Primary tabs

သုံးသင့်သလောက်သုံးပြီးရင် ပြန်ပြီးပေးသင့်တာကိုပေး

“လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းကောင်းလာလို့ အမြတ်အစွန်းများလာရင် ဒါတွေက ကိုယ့်ဥစ္စာလို့ ထင်လာတတ်ကြတယ်။ ကိုယ့်ကြောင့် မဟုတ်ဘဲ ဒီ society ထဲမှာရှိတဲ့သူတွေက သူတို့ငွေကြေးတွေကိုသုံးစွဲလို့ ကိုယ့်ဆီရောက်လာတယ် လို့မြင်ပြီး တတ်နိုင်သလောက် ဒီSociety ထဲမှာ ဖြန့်ကျက်ပေးဖို့လိုတယ်။ မစံစားနဲ့လို့မဆိုလိုပါဘူး။ သုံးသင့်သလောက်သုံးပြီးရင် ပြန်ပြီးပေးသင့်တာကို ပေးဖို့ပါ” လို့ဆိုသူကတော့ Yishion Fashion မှ Director ကိုရဲထက်နိုင်ဖြစ်ပါတယ်။ သူ့ဖြတ် သန်းမှုများကတော့…

ငယ်ဘဝ
မွေးချင်း ၄ ယောက်မှာ ကျွန်တော်ကတော့ အကြီးဆုံးပါ။ မိဘတွေက ကုန်သည်ပါ။ ဇာတိကတော့ တောင်ကြီး။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက မိဘက စတိုးဆိုင်ဖွင့်တော့ ဈေးရောင်းတာနဲ့ ငွေသွားငွေလာသဘောကို ရင်းနှီးတယ်။ ငွေကြေး ချောင်လည်ပေမဲ့ ကလေးပူဆာတိုင်း ၀ယ်မပေးဘူး။ စည်းနဲ့ ကမ်းနဲ့ပဲထားတယ်။ အဲဒီ့အတွက် နည်းနည်းကြီးပြင်းလာတဲ့အခါ ကိုယ်လိုတာကိုပဲ ရွေးချယ်တတ်လာတယ်။ (၇) တန်းနှစ်လောက်ရောက်တဲ့အခါ ကိုယ့်အိမ်က ဖွင့်ထားတဲ့ဆိုင်မှာ မခိုင်းဘဲ သူ့တို့အသိမိတ်ဆွေတွေ ဖွင့်ထားတဲ့ဆိုင်တွေမှာ အောက်ခြေသိမ်းအလုပ်သမားလို သွားလုပ်ခိုင်းပါတယ်။ 

(၁၀) တန်းဖြေပြီးတော့ စင်ကာပူမှာ ကျောင်းဆက်တက်တယ်။ ကျောင်းတက်တဲ့အချိန် မှာလည်း ကျောင်းလခကိုတော့ အလုံအလောက်ပို့ပေးတယ်။ ဒါပေမဲ့ ကိုယ်က ပိုသုံးချင်တယ်၊ ခရီးသွားချင်တယ်၊ ပစ္စည်းအသစ်အဆန်း ၀ယ်ချင်တယ်
ဆိုရင် အချိန်ပိုင်းအလုပ်လုပ်ပြီး ကိုယ့်ဘာသာပိုက်ဆံရှာရတယ်။ ဒါကြောင့်ကျောင်းတက်ရင်းနဲ့ စားပွဲထိုးလည်းလုပ်ဖူးပါတယ်၊ အရောင်းစာရေးလည်း လုပ်ဖူးပါတယ်။ ကျောင်းပြီးသွားတဲ့အချိန်မှာ အဖေက ဘာပြောလာလဲဆိုတော့ နင်က အချိန်
တန်ရင် ဒီကိုပဲပြန်လာရမှာ၊ အတွေ့အကြုံရအောင် အလုပ်တစ်ခုကို ခြောက်လထက်ပိုမလုပ်နဲ့တဲ့။ သူမှာတဲ့နောက်မှာ အများကြီးရှိတယ်။ အလုပ် တစ်ခုမှာ အကြာကြီးလုပ်ရင် တစ်ခုတည်းသိမှာစိုးလို့။ အလုပ်တွေပြောင်းပြီး အတွေ့အကြုံတွေ ယူဖို့ပြောတာပါ။ ၂၀၀၉ လောက်မှာ ဘွဲ့ရပြီးတော့ စီးပွားရေးလုပ်ဖို့ မြန်မာနိုင်ငံကိုပြန်လာခဲ့တယ်။

