Primary tabs

WEDDING EXPERIENCE

မင်္ဂလာပွဲဆင်ကြမယ့် သတို့သား၊ သတို့သမီးလောင်းတို့အတွက် မှတ်မှတ်ရရ၊ လှလှပပ၊ ပျော်ရွှင်ကျေနပ်စေတဲ့ မင်္ဂလာပွဲလေးဖြစ်ဖို့ Celebrities တို့ရဲ့ မင်္ဂလာပွဲအမှတ်တရနဲ့ အတွေ့အကြုံများ၊ အကြံပြုစကားများကို အမှတ်တရဖော်ပြပေးလိုက်ပါတယ်။

စည်သူလွင်နဲ့ နွယ်မာကျော်

မင်္ဂလာနေ့ရက်နဲ့ မင်္ဂလာသက်တမ်း
    ၂၀၁၀ ဒီဇင်ဘာလမှာ မင်္ဂလာဆောင်ခဲ့ကြတာဆိုတော့ အိမ်ထောင်သက် ၆ နျစ်နီးပါးရှိပါပြီ။

မင်္ဂလာပွဲမတိုင်ခင်
    နွယ်မာက မင်္ဂလာဆောင်ခါနီးမှာမှ ပြန်ရောက်တော့ သိပ်ထွေထွေထူးထူး မစီစဉ်တော့ပဲမိတ်ဆွေအပေါင်းအသင်းတွေ၊ နှစ်ဖက်ဆွေမျိုးတွေနဲ့ Dinner ပွဲလေးပဲလုပ်ဖြစ်ပါတယ်။ ပွဲထွက်တဲ့အစီအစဉ် ကိုတော့ နွယ်မာ့ရဲ့ဆရာကိုဂျွန်လွင်ကစီစဉ်ပေးခဲ့ပြီး အခမ်းအနားမှူးတွေအနေနဲ့ ကိုမောင်မောင်အေး၊ ကိုဆန်းထွဋ်တို့က ကူညီပေးခဲ့ကြပါတယ်။

မင်္ဂလာပွဲအမှတ်တရ
    ပွဲထွက်ခါနီးမှ ပန်းကြဲဖို့ ပန်းဝယ်မထားရသေးလို့ ကမန်းကတန်းပြေးဝယ်ခဲ့ရတာ အမှတ်တရပါပဲ။

မင်္ဂလာဆောင်မယ့်သူများအတွက် အကြံပြုစကား
မင်္ဂလာဆောင်ကို အားလုံးကတော့ စိတ်ကူးယဉ်ကြတာပါပဲ။ ငါတို့ပွဲကျရင်တော့ ဘယ်လိုမျိုးလေး လုပ်ကြမယ်ဆိုတဲ့ အတွေးလေးတွေ ရှိကြမှာပါ။ တချို့ကတော့ ခမ်းခမ်းနားနားလုပ်ချင်တယ်၊ တချို့ ကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ ပျော်ချင်တယ် အမျိုးမျိုးပါပဲ။ ဘယ်လိုပဲလုပ်လုပ် ကိုယ့်အပေါ်မှာ စိတ်ဖိစီးမှုတွေ များနေရရင်တော့ မကောင်းဘူးပေါ့။ မင်္ဂလာယူရမယ့်အချိန်မှာ သတို့ သားရော သတို့သမီးပါ စိတ်ကြည်ကြည်လင်လင်လေး ဖြစ်နေရရင်တော့ အကောင်းဆုံးပေါ့။ အရင်ခေတ်တုန်းကတော့ ကိုယ်တိုင်ပဲအစအဆုံး လိုက်စီစဉ်ရတော့ အရမ်းပင်ပန်းတယ်။ အခုခေတ်မှာ တော့ wedding guaid စာအုပ်တွေ၊ wedding planner တွေ အများကြီးရှိနေပြီဆိုတော့ စီစဉ်ရတာ ပိုလွယ်ကူသွားပါပြီ။ အလုပ်တွေများပြီး ကိုယ်တိုင်မစီစဉ်နိုင်တဲ့သူတွေအတွက်ကတော့ ကျွမ်း ကျင်တဲ့ wedding plannerတွေနဲ့ ဆက်သွယ် လိုက်တာဟာ ကိုယ့်အတွက် ပိုပြီးအဆင်ပြေနိုင်ပါတယ်။

