Primary tabs

မေမေ့အကြောင်း ပြောပြမယ်...

အမေများကို ဂုဏ်ပြုကြတဲ့ ချစ်စရာ မေလလေးမှာ သူတို့ရဲ့ မေမေတွေအကြောင်း People ကို အခုလိုပဲ ပြောပြခဲ့ကြတယ်။ 

နေတိုး
ကျွန်တော်ကတော့ ဦးခေါင်းထဲမှာရော စိတ်နှလုံးသားထဲမှာရော အမေ့ရဲ့ မေတ္တာကို မြင်ပါတယ်။ 

နေတိုးနဲ့ မေမေ(ဒေါ်သန်းမြိုင်)
မေမေပြောတဲ့ သားအကြောင်း
သူက အရမ်းအေးတယ်။ အပြင်တွေ ဘာတွေလည်း သိပ်မသွားဘူး။ ကျောင်းချိန်မှာ ကျောင်းသွားတယ်။ ညီအစ်ကိုသုံးယောက်မှာ သူကအလတ်ပေါ့။ အငယ်ဆုံး ညီမလေးတစ်ယောက်ရှိတယ်။ သူငယ်ငယ်ကတည်းက သူငယ်ချင်း အပေါင်းအသင်းလည်း သိပ်မရှိဘူး။ စကားပြောရင်လည်း အခုလိုပဲ အေးတယ်။ သူဘာလိုချင်တယ်ဆိုရင် လိုချင်တဲ့ဟာသူ့ကိုဝယ်ပေးလိုက် သူက သူလိုအပ်တာလောက်ပဲ တောင်းတယ်။ အပိုတွေ သိပ်မပူဆာတတ်ဘူး။ ဒါပေမဲ့ နည်း နည်းလေးတော့ ခေါင်းမာတယ်။ သူတို့ငယ်ငယ်က ပိုက်ဆံတစ်ရာ၊ နှစ်ရာဆိုရင် အများကြီးစားလို့ရတယ်။ ပိုက်ဆံနှစ်ရာလောက် သူ့ကိုပေးလိုက်ရင် သူတစ်ရာဖိုးပဲစားတယ်။ ပြီးရင် ခွေးလေးတွေ ကြောင်လေးတွေကို တစ်ဝက်ကျွေးတတ်တယ်။ 

ငယ်ငယ်က အမှတ်တရ
အဲဒီလို သူစားမယ့်အစားကို မစားဘဲ တိရစ္ဆာန်လေးတွေကို ကျွေးတတ်တာလည်း အမှတ်တရပဲ။ နောက်တစ်ခုက အရီးတို့က ပန်းတိမ်လုပ်တာဆိုတော့ သူတို့ညီအစ်ကို သုံးယောက်လုံးကို လက်စွပ်လေးတွေ တစ်ကွင်းစီဆင်ပေးထားတယ်။ သင်္ကြန် ကျောင်းပိတ်ရက်မှာ ချောင်းရိုးထဲကို ရေသွားဆော့ကြဖို့ သူ့အစ်ကိုနဲ့ညီကခေါ်တော့ သူလည်းလိုက်သွားတယ်။ သူတို့ချောင်းရိုးကိုသွားတာကိုသိတော့ သူ့အဖေက ဆိုင်ကအလုပ်သမားတွေကိုခေါ်ပြီးတော့ သားတွေနောက်အမြန်လိုက်သွားတယ်။ သုံးယောက်စလုံးပြန်လာတော့ လက်ကလေးတွေပိုက်လို့ လက်စွပ်လည်း တစ်ယောက်မှ မရှိကြတော့ဘူး။ ရေကူးတဲ့အချိန်မှာ လက်စွပ်တွေ ပျောက်ကုန်တာ။ အဲ့အချိန်တုန်းက အပြစ်လုပ်ထားလို့ မျက်နှာလေးအောက်ချပြီး လက်ကလေးကို ပိုက်နေတဲ့သူ့ကို အရီးအခုထိ မြင်ယောင်သေးတယ်။ နောက်ထပ် သူ့ရဲ့ထူးခြားတဲ့အကျင့်က ကျောင်းစာတစ်ပုဒ်ကို သူနားမလည်ဘူးဆိုရင် ဒီအတိုင်းမထားခဲ့ဘဲ သူနားမလည်မချင်း အကုန်လုံးကို အတင်းလိုက်မေးတာ။ သူ သိချင်တာ ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင်လုပ်တတ်တာက ငယ်ငယ်ကတည်းကပဲ။ 