ကိုယ်ပိုင်လုပ်ငန်းခရီးအစ
ပြန်ရောက်ခါစမှာ တာယာလုပ်ငန်းကို လုပ်ခဲ့တယ်။ တာယာလုပ်ငန်းကို ကျွန်တော့်ဦးလေးလုပ်နေတာ နှစ် (၂၀) လောက် ရှိပါပြီ။ ကျွန်တော်ပြန်လာတဲ့အချိန်ဦးလေးကို ကူညီပြီး လုပ်ကိုင်ပေးတဲ့သဘောပါ။ အစအဆုံး ကိုယ့်လက် ကိုယ့် 
ခြေ လုပ်ဖြစ်တာကတော့ အ၀တ်အထည် လုပ်ငန်းပါ။ 

နောက်တော့ crocodile တံဆိပ်ကို မြန်မာနိုင်ငံမှာယူဖြန့်တယ်။ ၂၀၁၃-၁၄ လောက်ကျတော့ တရုတ်နိုင်ငံ၊ ကွမ်ကျိုးကို သွားလည်ဖြစ်ခဲ့တယ်။ အဲဒီ့မှာ ဈေးဝယ်ရင်း Yishion ဆိုတဲ့ Brand ကို စသိခဲ့တယ်။ တခြား Brand တွေထက်စာရင် ဒီ Brand က အရည်အသွေးလည်းကောင်းတယ်။ ဒီဇိုင်းလည်းစုံတယ်။ သူငယ်ချင်းတွေရော၊ ကိုယ်တိုင်ရော ၀ယ်ဖြစ်ခဲ့တယ်။ အဲဒါနဲ့ Yishion ကို ကိုယ့်နိုင်ငံမှာလုပ်ရင် အဆင်ပြေမယ်လို့ စဉ်းစားပြီး ဆက်သွယ်ခဲ့တယ်။ 

Yishion ကိုဘာကြောင့်
လုပ်ငန်းရှင်ဆိုတာက လူ ၁၀၀ ရှိမယ်ဆိုရင် သူတို့ရဲ့ ငွေသုံးနိုင်အားတွေကို ဖဲ့ယူကြရတာ။ ဒါတွေကိုပဲ ပြိုင်ဆိုင်နေကြရတာ။ အခုဆိုရင် ဖုန်းတွေ ပေါလာတယ်။ လူတိုင်းဖုန်းကိုင်နိုင်သွားတယ်။ အဲဒီတော့ ဖုန်းနဲ့ပတ်သက်တဲ့နေရာမှာ ငွေကို သုံး
ဖြစ်တော့ ကျန်တဲ့နေရာတွေမှာ အသုံးလျော့ကုန်တယ်။ အဲလိုနည်းနဲ့ စဉ်းစားကြည့်ရင် အ၀တ်အထည်ဆိုတာ မရှိမဖြစ် ပစ္စည်းစာရင်းထဲမှာပါတယ်။ လစဉ်မဟုတ်ရင်တောင် နှစ်စဉ်တော့ ၀ယ်ရမယ်ဗျာ။ တစ်နှစ်မှာ နှစ်ထည်တော့ အနည်းဆုံး 
ဝယ်နိုင်တယ်။ သူကိုယ်တိုင်အတွက် မဟုတ်ဘူးဆိုရင်တောင် လက်ဆောင်ပေးဖို့ဖြစ်ဖြစ်ပေါ့။ အဲဒီ့ အတွေးကိုအခြေခံပြီး အ၀တ်အထည်လုပ်ငန်းကိုလုပ်ဖြစ်ခဲ့တာပါ။  

