Primary tabs

အလုပ်အပေါ်မှာ လောဘကြီးတယ်၊ အတ္တကြီးတယ်၊ တစ်ကိုယ်ကောင်းဆန်တယ်… အလင်းရောင်

အနုပညာလောကထဲကို မော်ဒယ်လ်ကနေ ခြေလှမ်းစခဲ့ပြီး ကြော်ငြာတွေ ရိုက်ကူးရင်းကတဆင့် အခုဆိုရင် ပရိသတ်ရှေ့မှာ သူ့ရဲ့ဇာတ်ကားတွေ၊ သူ့ရဲ့သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်က ပေးတဲ့နေရာတစ်နေရာကို သိမ်းပိုက်ထားနိုင်ပြီဖြစ်တဲ့ သရုပ်ဆောင်တစ်ယောက်၊ အလုပ်အပေါ်မှာ လောဘကြီးတယ်၊ အတ္တကြီးတယ်၊ တစ်ကိုယ်ကောင်းဆန်တယ်၊ အဲဒီစိတ်ကြောင့်ပဲ အချစ်ရေးအတွက် အချိန်မပေးနိုင်သေးပါဘူးဆိုတဲ့ သရုပ်ဆောင် အလင်းရောင်နဲ့ တွေ့ဆုံမေးမြန်းပြီး သူ့ရဲ့
အနုပညာ၊ သူ့ရဲ့စိတ်၊ သူ့ရဲ့အချစ်ရေးစတဲ့ အကြောင်းအရာ… စတဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးလိုက်ပါတယ်။

ဘယ်ရည်းစားကိုအချစ်ဆုံးလဲ
ဒီကားလေးက ဟာသကားလေးလည်း ဖြစ်တယ်၊ ၂၀၁၆၊ ၂၀၁၇မှာ ရုံတင်ပြီး လူငယ်တွေကြားမှာရော၊ Facebook မှာပါ ရေပန်းစားတဲ့အကြောင်းအရာလေးတွေပါတဲ့ ကားလည်းဖြစ်တာကြောင့် အသစ်တွေပေမဲ့ ပရိသတ်တွေ အားပေးကြတာကိုတွေ့ရတော့ အရမ်းပဲဝမ်းသာပါတယ်။ ၂၀၁၃ နှစ်ကုန် ၂၀၁၄လောက်ကတည်းက ရိုက်ခဲ့တဲ့ ဇာတ်ကားပါ။ ရုံတင်ဖို့အတွက် စောင့်ရင်းနဲ့ပဲ ၂၀၁၇ကျမှ ရုံတင်ဖြစ်သွားတာပါ။ ဒါက ကျွန်တော့်ရဲ့ ဒုတိယမြောက် ရုပ်ရှင်ကားကြီးပါ။ ရှေ့မှာ ရည်းစားဦးဆိုတဲ့ ရုပ်ရှင်ကားကြီးတစ်ကား ရှိပါတယ်။ 

ပထမဆုံးရုပ်ရှင်ကားကြီးနဲ့အတူ စိတ်လှုပ်ရှားမှု
ကျွန်တော့်အနေနဲ့ကရှေ့မှာ အပြိုင်အနေနဲ့ ဗီဒီယိုကား၂ကားလောက် သရုပ်ဆောင်ဖူးပေမဲ့ ဒီရည်းစားဦးရုပ်ရှင်ကားမှာ ပထမဦးဆုံးခေါင်းဆောင်အနေနဲ့ သရုပ်ဆောင်ရတဲ့ ကားဖြစ်တဲ့ အတွက် ရင်အရမ်းခုန်ပါတယ်။ အဲဒီဇာတ်ကားက ရိုမန့်ကားလေးလည်းဖြစ်တဲ့အတွက် မလုပ်နိုင်မှာစိုးတဲ့အတွက် စကားပြောတာကအစ အသံ နေအသံထားက ဘယ်လိုဖြစ်သွားမလဲဆိုတာတွေးပြီး ကြောက်ခဲ့ရတာမျိုးရှိပါတယ်။ ဘယ်ရည်းစားကို အချစ်ဆုံးလဲကားမှာကျတော့ ပေါ့ပေါ့ပါးပါးလေးဖြစ်တယ်။ ဒါပေမဲ့ပထမဆုံး သရုပ်ဆောင်ရတဲ့အခန်းမှာ ပရိသတ်တွေအမြင်လွဲအောင် ဂေးအနေနဲ့ သရုပ်ဆောင်ရတာဆိုတော့၊ မျက်လုံးကအစ ညှို့ရတဲ့အခန်းတွေပါတော့ နည်းနည်းတော့ခက်တယ်။ ထုတ်လုပ်ရေးက ကိုဂျမန်းတို့ရော၊ ဒါရိုက်တာကရော အစပိုင်းမှာပရိသတ်ကို ပေးမသိစေချင်တဲ့အတွက် ဂေးပုံစံမျိုးဖြစ်အောင် ရိုက်ရတာဆိုတော့၊ တစ်ခါမှလည်း သရုပ်မဆောင်ဖူးတဲ့ ကာရိုက်တာဆိုတော့ ကျွန်တော့်အတွက် နည်းနည်းတော့အခက်အခဲရှိခဲ့ပါတယ်။

