Primary tabs

အိပ်မက်များကို ထုဆစ်ကြသူများ...

လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြတယ်။ မိမိတို့ရဲ့ အိပ်မက်တွေကိုလည်း မိမိတို့ကိုယ်တိုင်အကောင်းဆုံး ပုံဖော်ကြတယ်။ ဒီလိုပဲ ကိုယ်ဝါသနာပါတဲ့ ဂီတခရီးလမ်းမှာ အကောင်းဆုံးဖြစ်အောင် သူတို့ရဲ့ အိပ်မက်တွေကို ထုဆစ်ပုံဖော်နေကြတဲ့ တေးသံရှင်တွေလည်း ရှိကြတယ်။ သူတို့တွေက တော့ Myanmar Idol ကနေတဆင့် ထွန်းတောက်လာတဲ့ ကြယ်ပွင့်လေးတွေဖြစ်တဲ့ စောလားထော်ဝါး၊ နင်ဇီမေ နဲ့ M ဇော်ရိန်တို့ပါ။ သူတို့တွေကရော သူတို့ရဲ့ စိတ်ကူးအိပ်မက်တွေကို ဘယ်လိုစိတ်ကူး တွေနဲ့ ထုဆစ်ပုံဖော်နေကြလဲ...

ဂီတခရီးလမ်းကို ရိုးသားစွာနဲ့ လျှောက်လှမ်းသွားမယ် Saw Lar Htaw Wah
Hair & Makeup - Richard

လတ်တလောအနုပညာလှုပ်ရှားမှု
ကျွန်တော် အခုရှိုးပွဲတွေဆိုဖြစ်တယ်၊ ရန်ကုန်ပွဲတွေထက် နယ်ပွဲတွေပိုများတယ်။ ကျွန်တော့်ရဲ့ မင်းသိနိုင်မလားအယ်လ်ဘမ်ကို MTV ရိုက်နေပါတယ်။ Audio CD က ကျွန်တော့်ရဲ့ မွေးနေ့စက်တင်ဘာလ ၁၁ရက်နေ့မှာ ထွက်ခဲ့တယ်။ ပရိသတ်တွေက အားပေးကြပါတယ်။ ဒီခွေထဲမှာ သီချင်းအေးလေးတွေများတယ်၊ ပေါက်ပြီးသား သီချင်းဟောင်းလေးတွေ ပြန်ဆိုကြတော့ လူကြီးတွေက ပိုပြီးအားပေးကြတယ်။ တချို့ ပရိသတ်တွေကသီချင်းအေးတွေ များတယ်ဆိုတော့ သီချင်းမြူး 
မြူးလေးတွေ ပါစေချင်ကြတယ်။ ပရိသတ်တွေလည်း ကြိုက်ကြသလိုသီချင်းတွေလည်း တောင်းကြပါတယ်။

မင်းသိနိုင်မလား တစ်ကိုယ်တော်ခွေ
Myanmar Idol ပြိုင်ပွဲပြီး တစ်လလောက်မှာ သီချင်းခွေလုပ်ဖြစ်တာပါ။ ဒီခွေလေးကို Myanmar Idol က Winner တစ်ယောက်အနေနဲ့ စီစဉ်ပြီးထုတ်ပေးတာပါ။ သီချင်းတွေကို Online ကနေ တေးရေးဝါသနာပါတဲ့ သူတွေကိုကြေငြာပြီးရွေးတယ်။ အဲဒါကိုမှ Music Director က သီချင်းတွေရွေးပြီး ၀ယ်တဲ့သီချင်းတွေဝယ်တယ်၊ တေးရေးဆရာဆီအပ်တဲ့သီချင်းအပ်တယ်၊ သီချင်းဟောင်းတချို့ပြန်ထည့်ပြီး လုပ်ဖြစ်တာပါ။

ဝါသနာ
ပြိုင်ပွဲမပြိုင်ခင် အရင်ကတည်းက ဂီတကို ၀ါသနာပါတယ်၊ အိမ်မှာလည်း တီးတယ်၊ ဆိုတယ်။ ဇာတိက ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်ကပါ။ ဂီတအသိုင်းအ၀ိုင်းမရှိပေမဲ့ ငယ်ငယ်လေးကတည်းက Sunday School တက်တော့ ကလေးတွေကို Music သင်ပေးတဲ့ဆရာတို့၊ Instrument တို့ အဲဒါတွေနဲ့က အမြဲတမ်းနီးစပ်နေတဲ့အရာတွေပါ။ ၂၀၁၁ ကျော်လောက်မှာ ရန်ကုန်မှာလာပြီး ဂီတတံခါးလေးဖွင့်ပါဦး သီချင်းဆိုပြိုင်ပွဲမှာ ပြိုင်တယ်။ ပထမရခဲ့တယ်။ အဲဒီနောက်မှာအိမ်မှာပဲနေပြီး သီချင်းတွေ လေ့ကျင့်တယ်။ နောက်ပြီး သံစဉ်လမ်းက လင်းလက်ကြယ် သီချင်းဆိုပြိုင်ပွဲကို ပြိုင်ခဲ့တယ်။ တေးသံရှင်ဂရေဟမ်ရဲ့သီချင်းကို ပြိုင်တာ The Best of Graham ရခဲ့တယ်။ ၂၀၁၆မှာ Myanmar Idol ပြိုင်ပွဲဝင်ပြိုင်ခဲ့တာပါ။

