Primary tabs

ကိုယ်လုပ်ချင်ရာကို လုပ်ခွင့်ရနေတာမို့ ပင်ပန်းတယ်လို့ မခံစားရဘူး

“ရှိပြီသား အောင်မြင်ပြီးသားအလုပ် တစ်ခုထဲကို ၀င်လုပ်ရတာမျိုးမဟုတ်ဘဲ အလုပ်အစကို ကိုယ်တိုင်စတည်ထောင်ရတဲ့ အတွေ့အကြုံရခဲ့တယ်။ ကြိုးကြိုးစားစားလုပ်ခဲ့ရတယ်။ ဒါပေမဲ့ ကိုယ်လုပ်ချင်ရာ လုပ်ငန်းလုပ်ခွင့်ရနေတာမို့ ပင်ပန်းတယ်လို့ မခံစားရဘူး။ ပျော်တယ်” လို့ဆိုသူကတော့ Knowledge House မှ ဒါရိုက်တာဒေါက်တာ ဇွန်နှင်းဝေပဲဖြစ်ပါတယ်။ သူမနဲ့ တွေ့ဆုံမေးမြန်း ဖြစ်သမျှကတော့...

ငယ်ဘဝ
ဇာတိကရန်ကုန်ကပါ။ မွေးချင်းမရှိပါဘူး။ တစ်ဦးတည်းသောသမီးပါ။ မိဘနှစ်ပါးက ဆရာဝန်တွေပါ။ အ.ထ.က (၂) လသာကနေ ၂၀၀၃ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်ခဲ့ပါတယ်။ ဆေးတက္ကသိုလ် (၁) ကနေ ၂၀၁၀ မှာ M.B.B.S ဘွဲ့ကို ရခဲ့ပါတယ်။  မိဘတွေက ဆရာဝန်တွေဖြစ်တဲ့အတွက် ငယ်ငယ်ကတည်းကရည်မှန်းချက်က ဆရာဝန်တစ်ယောက်ဖြစ်ဖို့ပဲ။ ဒါကြောင့်လည်း ဆရာဝန်ဖြစ်အောင် ကြိုးစားခဲ့တယ်။ 

Knowledge House ကိုစတင်ဖို့
ကျွန်မ ဆေးကျောင်းတက်နေတဲ့ကာလ မှာရော အလုပ်သင်ဆရာဝန်ဘ၀မှာပါ မြန်မာပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝပြီး ဈေးနှုန်းချိုသာတဲ့ ဆေးဝါးပစ္စည်းတွေ လိုအပ်နေသေးတာကိုသိလာခဲ့ရပါတယ်။ ကိုယ်တိုင်က ၀ါသနာပါပြီး မြန်မာပြည်သူလူထုကို ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးစိတ်ချရတဲ့ ဆေးဝါးပစ္စည်းတွေ သုံးစွဲစေချင်တဲ့စေတနာနဲ့  ဆေးတွေတင်သွင်းဖြန့်ချိတဲ့လုပ်ငန်းကိုလုပ်မယ်လို့ စိတ်ကူးရခဲ့တယ်။ ကျွန်မက အရမ်းစိတ်အားထက်သန်နေတဲ့အခါ မိဘတွေက တစ်ခွန်းပဲသေသေချာချာမေးတယ် “ဒီလုပ်ငန်းကို လုပ်ချင်တာသေချာသလား” တဲ့။ ကျွန်မကလည်း သေချာပါတယ်လို့ဖြေခဲ့ပြီး Knowledge House ကို ၂၀၁၀ စက်တင်ဘာမှာပဲ လုပ်ဖြစ်ခဲ့တာပါ။ လုပ်ငန်းစစချင်းမှာ ကံကောင်းစွာနဲ့ ဆေးပစ္စည်း ၄ မျိုးကို တင်သွင်းဖြန့်ချိခွင့်ရခဲ့ပါတယ်။ မိဘနှစ်ပါးကလည်း ဆရာဝန်တွေပဲဆိုတော့ လိုအပ်တာကို ထောက်ပံ့ပေးပါတယ်။ စစချင်းကတော့ လုပ်ငန်းကိုအရှုံးနဲ့ ခက်ခက်ခဲခဲစတင်ခဲ့ရတာပါ။ နောက်ပိုင်းမှာ ယုံကြည်ချက်ရှိရှိနဲ့ ပစ္စည်း
အသစ်တွေ ပိုပိုတင်သွင်းဖြစ်လာပြီး တဖြည်းဖြည်းပိုမိုခိုင်မာလာတာပါ။