သူဂစ်တာတီးစ အရွယ်တုန်းကဆို ဆံပင်ကလည်း အရှည်ကြီးထားတယ်။ အိမ်မှာတဒေါင်ဒေါင် တဒင်ဒင်နဲ့တီးနေတာ။ ကက်ဆက်တွေ အကျယ်ကြီးဖွင့်ပြီး ဆူညံနေတာနဲ့ အရီးတို့ အောက်ထပ်မှာလည်း ရွှေဆိုင်ကဧည့်သည်တွေနဲ့ဆိုတော့ သူ့အဖေက နားညီးလို့ သူ့ကို တက်ရိုက်တာ အဲ့အတိုင်းပဲပေပြီးခံနေတယ်။ မိဘကိုဘာတစ်ခွန်းမှ ပြန်မပြောဘူး။ နောက်တော့သူကပြောတယ်။ မိဘဆိုတာ သားသမီးကို ဘယ်တော့မှသေအောင် မရိုက်ဘူးတဲ့။ သူက အဲ့ဒီလိုကလေးမျိုးပါ။
အနုပညာနဲ့ ပတ်သက်ရင်လည်း အမှတ်တရရှိတယ်။ သူငါးတန်း၊ ခြောက်တန်းအရွယ်လောက်မှာ သူ့ညီမလေးက မှောက်လျက်သွားနေပြီ။ အရီး က အဲ့ကလေးလေးကို ဇလားထဲမှာထည့်ပြီး ရေချိုးပေးဖို့လုပ်နေတုန်း သူအိမ်ပေါ်ကနေ ဆင်းလာတယ်။ လက်ထဲမှာခဲတံနဲ့စာရွက်ယူလာပြီး သူ့ညီမလေးပုံကို လက်တန်းဆွဲတာ တစ်ပုံစံတည်းပဲ။ အဲ့ဒီအချိန်မှာ ပန်းချီကျောင်းတွေ ဘာတွေလည်း သူမတတ်ဖူးဘူး။ အဲ့ဒီကျတော့မှ အရီးက ဒီကလေးဟာ ပန်းချီလည်း ၀ါသနာပါတယ်ဆိုတာသိပြီး အရီးတို့နယ်မှာရှိတဲ့ ပန်းချီကျောင်းမှာ သူ့ကိုထားပေးခဲ့တယ်။ ရခိုင်ပြည်နယ်က ဒေသတွေ အားလုံးပြိုင်တဲ့ပန်းချီပြိုင်ပွဲမှာလည်း သူပထမရတယ်။ သူဆုရတဲ့ပုံက ဗိုလ်ချုပ်အောင်ဆန်းပုံကို ခဲသားနဲ့ဆွဲတဲ့ပုံလေးပါ။ မာန်အောင်မှာ မုန်တိုင်း 
တိုက်တော့ အဲ့ဒီပုံလေး ပျက်စီးတဲ့အထဲပါသွားတယ်။ နောက်ပြီးတော့ ရွံ့နဲ့ရှင်ဘုရင်ပုံစံ ပန်းပုရုပ်လုပ်တဲ့ပြိုင်ပွဲမှာလည်း သူပထမရတယ်။ အဲ့ဒီလိုပဲ ကျောင်းတွေမှာ ပြည်ထောင်စုနေ့တို့၊ တပ်မတော်နေ့တို့ အထိမ်းအမှတ်စွမ်းရည်ပြပွဲ ပြိုင်ပွဲတွေမှာလည်း ရွံ့နဲ့ပန်းပုရုပ်လေးတွေလုပ်တဲ့ ပြိုင်ပွဲတွေမှာ သူဆုတွေရခဲ့တယ်။ စစ်တွေမှာ သွားပြိုင်ရမယ့်ပြိုင်ပွဲတစ်ခုမှာ သူ့လက်ရာကို သူ့အသက်အရွယ်နဲ့လုပ်တာ မယုံဘူးဆိုပြီးတော့ ဖြုတ်ချခံရဖူးတယ်။ နောက်တစ်ခါထပ်တင်တဲ့ အချိန်ကျတော့ သူ့လက်ရာကိုကြိုက်လို့ ဂျပန်ကိုသွားရဖို့ ရွေးတဲ့အထိပါတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် သူမရောက်ဖြစ်ခဲ့တာလည်း အရီးဘ၀မှာအမှတ်တရပါပဲ။ 