Myanmar Idol
Myanmar Idol ပွဲကို ပထမဆုံးသိတာက အမေပါ။ သူက FM ကနေ နားထောင်ပြီး ကျွန်တော့်ကိုပြိုင်စေချင်လို့ထင်တယ် ဦးလေးကိုပြောတော့ ဦးလေးကတဆင့် ကျွန်တော့်ကိုပြောတယ်။ နောက်  ကျတော့ ဒီ Myanmar Idol Board တွေ ထောင်တာတွေ့တယ်။ MNTV ကနေလွှင့်တာတွေ့တယ်။ ပထမတော့ ကျွန်တော်မပြိုင်ဘူး၊ တခြားသီချင်းဆို ပြိုင်ပွဲတွေလည်းရှိတော့ ဆုံးဖြတ်ချက်မချရသေးဘူး။ တစ်ဖက်မှာလည်း ကျွန်တော်သံစဉ်လမ်းက လင်းလက်ကြယ်မှာ ပြိုင်နေတာ Myanmar Idol သွားရင် ပြိုင်လို့မရတော့ဘူး။ နောက်တော့ ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တယ်။ Myanmar Idol ကိုပဲ သွားပြိုင်မယ်လို့ တော်တော်လေးကိုအချိန်ပေးပြီ ဆုံးဖြတ်ချက်ချခဲ့ရတယ်။ လမ်းတစ်ဝက်မှာ မပါဘဲနဲ့အိမ်ပြန်ရမယ်ဆိုတော့ တော်တော်ဆုံးဖြတ်ခဲ့ရတယ်၊ ဆုတွေတောင်းတယ်။ အဲဒီလို နဲ့ပဲ ပြိုင်ဖြစ်သွားတာပါ။ ပြိုင်ပွဲ တောက်လျှောက်မှာလည်း Stress တွေရှိခဲ့သလို အခုအချိန်အထိလည်း Stress က ရှိတုန်းပဲ။ လွတ်လွတ်လပ်လပ်ဆိုရတဲ့ပွဲတွေဆို  ဘာမှ
မဖြစ်ပေမဲ့ ရိုက်ကူးရေးတို့၊ တစ်ခုခုရှိတဲ့ပွဲတွေဆို စိတ်လှုပ်ရှားပြီး ရင်ခုန်တယ်။ အရင်ကဆိုရင် ကိုယ်က သာမန်လူတစ်ယောက်ဆိုတော့ အေးအေးဆေးဆေးလွတ်လွတ်လပ်လပ် ကိုယ်သွားချင်တဲ့နေရာသွားတယ်၊ ကိုယ့်ကိုလည်း ဘယ်သူမှ မသိဘူးပေါ့။ အခုပြိုင်ပွဲပြီးသွားတဲ့အချိန်ကျတော့ လူနည်းနည်းသိတဲ့သူရှိလာတော့ အနေအထိုင်၊ အသွားအလာက သတိထားရတယ်။ ဒါပေမဲ့လည်း ကိုယ်ဝါသနာပါတဲ့ သီချင်းဆိုတဲ့ အလုပ်ကိုလုပ်ရတယ်ဆိုတော့ ကျေနပ်ပါတယ်။

စီနီယာတွေနဲ့အတူ ဆိုရတဲ့ခံစားချက်
အခုနောက်ပိုင်းမှာ ပွဲတွေတော်တော်များများမှာ စီနီယာတွေနဲ့အတူ ဆိုရတာတွေများလာ တာက ပွဲငှားတဲ့သူတွေကဆိုဖို့  ငှားတာကြောင့်ပါ။ ကိုယ်ကြိုက်ခဲ့တဲ့ အဆိုတော်တွေနဲ့တွဲဆိုရတာတွေ၊ ကိုယ်လုံးဝ မထင်မှတ်ထားတာတွေဆိုတော့ အရမ်း ၀မ်းသာတယ်၊ အရမ်းပျော်တယ်။ နောက်လာမယ့်ဂီတ၊ ရုပ်ရှင် နှစ်တစ်ရာပြည့်မှာဆိုလည်း အန်တီမေဆွိတို့၊ မြန်မာပြည်သိန်းတန်တို့လည်း ပါတယ်ဆိုတော့ တစ်ချိန်က ကိုယ်ပြိုင်ပွဲဝင်တုန်းက Judge လုပ်ခဲ့တဲ့သူတွေနဲ့ သီဆိုရတဲ့အတွက် ၀မ်းသာပီတိဖြစ်မိပါတယ်။

We Love Saw Lar Htaw Wah
ကျွန်တော့် Fund တွေကို ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်။ ဘယ်ပွဲမဆို သူတို့ကြားပြီဆို တက်ညီလက်ညီနဲ့ လာအားပေးကြတယ်။ ဘယ်မှာဆိုရမယ်ဆိုတာ သိပြီဆို သူတို့လူစုပြီး လာအားပေးကြတယ်။ သူတို့အားပေးလို့ ကျွန်တော်ဆုရခဲ့တာဖြစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြိုင်ပွဲတုန်းကတော့ Winner ဖြစ်မယ်လို့ ကိုယ့်ကိုယ်ကိုယ်လည်း မမှန်းရဲဘူး။ ဒါပေမဲ့လည်း ပရိသတ်ရဲ့အားပေးမှုကြောင့်ရော၊ ဘုရားပေးမှုကြောင့်ရော ဒီဆုရခဲ့တယ်လို့ ယုံကြည်ပါတယ်။ အရင်ကတော့ ကျွန်တော်နာမည်ကြီးတဲ့ အဆိုတော်တစ်ယောက်ဖြစ်ချင်လို့ ဆုတောင်းတယ်။ ဒါပေမဲ့လည်း မမှန်းရဲဘူး၊ ကိုယ်မှန်းထားတာဖြစ်မလာရင် ပိုပြီးစိတ်မကောင်းဖြစ်ရမှာဆိုးလို့ ကိုယ့်အသိုင်းအ၀ိုင်းမှာပဲ လားလားသီချင်းဆိုတယ်ဆိုတာ သိရင်ပဲ ကျေနပ်တယ်။ ဒါပေမဲ့ ကျွန်တော့်ဆုတောင်းပြည့်တယ် ပြောရမယ်။