မြန်မာနိုင်ငံမှာရှိနေတဲ့ အ၀တ်အထည် Brand တော်တော်များများက Basic item တွေပဲများတယ်။ ဖက်ရှင်ကျတဲ့ပုံစံမျိုးဆိုရင် Brand ထဲကထက် ယိုးဒယားက တရုတ်က အထည်တွေကို ရွေးရတယ်။ Yishion မှာကျတော့ Basic item 
တွေရော၊ Fashionable ဖြစ်တာရော အကုန်ရ နိုင်တဲ့အတွက် မြန်မာနိုင်ငံမှာဖြန့်မယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ 

မြန်မာနိုင်ငံကို Yishion ရောက်လာတာ (၁) နှစ်လောက်ပဲ ရှိပါသေးတယ်။ ပထမဆုံးစဖွင့်ဖြစ်တာက ဒဂုံစင်တာ (၁) မှာပါ။ ဒဂုံစင်တာကို ဘာကြောင့်ရွေးရသလဲဆိုတော့ သွားရလာရလွယ်ကူတယ်၊ လူငယ်တွေလည်းလာတာများတယ်၊ ဒါ့
အပြင် ကိုယ်လိုချင်တဲ့ နေရာအကျယ်လည်းရှိတဲ့အတွက် စဖွင့်ဖြစ်ခဲ့တာပါ။ အခုအချိန်အထိ Yishion ဆိုင်ခွဲပေါင်း (၃) ဆိုင်အထိ ဖွင့်ပြီးသွားပါပြီ။ 

ဆိုင်ရဲ့အပြင်အဆင်ကိုလည်း အ၀တ်တွေကို ချိတ်ဆွဲပြတာထက် အရုပ်တွေမှာ တွဲစပ်ဝတ်ပြထားတဲ့ ဘက်ကို ပိုသွားထားပါတယ်။ ဆိုင်ထဲကိုဝင်လာတဲ့သူတွေအနေနဲ့ သြော်... ဒီလိုလေးလည်း တွဲဝတ်လို့ရပါလားဆိုတဲ့ စိတ်ကူးလေးတွေ ရသွား အောင်လို့ပါ။ 

အမှတ်တရ
Yishion မစခင်က Crocodile တံဆိပ်ကိုသွင်းပြီး ရောင်းချခဲ့တဲ့အတွေ့အကြုံရှိတယ်။ ဒါပေမဲ့ consignment အနေနဲ့လုပ်တာဖြစ်တယ်။ ကိုယ်ပိုင်ဆိုင်အဖြစ် ဖွင့်တာမဟုတ်ဘူး။ ဒီတော့ Yishion ကိုစတဲ့အချိန်မှာ ကျွန်တော်အလုပ်တွေ ပိုလုပ်ရတယ်။ ကိုယ့်ဆိုင်မှာ တင်မယ့်အထည်တွေကို သွားဝယ်ရတာလည်း အမှတ်တရပါ။ သူတို့က season တစ်ခုအတွက်ဆို ဒီဇိုင်းအားလုံးပေါင်းက ၅ ထောင် ၆ ထောင်လောက်ပြထားတာ။ အဲ့လောက်အများကြီးထဲကမှ ကိုယ့်ဆီက လူတွေရဲ့အကြိုက် ဖြစ်မယ့်ဒီဇိုင်းတွေကို လိုက်ရွေးရတာ။ ဆိုင်ကြီးက ဘောလုံးကွင်းလောက်ကျယ်ပြီး အထပ်က လေးထပ်လောက်ဆိုတော့ အ၀တ်တွေရွေးတာ ၂ နှစ် ၃ ရက်ကတော့ အသာလေးပဲ။ အတွေ့အကြုံရတယ်။ 