    
အနုပညာအလုပ် စလုပ်ဖြစ်ခဲ့ချိန်မှာ အမေတစ်ယောက်အနေနဲ့ခံစားချက်
၁၉၉၃-၉၄ မှာ နေတိုးဖေဖေက ၂၉ လမ်းမှာ ရွှေဆိုင်လာဖွင့်တော့ အရီးက ကလေးတွေ ပညာရေးတန်းလန်းနဲ့ဆိုတော့ မာန်အောင်ကဆိုင်မှာပဲ ကျန်ခဲ့တယ်။ နေတိုးကကျောင်းပြီးတော့ သူ့အဖေဆီကို သွားချင်တယ်ပြောပြီး သူအရင်လိုက်သွားတယ်။ အရီးကတော့ ကလေးအငယ်နှစ်ယောက်ကျောင်းတက်နေတုန်းဆိုတော့ မလိုက်နိုင်သေးဘူး။ သူကရန်ကုန်ရောက်တော့ သူ့အဖေကို ဦးစောနုဆီမှာ အဆိုသင်တန်းတက်ချင်တယ် ပြောတော့ သူ့ကိုထားပေးတယ်။ သင်တန်းတက် 
ရင်းနဲ့ စုံထောက်ကြီးရှားလော့ဟုမ်းအခွေကို ပေါင်းပြီးလုပ်ကြသေးတယ်၊ မပေါက်ခဲ့ဘူး။ နောက်ပိုင်းမှာ ကိုနေထက်လင်းနဲ့လည်းခင်နေတော့ သူ့ရှုတင်တွေကိုလိုက်ကြည့်ရင်း ကိုနေထက်က နေတိုးကို ဒီကောင်လေးက အေးလည်းအေးတယ်၊ တော်လည်းတော်တယ်ဆိုပြီး သဘောကျတော့ သရုပ်ဆောင်လုပ်ဖို့စမ်းကြည့်တယ်။ အစပိုင်းဗီစီဒီတွေမှာ သရုပ်ဆောင်ရတယ်။ ပိုက်ဆံတွေ ဘာတွေတော့မရသေးပေမဲ့ လူသိလာတယ်။ ကိုနေထက်ကလည်း သူ့အစ်ကိုလိုပဲ သူကိုယ်တိုင်
တောင် နေရာမယူဘဲ နေတိုးကို အမြဲတမ်းဦးစားပေးတယ်။ အဲ့ဒီလိုပံ့ပိုးပေးရင်းနဲ့ ကိုနေထက်နဲ့ ၈ ကား၊  ၉ ကား လောက် ရိုက်ကူးခွင့်ရခဲ့တယ်။ အဲ့ဒီ နောက်ပိုင်းသူက ကိုယ့်ဟာနဲ့ကိုယ် ထုတ်ပြီး ရိုက်ချင်တယ်လို့ပြောတယ်။ အရီးကလည်း ပြောတယ်။ သားရေအမေတို့က အရမ်းလည်း ချမ်းသာနေတာမဟုတ်ဘူး။ အနုပညာလောကဆိုတာ အမေတို့နဲ့လည်း စိမ်းတယ်လို့ပြောတော့ သူက အမေ သားကို ၅ ကားပဲ ထုတ်ရိုက်ပေးပါ။ ကုန်ကျ စရိတ်ကို မှတ်ထားပါ။ သားအကုန်လုံးပြန်ပေးပါမယ်ဆိုပြီးတော့ ပြောခဲ့တယ်။ အဲ့ဒါနဲ့ အရီးသူ့ကို ၅ ကားရိုက်ဖို့အတွက် ရွှေ ၆၀ သားသုံးခဲ့တယ်။ အဲ့ဒီတုန်းကရွှေဈေးက  အခေါက်ကိုမှ သုံးသောင်း ခွဲ လေးသောင်းပဲရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အသစ်ဆိုတော့ နေရာတစ်နေရာရဖို့ မလွယ်ဘူးလေ။ ဒီကြားထဲ အလိမ်ခံရတာတွေရော အခက်အခဲတွေ အများကြီးဖြတ်သန်းခဲ့ရတာပေါ့။ နေတိုးဆိုပြီး ခုလိုအားလုံးသိလာဖို့ မလွယ်ခဲ့ဘူးဆိုတာ ကိုယ်ပဲသိတာပေါ့နော်။ ကိုယ့်ကိုဝိုင်းပြီးလိမ်ခဲ့ကြတာတွေလည်း အရီးတို့ အမှတ်မထားပါဘူး။ အဲလိုသူအနုပညာအလုပ်လုပ်ပြီဆိုတော့ အရီးသူ့နားကို မလာလို့မရတော့ဘူး။ အဲဒါနဲ့ သူ့အဖေက မာန်အောင်ပြန်၊ သူ့အစ်ကိုကြီးက ရန်ကုန်က ရွှေဆိုင်ကို ဦးစီးနဲ့ ၉၉ ခုနှစ်ကတည်းက အရီးသူ့နောက်လိုက်တာ ခုချိန်အထိ မာန်အောင်ကို မပြန်ဖြစ်တော့ဘူး။ 

ကောလာဟလတွေ ကြုံရတဲ့အခါ 
ကောလာဟလတွေကတော့ အများကြီးကြုံပါတယ်။ အဲ့ဒီလို ကောလာဟလတွေ ကြုံတဲ့အခါ တစ်ခြားသားသမီးတွေနဲ့ ပတ်သက်ရင်တောင် အရီးကယုံချင်ယုံမယ်။ သူ့ကျတော့ အရီးကတစ် ချိန်လုံးအနားမှာရှိနေတာဆိုတော့ သူမဟုတ် မှန်း သိနေတယ်။ သူကလည်း ပြောတယ်။ အနုပညာသမားတစ်ယောက်က ကောလာဟလ ဒဏ်ခံနိုင်အောင်တော့ ကြိုးစားရမယ်။ ကောလာဟလ  မထွက်ဘူးဆိုတာတော့ မရှိဘူး။  ဒါပေမဲ့ ဘာမှ စိတ်ထဲမထည့်ပါနဲ့တဲ့၊ သူ့ဟာသူ အချိန်တန်ရင် ပြီးသွားလိမ့်မယ်တဲ့။ အရီးကလည်း သူနဲ့ပတ်သက်ပြီး ဘယ်လို ကောလာဟလပဲထွက်ထွက် မတုန်လှုပ် ဘူး။

နေတိုးက လူတွေကိုလည်း အားနာတတ်တယ်။ အနေလည်းအေးတော့ မာနကြီးတယ်လို့ လူတွေကထင်ကြတော့ မမှားသင့်တာ မမှားရအောင် သူ့နားမှာအမြဲတမ်း အရီးကလိုက်ပေးတာ။ မင်းသွေးဆိုရင် ပြောတတ်ဆိုတတ် ပေါင်းတတ်သင်းတတ်တယ်။ အဲ့ဒါကြောင့် သူကိုယ်တိုင်ကလည်း သူ့အစ်ကိုနောက်ကိုပဲ အမေကို လိုက်ခိုင်းတယ်။ အခုနောက်ပိုင်းတော့ နေတိုးကသူ့ရဲ့ ပင်ကိုအနေအေးတယ်ဆိုတာကို တော်တော်များများလည်း သိသွားကြပါပြီ။ မာနကြီးတယ်လို့ မပြောကြတော့ပါဘူး။ 