ဇာတ်လမ်းထဲက ကာရိုက်တာ
ကျွန်တော့်အတွက် အသစ်တစ်ယောက်အနေနဲ့ ကာရိုက်တာအဆန်းတွေက စိန်ခေါ်မှုတစ်ခုပဲ။ ပထမဦးဆုံးကား ရည်းစားဦးမှာကျတော့ သွားကြည့်တဲ့ပရိသတ်တွေက ငိုကြတယ်လို့ကြားတယ်။ ပထမဆုံး အသစ်တစ်ယောက်အနေနဲ့ ကိုယ်ရိုက်ထားတဲ့ကားလေးကို ပရိသတ်တွေ ကြိုက်ကြတော့ ၀မ်းသာပါတယ်။ ဒီဘယ်ရည်းစားကို အချစ်ဆုံးလဲကားမှာကျတော့ ဟာသကားအနေနဲ့ ရိုက်ရတယ်။ အနုပညာအလုပ်မှာ တစ်လိုင်းတည်းကိုပဲမသွားချင်တဲ့အတွက်ကြောင့် ဟာသကားလေးကိုရိုက်ဖြစ်တယ်။ ရည်းစားဦးပြီးတော့ တခြား ဘာကားမှ မရိုက်ဖြစ်ဘူး။ အသစ်တစ်ယောက်အနေနဲ့ ရုပ်ရှင်ကားကြီးကို ထပ်ရိုက်ရတဲ့အခါမှာ ကျေးဇူးတင်ရမှာပါ။

ရူးရူးသွပ်သွပ်နဲ့ သရုပ်ဆောင်ချင်တဲ့ကာရိုက်တာ
စိတ္တဇဆန်တဲ့ ကာရိုက်တာမျိုးတွေ ပိုပြီး သရုပ်ဆောင်ချင်သေးပါတယ်။ ချစ်၊ ကြိုက်၊ ကွဲ၊ ညားပုံစံလေးတွေကတော့ ရိုက်ဖူးတယ်။ ဒါပေမဲ့အသစ်တစ်ယောက်အနေနဲ့ ကျွန်တော့်အတွက် အရမ်းလုပ်လို့ရမယ့် ကာရိုက်တာဆန်းဆန်းမျိုးတွေ ရိုက်ချင်တယ်။ ဇာတ်ကားတစ်ခုလက်ခံပြီဆိုရင်တော့ အပြင်နဲ့တူအောင် အ၀တ်အစား၊ ဆံပင် ပုံစံကအစ၊ အပြင်ကလူတစ်ယောက်ရဲ့စိတ်အခြေအနေဆိုရင် ဘယ်လိုရှိမလဲဆိုတာတွေနဲ့ ချိန်ပြီး ပြင်ဆင်ဖြစ်ပါတယ်။

အနုပညာခရီးအစ
မော်ဒယ်လ်အနေနဲ့ဆိုရင်တော့ ၂၀၀၉ နှစ်ကုန် ၂၀၁၀လောက်မှာ ၀င်လာဖြစ်တယ်။ ၂၀၁၂ မှာ မဟော်ဂနီရုပ်ရှင်ထုတ်လုပ်ရေးနဲ့ စာချုပ်ချုပ်ပြီးရိုက်ဖြစ်တယ်။ ကြားထဲမှာတော့ ပြဿနာလေးတွေ နည်းနည်းတက်သွားတော့ ကားရိုက်တွေကို ၂၀၁၆ လောက်မှ ပြန်ရိုက်ဖြစ်တယ်။ 