Anniversary
    Anniversary တွေတိုင်းမှာတော့ ကိုယ့် မိသားစု၊ ကိုယ့်အရင်းနှီးဆုံးမိတ်ဆွေတွေနဲ့ပဲ တွေ့ပြီးတော့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖြစ်ပါတယ်။ ဒီနှစ်လဲ ဒီအတိုင်းပဲလုပ်ဖို့ စဉ်းစားထားပါတယ်။

x x x x x

ရန်ရန်ချမ်းနဲ့ ချီလီ

မင်္ဂလာနေ့ရက်နဲ့ မင်္ဂလာသက်တမ်း
၎.၄.၂၀၁၀  မှာ မင်္ဂလာပွဲ ကျင်းပပါတယ်။ အခုဆို မင်္ဂလာသက်တမ်း ၆နှစ် ရှိပါပြီ။

မင်္ဂလာပွဲမတိုင်ခင်
မင်္ဂလာဆောင်တော့ ချစ်သူသက်တမ်း ၁၀ နှစ် ရှိနေပါပြီ။  အဲ့တော့ နှစ်ယောက်ဆုံးဖြတ်တယ်။ တို့နှစ်ယောက် ချစ်သူဖြစ်တာ ၁၀နှစ်ရှိပြီ  ၁၀ နှစ်ပြည့်မှာ မင်္ဂလာပွဲကျင်းပရင် အမှတ်တရဖြစ်သလို  ကြည်နူးပျော်ရွှင်စရာ လည်း ကောင်းမယ်ဆိုပြီး နှစ်ဘက်မိဘတွေကို အသိပေးကြပြီးတာနဲ့ မင်္ဂလာပွဲအတွက် စစီစဉ်ဖြစ်ပါတယ်။ မင်္ဂလာပွဲအတွက် စီစဉ်တော့လည်း အစစအရာရာ အားလုံးစိတ်တိုင်းကျ ဖြစ်ခဲ့ပါတယ်။ ဘာလို့ဆို ကျွန်တော်တို့ လောကက တစ်ခုနဲ့ တစ်ခုဆက်စပ်နေကြတော့ နယ်ပယ်အသီးသီးက စိတ်ရောကိုယ်ရော ကူညီကြပါတယ်။ ကုန်ကျစားရိတ်တွေအတွက် လျော့ပေးတန် လျော့ပေးတဲ့လူတွေရော  တစ်ပြားတစ်ချပ်မှ မယူတဲ့သူတွေရော... ဓါတ်ပုံဆို ကိုဝဏ္ဏ (ဝဏ္ဍခွာနီး)၊ မင်္ဂလာဝတ်စုံဆို (မကြီးစန်းနဲ့ ကိုပြည်စိုးအောင်)၊ မိတ်ကပ်ဆံပင်ဆို အန်တီနှင်း (ဒီဇင်ဘာနှင်း)၊ အခန်းအနားမှူး မတင်မိုးလွင်၊ ပန်းအလှဆင်တာဆို အန်တီလင်း (လင်းလင်း) တို့ဆို အားလုံး စေတနာမေတ္တာနဲ့ လက်ဖွဲ့ကြတယ်။ အရံတွေဆိုလည်း ညီလို ညီမလိုဖြစ်တဲ့ (ရဲလေး၊ ဘိုလေး၊  ဒီဒီး၊ Jenny ၊ ချစ်သုဝေ၊  အေရီရယ်သုတ)တို့က အဲ့လိုလုပ်ပေးကြတော့ ဘယ်လောက် ကြည်နူးစရာကောင်းလည်း :)

မင်္ဂလာပွဲအမှတ်တရ
မင်္ဂလာဆောင်တဲ့ချိန် အမှတ်တရကတော့ တစ်ချို့ မပြောပလောက်တဲ့ အလွဲလေးတွေ နည်းနည်းပါးပါးလောက်ပဲ ရှိပါတယ်။ ဓါတ်ပုံရိုက်မယ့် အဖွဲ့နှစ်ဖွဲ့ ဖြစ်သွားတာလည်းပါတယ် အမှန်တော့ တစ်ဖွဲ့ဆို လုံလောက်ပါတယ်။ ကျွန်တော်ကလည်း ဘော်ဒါဖြစ်တဲ့ ကိုဝဏ္ဏ ရိုက်ပေးစေချင်တယ် အမေတွေ၊ အဒေါ်တွေ အတွေးကလည်း ကျွန်တော့်မိတ်ဆွေတွေကို ရိုက်တဲ့အချိန် အမျိုးတွေ ကျန်သွားမှာဆိုးပြီး နောက်တစ်ဖွဲ့ပါ ငှားထားတော့ ဇာတ်လမ်းက အဲ့မှာစတာ။ ပွဲမစခင်အပေါ်မှာ ပြင်ဆင်နေတုန်း သတို့သားကို မိတ်ကပ် တစ်ဝက်တစ်ပျက်ပုတ်တုန်း အင်္ကျီခဏလဲတဲ့အချိန် ဓါတ်ပုံရိုက်ဖို့ လှမ်းခေါ်လို့ သွားလိုက်တာ တံခါးဝကနေ ဓါတ်လှေကားနားပြီးတော့ ဓါတ်လှေကားထဲရောက်သွားရော ရိုက်ရင်းရိုက်ရင်းနဲ့ အောက်ရောက်သွားရော အောက်ရောက်တော့ ကိုဝဏ္ဏက လာဟေ့ရောင် ခဏရိုက်မယ်ဆိုရာကနေ မင်္ဂလာဆောင်ထဲဝင်မယ့်အချိန်ရောက်လို့ သတို့သမီးပါ ဆင်းလာတဲ့ အထိပဲ :D ။ နောက်တစ်ခုက နေရာချပေးတဲ့ သူငယ်ချင်းတွေ ပြန်ပြောပြတာ သူ့နေရာနဲ့သူ နေရာတွေ စီစဉ်ထားတာကို လူတွေတော်တော်များက ဒီထိုင်ပါဆို ဟိုထိုင်တယ် ဟိုထိုင်ပါဆို ဒီထိုင်ကြတယ် တဲ့ :D