အမေတစ်ယောက်အနေနဲ့ သားအပေါ်မှာ ဖြစ်စေချင်တဲ့ဆန္ဒ
သူက ငယ်ငယ်ကတည်းက သူဖြစ်ချင်တာကို မဖြစ်ဖြစ်အောင်လုပ်တယ်။ အရီးကတော့ သားသမီးတွေကို ဘာဖြစ်ပါ ညာဖြစ်ပါလို့တော့ ဘယ်သူ့ကိုမှမပြောဘူး။ ကိုယ်ကောင်းမယ်ဆိုတဲ့လမ်းကိုလျှောက်။ ဒါပေမဲ့ မကောင်းဘူးဆိုရင် မိဘအနေနဲ့ ပြောမှာပဲ။ ကောင်းတယ်ဆိုရင် မိဘက အနောက်ကအားပေးမှာပဲ။ သူအနုပညာ စ လုပ်တုန်းကဆိုရင် အဆက်အသွယ်လည်းမရှိဘဲ ဒီလင်မယားရူးနေကြပြီလား မသိဘူးဆိုပြီး အရီးတို့ပတ်ဝန်းကျင်က ပြောတာခံရတယ်။ အရီးတို့ ကတော့ သားလျှောက်ချင်တဲ့လမ်းကို ရအောင်လျှောက် အမေတို့နောက်ကအားပေးမယ်ဆိုပြီး လုပ်ခဲ့တယ်။ သူလည်း ရအောင်လျှောက်ခဲ့တော့ ဒီဘ၀ကိုရလာခဲ့တာပေါ့။ 

သားအတွက် အပြောချင်ဆုံးစကား
အရီးတို့ကလည်း အသက်ကြီးလာပြီဆိုတော့ သူ့ရဲ့မိသားစုလေးနဲ့ မြင်ချင်တာပေါ့နော်။ ဒါပေမဲ့ သူမယူချင်ဘူးဆိုရင်လည်း အရီးက အတင်းမပေးစားဘူး။ သားရဲ့အိမ်ထောင်ဖက်ကို အရီးဖြစ်စေချင်တာက ပိုက်ဆံရှိဖို့မလိုဘူး။ ပိုက်ဆံဆိုတာ လူကဖြစ်တာလေ။ အဲဒါကြောင့် အဓိကက ရိုးရိုးသားသား၊ ကြိုးကြိုးစားစားနဲ့ သိတတ်ရိုသေတတ်တဲ့ စိတ်ဓာတ်ကောင်းလေးရှိဖို့ပဲ လိုပါတယ်။ 

နေတိုးပြောတဲ့ မေ့မေ့အကြောင်း
အမေဆိုတာ ကျွန်တော်ရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ပါ။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ အနန္တော အနန္တဂိုဏ်းဝင်ဖြစ်တဲ့အတွက် မိဘဆိုတာ ကျွန်တော်တို့အတွက် တန်ဖိုးဖြတ်လို့မရသလို အင်မတန်မေတ္တာတရားကြီးမားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။

ငယ်ငယ်တုန်းက မေမေ
အမေက ကျွန်တော်တို့ သားသမီးတွေနဲ့ ပိုပြီး အနီးကပ်နေဖြစ်တယ်။ အဖေကတော့ အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့တာဝန်နဲ့ အမြဲတမ်း အနီးကပ်မနေဖြစ်ဘူးပေါ့နော်။ စားဝတ်နေရေးအတွက်ရော ကိုယ်တွေနဲ့ အတူသွား အတူလာဖြစ်တော့ အမေနဲ့က အချိန်တိုင်းတွေ့နေရတာပေါ့။ ကျွန်တော့်အတွက်ဆိုရင် ညီအစ်ကိုမောင်နှမတွေထက်တောင် ပိုပြီးတော့ တွေ့ဖြစ်တယ်ပြောရမယ်။ အမေဆိုတာ သားသမီးတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ မေတ္တာတရားကိုပိုင်ဆိုင်ထားပါတယ်။ အမေ့ မေတ္တာတရားကို ဦးထိပ်ပန်ပြီး  စိတ်ထဲမှာ အမြဲတမ်း ဂါရ၀တရားထားပြီး သွားလာလုပ်ကိုင်ဖြစ်ပါတယ်။ အမေနဲ့ ခုလို သွားလာခွင့်ရနေတာဟာလည်း ကျွန်တော့်အတွက် အင်မတန်အကျိုးထူးတဲ့ ပြည့်စုံမှုတစ်ခု နွေးထွေးလုံခြုံမှုတစ်ခု ပြီးပြည့်စုံမှုတစ်ခု ရှိနေတယ်လို့ ခံစားရပါတယ်။

မေမေနဲ့ အမှတ်တရ
ကျွန်တော်တို့ မွေးချင်းလေးယောက်ရှိတဲ့ အနက် အမေက ကျွန်တော့်ကို စိတ်မချဆုံး။ ဘာကြောင့်လည်းဆိုတော့ အစ်ကိုကြီးကလည်း သူ့အလုပ်နဲ့သူ စီးပွားရေးဝါသနာပါတယ်။ မင်းသွေးကျတော့လည်း ထက်တဲ့အထဲမှာပါတယ်။ ငယ်ငယ်တုန်းကဆိုရင် သူ့ဘာသာသူတစ်ဦးတစ်ယောက်တည်း လုပ်တာကိုင်တာရှိတယ်။ ကျွန်တော်ကကျတော့ အနုပညာဝါသနာပါတယ်။ ငယ်ငယ်ကတည်းက အမေ့ကိုပိုပြီး ခင်တွယ်တယ်။ ကျွန်တော့်စိတ်က အရမ်းလည်းအားနာတတ်တော့ အမေက ကျွန်တော် လူတွေနဲ့ အလုပ်လုပ်တဲ့အခါ အားနာပြီး လုပ်မိသွားမှာစိုးတာမျိုး ငယ်ငယ်တုန်းကတည်းက အိမ်ကနေစိတ်ပူနေတတ်တာပေါ့နော်။ ငယ်ငယ်ကတည်းက အဲလိုမျိုး မှတ်မှတ်ရရလေးတွေရှိတော့ ကြီးတဲ့အချိန်အထိကို ပါနေတာပေါ့နော်။ 

