်အပ်ခဲ့ကြပါတယ်။ အစ်မတို့မှာလည်း အစီအစဉ် ရှိတော့ ရှိတယ်၊ သူတို့ကလည်း ၁၀၀ ရာခိုင်နှုန်းအပြည့် ယုံကြည်မှုရှိတယ်။ ငါတို့ brands တွေကို တာဝန်ယူလုပ်ပေးပါဆိုတာနဲ့ အစ်မတို့ တရားဝင် တည်ထောင်ဖြစ်ခဲ့ကြတယ်ပေါ့။ အခုထိလဲ အဲဒီ clients တွေနဲ့ လုပ်နေကြတုန်းပါ။ ၂၀၀၃ ကနေစခဲ့တာဆိုတော့ အခုဆိုရင် (၁၃)နှစ်တောင်ရှိပြီ။   

ပထမဆုံးလုပ်ငန်းခွင် အတွေ့အကြုံ
ပထမဆုံးစခဲ့တဲ့ အလုပ်က part-time tutor လုပ်ခဲ့တယ်။ ဂုဏ်ထူးတန်းပြီးလို့၊ မဟာတန်းမတက်ခင်မှာ အဲ့ဒီတုန်းက part time tutor တွေ ၀င်လုပ်လေ့ရှိကြတယ်။ အစ်မနေတာ ပုသိမ်မှာဆိုတော့ ပုသိမ်တက္ကသိုလ်မှာပဲ part time tutor လုပ်တယ်။ ပြီးတော့ မာစတာတက်ဖို့ ရန်ကုန်ကိုပြန်လာတယ်။ အဲဒီတော့ အချိန်ပိုင်းစာသင်တာကို ထွက်လိုက်ရတယ်။ 

မဟာတန်းတက်ဖို့၊ နေ့တစ်ပိုင်းလောက်ပဲ အတန်းရှိတော့၊ အတွေ့အကြုံရအောင်က တစ်ကြောင်း၊ company လုပ်ငန်းဆိုတာ အဲအချိန်က အသစ်အဆန်းဆိုတော့ လုပ်ကြည့်ချင်လို့ SPA ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ HAWAII Ice Cream မှာ 
General Manager ရဲ. secretary အနေနဲ့စခဲ့တယ်။ ကျောင်းရှိလို့ part time အဖြစ်ညှိပြီး အလုပ်ဝင်ခဲ့တာပါ။  အဲဒီမှာ ထူးထူးခြားခြား ဘာဖြစ်တာ လဲဆိုတော့ အစ်မရဲ့ GM က အစ်မကို စက္ကထရီ  အလုပ်ကိုမခိုင်းခဲ့ဘူး။ မခိုင်းပဲသူကဘာပြောလဲဆိုတော့... ငါ့ကိုဘာမှ လုပ်ပေးစရာမလိုဘူးတဲ့။ ငါလုပ်ချင်တာတွေကိုသာ ကူပေးပါတဲ့။ သူသိချင်တာက။ သူ့ရဲ့ marketing နဲ့ sales team  တွေရဲ့ performance တွေကို သိချင်တယ်။ report လုပ်ပေးရတာပေါ့။ အဲ့အချိန်မှာ မြန်မာပြည်မှာ marketing ဆိုတာဘာလဲလို့ မေးနေရတဲ့အချိန်ဆိုတော့ အစ်မအတွက်အရမ်းခက်တာပေါ့လေ၊ ဘယ်လိုလုပ်ရမလဲဆိုတာ မသိတော့ သူက guide ချပေးပြီး ခိုင်းခဲ့တာပေါ့။ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေရခဲ့ပါတယ်။