မင်္ဂလာဆောင်မယ့်သူတွေအတွက် အကြံပြုစကား
ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်မဲ့မင်္ဂလာပွဲဆိုတာ လူတိုင်းကြိုပြီး စိတ်ကူးယဉ်ကြပြီး အဲ့နေ့လည်း အဆင်ပြေပြေပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးစေချင်ကြတာပဲ။ အကြံပေးချင်တာကတော့ ကိုယ်ချဲ့ချင်ရင် ချဲ့ချင်သလောက် ပိုကုန်ပါတယ် အချိန်တွေ ပိုယူရပါတယ်  တကယ်ကျင်းပတော့ ဘာမှမဟုတ်တဲ့ အချိန်လေးမှာပဲ ပြီးသွားတာပါပဲ  အဲ့အချိန်လေးမှာ တက်ရောက်တဲ့သူတွေရဲ့ မှတ်ဉာဏ်ထဲရော နှုတ်ဖျားမှာပါ ကိုယ့်မင်္ဂလာဆောင်လေးက ဘယ်လို ပျော် စရာကောင်းကြောင်း ဘယ်လို ကြည်နူးစရာတွေကောင်းကြောင်း ကျန်ခဲ့တာဟာ အဖိုးမဖြတ်နိုင်တဲ့အမှတ်တရပဲ။ ကျွန်တော်တို့ မြန်မာမင်္ဂလာဆောင် တော်တော်များများကို ကြည့်ကြည့်ပါ မင်္ဂလာဆောင်လက်ဖွဲ့ကို အသုံးတည့်တည့်၊ မတည့်တည့် အဆင်ပြေမယ့် တစ်ခုခုကောက်ဖွဲ့ (အဲ့ဒီအစား အားလုံးငွေသားပဲဖွဲ့သင့်တယ်) ပြီးတော့တစ်ယောက်နဲ့ တစ်ယောက်မသိတဲ့ လူတွေဝိုင်းမှာ ဝင်ထိုင် (ဆိုရှယ်ကလည်း အားနည်းတာများကြတော့) တစ်ယောက်နဲ့ တစ်ယောက်စကားလည်းမပြောကြဘူး... နောက်ပြီးအခန်းအနားမှူးရဲ့ ကြားနေကျစကားတွေ ထိုင်နားထောင် လက်ခုပ်ပြိုင်တူတီး စားလို့ရတာနဲ့စားပြီး စားလို့တောင် မပြီးသေး ထပြန်ကြ ဘယ်မှာလည်း အမှတ်တရ... အဲ့နေရာမှာ တရုတ်မင်္ဂလာဆောင်တွေ အနောက်တိုင်းပုံစံ မင်္ဂလာဆောင်တွေ သဘောကျတယ် တကယ့်ကို ရင်းရင်းနှီးနှီး ပျော်စရာကောင်းအောင် စီစဉ်ကြတယ်။ ချွင်းချက်အနေနဲ့ စုလျှားရစ်ပတ်ပြီး ဆောင်တာတော့ မဆိုးဘူးလို့ထင်တယ်။ ကိုယ့် မင်္ဂလာဆောင်လေး ကိုယ်ပျော်စရာကောင်းအောင် အမှတ်တရဖြစ်အောင် စဉ်းစားကြဗျာ :D ။ ကျွန်တော့်မင်္ဂလာဆောင်တုန်းကတော့  အခန်းအနာမှူးအဖြစ် မတင်မိုးလွင်ကလုပ်ပေးတယ် အားလုံးကို ပွဲကျသွားအောင် သမားရိုးကျမဟုတ်မယ့် အခမ်းအနားမှူးပုံစံလေးလုပ်ပေးသွားတယ် ကျေးဇူးပါ မမိုး ;)

