Primary tabs

အိမ်ထောင်ပြုတာ ကောင်းတယ် vs အိမ်ထောင်မပြုတာ ကောင်းတယ်

လူသားတို့ရဲ့ဘ၀ ရှင်သန်နေထိုင်ခြင်းမှာ ဖြတ်သန်းကြရတဲ့ ပုံစံအမျိုးမျိုးအထွေထွေတွေနဲ့ ဘယ်သူတွေ ဘယ်လိုယုံကြည်ရာနဲ့ဖြတ်သန်းကြလဲဆိုတာ အတိအကျအားဖြင့် အိမ်ထောင်ရှင်နဲ့ အိမ်ထောင်ရှင် မဟုတ်သူတို့ ဘယ်လိုယုံကြည်မှုနဲ့ ဖြတ်သန်းနေလဲဆိုတာကို လက်ရှိမှာ လူပျိုကြီးအဖြစ် ဂုဏ်ယူစွာရပ်တည်နေတဲ့ စာရေးဆရာ အကြည်တော်နဲ့ ပျော်ရွှင်သော အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ စာရေးဆရာ တေးရေးတေးဆို အရိုးတို့က ဒီလိုဖွင့်ဆိုခဲ့ကြတယ်။

အကြည်တော်
လူပျိုကြီးဆိုတာ…
စိတ်သွားတိုင်းကိုယ်ပါနိုင်တဲ့သူတွေ ဘယ်အချိန်မှာဘာလုပ်ချင်ချင် ကိုယ့်စိတ်အတိုင်း စိတ်တိုင်းကျလုပ်နိုင်တဲ့သူ

လူပျိုကြီးတွေရဲ့ အားသာချက်က….
အိပ်ရာထဲမှာ နေရာလုစရာမလိုတဲ့သူ တစ်အိပ်ရာထဲမှာ ဒီမျက်နှာနဲ့ဒီမျက်နှာကို နှစ်ပေါင်းသုံးဆယ်လောက် အားနာပါးနာကြည့်စရာမလိုတဲ့သူ တစ်နေ့လုံး မထတမ်းအိပ်နေလည်းရတဲ့သူတွေ အိပ်ရေး၀၀အိပ်နိုင်တဲ့သူတွေပေါ့ အိမ်ထောင်
သည်ဖြစ်ပြီဆိုရင် ကိုယ့်အတွက်တင် မဟုတ်ပဲ နှစ်ယောက်စာ စဉ်းစားရတော့မယ်လေ

အိမ်ထောင်သည်တွေကို  ဘယ်လိုခိုင်နှိုင်းရမလဲဆိုရင်...
အရင်ဘ၀က ကြိုးဝိုင်းထဲက သူနှစ်ယောက် ထိုးသတ်လို့မ၀လို့ အခုဘ၀မှာ ပြန်တွေ့ထိုးသတ်ကြတာ အရင်ဘ၀ကကြိုးဝိုင်းထဲထိုးသတ်ခဲ့ဖူးတော့ မြင်ဖူးသလိုလိုနဲ့ ပြန်တွေ့ပြီး ချစ်သယောင်ယောင်ထင်မှတ်ပြီး ပြန်ဆုံကြသူတွေလေ

အိမ်ထောင်ရေးဆိုတာကတော့…..
ကိုယ့်ချစ်သူကိုတကယ်ချစ်ရင် ရန်သူလို့သာ သတ်မှတ်လိုက်တော့ အိမ်ထောင်ကျပြီဆိုရင် တစ်သက်လုံး ရန်ဖြစ်ရမယ့်သူတွေမို့လိုပဲ အင်္ဂလိပ်စကားပုံတစ်ခုမှာ တကယ်ချစ်နိုင်တဲ့ ကာလဟာ ခုနှစ်ပဲတဲ့ တကယ်ကြာကြာမချစ်နိုင်ကြပဲ တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်နိုင်တဲ့ လင်မယားတွေ အများကြီးမြင်ဖူးတယ်