မဟာတန်းပြီးဖို့၊ thesis တစ်ခုရေးတင်ရပါတယ်။ လုပ်ရတဲ့ခေါင်းစဉ်က A New English Course for Myanmar Young Learners တိုင်းပြည်ကလည်း open economy စကျင့်သုံးနေပြီဆိုတော့၊ စဉ်းစားမိတာက ကလေးလေးတွေရဲ့ English language skills ကို ငယ်ငယ်လေးကတည်းက reading နဲ့ writing မကပဲ 4 skills လုံး ကျွမ်းကျင်သင့်တယ်လို့ ယူဆပြီးလုပ်ခဲ့တာပါ။ အဲဒါနဲ့ ပတ်သက်ပြီး research လုပ်ရတော့၊ အစ်မ Standford City Business Institute ကို အလုပ်ဝင်လိုက်တယ်။ အဲ့ကျောင်းမှာ young learners တွေအတွက် သင်နေတာရှိတော့ ကလေးတွေကိုစာသင်ရင်း၊ အစ်မရဲ့စာတန်းအတွက် တစ်ခါထဲ သုသေသနလုပ်ဖြစ်တာပေါ့။

လုပ်နေရင်းနဲ့ ဘာဆက်ဖြစ်လဲဆိုတော့ အစ်မမှာ marketing အခြေခံရှိထားတဲ့အခါကျတော့ SCBI မှာcompany တွေအတွက်  marketing အတန်းတွေဖွင့်ချင်တယ်။ ဒါပေမဲ့ သင်မဲ့ ဆရာက အင်္ဂလိပ်လိုပဲ သင်နိုင်တယ်။ ဒါပေမယ့် သင်တန်းသားတွေက မြန်မာလိုပဲအားသန်တော့ အခက်အခဲဖြစ်နေတာပေါ့လေ။ အဲဒီမှာ အစ်မကိုစမ်းပြီးတော့ pilot teaching လုပ်ခိုင်းကြည့်တယ်။  လုပ်ခိုင်းကြည့်တော့ Marketing နဲ့ ပတ်သက်လို့ပြောလို့ရသွားတယ်ပေါ့လေ။ ဆိုတော့  English 
စာသင်ရင်းနဲ့ Marketing သင်တဲ့သူဖြစ်သွားရော။

SCBI ကနေ အစ်မက Bates Advertising ကို ပြောင်းခဲ့တယ်။ အဲဒီမှာ media strategist လုပ်တယ်။ နောက် အစ်မတို့ Future Com. Advertising  ကို လုပ်ဖြစ်တယ်ပေါ့။

လေ့လာဆည်းပူးခဲ့သော ပညာဝမ်းစာများ
M.A (English) ရခဲ့ပါတယ်။ လေ့လာခဲ့တဲ့အပိုင်းတွေကတော့ CIM ကို ကြိုးစားဖူးတယ်။ Advertising နဲ့ Research ၂ဘာသာကို အောင်ခဲ့တယ်။ အလုပ်အရမ်းများလာတော့ အစ်မဆက်မလုပ်ဖြစ်ဘူး။ ဒါပေမယ့် အလုပ်လုပ်တဲ့အခါမှာ ဒီပညာရပ်တွေက တကယ်ကို အကျိုးရှိပါတယ်။