ပရိသတ်အတွက်
ကျွန်တော့်ကို Myanmar Idol ပြိုင်ပွဲမှာ စပြီးအားပေးခဲ့တဲ့ ပရိသတ်တွေရော၊ ဂီတတံခါးလေးဖွင့်ပါဦး၊ သံစဉ်လမ်းက လင်းလက်ကြယ်တို့မှာ အားပေးခဲ့တဲ့သူတွေရော သူတို့အားပေးလို့ ကျွန်တော်ဒီနေရာကို ရောက်ခဲ့တာပါ။ ဆက်လက်ပြီးတော့လည်း အရင်ကအားပေးသလို အားပေးပါဦး၊ ကျွန်တော်လည်း အကောင်းဆုံးဖြစ်အောင် ရိုးသားစွာနဲ့ ဂီတလမ်းကိုဆက်ပြီး လျှောက်လှမ်းသွားမှာပါ။ သီချင်းအသစ်တွေလည်း ဆက်လက်ပြီးချပြသွားမှာပါလို့ ပြောချင်ပါတယ်။

ပရိသတ်ကို အသစ်တွေပဲ ပေးချင်တယ် Nin Zi May
Makeup & Hair - Pauk Si (Taw Win Thu May Oo Maung)
Dress - Nichii Myanmar

လတ်တလော
ခုတလောရှိုးပွဲတွေ ဆိုဖြစ်နေတာများတယ်။ အွန်လိုင်းမှာ MTV နဲ့တွဲပြီး Fund တွေအတွက်၊ ပရိသတ်အတွက် တင်ဖို့ သီချင်းတစ်ပုဒ်လုပ်နေတယ်။ တေးရေးဆရာ ရန်ပိုင်ရေးပေးထားတာပါ။ ပြိုင်ပွဲကသီချင်းပုံစံနဲ့တော့ နည်းနည်းကွဲထွက်နေတယ်၊ နင်ဇီကြိုက်တဲ့ပုံစံလေး၊ နင်ဇီနဲ့လိုက်ဖက်မယ့်ပုံစံလေးပါ။ Rock ဘက်သွားတဲ့ပုံစံလေးပါ။ နင်ဇီဆိုထားတဲ့သီချင်းတွေက ၄ ပုဒ်မှာ အချစ်ကအမှား၊ ချစ်နေရရင်ပဲ နှစ်ပုဒ်က တစ်ယောက်တည်းဆိုထားတာ၊ Featuring က ကိုရဲလေးနဲ့ဆိုထားတဲ့ ဟိုအရင်ကလိုနဲ့ ကိုသိန်းလင်းစိုးနဲ့ ဆိုထားတဲ့သီချင်းတစ်ပုဒ် အဲဒီသီချင်းလေးတွေက နင်ဇီဆိုထားပြီးတဲ့ သီချင်းလေးတွေပါ။ နောက်ပြီး ကိုစည်သူလွင်နဲ့ဆိုထားတာ နှစ်ပုဒ်၊ ကိုကောင်းမြတ်လေးနဲ့ ဆိုမှာလေးတွေ ရှိပါတယ်။

Myanmar Idol
နင်ဇီ ဒီ Myanmar Idol ကို ပြိုင်ဖြစ်တာက အဲဒီကြော်ငြာကို အမေကတွေ့ပြီး နင်ဇီ့ကိုပြော ပြတယ်။ အဲဒီမှာနင်ဇီကြည့်လိုက်ပြီး ဒီMyanmar Idol က MNTV ကစီစဉ်တဲ့ပွဲလေး၊ MNTV တို့   MITV တို့ကိုလည်း အရမ်းကြိုက်လို့ ကြည့်ဖြစ်တယ်ဆိုတော့ စိတ်ထဲမှာ အရမ်းပြိုင်ချင်စိတ်ပေါ်လာပြီး အမေကလည်း အားပေးတော့ သွားပြိုင်ဖြစ်တယ်။ Broadcasting ပြီးဖို့ တစ်ရက်၊ နှစ်ရက်အလိုလောက်မှ မြန်မြန်လျှောက်လွှာတင်ပြီး ပြိုင်ဖြစ်သွားတယ်။ နင်ဇီက စကားမပီတာရယ်၊ Pressure ပိတာရယ်၊ ပင်ပန်းတာရယ်၊ လူကျန်းမာရေးထိတာရယ်၊ အသံထိတာရယ် အခက်အခဲလေးတွေရှိခဲ့ပါတယ်။ အဓိကကတော့ စကားမပီတာ၊ စကားလုံးသွားတာတွေရယ်ကို အန်တီထရေစီတို့၊ ကိုဥက္ကာဦးသာတို့က သေချာလေးပြောပြတယ်။