လူပျိုကြီးနဲ့ အိမ်ထောင်ရှင်ရဲ့ကွာခြားချက်....
အပြတ်အသတ် ကွာခြားချက်တွေ အများကြီးရှိတာပေါ့ ဥပမာ နည်းနည်းပဲပြပေးရရင်.. စွတ်ဖက်ခြင်းခံရသူတွေက အိမ်ထောင်ရှင်တွေ ဆံပင်က သူ့ဖာသာရှည်လာတာလေ အဲဒါကို ဟိုလျှောက် ကြည့် ဒီလျှောက်ကြည့်နဲ့ ဒီဆံပင်ကြီးက ဘာပုံမှန်းမသိဘူး အောင်ရဲလင်းကေလေး ညှပ်လိုက်ပါလားဆိုပြီး ဆံပင်ကအစ စွတ်ဖက်ခံရတာ ကိုယ့်ရုပ်က အောင်ရဲလင်းရုပ်လဲမဟုတ် 

အချစ်နဲ့အိမ်ထောင်ရေးဆိုတာ...
ချစ်သူဆိုတာက လက်ဆောင်ရထားတဲ့ ဖန်ထည်လှလှလေး ဂရုတစ်စိုက် ကိုင်တွယ်သိမ်းဆည်းထားပြီး ၀ယ်လိုလည်းမရနိုင်တဲ့ တန်ဖိုးရှိတဲ့အရာပေါ့ အိမ်ထောင်ရေးဆိုတာကတော့ အဲဒီဖန်ထည်လှလှကို ချောင်ထိုးထားပြီး ပစ်ထားလို့ မလှပတော့ပဲ တန်ဖိုးနည်းသလိုလိုဖြစ်သွားတဲ့ ဖန်ထည်လေးပေါ့

အချစ်ကို အဓိပ္ပါယ်မဖွင့်တတ်ပေမယ့် မရှိလည်းဖြစ် ရှိလည်းဖြစ်ပါတယ်...
ကိုယ်မြင်နေကျ ချစ်သူလှလှလေးဆိုတာ အသက်သာကြီးသွားတာ ဆံပင်တွေဖြူရုံသာ ဖြူလာပြီး ဒီဆိုဒ်ကဒီဆိုက်လို့ ထင်တာတွေ မဟုတ်ဘူးလိုသိလာတဲ့အခါ ရေရှည်သည်းခံနိုင်ဖို့ မသေချာတာ အိမ်ထောင်ရေးပေါ့

လူပျိုကြီးအဖြစ်ပဲ နေရတဲ့အကြောင်းရင်း
မျိုးရိုးဂုဏ်ကို ထိမ်းတာပါ၊ မျိုးရိုးမှာက ယောက်ျားမှန်ရင် မိန်းမကြောက်ရတဲ့သူတွေလေ အဖိုးကလည်း အဖွားကိုကြောက်ရတယ်၊ အဖေကလည်း အမေကိုကြောက်ရတယ်၊ အစ်ကိုတွေဆိုလည်း သူတို့မိန်းမတွေကိုကြောက်တယ်၊ အမက မိန်းမဆိုတော့ သူ့ယောက်ကျားကို သူကနိုင်တယ် အဲလိုအစဉ်အဆက် မျိုးရိုးထိမ်းထားတာဆိုတော့ ကိုယ်ကမိန်းမကို ဆူမယ်ငေါက်မယ် နိုင်မယ့်စကားမျိုးပြောမိမယ်ဆိုရင် ထိမ်းထားသမျှတွေ ပျက်ကုန်မယ်လေ

အရိုး
၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့တဲ့ အရိုးကတော့ သူရဲ့ အိမ်ထောင်သည်ဘ၀ကို ဒီလိုဖြေဆိုညွှန်းဆိုခဲ့ပါတယ်

အိမ်ထောင်ရေးဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုချင်မယ် ဆိုရင်...
လူသားတစ်ယောက်ရဲ့ဘ၀ကို အဓိပ္ပါယ်ပြည့်စုံစေသော အချင်းအရာအကြောင်းတစ်ခု လူသားပီသမှုတစ်ခု

အိမ်ထောင်ပြုလိုက်ခြင်းရဲ့ ကောင်းတဲ့အချက်က …
အဓိက ကျန်းမာရေး အိမ်ထောင်ရေးရဲ့ အဓိကအကြောင်းအရင်းသည် တစ်ဦးကိုတစ်ဦးစောင့်ရှောက်အဖော်ပြုရန်ဖြစ်တယ်၊ မိမိရဲ့ တစ်သက်တာအိမ်ထောင်ဖက်သာလျှင် အကောင်းဆုံး ကျန်းမာရေး ကာကွယ်စောင့်ရှောက်နိုင်သူ၊ ဂရုစိုက်နိုင်သူ