ဖြတ်သန်းခဲ့သော ဘ၀အတွေ့အကြုံများ
အစ်မလုပ်ခဲ့တဲ့အလုပ်တွေက တစ်ခုနဲ့တစ်ခုမတူဘူး။ မတူဘူးဆိုတဲ့ အခါကျတော့၊ ပြောင်းတိုင်း အရမ်းလေ့လာရတယ်။ လုပ်ငန်းသဘာဝကို နားလည်အောင်လုပ်ရတယ်။ လူဆိုတာ ခက်ခဲရင်၊ အချိန်မရွေးပြန်လှည့်ချင်တယ်လေ။ ဒါပေမယ့်  အစ်မရဲ့မူရင်းစိတ်ကိုက လုပ်မိပြီးပြီဆိုရင် ပြန်ဆုတ်ရင် ရှက်ဖို့ကောင်းတယ်လို့ ယူဆတဲ့လူမျိုး။ လုပ်ကိုလုပ်ရမယ်ဆိုတာကို သိတယ်။ စိတ်ဝင်စားလာအောင်၊ ဒီအလုပ်ကိုချစ်သွားအောင် လုပ်လိုက်တယ်။ အခြားသူတွေဆီကနေ အများကြီး သင်ယူရတယ်။ အများကြီး လေ့လာရတယ်။ လုပ်တယ်။ အခက်အခဲတွေ့တဲ့အခါ အဲဒီလိုပဲ သွားရတယ်။ အဓိကကတော့ စိတ်ဓါတ်ကျလို့ မရဘူးပေါ့နော်။ အစ်မငယ်ငယ်လေးကတည်းက လုပ်ငန်းရှင်ဖြစ်ချင်ခဲ့တယ်။ ငယ်ငယ်တုန်းက ရူးသွပ်ပြီး 
တော့ ၀ုန်းဒိုင်းလုပ်တာတွေ အများကြီး ဖြစ်ခဲ့ဖူးတယ်။ ဖြစ်ခဲ့ဖူးတော့ ကိုယ်အရမ်းလုပ်ချင်တဲ့ အလုပ်ကို အတင်းစွတ်လုပ်တယ်၊ မရရင် စိတ်ဓါတ်ကျတယ်။ ဒါမျိုးတွေ ရှိခဲ့ဖူးတာပေါ့။ အဲဒီတော့ အစ်မပြောချင်တာက ကိုယ်လုပ်တဲ့ အလုပ်ကို ယုံယုံကြည်ကြည်ရှိရမယ်၊ ရူးသွပ်စွာနဲ့ ချစ်ခင်မြတ်နိုးစွာနဲ့ လုပ်နိုင်ခဲ့ရင် အခက်အခဲဆိုတာ လွယ်လွယ်နဲ့ ကျော်ဖြတ်နိုင်ပါတယ်။

ဘ၀မှာ လေးစားသဘောကျသူတွေ
အစ်မအတွက် လေးစားအားကျရသူတွေအများကြီးပဲရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဥပမာ- အစ်မရဲ့အဖေဆိုပါစို့။ ဘာမဆိုသူက အလုပ်လုပ်ရင် well-plan ချတယ်။ Plan A /B  စ သဖြင့်ပေါ့။  ခေတ်ပညာတတ်ကြီး မဟုတ်ပေမယ့် 
ကြိုးစားတယ်၊ စနစ်ရှိတယ်။ အဲဒါကိုအစ်မသဘောကျတယ်။ နောက်ထပ်တစ်ခုက အစ်မရဲ့ အသိုင်းအ၀ိုင်းထဲမှာ အင်မတန်အလုပ်ကြိုးစားတဲ့ သူတွေရှိတယ်။ တစ်ချို့က အရမ်းကြီးအောင်မြင်နေတာတော့ မဟုတ်ဘူး။ သူတို့ရဲ့ စိတ်ဓါတ်နဲ့ သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေကို သဘောကျတယ်။ အလုပ်ကို အင်မတန်ကြိုးကြိုးစားစားနဲ့ ရိုးရိုးသားသားနဲ့ လုပ်တဲ့သူတွေဆိုရင် အရမ်းသဘောကျတယ်။ ကိုယ်ယုံကြည်ရာနဲ့ ကိုယ့်သိက္ခာကိုအမြဲထိန်းပြီးသွားတဲ့ လူတွေကို သဘောအင်မတန်ကျတယ်။ အစ်မရဲ့ ဆရာအများစုက အဲလိုလူတွေပဲ။ ယုံကြည်မှုနဲ့ ဂုဏ်သိက္ခာကို ဘာနဲ့မှ မလဲတဲ့သူတွေပေါ့။ သူတို့ကပဲ ထိန်းကြောင်းသင်ကြားပေးခဲ့လို့  ကိုယ်လည်း ဒီပုံစံနည်းနည်းထွက်တာပေါ့နော်။ 