စီမံခန့်ခွဲမှုပုံစံ
ဝန်ထမ်း (၄၀) နဲ့ လည်ပတ်နေပါတယ်။ ကျွန်တော့်အနေနဲ့ micromanagement ကို မလုပ်တတ်ပါဘူး။ ကျွန်တော်ယုံကြည်တာက လူတိုင်းလူတိုင်းသည် သူ့အရည်အချင်းနဲ့ သူရှိတယ်။ အခွင့်အရေးမရှိလို့သာ အရည်အချင်းကို ထုတ်ပြခွင့်မရကြတာ။ ဒါကြောင့်ကျွန်တော့်ဝန်ထမ်းကို ကျွန်တော်အခွင့်အရေးပေးတယ်။ အလုပ်တွေလွှဲတယ်။ တော်ရုံတန်ရုံကို ကျွန်တော် ၀င်မစွက်ဖက်ပါဘူး။ ၀န်ထမ်းဆိုတော့ တစ်ခါတရံမှာ သူ့ပိုက်ဆံလည်းမဟုတ်တော့ မလုပ်ရဲတာတွေရှိတယ်။ အဲဒီ့အချိန်မှာ ကျွန်တော်ရဲဆေးတင်ပေးတယ်။ ဒီလောက်ကတော့သုံးလိုက်၊ လုပ်ကြည့်ဆိုတာမျိုး။ ပစ္စည်းရောင်းချတာနဲ့ ရွေးချယ်တာမှာလည်း သူ့ကျွမ်းကျင်ရာကို ကျွန်တော်နေရာပေးထားတယ်။ ကျွန်တော့်အတွေ့အကြုံအရ ထိုက်သင့်တဲ့ လုပ်ခွင့်ပေးတယ်။ Control လည်း တစ်ခါတလေ လုပ်ရတာတွေရှိတယ်။ သူ့ကိုပေးထားတဲ့တာဝန်ကလည်း သူစိတ်ဝင်စားတဲ့အရာဖြစ်တယ်ဆိုရင် ၀န်ထမ်းလုပ်လိုက်တဲ့ အရာတွေက ကျွန်တော်လုပ်ဖို့စဉ်းစားထားတာ ထက်ပိုကောင်းတာတွေတွေ့ရပါတယ်။ ပစ္စည်းတွေကို ရွေးချယ်ဝယ်တဲ့နေရာမှာဆို Young Fashion ကို ကျွန်တော်သိပ်မရင်းနှီးဘူး။ အဲဒီတော့သူတို့ကို တာဝန်ပေးတယ်။ ပထမ တစ်ခေါက်နှစ်ခေါက်တော့ ကျွန်တော်လိုက်ပြီး နေရာပြတာ၊ Procedure နည်းနည်းပြတာတွေ ရှိ
ပေမဲ့လည်း နောက်ပိုင်းသူတို့ကိုပဲ တာဝန်ပေးလိုက်တယ်။ အဲဒီ့မှာဘာတွေ့ရလဲဆိုတော့ ကျွန်တော် ကိုယ်တိုင်ရွေးထားတဲ့ ဒီဇိုင်းတွေက သူတို့ရွေးလာတာလောက်မရောင်းရဘူးဗျ။

အားသာချက်နဲ့ အားနည်းချက်
အားသာချက်ဆိုရင်တော့ တစ်ခါတလေ ရုံးနောက်ကျရင် ကိုယ့်ကို ပွစိပွစိ လုပ်မယ့်သူ မရှိဘူးပေါ့ဗျာ။ တစ်ခါတလေ ကိုယ်သွားစရာလာစရာရှိလို့ စောဆင်းချင်လည်း စိတ်ကြိုက်ဆင်းလို့ရတယ်။ အားနည်းချက်ကတော့ ကိုယ့်လုပ်ငန်းကို  အချိန်ပြည့် ခေါင်းထဲထည့်ထားရတာပါ။ ၀န်ထမ်းဆိုရင်တော့ လကုန်ရင် လစာထုတ်သွားတယ်။ ရုံးချိန်ပြည့်ရင် ရုံးဆင်းသွားတယ်။ လုပ်ငန်းကို တည်ထောင်ထားတဲ့သူတွေကတော့ အစအဆုံးကို စဉ်းစားရတယ်။ တွက်ချက်ရတယ်။ လစာ၊ ဘောနပ်စ်တွေကအစ နည်းသွားမလား၊ များသွားမလား ချိန်ဆရတယ်။ ၀န်ထမ်းတွေကို ဘယ်လိုထိန်းထားမလဲ။ စသဖြင့်ပေါ့။ လုပ်ငန်း အကျပ်အတည်းထဲရောက်ရင်လည်း အိပ်မရတဲ့ညတွေ ရှိလာတာပေါ့။ 