ဖြတ်သန်းမှု
Knowledge House ဆိုတဲ့ ကုမ္ပဏီရဲ့ နာမည်အတိုင်းပဲဗဟုသုတ၊ ပညာကိုအခြေခံရင်း လုပ်ငန်းကိုစတင်မယ်ဆိုတဲ့ စိတ်နဲ့ ဖြတ်သန်းခဲ့တာ အခုဆိုရင် (၆) နှစ်ထဲကိုရောက်လာခဲ့ပြီ။ အလုပ်လုပ်နေရင်းနဲ့ ပဲ MBA တက်ခဲ့ပါတယ်။ ငွေကြေးစီမံခန့်ခွဲမှု၊ လူတွေကိုစီမံခန့်ခွဲမှု၊ ဈေးကွက်ထိုးဖောက်မှု အတတ်တွေကို MBA သင်ရိုးနဲ့ လက်တွေ့နဲ့ ချိတ်မိပြီးအတွေ့အကြုံတွေ ရလာခဲ့တယ်။ အရင်လိုကျောင်းသူဘ၀ မဟုတ်တော့သော လုပ်ငန်းလုပ်သူဘ၀ အတွေ့အကြုံဆန်းတွေကို ဖြတ်သန်းခဲ့ရတယ်။ လောကကြီးကလည်း ကြိုးစားတဲ့သူကို တကယ်နေရာပေးပါလားလို့ မြင်ခွင့်ရခဲ့တယ်။ ကိုယ်ကတစ်ဦးတည်းသော သမီးဆိုတော့ မောင်နှမ မရှိဘူး။ အလုပ်ခွင်ကလုပ် ဖော်ကိုင်ဖက်တွေကပဲ ကိုယ့်ရဲ့ ထပ်တိုးမိသားစု ဖြစ်ခဲ့တယ်။ အစ်မတွေ ညီမတွေ အစ်ကိုတွေ မောင်တွေ အဖြစ်ရလာခဲ့တယ်။

အခက်အခဲ
လုပ်ငန်းကို မစခင်ကတည်းက အခက်အခဲဆိုတာရှိမယ်လို့ စဉ်းစားပြင်ဆင်ထားခဲ့ပါတယ်။ အခြေအနေအမျိုးမျိုးကို ကြုံခဲ့ရတယ်။ တချို့နေရာတွေမှာ ထင်ထားတာလောက် မခက်ခဲပေမဲ့ တချို့နေရာတွေမှာကျတော့ မျှော်မှန်းထားတာထက် ပိုပြီးရင်ဆိုင်ခဲ့ရတာတွေလည်း ရှိခဲ့တယ်။ ဘယ်အလုပ်မဆို အခက်အခဲကတော့ ရင်ဆိုင်ရမှာပဲ။ လုပ်ငန်းတိုင်းမှာ အားသာချက်နဲ့ အားနည်းချက် ဆိုတာရှိမယ်။ ကိုယ်ရွေးချယ်တဲ့လမ်းကို အရှုံးမပေးချင်ဘူး။ အဲဒီ့စိတ်နဲ့ ဖြတ်သန်းခဲ့ပါတယ်။

အမှတ်တရအဖြစ်အပျက်
အမှတ်တရကတော့ လုပ်ငန်းစခါစမှာ ခရီးတွေအများကြီးထွက်ခဲ့ရတယ်။ မြန်မာတစ်နိုင်ငံလုံး နီးပါးပဲ။ နောက်ပြီးကိုယ့်လုပ်ငန်းရဲ့ အလုပ်တွေမှာ Post တစ်ခုကို အချိန်ကာလတစ်ခုနဲ့ Post ပေါင်းစုံကို ကိုယ်တိုင်လိုက်လုပ်ခဲ့တယ်။ 