Anniversary
မင်္ဂလာနှစ်ပတ်လည် အမှတ်တရဆိုတာ လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ကြာကြာ အလေးထားကြောင်းပြသတာပဲ... အဲ့ဒါလည်း အကုန်အကျများမှမဟုတ်ပါဘူး ကျွန်တော်တော့ တစ်ခေါက်လုပ်ဖူးတယ် ရက်လေးထူးထူးဆန်းဆန်းနဲ့ကြုံလို့ ၄ရက်၊ ​၄လမှာ မင်္ဂလာသက်တမ်း ၄နှစ်ပြည့်လို့ မိန်းမကို သီချင်းသွားဆိုပြီး ပြန်လာမှ မိုးချုပ်ကြီး မင်္ဂလာနှစ်ပတ်လည်နေ့လေး ဘာမှမလုပ်ဖြစ်ပေမဲ့ ညစာလေးနှစ်ယောက်တည်း သွားစားကြရအောင်ကွာဆိုပြီး သူငယ်ချင်းတွေ မိတ်ဆွေတွေ အများကြီးစောင့်နေတဲ့နေရာကို ခေါ်သွားပြီး အံ့သြအောင်တော့ လုပ်ဘူးတယ် :D ငွေအများကြီး မကုန်ပေမဲ့ ဝိုင်းပြီးပါဝင်ဆင်နွှဲပေးမယ့် သူငယ်ချင်းမိတ်ဆွေကောင်းတွေရဲ့ အကူညီတော့ လိုတာပေါ့ :D

အားလုံးပျော်ရွှင်ပြီး အမှတ်တရတွေ ကျန်ခဲ့ မယ့် မင်္ဂလာဆောင်လေး ကျင်းပနိုင်ကြပါစေ... your senior YC ;)

x x x x x

ချောရတနာနဲ့ ကိုကျော်လင်း

မင်္ဂလာနေ့ရက်နဲ့ မင်္ဂလာသက်တမ်း
၂၀၁၂ ဒီဇင်ဘာ ၁ရက်နေ့၊ မှတ်မှတ်ရရ Sweet December မှာ ဆောင်ခဲ့တာပါ။ ၄နှစ်ရှိ သွားပါပြီ။

မင်္ဂလာပွဲမတိုင်ခင်
ချောတို့က Sweet December ကို မှတ်ရတာလည်း လွယ်တယ်ဆိုပြီး အဓိကထားပြီး မင်္ဂလာပွဲလေးကို အဲဒီနေ့မှာ လုပ်ဖြစ်ခဲ့တာပါ။ တကယ်က ကိုယ်လိုချင်တဲ့ Sweet December ရက်မှာ Sedona Hotel က ရက်မရတော့ဘူး။ အဲဒီ ရက်မှာတခြားသူက ယူထားပြီးသားဖြစ်နေတာ ကံကောင်းချင်တော့ အဲဒီသူရဲ့ မင်္ဂလာပွဲက နောက် ၆ လကို ရွှေ့သွားပြီး ကိုယ်က အဲဒီရက်ကို တိုက်တိုက်ဆိုင်ဆိုင်ရသွားတယ်။ ဖိတ်စာကအစ လှလှလေးနဲ့ အမှတ် တရဖြစ်အောင် မာမီကျော်(မလေးရှား)ကိုအပ်ပြီး ကိုယ်တိုင်သွားပြီးစီစဉ်ခဲ့တယ်။ အရောင်ကိုလည်း ချောက ငွေမှင်ရောင်တို့၊ ခဲရောင်တို့ကြိုက်တော့ ငွေမှင်ရောင်လေးကို ဖိတ်စာကအစ လုပ်ဖြစ်ခဲ့တယ်။ နိုဝင်ဘာ ၂၈ မှာ မင်္ဂလာဆွမ်းကျွေးကို ဓမ္မဒူတရှင်ဆေကိန္ဒ ဆရာတော်ကျောင်းမှာ လုပ်ခဲ့ပါတယ်။ အဲဒီတုန်းက ဒီဇိုင်နာ ကိုမျိုးမင်းစိုး ရဲ့ ၀တ်စုံလေးပါ။ ပန်းလေးတွေဆိုလည်း အဖြူလေးတွေ၊ Light Gray လေးတွေပဲ ဖြစ်စေချင်တာ။ အဲဒီတုန်းက မင်္ဂလာဝတ်စုံက ချိတ်ပေါ်မှာ စီးကွင့်တွေ အရမ်းထိုးတဲ့အချိန်၊ ကိုယ်က စီးကွင့်အများကြီးမကြိုက်တော့ ဒီဇိုင်နာမလတ်ကို ချိတ်ပေါ်မှာ စီးကွင့်ပါးပါးလေးနဲ့ ပိတုန်းကောင်လေးတွေ၊ ဟင်္သာရုပ်လေးတွေကို မူရင်းပုံမပျက်စေဘဲ ယဉ်ယဉ်လေးပဲ ထိုးဝတ်ဖြစ်တယ်။ မင်္ဂလာပွဲကို ကိုယ်က Outdoor လုပ်ချင်တာ မရဘဲ Indoor ဖြစ်သွားတယ်။ Indoor ဖြစ်သွားတာ ပိုကောင်းသွားတယ် ပြောရမယ်။ အားလုံးကတစ်စုတစ်စည်း တည်း နွေးနွေးထွေးထွေးဖြစ်သွားပြီး ပိုပျော်ဖို့ကောင်းသွားတယ်။ ပွဲကို ဆရာဂျွန်က စီစဉ်ပေးခဲ့တာပါ။