အိပ်မရတဲ့ညတွေ
တစ်ခါတလေ ကိုယ့်စိတ်ထဲအလိုမကျတာတွေ ရှိလာတတ်တယ်။ ကိုယ့်ဝန်ထမ်းက အမှားတစ်ခုလုပ်လိုက်လို့ ကိုယ်က အချိန်မီပြင်ဆင်နိုင်တာရှိသလို၊ အချိန်မီမပြင်လိုက်နိုင်တာတွေလည်း ရှိတယ်။ ကောင်းတဲ့ဝန်ထမ်းရှိသလို၊ မကောင်းတဲ့ ၀န်ထမ်းလည်းရှိတယ်။ အဲဒီ့မကောင်းတဲ့ဝန်ထမ်းက ဖြစ်လာတဲ့ပြဿနာတွေကို ခံရတာလည်းရှိတယ်။ လုပ်ငန်းဆိုတဲ့ သဘောက လက်လှမ်းရသမျှ resources တွေကိုစုစည်းပြီး ပြန်ဖြန့်ရတာလေ။ အဓိကက ကိုယ့် vision ပေါ့။ ကိုယ့် vision ကို ဖော်ဆောင်တဲ့အချိန်မှာ လူတွေနဲ့ဖော်ဆောင်ရတယ်။ လူနည်းနည်းများလာရင်တော့ process နဲ့ technology ကို အခြေခံရတယ်။ လုပ်ငန်းက မကြီးမသေးဖြစ်နေတဲ့ အချိန်မှာ ကိုယ်က process တိုင်းမှာ ပါနေတတ် တယ်။ ကိုယ်တိုင် ဆင်းပြီးစဉ်းစားရင်းနဲ့ အိပ်မရတဲ့ ညတွေများလာတာလည်း ရှိသေးတယ်။ 

ကျော်လွှားရင်ဆိုင်မှု
အမြဲစိတ်နှလုံးသွင်းထားတာက အခုလို စိတ်ကျဉ်းကျပ်နေတယ်ဆိုတာက စိတ်ကဖြစ်နေတာ။ ကိစ္စကဖြစ်နေတာ မဟုတ်ဘူး။ ကိစ္စက ဒီကိစ္စပဲ။ နောက်ဆုံးမှာဘာစဉ်းစားရလဲဆိုတော့ ဒီကိစ္စက သေလောက်တဲ့ကိစ္စလားပေါ့။ မဟုတ် 
ဘူးဆိုရင်တော့ အချိန်တန်ရင် သူ့ဘာသာပြေလည် သွားလိမ့်မယ် ကိုယ့်ကိုယ်ကို ဖြေလျှော့ရတယ်။ ကိစ္စကို ကိစ္စအတိုင်း မြင်ပြီးဖြေရှင်းလိုက်တဲ့အခါ ပြေလည်သွားတာတွေလည်းရှိတယ်။ 

အကြံပြုချက်
Entrepreneur က ကောင်းပါတယ်။ ဘာကြောင့်လည်းဆိုတော့ လုပ်ငန်းအသစ်အသစ်တွေမရှိတော့ရင် တိုးတက်မှုဆိုတာ မရှိတော့ဘူး။ လူငယ်တွေအနေနဲ့ လုပ်ငန်းလုပ်တယ်ဆိုတာ အရမ်းလွယ်တယ်လို့တွေးပြီး မလုပ်စေချင်ဘူး။ နောက်တစ်ခုကတော့ သူဋ္ဌေးဖြစ်ချင်လို့လုပ်ငန်းလုပ်တာလည်း အားမပေးဘူး။ လုပ်ငန်းတစ်ခုကို လုပ်ဖို့ရွေးချယ်တဲ့အခါ ဒီလုပ်ငန်းကို ကိုယ်တကယ်နှစ်သက်ရဲ့လားဆိုတာ စဉ်းစားရမယ်။ ကိုယ့်လုပ်ငန်းကြောင့် အိပ်မရတဲ့ညတွေကို ဖြတ်သန်းရမယ်။ ဒီလိုညတွေဖြစ်လာတဲ့အခါ လုပ်ငန်းအပေါ် Passion မရှိတဲ့အခါ ငရဲကျသလို ခံစားရတာတွေ ကျွန်တော်မြင်ဖူးတယ်။ 