 

ဝါသနာ
ဇာတိက ပြင်ဦးလွင်ကဆိုတော့ ပွဲတွေရှိရင် ငယ်ငယ်ကတည်းက သီချင်းတွေဆိုဖြစ်တယ်။ Band တွေလည်းရှိတယ်ဆိုတော့ နင်ဇီတို့ ညီအစ်မနှစ်ယောက်ကို Band တွေကခေါ်ပြီး ဆိုဖြစ်တယ်။ ကျောင်းတက်နေတဲ့ အချိန်အတွင်းမှာ ကျောင်း
တွင်းသီချင်းဆိုပြိုင်ပွဲတို့၊ ပြင်သစ်သီချင်းဆို ပြိုင်ပွဲတို့၊ ကိုရီးယားသီချင်းဆိုပြိုင်ပွဲတို့မှာ အမြဲပြိုင်ဖြစ်တယ်။ အရမ်းတော့ အဆိုတော်ဖြစ်ချင်ခဲ့တယ်။ အဆိုတော်မျိုးရိုးတော့မရှိပေမဲ့ မဆိုင်းဇီနဲ့တော့ အမျိုးနည်းနည်းနီးတယ်လို့ ပြောလို့ရတယ်။ အဖေက သီချင်းဆိုတယ်၊ ကတယ်ဆိုတော့ ငယ်ငယ်ကတည်းက သူ့သွေးပါတာဖြစ်မယ်။ နင်ဇီတခြားရုံး အလုပ်တွေ ကျောင်းတက်ရင်းနဲ့လုပ်ပေမဲ့ ကိုယ်နဲ့ အဆင်မပြေဘူး၊ အနုပညာလောကမှာ နေရာတစ်နေရာရလာလိမ့်မယ်လို့လည်း မယုံကြည်ရဲခဲ့ဘူး။ နင်ဇီက ဆူဆူညံညံနဲ့ဆိုရတဲ့ သီချင်းမျိုးတွေ၊ Rock သီချင်းမျိုးတွေ အရမ်းကြိုက်တယ်။ Rock နဲ့ ပတ်သက်တဲ့ သီချင်းတွေ ပိုဆိုချင်တယ်။  အဆိုတော်တွေရဲ့ သီချင်းရေးတဲ့ပုံတွေ၊ Music Arrangement တွေ၊ Sound System တွေ၊ Music အပေါ်မှာ ခံယူချက်တွေ အစအဆုံးလေ့လာတယ်။ အဓိကထားပြီးကြည့်ပါတယ်။ သီချင်းရေးတာ ၀ါသနာပါပေမဲ့ ပါရမီမပါဘူး။ ရေးထားတာတွေရှိပေမဲ့ ကိုယ့်ဘာသာကိုယ် စိတ်တိုင်းမကျဘူး။ ကြိုးစားနေဆဲ ပါပဲ။ 

အနုပညာသက်တမ်း
ပြိုင်ပွဲစ၀င်ခဲ့တဲ့အချိန်နဲ့ဆိုရင် အနုပညာသက်တမ်းတစ်နှစ်ကျော်သွားပြီ။ ဒီအတောအတွင်းမှာ ပရိသတ်တွေလည်းရလာတယ်၊ ကိုယ်လုပ်ချင်တဲ့အလုပ်ကိုလုပ်ဖို့အတွက် အခွင့်အလမ်းလေးတွေပေါ်လာတယ်၊ ပြိုင်ပွဲကနေတက်လာတဲ့ ကလေးတွေဆိုပြီး အထင်သေးတာတွေမရှိဘဲ နင်ဇီတို့ကို အနုပညာလောကအသိုင်းအ၀ိုင်းမှာ ကိုယ့်ရဲ့စီနီယာတွေကအစ ဖေးဖေးမမနဲ့ လက်ခံပေးကြတယ်ပါတယ်။

နင်ဇီမေရဲ့Fund
နင်ဇီတို့ အနုပညာသမားတွေအတွက် အဓိက က Fund တွေပါပဲ။ ကိုယ်ကသီချင်းဆိုတတ်ပေမဲ့ ဆိုပြရမယ့်သူရှိဦးမှလေ၊ ကိုယ့်ရဲ့အနုပညာကို ချစ်ပေးတယ်၊ လေးစားပေးတယ်ဆိုတော့ သူတို့နဲ့ တွေ့ရတာ၊ ကိုယ့်ရဲ့အနုပညာကို ချပြရတာ အရမ်းဝမ်းသာပါတယ်။

ရှိုးပွဲများ
ရှိုးပွဲတွေကတော့ ရန်ကုန်၊ ဖားကန့်၊ မြစ်ကြီးနား၊ တောင်ကြီး၊ မန္တလေး၊ ကျောက်ဆည်၊ မကွေးတော်တော်များများ မြို့တွေမှာ ဆိုဖြစ်ပါတယ်။ ရှိုးတွေမှာတော့ နင်ဇီပြိုင်ပွဲမှာ ဆိုခဲ့တဲ့သီချင်းတွေနဲ့ ထွက်ထားတဲ့သီချင်းတွေကို ပရိသတ်တွေ တောင်းကြတယ်။ 