ရုပ်ရှင်ကားကြီး
ဒါရိုက်တာ ကိုဝိုင်းနဲ့ရိုက်ထားတဲ့ 3 girls ဆိုတဲ့ကားကြီးမှာ ဖွေးဖွေး၊ အိချောပို၊ ပိုင်ဖြိုးသုတို့နဲ့ သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာ ကိုစတီး နဲ့ရိုက်ထားတဲ့ ရှေ့သွားနောက်လိုက်ဆိုတဲ့ ကားရှိပါတယ်။ ဗီဒီယိုအနေနဲ့ကတော့ ရည်းစားဦးမတိုင်ခင်ရိုက်ထားတဲ့ ခေါင်းဆောင်အနေနဲ့ မဟုတ်ဘဲအပြိုင်ရိုက်ထားတဲ့ ကား ၂ကားရှိပါတယ်။ အဲဒါပြီး ဗီဒီယိုမရိုက်ဖြစ်ဘဲ ရုပ်ရှင်ကားကြီးပဲ ရိုက်ဖြစ်တယ်။ ဟိုတလောကမှ မကြည်ဖြူသျှင် ရိုက်တဲ့ ရိုမီယိုရဲ့ ရှင်မွေးလွန်းကားရယ်၊ စင်္ကာပူ
မှာ သွားရိုက်ထားတဲ့ သူယောင်မယ်လေးရဲ့ပုံပြင်နဲ့ ခုံတန်းပြာ အမှတ်၃ စုစုပေါင်း ဗီဒီယို ၅ ကား လောက်ပဲရှိပါတယ်။

Oh My Crush
အဲဒီခွေလေးက ထွက်ထားတာတစ်နှစ်ပြည့်တော့မယ်။ တစ်နှစ်ပြည့်ရင်တော့ MTV ကို ပရိသတ်တွေလက်ထဲ ချပြနိုင်အောင်ကြိုးစားနေပါတယ်။ အခုထိတော့ ရိုက်ထားတာ ၅ပုဒ်ပဲ ပြီးသေးတယ်။ ကျန်တာကိုဆက်ရိုက်ဖို့ ပြင်နေတယ်။ သီချင်းဆိုတာက ကျွန်တော်က Professional တစ်ယောက် လည်း မဟုတ်တဲ့အတွက် လိုအပ်ချက်တွေအများကြီးရှိပါသေးတယ်။ ဒီစီးရီးခွေလေး ထွက်ဖြစ်သွားတဲ့အတွက်လည်း သီချင်းဆိုတဲ့အခါ ဘာတွေလိုအပ်တယ်ဆိုတာကို သင်ခန်းစာရသွားတယ်၊ ကိုယ့်အသံကို ဘယ်လိုဆိုရင်ကောင်းလဲဆိုတာ တဖြည်းဖြည်းနဲ့ သိလာတဲ့အတွက်ကြောင့် နောက်အခွေထွက်ဖြစ်ရင်တော့ ဒီထက်ပိုကောင်းအောင် ကြိုးစားပါမယ်။ ပွဲတွေမှာ ကျွန်တော်ခင်တဲ့သူငယ်ချင်း မင်းသမီးတွေနဲ့ အတွဲသီချင်းတွေလိုက်ဆို ပေးတာလောက်ပဲရှိတာကနေ စီးရီးထုတ်ဖို့ဆို ပြီး ကိုဂျွန်လွင်တို့၊ ကိုဂျမန်းတို့နဲ့ လုပ်ဖြစ်ပေမဲ့ မထွက်ဖြစ်လိုက်ဘူး။ ပြီးတော့ စာချုပ်ကိစ္စ အမှုအခင်းတွေဖြစ်တဲ့အခါမှာ ကားဆက်မရိုက်ဖြစ်တဲ့အချိန်မှာ ကျွန်တော့်အနေနဲ့ ကြော်ငြာရိုက်လို့
ရတဲ့ပိုက်ဆံနဲ့ပဲပရိသတ်နဲ့ အဆက်အသွယ် မပြတ်သွားအောင် သီချင်းခွေထုတ်ဖြစ်ခဲ့တာပါ။ ပရိသတ်တွေက ပြောတာတော့ ကျွန်တော့်အသံက ကရုဏာသံပေါက်တယ်၊ သီချင်းအေးအေးလေးတွေနဲ့ လိုက်တယ်လို့ပြောတယ်။ 