အိမ်ထောင်ကျသွားသူနဲ့ လူပျိုကြီး ကွာခြားချက်က... 
အတ္တနည်းပါးသွားမှု၊ တာဝန်ယူစိတ် ကိုယ်ချင်းစာစိတ် ပိုလာမှု၊ အိမ်ထောင်သည်ဟာ single တွေထက် အတ္တပိုနည်းလို့ တာဝန်ယူစိတ်ပိုရှိလို့ ကိုယ်ချင်းစာနိုင်စွမ်း မျှဝေခံစားနိုင်စွမ်း ပိုရှိလို့ အိမ်ထောင်ပြုနိုင်တာ။

ချစ်ခြင်းမေတ္တာဟာ ဘာလဲဆိုတာ...
အိမ်ထောင်သည်တွေက ပိုသိပါတယ်

လူပျိုကြီးတွေမလုပ်နိုင်တဲ့ အိမ်ထောင်ရှင်တွေရဲ့ အားသာချက်...
တော်တော်များတယ် ဒါပေမယ့် နည်းနည်းပဲပြောပြမယ် တစိမ်းတစ်ယောက်ကို ဘယ်လို တစ်သက်လုံး ချစ်သွားနိုင်သလဲဆိုတာ အခြားတစ်ယောက်နဲ့တစ်သက်လုံး ဘာကြောင့်တူတူနေသွား
နိုင်သလဲဆိုတာရဲ့လေးနက်တဲ့ အဓိပ္ပါယ်များစွာကို လူပျိုကြီးတွေ ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး နားလည်တယ်ပြောရင် ဖြီးတာပဲ ဘာလို့လဲဆိုတော့ လက်တွေ့မှာကိုက တစ်ယောက်ထဲ လူပျိုကြီးဖြစ်နေတာကိုး

လူပျိုကြီးတွေကို တစ်ခုခုနဲ့ စောင်းပြောဆိုမယ်ဆို ရင် …
ဇွန်းမပါပဲ ခက်ရင်းချဉ်းသက်သက် လူစားတွေ ခပ်မရပြုမရနဲ့ ဖြစ်နေလို့ တစ်ယောက်တည်းဒေါတွေပွပြီး ဟိုထိုး ဒီထိုး လျှောက်ထိုးချင်နေတဲ့ လူစားတွေ အိမ်ထောင်သည်တွေကို လူပျိုကြီးတွေ အားကျနိုင်လောက်တဲ့အရာက ….

အိမ်ထောင်သည်ဆိုတာ…
ကိုယ်က လူနာမဟုတ်ပါပဲနဲ့ တစ်သက်လုံး ကိုယ်ပိုင်နာ့စ်မချောချောလှလှလေး တစ်ယောက်နဲ့ တူတူနေရသလိုဖြစ်နေတဲ့ အချက်

အိမ်ထောင်ပြုခြင်းဟာ လူသားတစ်ဦး...
ယောက်ကျားတစ်ဦးအတွက် အရေးပါမှုရာခိုင်နှုန်း လူသားတစ်ယောက် ယောက်ျား တစ်ယောက်ပီသဖို့ ရာနှုန်းပြည့် အရေးပါပါတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်ထောင်ပြုခြင်းဆိုတာ လူ့တာဝန်ကြေပြွန်ခြင်းပါ

အိမ်ထောင်ပြုခြင်းရဲ့ ပျော်စရာအကြောင်းတွေ...
တစ်ချိန်လုံး မိတ်ဆွေစစ်စစ်တစ်ယောက် ကိုယ့်ဘေးမှာ အမြဲရှိနေတာ အိမ်ထောင်သည် ဖြစ်နေတာကိုက လူကြားသူကြားထဲ အလကား စစရာဖြစ်မနေတာ (လူပျိုကြီး၊ အပျိုကြီးတွေဟာ အလကားနေရင်းကို မကြာခဏ အနောက်အပြောင် ခံရတယ်)

အကြည်တော် အရိုး
Photo - Thardu ko ko