ရှေ့ဆက်လုပ်ကိုင်မယ့် Planning
၂၀၁၆ က တိုင်းပြည်အတွက်ကော၊ အားလုံးအတွက် အပြာင်းအလဲကြီးတာပေါ့။  လူတွေအတွက်ပါ အပြောင်းအလဲဖြစ်တယ်။ အစ်မတို့  ဘက်ကဘာစဉ်းစားလာရလဲဆိုတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရောက်လာရင် တကယ်ပဲကိုယ်ကသူတို့နဲ့ ရင်ပေါင်တန်းနိုင်ပြီလားပေါ့။ ရင်ဘောင်တန်းနိုင်ဖို့ ပြင်ဆင်ရတော့မယ်။ အချိန်ဆွဲလို့ မရတော့ဘူး။ အစ်မတို့မသိသေးတာလည်း အများကြီးရှိနိုင်သေးတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်ရော၊ ကိုယ့် team ရော ကိုယ့်ပေးနေတဲ့ ၀န်ဆောင်မှုတွေပါ  အင်တာနေရှင်နယ်အဆင့်၊ အင်တာနေရှင်နယ် လုပ်ထုံးလုပ်နည်းတွေနဲ့ ညီအောင်ကြိုးစားပါမယ်။ 

ဘ၀ရဲ့ အောင်မြင်မှုသော့ချက်
(၁)    ဘာပဲလုပ်လုပ် လုပ်တဲ့အလုပ်တစ်ခုပေါ် နှစ်ခြိုက်စွာလုပ်နိုင်ရမယ်။
(၂)    စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ရမယ် ။
(၃)    စိတ်ဝင်တစားနဲ့ ရူးသွပ်စွာလုပ်ရမယ် ။ 
အဲဒီ (၃)ချက်ပါရင် အလုပ်ကမအောင်မြင်နိုင်စရာမရှိဘူးပေါ့။ နောက် ကံအကျိုးပေးတာလေးလည်းရှိတယ်လေ။ စိတ်နည်းနည်းရှည်ပြီး အခွင့်ကောင်းတစ်ခုကိုစောင့်ရတယ်။ ၀မ်းစာအားလုံးကို ဖြည့်ထားရမယ်၊ အောင်မြင်မဲ့အချိန်တစ်ခုကို မရောက်တဲ့အခါမှာ မဖြစ်သေးဘူး ဒါပေမယ့်ဝီရိယရှိရှိနဲ့၊  ဇွဲရှိရှိနဲ့ဆက်ပြီး သွားရင်အောင်မြင်မှု အချိန်နဲ့ ကိုယ်ကြုံမှာပဲ။ ဒါကတော့ အစ်မရဲ့ အတွေ့အကြုံအရ ပြောတာပါ။

နောက်၊ ဘာပဲလုပ်လုပ် ရိုးရိုးသားသား လုပ်ဖို့ပဲ။ အစ်မ ရိုးသားမှုကို အရမ်းသဘောကျတယ်။ တည့်တည့်မတ်မတ်ဖြစ်တာ အကောင်းဆုံးပဲ။ ရိုးသားတယ်ဆိုတာ မလိမ်၊ မကောက်ပဲ ကိုယ်ရပ်တည်မှုအပိုင်းမှာ ကိုယ်သွားနေတဲ့အပိုင်း ကိုယ်ထင်မြင်ယူဆနေတဲ့အပိုင်းကို ရှင်းရှင်းလင်းလင်း၊ ပွင့်ပွင့်လင်းလင်းဖြစ်တာ ပိုကောင်းတယ်။ တခြား သူနဲ့ ဆက်သွယ်တဲ့အခါမှာလည်း ဒီလိုပဲ ဆက်ဆံ တယ်။ နောက်ထပ် (၁)ခုက၊ ဘာပဲလုပ်လုပ် စေတနာပါရမယ်လို့ အမြဲယုံကြည်တယ်။ အစ်မရဲ့ team ကို ပြောတဲ့အခါလည်း ဘာလုပ်လုပ် စေတနာထည့်ခိုင်းတယ်။ ဘာကြောင့်လဲဆိုတော့ ငွေရဖို့ သက်သက်ရယ် အောင်မြင်မှုဖြစ်ဖို့သက် သက်ရယ်ကိုပဲ ရည်ရွယ်မယ်ဆိုရင် အောင်မြင်လာ လိမ့်မယ်လို့ လုံးဝမယုံကြည်ဘူး။  စေတနာလေး ထပ်ပေါင်းထဲ့လိုက်ရင် အဲဒီအလုပ်အောင်မြင်မယ် လို့ အစ်မထင်တာပဲ။ 