မင်္ဂလာပွဲအမှတ်တရ
အမှတ်တရကတော့ ပွဲမှာပျော်နေတာပဲ သိတယ်။ အမျိုးသားကိုလည်း ကျေးဇူးတင်ရမယ်။ ကိုယ့်စိတ်တိုင်းကျ အားလုံးကို လုပ်ခိုင်းလို့။ Dinner က ဒီဇိုင်နာ ကောင်းမြတ်ရဲ့ ၀တ်စုံနဲ့ မာမီကျော်က စင်ပေါ်နဲ့ လှေကားနား မှာ ရွှေသမင်လေးတွေ ဆင်ပေးတာကို ချောက ငွေရောင်၊ ခဲရောင်ကြိုက်တော့ ငွေသမင်ဖြစ်အောင် ပြောင်းပေးခဲ့တာလည်း အမှတ်တရပါ။

မင်္ဂလာဆောင်မယ့်သူများအတွက် အကြံပြုစကား
ချော အကြံပြုချင်တာကတော့ ကိုယ့်မင်္ဂလာဆောင်မှာ မိတ်ဆွေ၊ သူငယ်ချင်းအရင်းအချာတွေ၊ ၂ဖက်စလုံးကို မမေ့ကျန်အောင် အဓိကထားစေချင်ပါတယ်။ ပြီးတော့ အ၀တ်အစားဆိုလည်း ကိုယ့်စိတ်တိုင်းချဖြစ်အောင်၊ Fitting ကျအောင်ပွဲမတိုင်ခင်မှာ သေသေချာချာလေး လုပ်စေချင်ပါတယ်။ ဒါမှ တကယ်ပွဲထွက်တဲ့အခါမှာ ၀တ်ရတာ စိတ်သက်တောင့်သက်သာ ဖြစ်မှာပါ။ ချောက လက်ဝတ်ရတနာကိုလည်း ဗမာဆန်ဆန်ကြိုက်တော့၊ ထိုင်မသိမ်းဆိုရင် နားဆွဲကိုမကြိုက်တော့ She Shines ကလည်း ချောစိတ်ကြိုက် တစ်လုံးတည်းနားကပ်လေး ဆင်ပေးတယ်။ ပြီးတော့ သေချာအသေးစိတ်လေးတွေကို ပြင်ဆင်ထားဖို့၊ ဖိတ်ပေးမယ့်သူတွေကိုလည်း သေချာဖိတ်ပေးဖို့၊ အဆိုတော်ဆိုရင်လည်း သေသေချာချာလေး ကြိုချိတ်ထားဖို့ အကြံပေးချင်ပါတယ်။ ချောတုန်းကတော့ အခါတော်ပေးကို အန်တီရီရီသန့်ကို အရမ်းကြိုက်တော့ အန်တီနဲ့ ပွဲထွက်တယ်။ R ဇာနည်နဲ့ ၀ိုင်းစုတို့က သီချင်းဆိုပေးတယ်။ ပြီးတော့ မင်္ဂလာဆောင်ရာသီက အဆိုတော်တွေအတွက် ပွဲကြပ်တဲ့ရာသီလည်းဖြစ်တော့ သူတို့ကို သေချာလေ့လာပေးဖို့ သေချာစီစဉ်စေချင်ပါတယ်။