မေမေ့ပြောတဲ့ ဆုံးမစကား
ကျွန်တော်က အနုပညာဝါသနာပါတယ်ဆိုတော့ မေမေတို့က အလုပ်နဲ့ပတ်သက်ပြီး မြေတောင်မြှောက်ပေးခဲ့တယ်။ ကိုယ်လုပ်တဲ့အလုပ်လမ်းကြောင်းပေါ်မှာ အဓိက အမှားမလုပ်မိဖို့ရယ်၊ မိမိလုပ်တဲ့အလုပ်ဟာ သူများအပေါ်မှာ စေတနာ
ထားပြီး လုပ်ဖို့ကို မိဘတွေက သင်ကြားပေးခဲ့တယ်။ မေမေတို့က ရွှေဆိုင်လုပ်ငန်းလုပ်တဲ့အခါကျတော့ ကိုယ့်ရဲ့ဝယ်သူတွေအပေါ်မှာ စေတနာထားပြီးတော့ ပစ္စည်းဒီဇိုင်းတွေ ပိုလှအောင်လုပ်တာ အလျော့တွက် လက်ခတွေလျှော့ပေါ့ပြီး နာမည်ရလာတဲ့ပုံစံမျိုးကို ဥပမာပေးပြီး ကျွန်တော်အလုပ်လုပ်တဲ့အခါမှာ စေတနာ မေတ္တာထားတတ်ဖို့ နမူနာယူဖို့ ဆုံးမခဲ့ပါတယ်။ ဒါကတော့ အမေဆုံးမခဲ့တာတွေထဲက ကျွန်တော်မှတ်မှတ်ရရရှိနေခဲ့ တာတွေထဲက အကြောင်းအရာတစ်ခုပါ။

အနုပညာနဲ့ မေမေ့ရဲ့ပံ့ပိုးမှု
ဗီဒီယိုကားတွေ ခေတ်ကောင်းနေတဲ့အချိန်မှာ မင်းသားအဖြစ်ရိုက်ဖို့ ပိုက်ဆံထုတ်ပေးခဲ့တာ၊ ပံ့ပိုးပေးခဲ့တာလည်း အမှတ်တရတစ်ခုပါပဲ။

ပင်ပန်းလာတဲ့အခါ မေမေဟာ…
ကျွန်တော် အလုပ်ပင်ပန်းလာတဲ့အခါမှာ တစ်ရက် နှစ်ရက်လောက်အနားယူဖို့ကို အမြဲသတိပေးပါတယ်။ ညရိုက်ကွင်းတွေဆက်တိုက်ရှိလာပြီး အိပ်ရေးမ၀ဖြစ်လာတဲ့အခါမျိုးမှာ အားဆေးကအစ စီစဉ်ပေးတယ်။ တစ်ခါတလေ အလုပ်တွေဆက်တိုက်လုပ်ရင်း ပင်ပန်းလာတာကို ကျွန်တော်က ကိုယ့်ကိုယ်ကို သတိမပြုမိတာမျိုးဖြစ်တယ်။ ဘေးကနေ အမေတို့က မြင်ပြီးတော့ လိုအပ်တာတွေကို ဖြည့်ပေးတာမျိုးတွေရှိပါတယ်။ အဲလိုမျိုး အမေနဲ့ အနီးကပ်နေရတဲ့အတွက် အမေ့မေတ္တာတွေ တွေ့မြင်ရတာပေါ့။

နေတိုးအတွက် မေမေဆိုတာ
ကျွန်တော်ကတော့ မိခင်ကို မိခင်တစ်ယောက်အနေနဲ့ပဲ ဦးခေါင်းထဲမှာရော စိတ်နှလုံးသားထဲမှာရော အမေ့ရဲ့ မေတ္တာကို မြင်ပါတယ်။ 

မေမေ့ကို အပြောချင်ဆုံးစကား
ကျွန်တော်အခုချိန်မှာ ဒီလိုမျိုးအနုပညာ ခရီးတစ်လျှောက်လုံးကို မေမေနဲ့အတူ ဖြတ်သန်းနေရတယ်။ ကျွန်တော်ကလည်း ပြန်ပြီးတော့ ပြုစုခွင့်ရှိနေတယ်ဆိုတာသည် ကျွန်တော့်အတွက် အင်မတန်လည်းကံကောင်းပြီး အင်မတန်လည်း ကံထူးပါတယ်။ မိဘရဲ့မေတ္တာရိပ်အောက်မှာ နေခွင့်ရတဲ့အတွက် ကျွန်တော် အမြဲတမ်းကျေးဇူးတင်ပါတယ်။ မိဘရဲ့မေတ္တာကို ပြန်ပြီးပေးဆပ်သွားမယ်လို့ ပြောချင်ပါတယ်။