လက်ရှိကျင့်သုံးနေသော စီမံခန့်ခွဲမှုပုံစံ
Management style ကို ဘိုလိုပြောရင်တော့ autocratic  တို့၊ democratic  တို့၊ ဘာတို့ပေါ့။ အဲ့ဒါတွေကို အစ်မမပြောတော့ဘူး။  ဘာလို့လဲဆိုတော့ သူတို့ပြောနေတဲ့ စတိုင်လ်တွေကို အတိအကျ ကျင့်သုံးနိုင်တာ နည်းပါသေးတယ်။  အစ်မ
ကျင့်သုံးနေတာကတော့ team work ကို အစ်မအလေးထားတယ်။ နောက် အေဂျင်စီရဲ့ သဘောတရားကိုက team လိုက်လုပ်ရတယ်။  အစ်မ သဘောထားတာက ၀န်ထမ်းတွေရော အစ်မတို့ရော အပါအ၀င် အားလုံးဟာ လုပ်ငန်းတစ်ခုရဲ့ဒေါက်တိုင်တွေပဲ၊ ဒေါက်တိုင်လေးတွေ ကြီးထွားလာလေ အစ်မတို့သယ်ရတဲ့ ၀န်ထုပ်ဝန်ပိုးကြီးကပိုပေါ့ပါးသွားတာပေါ့နော်။  ဒါအစ်မယုံကြည်ချက်။ လုပ်ငန်းကြီးထွားလာရင် ၀န်ထမ်းတွေလဲ ကြီးပွား တိုးတက်လာရမယ်။ ဒါကိုအခြေခံပြီးတော့ team work  နဲ့ပဲ လုပ်လေ့ရှိတယ်။ အလုပ်ပေးတော့မယ်ဆိုရင်၊ လုပ်ရမယ့်သူ နားလည်အောင်လုပ်ပေးတယ်၊ ရှင်းလင်းပြောပြပေးတယ်။ ငါတို့လုပ်ရမယ့် အလုပ်သည် ဘာလဲ၊ target ကဘာလဲ။ သူတို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေပါ ပါအောင် project ကိုပေးလိုက်တယ်။ သူတို့ပြင်ဆင်မယ်၊ ပြီးရင် team လိုက်ပြန်ဝင်ပြီး ဆွေးနွေးကြတယ်။ အဲဒီအခါကျလို့ရှိရင် ကိုယ်က သင့်၏မသင့်၏ ပြောတယ်၊ သူတို့ကလည်း ပြန်ပြောခွင့်ရှိတယ်။အဲဒီလိုပုံစံနဲ့ပဲ သွားပါတယ်။

Team လိုက်လုပ်တဲ့အခါကျတော့ တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်လို့ မရတော့ဘူး။  အဖွဲ့အစည်းတစ်ခုထဲမှာ တစ်ယောက်နဲ့ တစ်ယောက် အပြစ်တင်တာ team spirit  ကို ပျက်စီးစေတယ်။ Team လိုက်လုပ်တဲ့အခါကျတော့ ငါတို့အားလုံးစုပေါင်းပြီး ဆုံးဖြတ်တယ်၊ ငါတို့အားလုံးစုပေါင်းပြီး လုပ်လိုက်တယ်၊ အောင်မြင်မှုဆိုရင်လည်း အားလုံးရဲ့အောင်မြင်မှု။ ဆုံးရှုံးမှုဆိုရင်လည်း ငါတို့အားလုံးလုပ်လိုက်တယ် ဒီနားလေးမှာ နည်းနည်းလွဲသွားတယ်၊ နောက် တစ်ခေါက်ကျရင်တော့ ငါတို့ဘယ်လိုပြန်ပြင်မလဲပေါ့။ အဲဒီ ပုံစံနဲ့ပဲ ဒီကုမ္ပဏီကိုသွားတယ်။