အနုပညာလှုပ်ရှားမှုများ
ဒီနှစ်ထဲမှာ MTV ထွက်နိုင်အောင် စီစဉ်နေတယ်။ အခုလတ်တလောမှာတော့ ရုပ်ရှင်ကားကြီးတွေပဲ ဆက်တိုက်ရိုက်ဖြစ်နေတယ်။ ၂ လ ပိုင်းမှာ မဟော်ဂနီနဲ့ကားကြီး၊ ၃လပိုင်းမှာ ကိုဝိုင်းနဲ့ ရွှေကြာဆိုတဲ့ကားကြီး ဖွေးဖွေး၊ သင်ဇာဝင့်ကျော်တို့နဲ့ ရိုက်မယ်။ ၅လပိုင်းမှာ တစ်ကားရိုက်ဖို့ ရှိပါမယ်။ စာချုပ်နဲ့ကတော့ အမှုအခင်းတွေဖြစ်ပြီးကတည်းက မရိုက်ဖြစ်တော့ဘူး။ ကားအရေအတွက်နဲ့တော့ ရိုက်ဖြစ်တယ်။ တိုက်ပိုင်အနေနဲ့မရှိဘူး။ မဟာထွန်းနဲ့ ဗီဒီယိုကား၂၀ ချုပ်ထားတယ်။ ထားဝယ်နဲ့ ရုပ်ရှင်ကားကြီး ၅ကား ချုပ်ထားတယ်။

သရုပ်ဆောင်ခြင်း
ဇာတ်ကားတွေ ရိုက်နေတဲ့အချိန်မှာ သင်ဆရာ၊ မြင်ဆရာတွေနဲ့ အတွေ့အကြုံတွေ အများကြီးရတယ်။ ဇာတ်ကားတွေကြည့်တဲ့အခါမှာ အရင်တုန်းကဆိုရင် ခံစားမှုနဲ့ကြည့်တယ်။ အခုဆိုရင် ဘယ်နေရာမှာ ဘယ်လိုအမူအရာလုပ်သွားပါလားဆိုပြီး လေ့လာဖြစ်တယ်။ အခုနောက်ပိုင်းမှာ ကိုဝိုင်းနဲ့ ရိုက်ဖြစ်နေတာဆိုတော့ သူကဇာတ်ကားမရိုက်ခင်မှာ ဘယ်လိုကာရိုက်တာဆိုတာမျိုးကို သင်ပေးတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ ကံကောင်းတယ်လို့ ထင်မိတယ်။ ပထမပိုင်း ၂၀၁၄၊ ၂၀၁၅မှာ ကံဆိုးမှုတွေရှိခဲ့ပေမဲ့ ၂၀၁၆မှာ ကိုဝိုင်းတို့လို နာမည်ကြီး ဒါရိုက်တာတစ်ယောက်နဲ့ ဆုံရတယ်၊ ထားဝယ်ထုတ်လုပ်ရေး၊ မဟာထွန်းတို့လို ကုမ္ပဏီ ကောင်းတွေနဲ့ ပြန်ဆုံရတယ်၊ ကိုယ့်ကိုသရုပ်ဆောင်ပိုင်းမှာ လိုအပ်ချက်တွေကို သင်ပေးနိုင်မယ့် ဆရာကောင်းတွေနဲ့တွေ့တဲ့အတွက် ကျွန်တော့်အနေနဲ့ တော်တော်ကံကောင်းတယ်လို့ ပြောရပါမယ်။