အနုပညာရှင်တစ်ယောက်ဖြစ်သွားတဲ့အခါ
အစတုန်းကတော့ ပြိုင်ပွဲဝင်၊ နောက်ကျတော့ အနုပညာရှင်ဆိုပြီး ပရိသတ်ကလက်ခံပြီး အသိအမှတ်ပြုသွားတဲ့ အခါကျတော့ ပိုပြီး တာဝန်ကြီးသွားတာပေါ့။ အနုပညာရှင်လို့ခံယူထားတဲ့သူ တစ်ယောက်အတွက်က မာနကြီးသွားဖို့လည်း မဟုတ်ဘူး၊ ဘ၀င်မြင့်ဖို့လည်းမဟုတ်ဘူး။ ကိုယ့်ရဲ့အနုပညာအားလုံး၊ အရာအားလုံးကို ပရိသတ်ကို ပေးထားရမှာပါပဲ။ အနုပညာရှင်ဆိုတဲ့အရာကို အရေးကြီးတယ်လို့ခံယူထားတယ်၊ ကိုယ့်ဆီက ထွက်လာတဲ့ အစစ်အမှန် တွေကိုပဲ ပေးချင်တယ်။ ပိုပြီးတာဝန်ကြီးလာတယ်၊ ပိုပြီးတော့မှ ကြိုးစားရ မယ်ဆိုတဲ့စိတ်က အမြဲတမ်းဝင်နေပါတယ်။

မိမိကိုယ်ကိုယ်သုံးသပ်မိတာ
လူမှုဆက်ဆံရေးပိုင်း၊ သီချင်းအဆိုပိုင်း၊ ပြီးတော့ ပြိုင်ပွဲဝင်ကလာတဲ့သူတစ်ယောက်အနေနဲ့ရော၊ ကိုယ်လုပ်ချင်တဲ့သီချင်းကို ချပြရမယ်ဆိုတဲ့အပိုင်း အဲဒါတွေကိုအမြဲတမ်းတွေးပြီး လုပ်ဖြစ်ပါတယ်။ အသစ်တွေကိုပေးချင်ပေမဲ့ ပြိုင်ပွဲတုန်းက ကိုယ့်ကိုပရိသတ်တွေ လက်ခံတဲ့ပုံနဲ့ ကိုယ်တကယ် လုပ်တဲ့အခါမှာ သူတို့နားထောင်ရတဲ့ Taste ကို ကွဲပြားသွားအောင် မလုပ်ချင်ဘူး။ အလွမ်း၊ အဆွေး သီချင်းလေးတွေ နားထောင်ရတာထက် အသစ်ကို ပေးချင်တယ်။

ကောလာဟလ
အမေနဲ့ အစ်မက Facebook မှာ တွေ့တော့ နင်ဇီ့ကိုလာပြတယ်။ ဒီမှာပြောနေတယ်ပေါ့။ မဟုတ်မှန်းသိတော့ အရမ်းကြီးလည်း စိတ်မပူကြ ဘူး။ ရယ်ပဲရယ်နေကြတာ။ ကိုရဲလေးကလည်း နင်ဇီတို့ကို ပြိုင်ပွဲဝင်ကတည်းက ဂျူနီယာတွေအနေနဲ့ အားပေးတယ်။ သူသီချင်းရေးထားတယ်၊ ကျန်တဲ့သူတွေနဲ့လည်းဆိုမယ်၊ သူ့ခွေထဲမှာပါတဲ့ နင်ဇီတို့ ၄ ယောက်ကတော့ အရင်ဆိုပြီးတော့ ပြိင်ပွဲဝင်ကတည်းက ဘယ်သူ့အတွက်ဆိုပြီး ရေးထားတဲ့သီချင်းတွေကို ပြတယ်။ 

ပရိသတ်အတွက်
ရှိုးပွဲတွေ အဓိကထားပြီး ဆိုဖြစ်ပါတယ်။ ၂၀၁၇ ထဲမှာ နင်ဇီရဲ့အယ်လ်ဘမ်ကိုအဓိကထားပြီး ပြီးအောင်လုပ်မယ်။ ပရိသတ်ကြီးကို ချပြပါမယ်။