စီးပွားရေး လုပ်ငန်းရှင်ဖြစ်ရခြင်းအပေါ်ခံယူချက်
ကောင်းတာ၊ ဆိုးတာရယ်လို့ ပြောရတာတော့ နည်းနည်းခက်တယ်။  အခြေအနေပေါ်မှာ မူတည်တယ်။ လုပ်ငန်းရှင်ဖြစ်ရတဲ့အတွက် အောင် မြင်မှုရတယ်၊ ပိုက်ဆံရတယ်၊ အသိုင်းအ၀ိုင်းကျယ် ပြန့်လာတယ်ပေါ့။ ပိုက်ဆံရလာတဲ့အခါကျတော့ကိုယ်လုပ်ချင်တဲ့ ပရဟိတအလုပ်တွေကို လုပ်ချင်လုပ်၊ ကိုယ့် အသိုင်းအ၀ိုင်း တိုးတက်လာအောင် လုပ်ချင်လုပ်၊ ကိုယ်လုပ်ချင်တာကိုလုပ်လို့ရတာပေါ့။ ဒါကကျေနပ်တဲ့ အပိုင်းပေါ့နော်။ နောက် အောင်မြင်မှုရလာတော့ personal glory ကြောင့် ကိုယ့်ကိုယ်ကိုယ်ကျေနပ်တဲ့ ပီတိရှိတယ်ပေါ့။

အရေးကြီးတာက၊ စီးပွားရေးလုပ်ငန်းတစ်ခုကိုလုပ်တယ်ဆိုတာ ကိုယ်က လုပ်ငန်းတစ်ခုကို lead လုပ်လိုက်ရတာ။ lead လုပ်လိုက်ရပြီဆိုရင် တာဝန်ယူမှုရယ်၊ တာဝန်ခံမှုရယ်(၂)ခုပါလာတယ်။ Owner ပဲဖြစ်ပါစေ၊ leader လို့ပဲ တွေး ထားရမယ်။ ငါက ဒါကိုစလုပ်တယ်ဆိုရင်ပဲ ဦး ဆောင်မှုလုပ်ရပြီ။ တာဝန်ကလည်းခံရပြီ။

တာဝန်ယူတယ်ဆိုတာ အဖွဲ့အစည်းတစ်ခုလုံးရဲ့ လိုအပ်ချက်တွေ အားလုံးကိုယူကိုယူရမှာ။ မယူလို့မရဘူးလေ။ မြတ်တုန်းကတော့ ကိုယ်ကယူပြီးတော့ ရှုံးသွားမှ နင်တို့လခလျှော့မယ်ဆိုတာကလည်း အစ်မကတော့ မကြိုက်ဘူး။ တာဝန်ယူရတဲ့အခါကျတော့ ပင်ပန်းတယ်။ နောက်တစ်ခုက တာဝန်ခံမှု၊ တစ်ခုခုဖြစ်ခဲ့ရင်သော်... team  တစ်ခုလုံးက လုပ်တာပဲပြောပြော အစ်မကတာဝန်ခံရမယ်။ သူလုပ်လို့ သူ့ကိုခေါ်သွား သူ့ကို  ထောင်ချလိုက်လို့ ပြောလို့မရဘူး။ အစ်မကတော့ အဲဒီလိုပဲယူဆတယ်။ အဲဒီတော့ တာဝန်ယူမှုနဲ့ တာဝန်ခံမှုက လုပ်ငန်းရှင်တွေအတွက်တော့ ၀န်ပိစေတယ်။ တာဝန်မယူလို့ မရပါဘူး။ အရာရာတိုင်းကို တာဝန်ယူရတယ်။ ဒါကို မကောင်းတဲ့ အချက်လို့ပြောလို့မရဘူး။ 