အဆင်မပြေမှုတွေနဲ့ကြုံလာတဲ့အခါ
၂၀၁၅မှာ ဘာ အလုပ်မှမရှိဘူး၊ အလုပ်တွေ အားလုံးပျက်သွားခဲ့တယ်။ ဒီအလုပ်ကို ဆက်မလုပ်ချင်တော့ဘူး၊ နိုင်ငံခြားမှာပဲ ကျောင်း သွားတက်တော့မယ်၊ ထွက်လိုက်တော့မယ်ဆိုပြီးစဉ်းစားဖူးတယ်။ ဆက်လုပ်လို့လည်းမရတော့ဘူး၊ ကိုယ့်ကိုလည်း ဘယ်သူမှမသိသေးတဲ့ ကာလမှာ ဘယ်သူမှလည်း ခေါ်မသုံးတော့ဘူးဆိုပြီး စဉ်းစားတယ်။ နောက်ပိုင်း သူငယ်ချင်းတွေရော၊ အမေကရော ပရိသတ်နဲ့အဆက်အသွယ်ရအောင် တစ်ခုခုပြန်လုပ်ပါလားဆိုလို့ ပရိသတ်နဲ့ အဆက်အသွယ် မပြတ်အောင် Oh My Crush ဆိုတဲ့ Audio CD လေးထွက်ဖြစ်တယ်။ နောက်ပိုင်းမှာ ကံကောင်းချင်တော့ ရည်းစားဦးဆိုတဲ့ကားကြီး ရုံတင်တယ်။ ကိုဝိုင်းတို့၊ ထားဝယ်တို့နဲ့ စာချုပ်ချုပ်ဖြစ်ပြီး ကံကောင်းတယ်ပြောရမယ်။ Stress တွေလည်း အများကြီးရှိခဲ့တယ်။ တစ်ခါတလေအိပ်နေပေမဲ့ အိပ်မပျော်ဘူး၊ ငါဘာဆက်လုပ်ရင် ကောင်းမလဲဆိုပြီး အမြဲတွေးနေတယ်။ ကျွန်တော့်အနေနဲ့ကလည်း ၅နှစ် ၆နှစ်လောက် အချိန်ပေးထားခဲ့ပြီးမှ ဒီအလုပ်ကြီးကို ထွက်လိုက်မယ်ဆိုရင်လည်း ပညာရေးဘက်ကို ပြန်သွားမယ်ဆိုရင် အစကနေ ပြန်စရတော့မှာ။ ဒါကိုပဲလက်လွှတ်လိုက်ရတော့မလား ခြေတုန်ချတုန်နဲ့ ဒွိဟဖြစ်နေခဲ့တာကံကောင်းတယ်ပဲပြောရမယ်။

ကောလာဟာလ
ကောလာဟာလကို အပြင်မှာလည်း ပြောတာကြုံတယ်၊ Facebook မှာလည်း ၀ိုင်းပြီး သမုတ် ကြတာခံရတယ်။ အနုပညာသမားဆိုတာကတော့ ပရိသတ်ကဆိုးတယ်၊ ကောင်းတယ်ဝေဖန်ကြမှာပဲ၊ ချစ်တာရော၊ မုန်းတာရောရှိမှာပဲဆိုတာ သိတယ်။ ဒါပေမဲ့ စစပြောခံရတဲ့အချိန်မှာတော့ လူငယ်တစ်ယောက်အနေနဲ့ feel ဖြစ်တယ်။ တစ်ခါတလေကြားပြီးသွားရင် မစားနိုင်၊ မအိပ်နိုင်နဲ့ အရမ်းခံစားတယ်။ နောက်ပိုင်းကျတော့ အကောင်း ဘက်ကထောက်ပြတာမျိုးဆိုရင် ကျွန်တော်ယူတယ်၊ ပြင်သင့်တာဆိုပြင်တယ်၊ ဒါမှမဟုတ် အဆိုးမြင်ဘက်ကပြောတာမျိုးဆိုရင် ခေါင်းထဲမှာ မထည့်တော့ဘူး။

ပင်ကိုယ်စိတ်
ကျွန်တော်က အနေအေးတဲ့အထဲမှာ ပါတယ်၊ စကားလည်းအရမ်းမပြောဘူး။ ဒါပေမဲ့ ဒေါသလည်းကြီးတယ်၊ ဒေါသထွက်ပြီဆိုရင်လည်း တစ်ခုခုဆို ထိန်းမရအောင်ထွက်တတ်တယ်။ ဒီ အနုပညာအလုပ်ကို စလုပ်တဲ့အချိန်မှာ အသက် ၁၇ကျော်ကျော်လောက်ပဲရှိသေးတော့ လူတွေ အကြောင်းလည်းမသိဘူး၊ အရင်ကတည်းကအနေ အေးတာဖြစ်တဲ့အတွက်ကြောင့် စကားလည်း သိပ်မပြောတတ်ဘူး၊ ဒေါသလည်းကြီးတယ်၊ ဒေါသထွက်ရင်ဒေါသထွက်တဲ့အလျောက် တုန့်ပြန်လိုက် 
တာပဲရှိတယ်။ အခုနောက်ပိုင်းကျတော့ လုပ်ငန်းအရရော၊ အတွေ့အကြုံအရရော စကားအရမ်းများ လာတယ်၊ အလာပသလာပပြောတတ်လာတယ်၊ ဒေါသကိုမြန်မြန်ပြန်ပြီး ဖျောက်နိုင်လာတယ်၊ ချက် ချင်းမျက်နှာပျက်မသွားဘူး၊ ထိန်းနိုင်လာတယ်။