ဖြူဖြူကျော်သိန်း
ကမ္ဘာပေါ်မှာ စည်းကမ်းအကြီးဆုံးသော မား... မီ

ဖြူဖြူကျော်သိန်းနဲ့ မေမေ
မေမေပြောတဲ့ ဖြူဖြူ့အကြောင်း
ဖြူဖြူငယ်ငယ်တုန်းက... (ဥပမာ - အဆော့သန်သူ၊ အေးဆေးသူ... စသဖြင့် အမူအကျင့်)
ငယ်ငယ်ထဲက ကလေးလိုပုံစံထက် လူကြီးလို နေထိုင်ပြောဆိုတတ်တယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းတယ်။ ဆရာလည်း လုပ်တတ်တယ်။ ခေါင်းဆောင်မှုပေးနိုင်တဲ့ အရည်အချင်းလည်းရှိတယ်။

ငယ်ငယ်တုန်းက ဖြူဖြူ...
အမှတ်တရတစ်ခု ပြောရရင်တော့ သူ ဝါသနာနဲ့ပတ်သက်ပြီး ပြောပြမယ်။ ရေဒီယိုကနေ သီချင်းတစ်ပုဒ်လာရင် ကျက်စရာမလိုဘူး။ တစ်ခေါက်နားထောင်ရုံနဲ့တင် အလွတ်ရသွားပြီ။ သီချင်းခွေတစ်ခွေလုံးဆိုရင်လည်း အလွန်ဆုံး နှစ်ရက် 
ပဲ အကုန်ရသွားပြီ။ ၃ နှစ်အရွယ်လေးနဲ့ ကလေးတစ်ယောက်က လူကြီးဆိုတဲ့သီချင်းကို စကားလုံး ပီပီသသနဲ့ ကောင်းကောင်းဆိုနိုင်ခဲ့တယ်။ အဲလို ငယ်ငယ်ထဲက ရူးသွပ်ခဲ့တဲ့အတွက်ကြောင့်လည်း ဒီနေ့ ဒီနေရာကို ရောက်လာခဲ့တယ်။ ပရိသတ်တွေကလည်း အားပေးကြတယ်။ ဒါလေးကတော့ အခုချိန်ထိ မိသားစုဆုံတိုင်း ပြောဖြစ်နေရတဲ့ အမှတ်တရလေးတွေပါပဲ။  ပညာရေးမှာဆိုရင်လည်း စာကြိုးစားတယ်။ သူငယ်တန်းကနေစပြီး နှစ်စဉ်ထူးချွန်ဆု ရရှိတယ်။ ဥာဏ်ကောင်းတော့ စာကျက်ဖို့ နည်းနည်းပျင်းတယ်။ ဆုငွေနဲ့ ဆွဲဆောင်ပြီး စာကျက်ခိုင်းရတယ်။ လူမှုရေးမှာဆိုရင်လည်း သူတစ်ပါးကို ကူညီတတ်တယ်။ ကိုယ်ချင်းစာစိတ်နဲ့ အားလုံးနဲ့အဆင်ပြေအောင် ပေါင်းသင်းတတ်တယ်။ သီချင်းဆိုတာ အပြင် ပုံပြောကောင်းတယ်၊ ကဗျာစပ်တယ်၊ ပန်းချီဆွဲတယ်၊ သီချင်းတွေဆိုရင်လည်း တစ်ခေါက်နားထောင်ရုံနဲ့ အလွတ်ရသွားတယ်။ မဂ္ဂဇင်းတွေမှာလည်း သူရေးထားတဲ့ ၀တ္ထုတိုလေးတွေပါတယ်။ စန္ဒယားလည်း အတော်အသင့်တီးတတ်တယ်။

အနုပညာအလုပ် စလုပ်ဖြစ်တဲ့အချိန်မှာ အမေတစ်ယောက်ရဲ့ ခံစားချက်
ငယ်ငယ်ထဲက ဝါသနာပါတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ချင်တာကို အမေ့ကိုခွင့်ပြုချက်တောင်းတော့ အမေက သမီးပညာကိုတတ်အောင် သင်ရမယ်။ ပြီးမှ ကိုယ်ဝါသနာပါတဲ့ အနုပညာရှင် အလုပ်ကိုလုပ်ခွင့်ပြုမယ်ဆိုပြီး ပညာရေးကို လစ်ဟင်းမှုမရှိအောင် ကြိုးစားခိုင်းခဲ့တယ်။ တကယ် ထူးချွန်အောင်လည်း ကြိုးစားခဲ့တယ်။ အဲ့လို ကြိုးစားရင်းနဲ့ ဆေးကျောင်းဒုတိယနှစ်အောင်ပြီးတော့ သမီးအပေါ်မှာ အမေတစ်ယောက်ပေးထားတဲ့ ကတိအတိုင်း အဆိုတော်လုပ်ဖို့အတွက် ခွင့်ပြုပေးလိုက်တယ်။ ပညာရေးမှာရော၊ အနုပညာမှာပါ အခက်အခဲတွေ အများကြီးထဲကနေ အောင်မြင်အောင် ကြိုးစားပေးနိုင်ခဲ့တယ်။ ဒီလို တာဝန်ကျေတဲ့ သမီးအပေါ်မှာ အမေတစ်ယောက်အနေနဲ့ ဝမ်းသာပီတိကျေနပ်ခဲ့ရပါတယ်။