နောက်တစ်ခုက တချို့စဉ်းစားတာက လုပ်ငန်းလုပ်ရင်လွတ်လပ်မှုရှိတယ်ပေါ့။ လွတ်လပ်မှုရဲ့ နောက်မှာ လွတ်လပ်မှုအတွက် ပေးဆပ်ရတာတွေလည်းရှိတတ်တယ်။ ဒါကြောင့် မလုပ်ခင်သေချာစဉ်းစားပါ။ သေချာမစဉ်းစား မပြင်ဆင်ထားရင် စိတ်ဓာတ်ကလွယ်လွယ်နဲ့ ကျသွားလိမ့်မယ်။ ဆုံးဖြတ်ပြီးပြီဆိုရင် ဖောင်ဖျက်ပြီးဝင်၊ ခြေစုံပစ်ပြီးသာဝင်တော့။ ဘာကြောင့်လည်းဆိုတော့ လုပ်ငန်းတစ်ခုက လမ်းမှန်ပေါ်ကို ရောက်ဖို့ ၃ နှစ်ကန  ၅ နှစ်အတွင်းပဲဖြစ်မယ်။ ကံကောင်းရင် ၃ နှစ်နဲ့ လမ်းမှန်ပေါ်ရောက်မယ်။ ကံဆိုးရင် ၆ နှစ်လောက်တောင် ရောက်ချင်မှရောက်မယ်။ ကျွန်တော်တောင် ၃ နှစ်လောက် အီဆိမ့်အောင်ခံခဲ့ရတယ်။ 

ဟီးရိုးများ
ကျွန်တော်လေးစားအားကျမိတဲ့ ပုဂ္ဂိုလ်ကတော့ Warren Buffett ပါ။ သူကတော့ Stock Investor ပါ။ အကယ်၍သာ ကျွန်တော်ဒီကို ပြန်မလာဖြစ်ဘူးဆိုရင် Stock Broker တစ်ယောက်ဖြစ်နေလောက်ပြီ။ သူ့ကိုပိုက်ဆံရှိလို့အားကျတာ တော့မဟုတ်ဘူး။ ပိုက်ဆံတအားချမ်းသာပေမဲ့ ရိုးရှင်းစွာနေတတ်တယ်။ နေတဲ့အိမ်ဆိုလည်း အခန်း (၃)ခန်းဆိုလားပဲပါတယ်။ အိမ်အကူလည်းမထားဘူး။ ကားဆိုလည်း ဇိမ်ခံမဟုတ်ဘဲ ရိုးရိုးကားကို ကိုယ်တိုင်ပဲမောင်းတယ်။ ဒါပေမဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ ထိပ်ဆုံးနားက၀င်တယ်။ သူငွေနောက်ကိုမလိုက်ဘူး။ မသာယာဘူး။ နောက်တစ်ခု သူ့ကို လေးစားတာက သူက သူ့ပိုင်ဆိုင်သမျှရဲ့ ရာခိုင်နှုန်း တော်တော်များများကို လှူထားတယ်။ အဲဒီ့စိတ်ကိုလည်း သဘောကျတယ်။ 

အောင်မြင်မှုသော့ချက်
Perseverance ပေါ့။ လုပ်ငန်းတစ်ခုလုပ်တဲ့အခါ တက်တာလည်းရှိမယ်။ ကျတာလည်းရှိမယ်။ ဒီနေ့ကောင်းရင်ကောင်းမယ်။ နောက်နေ့ ကောင်းချင်မှကောင်းမယ်။ ဘာပဲဖြစ်ဖြစ် ဆက်ပြီးလုပ်ရမယ်ဆိုတဲ့စိတ်ပါ။