လုပ်ငန်းရှင်ဖြစ်ချင်သူများအတွက် လမ်းညွှန်ချက်
အခုခေတ်မှာ ဘာလုပ်ချင်လဲလို့ မေးလိုက်ရင် စီးပွားရေးလုပ်ငန်းရှင် ဖြစ်ချင်တယ်ဆိုပြီး ပြောတာကို အရမ်းတွေ့ရတယ်။ အဲဒီအခါ ဆက်မေးရင် ဘယ်လိုမျိုး စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင် သလဲလို့ မေးလိုက်ရင် ဘယ်အပိုင်းကို လုပ်ချင်တာလဲ မသိဘူးဖြစ်သွားကြတယ်။ အစ်မပြောချင်တာက နံပါတ်(၁)ဘာလုပ်ချင်လဲဆိုတာတော့ ရှင်းရှင်းလင်းလင်းဖြစ်သင့်တာပေါ့။ IT နဲ့ပတ် သက်ပြီး လုပ်ငန်းရှင်ဖြစ်ချင်တာလား၊ စားသောက် ကုန်လိုင်းလား စသဖြင့်ပေါ့။ သူများက ကော်ဖီဆိုင်ဖွင့်ပါလားဆိုလို့ ကော်ဖီဆိုင်သွားဖွင့်၊ အင်တာနက်ကဖေးဖွင့်ပါလားဆို သွားဖွင့်ဆိုရင် စီးပွားရေးလုပ်ငန်းရှင်ဖြစ်မှာမဟုတ်ဘူး။ ငွေရပေါက် လွယ်တာကိုလုပ်တာက စီးပွားရေးလုပ်ငန်းရှင် မဟုတ်ဘူးလို့ အစ်မကတော့ယူဆတယ်။ ကျောင်းထောင်ချင်တယ်ဆိုရင်လည်း တွက်ရမယ်...ပညာရေးနဲ့ ပတ်သက်တဲ့ law တွေ၊ school management တွေ သိပြီလားဆိုတဲ့ ၀မ်းစာအများကြီး ဖြည့်ရပါလိမ့်မယ်။ ချက်ချင်းသိပြီး ချက်ချင်းလိုက်လုပ်တာက အမှားအများကြီး တွေ့နိုင်တယ်။ အစ်မကကြုံခဲ့ဘူးပြီးသားဆိုတော့၊ အဲဒါလေးကို သတိပေးချင်ပါတယ်။

အခုခေတ်ကလေးတွေက စိတ်အရမ်းလောတယ်။ လောတော့ အစောနကအချက်တွေကို မသိတော့ဘူး။ ကိုယ်သွားချင်တဲ့ နယ်ပယ်မှာ expert မဖြစ်ဘူး။ အမှားတွေအများကြီးဖြစ်တော့ မခံနိုင်ပဲ ထွက်ပြေးသွားတော့တယ်။ထွက်ပြေး
သွားပြီးရင် စိတ်ဓါတ်ကျပြီး၊ ရှေ့ဆက်တိုးလို့ မရတော့ဘူး။ အစ်မကတော့ လုပ်ငန်းတစ်ခုလုပ်ရင် မလောစေချင်ဘူး။ နောက် လေ့လာပါ။ လုပ်ငန်းတစ်ခုလုပ်ရင် အဲ့လုပ်ငန်းကိုလုပ်ကောင်းတယ်လို့ ပြောတဲ့သူလည်းရှိမယ်၊ မကောင်းဘူးလို့ပြောတဲ့သူလည်းရှိမယ်။ အဲ့(၂)ယောက်လုံးရဲ့ စကားကို ကိုယ်ကနားထောင်ရမယ်။ ချိန်ထိုးရမယ်။ အရမ်းလုပ်ချင်နေတဲ့သူက မကောင်းဘူးပြောတဲ့လူရဲ့ စကားကိုမကြားချင်တော့ဘူး။ ကောင်းတယ်လို့ပြောတဲ့ သူတွေကိုပဲ သူလိုက်မေးတော့မယ်။ ဘာကြောင့်လဲဆိုတော့ သူကို ထောက်ခံစေချင်လို့လေ။ အဲဒါလည်း အမှားတစ်ခု။