အနုပညာရှင်ဖြူဖြူနဲ့ ပတ်သက်တဲ့အမှတ်တရ
အမှတ်ရဆုံး အနုပညာတစ်ခုအကြောင်းဆိုရင်တော့ ၂၀၁၄၊ စက်တင်ဘာက နယ်သာလန်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးပွဲ (Master Peace) မှာ ငြိမ်းချမ်းရေးဖော်ကျူးတဲ့ သမီးရဲ့ စစ်သီချင်းကို နိုင်ငံခြားသားတွေရဲ့ တီးခတ်မှုနဲ့ ဖျော်ဖြေခဲ့ရတယ်။ အဲဒီ့ကမ္ဘာ့ငြိမ်းချမ်းရေးပွဲကို ဖိတ်ကြားခံရပြီး ငြိမ်းချမ်းရေးသီချင်းကို သီဆို ဖျော်ဖြေခဲ့ရတဲ့အတွက် အရမ်းဂုဏ်ယူမိတယ်။ 

၂၀၁၇ မတ်လတုန်းကလည်း Korea က ဖိတ်ခေါ်ပြီး ကိုရီးယား၊ တရုတ်၊ ဂျပန် သုံးနိုင်ငံမှာ Live ထုတ်လွှင့်ပြသတဲ့ The Show Program မှာ Korea သီချင်းတစ်ပုဒ်နဲ့ မြန်မာသီချင်းတစ်ပုဒ် ဖျော်ဖြေခွင့်ရခဲ့တာတွေဟာ ကိုယ့်တိုင်းပြည်အတွက် ဂုဏ်ယူစရာဖြစ်လို့ အမေတစ်ယောက်အနေနဲ့ အမှတ်တရဖြစ်ရပါတယ်။

ကောလဟာလတွေနဲ့ ကြုံရတဲ့အခါ...
ကောလဟာလဆိုထဲက မဟုတ်မမှန်တဲ့ စကားကိုပြောတာဖြစ်တဲ့အတွက် စိတ်အနှောင့်အ ယှက်ဖြစ်စရာမလိုဘူး၊ ခေါင်းထဲထည့်စရာမလိုဘူးလို့ အမြဲပြောခဲ့ပါတယ်။

ဖြူဖြူ့အပေါ် မေမေဖြစ်စေချင်တဲ့ ဆန္ဒက
အမေဖြစ်ချင်တဲ့ ဆန္ဒကတော့ ဆရာဝန်တစ်ယောက်ပေါ့။ ဆရာဝန်ဘွဲ့လည်း ရခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ ဆန္ဒနဲ့ ဝါသနာအလျောက် အဆိုတော်ဘဝကို ရွေးချယ်ခွင့်ပေးလိုက်တယ်။ ရွေးချယ်လိုက်တဲ့အတိုင်းလည်း တစိုက်မတ်မတ်နဲ့ ကိုယ်ကျင့်တရားဖြောင့်မတ်စွာနဲ့ ကြိုးစားခဲ့တဲ့အတွက် ဒီနေ့ ဒီနေရာထိ ရောက်လာတယ်။ အောင်မြင်မှုတွေ ရလာခဲ့တယ်။ အဲဒီအတွက် ဂုဏ်ယူတယ်၊ ကျေနပ်ပါတယ်။

အခုချိန်မှာ ဖြူဖြူ့ကို အပြောချင်ဆုံး စကားလေးတစ်ခွန်း အပြောချင်ဆုံးကတော့ (၁) ဘုရား၊ တရား ကို ဦးထိပ်ထားပါ။ (၂) လူကြီး၊ မိဘကို ရိုသေကိုင်း  ရှိုင်းပါ။ (၃) ကိုယ်ကျင့်သိက္ခာရှိပါလို့ ငယ်ငယ်ထဲက သွန်သင်ဆုံးမခဲ့တယ်။ ဒီအတိုင်း လိုက်နာခဲ့လို့လည်း အခုချိန်ထိ အောင်မြင်မှုကို ထိန်းသိမ်းနိုင်ခဲ့တယ်။ နောက်လည်း အမေသွန်သင်ခဲ့တဲ့အတိုင်း လိုက်နာပြီး ကိုယ်အဖြစ်ချင်ဆုံးဆန္ဒ ပြည့်ဝဖို့အ တွက် ကြိုးစားသွားပါလို့ မှာကြားချင်ပါတယ်။

မေမေဆိုတာ ဖြူဖြူ့အတွက်တော့…
ချစ်စရာ၊ နောက်ပြီးတော့… ချွဲစရာ…

ငယ်ငယ်တုန်းက မေ့မေ့ကို ဒီလိုမြင်တယ်…
ကမ္ဘာပေါ်မှာ စည်းကမ်းအကြီးဆုံးသော မား… မီ

မေမေနဲ့ အမှတ်တရတွေအကြောင်း…
များကြီးရှိပါတယ်။ ဒါပေမဲ့ ဒီတစ်ခါ အင်တာဗျူးမှာတော့ မေမေ့ဘက်ကပြောထားတဲ့ အမှတ်တရတွေကို ဦးစားပေးချင်လို့ ဖြူဖြူ (၂) ခုပဲ ပြောပြ  ပါ့မယ်။
၁။    မေမေက အမြဲဆုတောင်းပေးတယ်။
၂။    သူငယ်တန်းကနေ ရှစ်တန်းအထိ မေမေ ကိုယ်တိုင်စာသင်ပေးတယ်။