စီမံခန့်ခွဲမှုနည်းလမ်းများ
စီမံခန့်ခွဲမှုအတွက် ကိုယ်ကိုယ့်ကိုဖြစ်တဲ့ ဇွန်နှင်းဝေကို ကျွန်မအရင်ဆုံးစီမံခန့်ခွဲပါတယ်။ ကိုယ့်အတွက် ကိုယ်စည်းကမ်းတွေ ချတယ်။ ကြိုး စားပြီးလိုက်နာတယ်။ နောက်တစ်ခုက Leader-ship။ ကျွန်မတတ်နိုင်သလောက် Leadership လုပ်ပါတယ်။ အောင်မြင်မှုတစ်ခုရပြီးတိုင်း ကိုယ့် အောက်ကလူတွေ လုပ်ဖော်ကိုင်ဖက်တွေ တော်လို့လို့ သဘောထားပြီး၊ အဆင်မပြေမှု အမှားတစ်ခု ဖြစ်ခဲ့တယ်ဆိုရင် ကိုယ်မတော်လို့ ဖြစ်ရတယ်ဆိုပြီးကိုယ့်လိုအပ်ချက်တွေကို ကိုယ် အမြဲတမ်းဆင်ခြင်ပါတယ်။ နောက်ပြီး လုပ်ငန်းတွင်း Internal Environment က အသံတွေရော၊ အပြင်က External Environment က အသံတွေပါ နားစွင့်ပါတယ်။ လိုအပ်တဲ့ပြောင်းလဲမှုတွေဆိုရင် မဆိုင်းမတွလုပ်ပါတယ်။ မေတ္တာတရားကို အခြေခံပြီးဆုံး ဖြတ်ပါတယ်။

ဟီးရိုးများ
ကျွန်မရဲ့ ဟီးရိုးတွေကတော့ အများကြီးပါပဲ။ အနီးကပ်ဆုံးကတော့ ကျွန်မရဲ့ အဘိုး ၀ဏ္ဏကျော်ထင် ဦးတင်ရှိန်ပါ။ အဘိုးက အရမ်းအလုပ်ကြိုးစားခဲ့သူပါ။ တင်ရှိန်နှင့်ညီများ ငပိ၊ ငံပြာရည် စက်ရုံ၊ ဘေဘီ ဘီစကစ်စက်ရုံ၊ သံဖြူပုံးစက်လုပ်ငန်း၊ ပွဲရုံလုပ်ငန်းစတဲ့ လုပ်ငန်းစုံကို တည်ထောင်လုပ်ကိုင်ခဲ့တဲ့သူပါ။ အဘိုးက အသက် (၆၀)မှာ ဆုံး သွားခဲ့ပါတယ်။ စီးပွားရေးနဲ့ ပတ်သက်ရင်တော့ ဖြူစင်သန့်ရှင်းတဲ့ငွေနဲ့ တရားဝင်လုပ်ကိုင်ရင်း တိုးတက်အောင်မြင်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့သူတွေက ကျွန်မရဲ့ ဟီးရိုးတွေပါ။

၂၀၁၇ အတွက် လုပ်ငန်းအစီအစဉ်များ
ဆေးဝါးအသစ်တွေ တင်သွင်းသွားဖို့ရှိပါတယ်။ တင်သွင်းခွင့်ရဖို့ FDA မှာ မှတ်ပုံတင်ဖို့ စစ်ဆေးဖို့ ဆေးတွေ အများကြီးလည်း ထပ်တင်ထားပါတယ်။ ဒီနှစ်အတွင်းမှာ ကျွန်မတို့ ကုမ္ပဏီကလျှောက်ထားတဲ့ ဆေးတွေ တော်တော်များများ မှတ်ပုံတင်ရမယ်လို့ ခန့်မှန်းရပါတယ်။ ကုမ္ပဏီကို ၁၀၀ ရာခိုင်နှုန်းချဲ့ချင်ပါတယ်။ အများကြီး ဆက်လုပ်သွားဦးမှာပါ။ 