Anniversary
ချောတို့က ကဗျာဆန်တဲ့အထဲမှာတော့ သိပ်မပါဘူး။ ထူးထူးခြားခြား သိပ်မလုပ်ဖြစ်ဘူး။ မိတ်ဆွေတွေနဲ့ မုန့်စားဖြစ်တာလောက်ပဲ ရှိတယ်။ အမှတ်တရဖြစ်မယ့်ရက်တွေကို အထိမ်းအမှတ်အနေနဲ့ အလှူလေးတွေ ပိုပြီးလုပ်ဖြစ်ပါတယ်။

x x x x x

သံသာဝင်းနဲ့ အနဂ္ဂ
မင်္ဂလာနေ့ရက်နဲ့ မင်္ဂလာသက်တမ်း
    ၁၂. ၁၂. ၂၀၁၂ မှာ မင်္ဂလာဆောင်ခဲ့ပါတယ်။ အိမ်ထောင်သက်ကတော့ ၄ နှစ်ထဲမှာပါ။

မင်္ဂလာပွဲမတိုင်ခင်
    ငယ်ငယ်လေးကတည်းက စိတ်ကူးက ဘုရားရှေ့၊ လူရှေ့မှာ သေချာကတိသစ္စာပြုပြီး လက်ထပ်ချင်ပါတယ်။ အဲဒါကြောင့် ဘုရားကျောင်းပွဲလေးကို အဓိကထား ပြင်ဆင်ခဲ့ပါတယ်။ မနက်ပိုင်းမှာ St Augustine’s Catholic Church မှာပြုလုပ်ခဲ့ပါတယ်။ ဘုရားကျောင်းအတွင်းပိုင်း Decoration ကိုတော့ Hotel တွေလို ပြင်ဆင်မှုမျိုး မဟုတ်တဲ့အတွက် ကိုယ်လိုချင်တဲ့ပုံကို Rosana Floral Service နဲ့ တိုင်ပင်ပြီး ပြင်ဆင်ခဲ့ပါတယ်။ အဓိကကတော့ ဘုရားကျောင်းဝန်းအထဲမှာပဲ Wedding Lunch ကို ကျွေးချင်တော့ နည်းနည်းတော့ ပိုပင်ပန်းခဲ့ပါတယ်။ အပြင်ပိုင်း Decoration တွေလည်း လုပ်ရပါတယ်။ အစားအသောက်နဲ့ Catering ပိုင်းကိုတော့ Traders Hotel နဲ့ တိုင်ပင်
ပြီး ဧည့်ခံခဲ့ပါတယ်။ ခရစ်ယာန်ဓလေ့ထုံးစံနဲ့ ကျင်းပတာဆိုတော့ တချို့ဧည့်သည်တွေ အံဝင်ခွင်ကျဖြစ်ပါ့မလားလို့ စိုးရိမ်ခဲ့တာကလွဲလို့ ကျန်တာအားလုံးအဆင်ပြေခဲ့ပါတယ်။ ညဘက်ကိုတော့ Chatrium Hotel မှာ Dinner ပွဲလေး လုပ်ခဲ့ပါတယ်။ အဲဒါကတော့ Hotel ဘက်က တော်တော်များများ တာဝန်ယူပေးခဲ့လို့ အဆင်ပြေပါတယ်။ ဖိတ်စာလေး ပြင်ဆင်ရတာတော့ အမှတ်လည်းရခဲ့၊ စိတ် လည်းလှုပ်ရှားခဲ့ပါတယ်။ ဖိတ်စာမှာတပ်ဖို့ စိန် Buckle လေးနဲ့ ဇာလေးတွေ၊ ဖဲကြိုးလေးတွေကို စိတ်ကြိုက်ရှာဖွေပြီး နှစ်ယောက်ရဲ့ ကိုယ်ပိုင်စိတ်ကူးလေးတွေနဲ့ Sample Invitation လေးတွေ ၄ ၊ ၅ခုလောက် အရင်လုပ်ကြည့်ကြတယ်။ ကြိုက်တော့မှ ဆိုင်သွားပြပြီး လုပ်ခိုင်းခဲ့ပါတယ်။ အဲဒီ ပြင်ဆင်မှုကတော့ အမှတ်ရခဲ့ပါတယ်။