ပရိသတ်သတ်မှတ်ပေးတဲ့ တန်ဖိုးနဲ့ ညီအောင်နေတယ် M Zaw Rain
Hair & Makeup - Richard

လတ်တလောလှုပ်ရှားမှု
စီးရီးခွေပြီးသွားတော့ ပွဲတွေပြန်ဆိုဖြစ်တယ်။ ခွေတုန်းက ခွေအတွက်ပဲနည်းနည်းအာရုံ စိုက်နေတဲ့အတွက် ပွဲတွေခဏနားထားတယ်။ နောက်ထပ် VCD အတွက်လည်း ကြိုးစားနေပါတယ်။ တစ်ကိုယ်တော် Audio CD က ဒီဇင်ဘာ ၁၅က ထွက်ထားတာပါ။ စီးရီးလုပ်ချင်နေတာကြာပြီ လုပ်ဖြစ်တာကတော့ ၉လပိုင်းလောက်ကမှ စပြီး လုပ်ဖြစ်ခဲ့တာပါ။ သီချင်းတွေကတော့ ပြိုင်ပွဲပြီးကတည်းက စပြီးရေးဖြစ်ခဲ့တာပါ။ အချိန်ယူပြီးသေချာလုပ်ချင်ပေမဲ့လည်း ပရိသတ်လက်ထဲကို အမြန်ဆုံးထည့်ချင်တာရယ်၊ ကိုယ်ပိုင်သီချင်းလေးတွေရချင်တာရယ်၊ နဂိုကတည်းကလည်း သီချင်းတွေကြိုပြီး ရွေးချယ်ခဲ့တာရယ်၊ Hy Bird Music Band က အစ်ကိုတွေရယ် ညှိနှိုင်းပြီး အဆင်ပြေအောင်လုပ်ခဲ့တဲ့အတွက် အမြန်ဆုံးထွက်ခဲ့တာပါ။ ကျွန်တော်တို့က ပြိုင်ပွဲပြီးသွားပေမဲ့ ကိုယ်ပိုင်သီချင်းမရှိတဲ့အတွက် ကိုယ့်သီချင်းကိုယ်ဆိုပြချင်တဲ့ ခံစားချက်လေးလည်းရှိတယ်၊ ပရိသတ်ကချက်ချင်းကြီးသိတာ၊ မသိတာထက် အချိန်အတိုင်းအတာတစ်ခုမှာ သူ့ဟာနဲ့သူ သိသွားမယ်ဆိုတဲ့ စိတ်နဲ့ ခွေလေးထုတ်ဖြစ်ခဲ့တာပါ။ Myanmar Idol က ထုတ်ခဲ့တဲ့ခွေရယ်၊ တစ်ချိန်တုန်းကတက္ကသိုလ်ခွေရယ်၊ သင်္ကြန်သီချင်းခွေရယ်တွေမှာ ဆိုထားပါတယ်။

စိတ်
ကျွန်တော့်ရဲ့ တစ်ကိုယ်တော် စိတ် ဆိုတဲ့ စီးရီးလေးထွက်ထားပါတယ်။ ထွက်ထားတဲ့ အချိန်ကာလတစ်ခုကလည်း နည်းသေးတဲ့အတွက် ကျွန်တော့်သီချင်းတွေကို တချိုသိတဲ့ ပရိသတ်တွေလည်း သိကြတယ်။ ကျိုင်းတုံပွဲမှာဆို ကျွန်တော့်သီချင်းတွေကို ပရိသတ်တွေထဲက တောင်းကြတာ ကြားရတော့ ၀မ်းသာပါတယ်၊ အချိန်တိုလေးအတွင်းမှာ သိကြတဲ့အတွက်လည်း ကျေနပ်ပါတယ်။ ဒီခွေလေးက ကိုယ့်ဘာသာကိုယ်ထုတ်ခဲ့ရတဲ့ ခွေလေးလည်းဖြစ်တဲ့အတွက် အခက်အခဲလည်း 
အများကြီးရှိပါတယ်။ ကျွန်တော်ပိုက်ဆံရှိလို့ ထုတ်တာလည်းမဟုတ်ပါဘူး၊ ကျွန်တော်ပြိုင်ပွဲတုန်းက ရခဲ့တဲ့ဆုကြေးကိုလည်း မသုံးဘဲစုထားပြီး ပြိုင်ပွဲပြီးတော့ ပွဲတွေလိုက်ဆိုတဲ့အခါမှာ ရတဲ့ပိုက်ဆံတွေကို စုထားတာတွေနဲ့ ခွေလေးထုတ်ဖြစ်ခဲ့တာပါ။ ကိုယ့်ဘာသာကိုယ် လုပ်ရတဲ့အခါကျတော့ မသိတာတွေ၊ နားမလည်တာတွေ၊ မှားယွင်းတာတွေနဲ့ စိတ်အရမ်းလည်းပင်ပန်းခဲ့ပါတယ်။ တစ်ခါတလေကျတော့လည်း စိတ်ဓာတ်ကျမိပေမဲ့ အားယူပြီး ဆက်လုပ်ခဲ့တယ်၊ ကိုယ်လုပ်မယ့် သီချင်းတွေကို သေချာပြန်နားထောင်ပြီး အားယူတယ်။ ကိုယ့်ကိုအားပေးတဲ့ ပရိသတ်တွေရဲ့ စကားသံတွေကိုနားထောင်ပြီး အားယူခဲ့ရပါတယ်။ သီချင်းခွေနဲ့ ပတ်သက်ပြီး အများကြီးလည်းမမျှော်လင့်ထားရဲပေမဲ့ ပြန်ကြားရတဲ့ Feed back လေးတွေလည်းကောင်းတဲ့အတွက် ၀မ်းသာပါတယ်။ ကျွန်တော် ပြန်လာတဲ့ကျိုင်းတုံပွဲမှာဆို သီချင်းဆိုပြီးနောက် တစ်ရက်မှာ လျှောက်လည်ကြတော့ သွားလည်တဲ့နေရာမှာ Trip ထွက်လာတဲ့သူတွေက Box ကြီးနဲ့ဖွင့်နေတာ ကျွန်တော့်သီချင်းဖြစ်နေတဲ့ အတွက် အရမ်းစိတ်လှုပ်ရှားသွားတယ်။ အဲဒီခံစားချက်လေးက ပြောမပြတတ်အောင် ပျော်တယ်၊ ပီတိလည်းဖြစ်မိပါတယ်။ အွန်လိုင်းမှာ ရောင်းတဲ့သီချင်းလေးတွေလည်း ရောင်းအားအ ကောင်းဆုံးနေရာမှာ ရောက်လာတဲ့အတွက် အားပေးတဲ့ပရိသတ်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ သီချင်းတွေနဲ့ပတ်သက်ပြီး စိတ်တိုင်းကျတာတွေလည်းရှိသလို၊ စိတ်တိုင်းမကျတာတွေလည်း ရှိပါတယ်။ ကိုယ့်ဘာသာကိုယ် ကြိုးစားတဲ့အခါမှာ လိုအပ်တာတွေအများကြီးရှိပါတယ်။ ကိုယ့်ဘာသာကိုယ်ကြိုက်ပေမဲ့ ဘေးလူအမြင်မှာ မကြိုက်တာတွေလည်းရှိပါတယ်။ ကိုယ်လုပ်ချင်တာတွေ အများကြီးရှိပေမဲ့လည်း ကိုယ်ရှိနေတဲ့အခြေအနေ အတိုင်းအတာအရ လုပ်လိုက်ရတာလေးတွေလည်းရှိပါတယ်။ စိတ်တိုင်းကျတာတော့ 
ပိုများပါတယ်။ ကျွန်တော့်ကို ပရိသတ်တွေက Pop Song အေးအေးလေးတွေနဲ့ တွဲပြီးသိတာဖြစ်တဲ့အတွက် Pop သီချင်းအေးအေးလေးတွေ၊ အချစ် သီချင်းမြူးမြူးလေးတွေ၊ Slow Rock ပုံစံလေး တွေ ထည့်ထားပါတယ်။ ကျွန်တော်လည်း Rock သီချင်းတွေကြိုက်တယ်၊ ဆိုချင်ပေမဲ့ ကိုယ့်အသံနဲ့ လိုက်တာ၊ ကိုယ်အားသန်တာက Pop သီချင်းလေးတွေဖြစ်နေတဲ့အတွက် ကိုယ်နဲ့လိုက်ဖက်တာကိုဆိုဖြစ်ပါတယ်။ ခွေထဲမှာ ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ သီချင်း ၃ပုဒ်ပါတယ်၊ စီးရီး Title စိတ် ဆိုတဲ့သီချင်းရယ်၊ Best Friend ရယ်၊ နေတတ်သွားပြီရယ် ရေးထားပါတယ်။