မိမိကိုယ်ကိုယ်သုံးသပ်မိသလောက်
ရောက်ချင်တဲ့နေရာကို ရောက်ဖို့အထိတော့ အများကြီး ကြိုးစားရဦးမယ်။ အရင်နှစ်တွေနဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ စစလုပ်ချင်းအချိန်တွေကထက် လူနည်းနည်းသိလာတယ်၊ အဲဒီအတွက် ပျော်တယ်၊ ဒါပေမဲ့ ၂၀၁၄၊ ၂၀၁၅လောက်မှာ ပြဿနာနည်းနည်းဖြစ်သွားတဲ့အတွက် အဲဒီအတောအတွင်းကလွဲလို့ ကျန်တာတွေကကိုယ်တိုင်ကြိုးစားပြီး လုံ့လ၀ိရိယထုတ်ခဲ့တဲ့အတွက် ပရိသတ်က တစ်နေရာပေးလာတာကိုတော့ ရတယ်၊ ဒါပေမဲ့ အောင်မြင်ဖို့၊ ပရိသတ်အများကြီးသိဖို့ ကြိုးစားရဦးမှာပါ။

အောင်မြင်မှု
ကိုယ်စေတနာထားပြီး လုပ်လိုက်တဲ့အရာတစ်ခုက ပရိသတ်လက်ခံအားပေးတယ်ဆိုရင် အောင်မြင်တယ်လို့ပြောလို့ရတယ်၊ ကျွန်တော် လုပ်တဲ့အလုပ်တိုင်းမှာ တခြားသူအတွက်ေ တွးပေးပြီးလုပ်တယ်၊ အကောင်းဆုံးစေတနာပါပါနဲ့ လုပ်ပါတယ်။

အချစ်ရေး
အချစ်ရေးအတွက်ကို အချိန်မပေးနိုင်သေး ပါဘူး။ ကျွန်တော်ကလောဘကြီးတယ်၊ ကျွန်တော်လုပ်နေတဲ့အလုပ်ကိုပဲ အောင်မြင်ချင်တယ်၊ အဲဒီအပေါ်မှာပဲ Attention ရှိတယ်။ အလုပ်တစ်ခုခု အဆင်မပြေဘူးဆိုရင် အိပ်တောင်မပျော်တဲ့သူဆိုတော့ အိပ်ခါနီးဆိုရင် နဖူးပေါ်လက်တင်ပြီး စဉ်းစားတယ်၊ ငါဒီနေ့ဘာတွေလုပ်ခဲ့တယ်၊ ဒါဆိုရင် နည်းနည်းလွန်သွားတယ်၊ ဒါဆိုရင်တော့ ပြင်သင့်တယ်ဆိုပြီးတွေးတော့ အဲဒီအချစ်ရေးဘက်မှာ သိပ် မစဉ်းစားဖြစ်သေးဘူး။ အမှန်အတိုင်းပြောရင် အတ္တကြီးတယ်၊ တစ်ကိုယ်ကောင်းဆန်တယ်ပေါ့။ ထွေထွေထူးထူး ပြောစရာမရှိသေးပါဘူး။ တစ်ယောက်တည်းပါပဲ။

ပရိသတ်အတွက်
ဒီနှစ်ထဲမှာ ဖေဖော်ဝါရီကစပြီး ကျွန်တော်ရုပ်ရှင်ကားကြီးတွေပဲ လက်ခံထားပါတယ်။ ကြားထဲမှာ စီးရီးတစ်ခုရိုက်ဖို့ ကမ်းလှမ်းထားပါတယ်။ ကြော်ငြာတွေလည်း ကြိုကြား ကြိုကြားရိုက်ဖြစ်သလို ကျွန်တော့် MTV အတွက်လည်း အချိန်ပေးပြီး 
ရိုက်နိုင်အောင် ကြိုးစားနေပါတယ်။ ၂၀၁၆ကနေ စပြီး ၂၀၁၇မှာ ကံကောင်းတဲ့အရှိန်လေးနဲ့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်နေရတဲ့အတွက် သီချင်းခွေကို အချိန်ပေးနိုင်အောင်လည်းလုပ်နေပါတယ်။

Photo - Aung Kyaw Tun
Outfits - 00:55