မင်္ဂလာပွဲအမှတ်တရ
မင်္ဂလာမဆောင်ခင် ၁ လလောက်အလိုမှာ အမေက ချော်လဲလို့ ခါးထိသွားပါတယ်။ အိပ်ရာပေါ်မှာပဲ လှဲပြီးနားခဲ့ရတော့ ဘာမှလိုက်ကူညီမပေးနိုင်ခဲ့ဘူး။ ကိုယ့်ဘာသာကိုယ် နှစ်ယောက်ပဲ အစအဆုံးလိုက်လုပ်ရတော့ လိုအပ်ချက်တွေ ရှိသွားခဲ့တယ်။ ဥပမာ- အမေ့မိတ်ဆွေအချို့ကို မဖိတ်ဖြစ်လိုက်တာမျိုး၊ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေလည်း ရှိသွားတယ်။ အချိန်မီ အမေပြန်သက်သာပါ့မလားလို့ Stress တွေလည်းရ၊ စိုးရိမ်မှုတွေလည်း ရှိခဲ့ပါတယ်။ အဲဒါလည်း အမှတ်တရပါ။ နောက်ပြီး တစ်နိုင်ငံစီ အဝေးရောက်နေကြတဲ့ မောင်နှမတွေ၊ မတွေ့တာကြာတဲ့ Cousins တွေ၊ ဆွေမျိုးတွေအားလုံး ဒီမင်္ဂလာဆောင်အတွက် ပြန်လာကြတာဖြစ်လို့ Family Reunion လေးဖြစ်ပြီး ပျော်ခဲ့ရပါတယ်။ အဲဒါလည်း အမှတ်တရပါပဲ။ အမှတ်ရဆုံးကတော့ အရမ်းလေးစားချစ်ခင်ရတဲ့ အန်တီစု (ဒေါ်အောင်ဆန်းစုကြည်)က ဘုရားကျောင်းပွဲလေးကို အစအဆုံးတက်ရောက် ချီးမြှင့်ပေးခဲ့တယ်။ အဲဒါကတော့ အကြည်နူးဆုံး အမှတ်တရပါပဲ။

မင်္ဂလာဆောင်မယ့်သူများအတွက် အကြံပြုစကား
အချိန်သေချာယူပြီး ပြင်ဆင်တာကတော့ အမှားလည်းနည်း၊ လူလည်း စိတ်ပင်ပန်းတာ သက်သာမယ်ထင်ပါတယ်။ Stress ကတော့ အနည်းနဲ့ အများရကြတာချည်းပါပဲ။ အထူးသဖြင့် မိန်းကလေးတွေက စိတ်ပိုပူတတ်ကြတယ်လို့ ထင်ပါ တယ်။ ပွဲနီးလာလေ၊ Stress ရလာလေပါပဲ။ အဲဒါကြောင့် အချိန်များများယူပြီး Step by Step ပြင်ဆင်သွားတာ အကောင်းဆုံးပါပဲ။

Anniversary
လက်ထပ်ခဲ့တဲ့ ၁၂. ၁၂. ၂၀၁၂ ရက်နေ့က ချစ်သူသက်တမ်း Anniversary လေးလည်းဖြစ်တာကြောင့် အဲဒီနေ့လေးကို ရွေးချယ်ခဲ့ပါတယ်။ Anniversary နှစ်တိုင်း၊ လတိုင်း တစ်ယောက်နဲ့ တစ်ယောက် ဘယ်သူအရင် စနှုတ်ဆက်မလဲ အမြဲပြိုင်ကြတယ်။ နှစ်ယောက်လုံး နှုတ်ဆက်ဖို့ မေ့သွားတဲ့ရက်တွေလည်း ရှိခဲ့တယ်။ အဲဒီအခါမျိုးကျတော့ ရယ်ရတာပေါ့လေ။ များသောအားဖြင့်တော့ Anniversary Dinner လေးတွေကို နှစ်ယောက်တည်း သွားစားဖြစ်ကြတာများတယ်။ သူလိုချင်တာ၊ ကိုယ်လိုချင်တာလေးတွေ အပြန်အလှန်ဝယ်ပေးတဲ့ နှစ်တွေလည်း ရှိတယ်။ အဓိကကတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင် ကျန်းကျန်းမာမာနဲ့ အတူတူရှိနေကြရင်ပဲ Anniversary လတိုင်း၊ နှစ်တိုင်းက ကြည်နူးစရာပါ။

x x x x x

ရည်မွန်နဲ့ ကိုဇေယျာတင်အေး

မင်္ဂလာနေ့ရက်နဲ့ မင်္ဂလာသက်တမ်း
၂၀၁၅ မှာ မင်္ဂလာဆောင်ပါတယ်။ အိမ်ထောင်သက်တမ်း ၁ နှစ် နဲ့ ၈ လ ရှိပါပြီ။