ဂီတအနုပညာအစ
ကျွန်တော့်အဖေက ကချင်၊ အမေက ကရင်နဲ့ ရှမ်းစပ်တာဆိုတော့ ဂီတနဲ့က မစိမ်းဘူး။ ငယ်ငယ်ကတည်းက ဘုရားကျောင်းမှာ ဆိုကြတာမျိုး တွေရှိတယ်။ ဂီတကိုရူးသွပ်တော့ ကိုယ့်ဟာကိုယ် နည်းလမ်းလေးတွေ ရှာကြည့်တယ်၊ ကျွန်တော်
က နေပြည်တော်မှာနေတာဆိုတော့ ရန်ကုန်မှာ လာနေပြီး ဟိုစပ်စပ်ဒီစပ်စပ်လေးတွေ ပြိုင်တယ်၊ အဆင်မပြေဘူး၊ စိတ်ဓာတ်ကျတယ်၊ နယ်ကိုတစ်ခါပြန်တယ်။ ဒီလိုပဲ အိမ်မှာ အိပ်လိုက်၊ စားလိုက်နဲ့၊ ဂီတကိုရူးသွပ်ပေမဲ့ ဘာကိုလုပ်လို့လုပ်ရမှန်း မသိဘူး။ နောက်ပိုင်းမှာ Myanmar Idol က ကြော်ငြာကို အဖေကတွေ့တော့ သွားပြိုင်ပါလားဆိုပြီး ပြော  တယ်။ ကိုယ်ကလည်း American Idol ကို အစကတည်းက ကြိုက်တဲ့သူဆိုတော့ ဒီ Myanmar Idol ကြော်ငြာကို သေချာကြည့်ပြီး အရမ်းစိတ်ဝင်စားတော့ သွားပြိုင်ဖြစ်တယ်။ ကျွန်တော်ဝါသနာပါတဲ့အလုပ်ကို အဓိက မိသားစုက ခွင့်ပြုပေးတဲ့အတွက် အများကြီးလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်က AGTI (Civil) နဲ့ ကျောင်းပြီးပေမဲ့ အလုပ်မလုပ်ဘူး။ ကျွန်တော်အလုပ် မလုပ်ဖြစ်တာကလည်း အလုပ်လုပ်နေရင် ဒီဘက်အနုပညာကို မလုပ်ဖြစ်မှာဆိုးတော့ ပေကပ်ပြီးနေတယ်။ မိဘက ပိုက်ဆံချမ်းသာတဲ့သူတွေ မဟုတ်ဘူး၊ မိဘကကျောင်းပြီးတဲ့အထိ အလုပ်လုပ်ပြီး ရှာကျွေးနေတော့ ပတ်ဝန်းကျင်ကဆိုပြောတယ် အလုပ်မလုပ်ဘူး၊ မိဘလုပ်စာပဲထိုင်စားနေတယ်၊ သီချင်းပဲ အော်ဆိုနေတယ်ဆိုပြီးတော့ ပြောကြတယ်။ မိဘကလည်း သားသမီးကို သူများပြောတာကမခံစေချင်ဘူး၊ အလုပ်လေးတော့ လုပ်စေချင်ပေ မဲ့ အရမ်းကြီးလည်း မတိုက်တွန်းဘူး၊ အသက် ၂၅ နှစ်အထိ လုပ်ချင်တာကို လုပ်ခွင့်ပေးမယ် အဲဒီအတွင်းမှာ မဖြစ်လာခဲ့ဘူးဆိုရင်တော့ အလုပ်ထဲကိုဝင်ဖို့ပဲ ဆုံးဖြတ်ရမယ်ဆိုပြီး ပြောတယ်။ ကျွန်တော်ကြိုးစားလို့ရတဲ့ အတိုင်းအတာအတိုင်း  ကျွန်တော်ကြိုးစားခဲ့ပြီး ကျွန်တော်ဝါသနာပါတဲ့ အလုပ်နဲ့ မိဘတွေကို လုပ်ကျွေးချင်တဲ့စိတ်အတိုင်း လုပ်ခွင့်ရခဲ့ပါတယ်။ အဲဒီအတွက်လည်း မိဘတွေကို ကျေးဇူးတင်ပါတယ်။