နောက်ထပ်တစ်ခုက ဘာရှိလဲဆိုတော့ တကယ်လုပ်ချင်တယ်ဆိုရင် အားမလျှော့နဲ့။ အစ်မ ပြောလေ့ရှိတာက ပြင်ဆင်ထား။ စီးပွားရေးတစ်ခုလုပ်ရင်မြတ်မယ်လို့ ဘယ်သူမှမပြောဘူး။၊ risk   ရှိတယ်။ နေ့စဉ်ဘ၀ရှင်သန်ဖို့ကို အစ်မတို့က မမြတ်သေးတဲ့လုပ်ငန်းထဲကနေ ပိုက်ဆံဖဲ့ယူလို့ မရ ဘူးလေ။ ကိုယ်စားဖို့သုံးဖို့ ယူရမယ်ဆိုရင် အဆင်မပြေဘူး။ အနည်းဆုံး (၃)နှစ်စာလောက် ပြင်ဆင်ထားရမယ်။ (၃)နှစ်အတွင်း မမြတ်ရင် ဘယ် လိုလုပ်မလဲဆိုတာမျိုးပေါ့။ 

နောက် လုပ်ငန်းစလုပ်မယ်ဆို စေတနာလည်းပါရတယ်။ ကိုယ်မှန်းထားတာတစ်မျိုး၊ တုန့် ပြန်တာက တစ်မျိုးဖြစ်တတ်တယ်။ ဒါကြောင့် တစ်ခါတလေကျရင် ပိုက်ဆံ... ပိုက်ဆံဆိုတာကြီးပဲဖြစ်လို့မရဘူး။ နာမည်ရအောင်လုပ်ရတယ်။ စားသုံးသူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကိုလည်း တည်ဆောက်ရတယ်။ စစချင်းမှာတော့ profit oriented ကို သိပ်အဆင်မပြေလောက်ဘူးထင်တယ်။ လုပ်ငန်းတည်ထောင်ဖို့က လောလို့မရဘူး၊ အိမ်စာတွေ ကျေညက်ရမယ်။ ဒါမဖြစ်ရင် အစားထိုးရမယ်။ plan B ကိုပါ လုပ်ထား။ အကုန်လုံးကို သေချာလုပ်ထားရမယ်။ (၃)နှစ် လောက်တော့ ကြိုးစားလုပ်သွားကြတယ်။ အဲလိုလုပ်သွားကြတဲ့သူတွေကို အစ်မကြည့်နေတယ်၊ ရှုံးသွားတဲ့ သူသိပ်မရှိဘူး။ 

အခု လက်ဖက်ရည်ဆိုင်တွေ အရမ်းအောင်မြင်နေတယ်။ အဲဒီတော့ ကိုယ်ကလက်ဖက်ရည်ဆိုင်လိုက်ဖွင့်လိုက်တာ ကောင်းသလား၊ ဒါမှမဟုတ် ကိုယ်က ပုံစံတစ်မျိုးနဲ့ ဖေါက်ပြီး လုပ်မလားဆိုတာ စဉ်းစားရမယ်။ ဖြစ်နေတဲ့ ပြဿနာက သူများအောင်မြင်ရင် ပုံတူကူးကြတာပဲ။ ဒီလုပ်ငန်းကောင်းရင် ကိုယ်ကပိုက်ဆံရှိရင်ရှိသလောက် လုပ်ပလိုက်တယ်။ ဒီ market သေးသေးလေးကိုပဲ ယူနေကြတယ်။  လုပ်ငန်းတူရင် သူများက ဒီနယ်ပယ်မှာ (၁၅)နှစ်လောက်ရှိပြီးသား အရင်းတွေတောင်ရနေပြီ။ ကိုယ်ကသူ့ကို သွားတိုက်ရင် ကျောက်တုံးကိုခေါင်းနဲ့ တိုက်သလိုဖြစ်နေမှာပေါ့။ စားသုံးသူတွေက ဘာလိုချင်နေသလဲဆိုတာကို သေသေချာချာ လေ့လာပြီးလုပ်။ ရှိတဲ့ဟာကို ဆန်းသစ်အောင်လုပ်လိုက်မှကိုယ်က စွန့်ဦးတီတွင်သူဖြစ်လာမှာလေ။ အဲဒီလိုမျိုးလုပ်မယ်ဆိုရင်တော့ ပိုအောင်မြင်မယ်ထင်တာပဲ။