မင်္ဂလာပွဲမတိုင်ခင်
မင်္ဂလာဆောင်တော့မယ်လို့ ဆုံးဖြတ်ပြီးတာနဲ့ ရက်ကြပ်မယ့်ဟာတွေ အရင်စီစဉ်ပါတယ် ဥပမာ ဟိုတယ်ရက်ယူတာမျိုးပါ။ လက်မှတ်ထိုး အခမ်းအနား၊ မင်္ဂလာ ဆွမ်းကပ်အလှူ၊ မြန်မာ့ရိုးရာ စုလျားရစ်ပတ်၊ မင်္ဂလာ ညစာစားပွဲ၊ အားလုံး ၄ ပွဲ ပါ။ နှစ်ယောက်လုံး တိုင်တိုင်ပင်ပင်နဲ့ စီစဉ် ခဲ့ပြီး စိတ်တိုင်းကျခဲ့ရလို့ ယောက်ျားကိုလည်း ကျေးဇူးတင်ရပါတယ်။

မင်္ဂလာပွဲအမှတ်တရ
တစ်သက်မှာတစ်ခါ မင်္ဂလာယူတာမို့ တစ်ဘဝလုံး အမှတ်ရနေမှာပါ။ အမှတ်တရကတော့ သတို့သား တောင်ရှည်ကို ကျွတ်မှာစိုးလို့ အပေါ်မှာ ခါးပတ်ကြိုးပတ်ထားပြီး စုလျားရစ်ပတ်မို့လို့ အောက်မှာထိုင်ပြီး ဆောင်ရ တဲ့ တောက်လျှောက်မှာ ခါးပတ်ကြိုးကကျပ်ပြီး အထုံးက ခါးရိုးကို ထိုးနေလို့ ပွဲတောက်လျှောက် နာတာကို အံကြိတ်ပြီး ကသိကအောက် ထိုင်နေခဲ့ရတဲ့ သတို့သားရဲ့ အမှတ်တရပါ။

မင်္ဂလာဆောင်မယ့်သူတွေအတွက် အကြံပြုစကား
မင်္ဂလာဆောင်တော့မယ့် မောင်မယ်တွေ ပထမဆုံး စဉ်းစားရမှာက တစ်ယောက်နဲ့ တစ်ယောက် တကယ်ချစ်ဖို့၊ ခွင့်လွှတ်သည်းခံနိုင်ဖို့၊ နားလည်မှုနဲ့ ကိုယ်ချင်းစာတရား ရှိကြဖို့ပါ။ ပြီးတော့ မင်္ဂလာဆောင်ပွဲ စပြီး စီစဉ်ပြီဆိုရင် ကိုယ့်စိတ်ကြိုက်ချည်းပဲ ဦးစားမပေးဘဲ သူ့ဘက် ကိုယ့်ဘက် သူ့အသိုင်းအဝိုင်း ကိုယ့်အသိုင်းအဝိုင်း အားလုံးထည့်စဉ်းစားပေးဖို့ပါ။ နောက်တစ်ခုက ဖြစ်သင့်တာကို ဦးစားပေးစဉ်းစားပြီး တစ်သက်လုံး ပြန်တွေးလိုက်တိုင်း ကြည်နူးစရာမျိုးဖြစ်မယ့် ပွဲမျိုးလေးဖြစ်အောင် စနစ်တကျလေး စီစဉ်ကြပါလို့ အကြံပေးချင်ပါတယ်ရှင့်။

Anniversary
အိမ်ထောင် သက်တမ်းက တစ်နှစ်ကျော်ပဲရှိသေးတော့ anniversary က တစ်ခါပဲ ကြုံဖြစ်သေးတယ်။ ပထမတော့ အဲဒီနေ့မှာ သားသားကိုမွေးမယ့် due date ပါ တကယ့်ကို အမှတ်တရပါပဲ။ ဒါပေမယ့် သားသားက တစ်ပတ်တိတိစောပြီး ဗိုက်နာလို့ မွေးလိုက်ရတော့ anniversary နေ့ကို မွေးခါစ ခလေးလေး တစ်ယောက်နဲ့ အလုပ်ရှုပ်ပြီး ဖြတ်သန်း လိုက်ရပါတယ်။ ဒါပေမဲ့ ရည်မွန်တို့ ၂ ယောက်က စပြီး ချစ်သူဖြစ်တဲ့ anniversary ကို
ပိုပြီး အလေးထားဖြစ်တယ်။ အဲ့ဒီနေ့မှာပဲ မင်္ဂလာဆောင်ခဲ့တာပါ။ ချစ်သူသက်တမ်း ၇ နှစ်တိတိ ပြည့်တဲ့ နေ့မှာပါ။ အဲဒီနေ့ရောက်တိုင်းလည်း ရင်ခုန်ပါတယ်။ ပျော်လည်း ပျော်ပါတယ်။ လက်ဆောင်တွေ အပြန်အလှန်ပေးပြီး surprise လုပ်ဖြစ်ကြပါတယ်။