အောင်မြင်မှုသော့ချက်
ကျွန်မက အောင်မြင်နေတယ်လို့ မယူဆပါဘူး။ ကြိုးစားရင်း အရှိန်ယူနေတဲ့ သူတစ်ယောက်ပါ။ ကိုယ်သွားတဲ့လမ်းမှာ အဓိကသော့ချက်ကတော့ ကိုယ်ဘာကို တကယ်ဖြစ်ချင်တယ်ဆိုတာ သိဖို့ပါပဲ။ နောက်ပြီးဖြစ်ချင်ရာကို သွားဖို့နည်းလမ်း။ နည်းလမ်းကို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ အချက်တွေ ကိုယ်ပေးနိုင်သလား။ မဆုတ်မနစ်ကြိုးစားမှု စတာတွေ လိုပါတယ်။ ကျင့်ဝတ်ကို စောင့်ထိန်းရမယ်။ ကိုယ်ချင်းစာတရားရှိရမယ်။

အားသာချက်နဲ့ အားနည်းချက်
အားသာချက်ကတော့ ကိုယ့်စိတ်ကူးတွေကို ကိုယ်ဖန်တီးခွင့်ရှိတယ်။ စိတ်ကူးတွေဟာ ဘောင်ခတ်မထားဘူး။ လုပ်ရင် လုပ်သလောက် ရတယ်။ နောက်ပြီးကိုယ့်လုပ်ငန်းရဲ့ အနာဂတ်အတွက် Vision တွေ၊ Mission တွေချလို့ရတယ်။ လူမှုရေးကိစ္စတွေမှာလည်း အချိန်ကိုစီမံပြီး ဆောင်ရွက်လို့ရမယ်။ ခရီးထွက်ချင်လည်း စီစဉ်ပြီး ထွက်လို့ရမယ်။ 

အားနည်းချက်ကတော့ စောစောကပြောသလို အချိန်ကိုစီမံပြီး လူမှုရေးတွေ လုပ်မယ်၊ ခရီးထွက်မယ်။ ဒါပေမဲ့ စိတ်ကတော့ ၂၄ နာရီ တာဝန်ရှိနေပါတယ်။ လူကသာ ရုံးဆင်းနေပြီ ထမင်းစားပွဲမှာ ဖုန်းပြောနေရတုန်း။ ည ၁၁ နာရီလောက်မှ သတိရလို့ ကောက်ထပြီး အီးမေးလ်ပို့ လိုက်ရတာမျိုး။ တစ်ရေနိုးလာပြီးနောက်ပိုင်း ဘာဆက်လုပ်ရင်ကောင်းမလဲဆိုပြီး တွေးနေမိတာ မျိုး။ ကျွန်မထင်ပါတယ်။ လုပ်ငန်းသဘောအရ အနည်းနဲ့အများသာ ကွာမယ်။ အဲလိုတွေကတော့ ဖြစ်ကြမှာပါပဲ။ နောက်ပြီး လုပ်ငန်းရှင်ဆိုတာ အရင်းအနှီးထည့်ဝင်ထားပြီး လုပ်ထားရသူမို့ ခေတ်စနစ်ရဲ့ ရိုက်ခတ်မှုတွေကိုလည်း စိုးရိမ်ရပါတယ်။ 

အကြုံပြုချက်
ကိုယ်ဝါသနာပါရာ လုပ်ငန်းကိုသာ ရွေးချယ်လုပ်ဖို့လိုပါတယ်။ ရည်မှန်းချက်ထားရမယ်။ ရည်မှန်းချက်ဆိုတဲ့ ကြယ်ပွင့်လေးဆီကို ရောက်ဖို့ လမ်းကတော့ ခက်ခဲမယ်၊ ကြမ်းတမ်းမယ်။ ဘယ်လိုဖြတ်သန်းမလဲဆိုတဲ့ နည်းလမ်းတွေ၊ လိုအပ်ချက်တွေကို သိရမယ်။

နောက်ပြီး စီးပွားရေးမှာမှန်းဆမှု ဘယ်လောက်မှန်သလဲဆိုတာ အရေးကြီးပါတယ်။ တွက်ရေးကတော့ စက်သူဋ္ဌေးဆိုတဲ့ စကားပုံလည်း ရှိပါတယ်။ တွက်ရေး (projection) တင်မကပါဘူး။ လက်တွေ့မှာပါ စက်သူဋ္ဌေးဖြစ်အောင် လုပ်ကြရမှာပါ။ ဒါကြောင့် ကိုယ့်ရဲ့လုပ်ငန်းအတွက် မှန်းဆချက် ဘယ်လောက်မှန်အောင် မှန်းဆနိုင်သလဲဆိုတာ အလွန်အရေးကြီးပါတယ်။