ပြိုင်ပွဲအတွင်းမှာထားတဲ့စိတ်
ပြိုင်ပွဲမှာ ကျွန်တော့်စိတ်ကို အခုတစ်ပတ် ကိုယ်နဲ့ နောက်တစ်ပတ်ကိုယ် အဲဒါကိုပဲ ပြန်ကြည့်တယ်။ အခု တစ်ပတ်ကိုယ်လုပ်တာက နောက်တစ်ပတ် အဲဒီထက်ကောင်းရမယ်။ ကိုယ်ဘယ်နား အားနည်းချက်ဘာလဲဆိုတာ၊ အားသာချက်ဘာလဲဆိုတာ ကိုယ့်ဟာကိုယ်ပြန်ဆန်းစစ်တယ်။ အဓိကကတော့ ကျန်းမာရေးက အရေးကြီးတယ်ဆိုပြီး စောင့်ရှောက်တယ်၊ ဒါပေမဲ့လည်း ဖြစ်ပါတယ်။ နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာဒါတွေနဲ့ပဲ ကျော်ဖြတ်ခဲ့ရပါတယ်။ ရာသီဥတု အကူးအပြောင်းလည်းဖြစ်တော့ စိတ်တော့ညစ်တယ်၊ ဒါပေမဲ့ ကိုယ့်ဘာသာကိုယ်အားတင်းပြီး မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ လုပ်ခဲ့ပါတယ်။

Myanmar Idol
Myanmar Idol ပြိုင်ပွဲကနေပြီး ဆရာတွေရဲ့ သင်ယူမှုတွေ၊ ဆရာတွေထောက်ပြပေးတဲ့ အရာတွေ၊ သင်ပြပေးတဲ့အရာတွေ အများကြီးရခဲ့ပါတယ်။ အဲဒီပြိုင်ပွဲကနေတဆင့် ရှေ့ဆက်သွားမယ့်အနုပညာခရီးလမ်းအတွက်လည်း အများကြီးအထောက်အကူတွေဖြစ်ခဲ့ပါတယ်။

ပြိုင်ပွဲဝင်မှသည် အနုပညာရှင်တစ်ယောက်အဖြစ်
ကျွန်တော့်ရဲ့စိတ်ခံစားချက်အရ ထူးထူးခြားခြားပြောင်းလဲသွားတာမရှိပေမဲ့ ကိုယ့်ဆီမှာ ပရိသတ်တွေရှိလာတဲ့ အခါကျတော့ ဘယ်အရာမဆို ဂရုစိုက်ရတယ်၊ ကိုယ့်ကိုအားပေးနေတဲ့ ပရိသတ်   တွေကို ဂရုစိုက်ရတယ်၊ အရင်တုန်းကလို ကိုယ်နေချင်သလို၊ ကိုယ်ပြောချင်သလိုပြောလို့ မရတော့ဘူး။ အနေအထိုင်၊ အပြောအဆိုလေးတွေ ကအစ ကိုယ့်ဘာသာကိုယ် သတိထားပြီး လုပ်ရ   တာလေးတွေရှိလာပါတယ်။ Social Media တွေ များလာတဲ့အတွက်လည်း ကောင်းပါတယ်၊ ကျွန်တော်တို့ကို မသိသေးတဲ့သူတွေ သိသွားပါတယ်။ ကျွန်တော်တို့က နေတတ်ဖို့တော့လိုတာပေါ့၊ အများကြီးဂရုစိုက်ရတယ်။ အရင်တုန်းက စကားတစ်ခုကို ဖြစ်သလိုပြောမိတာမျိုးရှိပေမဲ့ အခုအချိန်မှာ မပြောမိအောင် ထိန်းလာရတာမျိုးတွေ   ရှိလာတယ်။ ကိုယ့်ကိုပရိသတ်တွေက အနုပညာရှင်တစ်ယောက်အဖြစ် သတ်မှတ်ပေးထားတဲ့ အခါမှာ သူတို့သတ်မှတ်ပေးထားတဲ့ တန်ဖိုးနဲ့ ညီအောင် နေတတ်ဖို့လိုပါတယ်။

ပရိသတ်အတွက်
သီချင်းတွေ ဆက်ဆိုသွားပါမယ်၊ ပရိသတ်ကို အသစ်အသစ်တွေချပြသွားပါမယ်၊ ကျွန်တော့် ရဲ့ MTV ကိုလည်း အကောင်းဆုံး ကျွန်တော့်ရဲ့စိတ်ကူးတွေရော၊ ဒါရိုက်တာတွေနဲ့ရောတိုင်ပင်ပြီး အကောင်းဆုံးလုပ်သွားပါမယ်။ 
Photo - Thardu Ko Ko