မေမေဆုံးမတတ်တဲ့ စကားတွေအကြောင်း…
၁။    ဘုရားကိုမမေ့နဲ့။
၂။    ကျေးဇူးတရားကိုမမေ့နဲ့။
၃။    ကိုယ်ကျင့်တရားကောင်းရမယ်။
၎။    ရိုးသားဖြောင့်မတ်ရမယ်။
၅။    အမှန်တရားဘက်က ရပ်တည်ရမယ်။
၆။    ကိုယ်ချင်းစာတတ်ရမယ်။
၇။    စည်းကမ်းရှိရမယ်။
၈။    အချိန်ကိုလေးစားရမယ်။
(နောက်အများကြီး ရှိသေးတယ်…)

အနုပညာအလုပ်တွေအတွက် မေမေ့ပံ့ပိုးမှုတွေအကြောင်း…
ပညာရေးအသိုင်းအ၀ိုင်းမှာ ရှင်သန်ကြီးပြင်းခဲ့တဲ့ မေမေ့အတွက် ကိုယ့်သမီးဝါသနာပါတဲ့ အနုပညာအလုပ်မှာ ပံ့ပိုးပတ်သက်ရတာခက်ခဲပေမဲ့ ဒီနေ့အထိ အပြုံးမပျက် ပံ့ပိုးပေးခဲ့တယ်။ အမှတ်
အရဆုံးကတော့ သူအမြတ်နိုးဆုံး တက္ကသိုလ်ဆရာမ ဘ၀ကနေ ရပ်နားပြီး အဆိုတော် ပေါက်စမလေးရဲ့ အမေအဖြစ် သူ့ကိုယ်သူပြောင်းလဲပစ်ခဲ့တယ်။ အဲဒီ့အတွက် မေမေ့ကို သိပ်ကျေးဇူးတင်တယ်။

ပင်ပန်းလာတဲ့အခါ မေမေဟာ ဖြူဖြူ့အတွက်…
ဖက်လုံးကြီး… ဟီး (ဖက်လိုက်ရင် အမောပြေသွားလို့…)

မေမေဟာ ဖြူဖြူ့အတွက် အမေဖြစ်တဲ့အပြင်… 
တီချယ်လေ… တီချယ်… ဟင်းဟင်း...

Bobby Soxer
ကိုယ့်အတွက် မရှိမဖြစ် လိုအပ်တဲ့ မေမေ

မေမေပြောတဲ့ Bobby Soxer အကြောင်း
ငယ်ငယ်တုန်းက Bobby Soxer 
ငယ်ငယ်တုန်းကတည်းက သူက Active အရမ်းဖြစ်တယ်။ သူ့ကိုချော့လို့လည်းမရဘူး၊ ခြောက်လို့လည်း လုံးဝမကြောက်ဘူး၊ အဲဒီတော့  သူ့ကို အလိုက်အထိုက်လေး ပြောရတယ်။ မသိမသာလေး ထိန်းရတယ်။ ခြောက်ရင်လည်း ခြောက်
မှန်းမသိအောင်၊ ချော့ရင်လည်း ချော့မှန်းမသိအောင် ပြောရတယ်။ စားမလားဆိုရင် မစားဘူး၊ သွားဆိုရင် မသွားဘူး။ ထမင်းကျွေးရင် စားဆိုရင် မစားဘူး၊ အဲဒီတော့ မစားနဲ့ဆိုမှ စားတယ်။ သူ့ကို ပြောင်းပြန်တွေပြောပြီး ထိန်းရတယ်။ သူကအရမ်းသွက်လွန်းတော့ သူ့ရဲ့လှုပ်ရှားမှုပေါ်မှာ ထိခိုက်မှာစိုးတာ၊ ချော်လဲမှာ စိုးတာကိုပဲ စိတ်ပူရတယ်။

ငယ်ငယ်တုန်းကအမှတ်တရတစ်ခုခု
ကျောင်းကပွဲတွေမှာဆိုရင် တစ်ခုတည်းကတာမဟုတ်ဘူး ၃ခု လောက်ကတယ်။ အဲဒီ ၃ခုလောက်ကို အကုန်လိုက်လုပ်ပေးရတယ်။ ငယ်ငယ်တုန်းကတော့ ကိုယ်ပြင်ပေးတဲ့ မိတ်ကပ်ကို အလိမ်းခံတယ်။ ကြီးလာတော့ အလိမ်းမခံတော့ဘူး။ သူရွက်လှေစီးချင်တယ်ဆိုလည်း အနောက်က လိုက်ပေးတယ်။ အင်းယားလမ်းမှာ ရွက်လှေအသင်းကမဏ္ဍာပ်ထိုးလို့ သွားဆော့ချင်တယ်ဆိုလည်း လိုက်ပေးတယ်။ သမီးဆော့ မေကြီး အောက်ဘက်မှာရှိတယ်ဆိုပြီး စားဖို့၊ သောက်ဖို့ အကုန် နောက်ကနေ စီစဉ်ပေးတယ်။ သူမွေးတုန်းက သူနဲ့အပ်ထားတဲ့ ဆရာဝန်တောင်မစောင့်ဘဲနဲ့ မွေးလိုက်တာ။ ကျောင်းမှာဆို အရမ်းဆော့တယ်။ အိမ်စာဆိုရင် ကျောင်းအိမ်စာကို တစ်ခါတည်း ဆရာမနဲ့သေချာအပ်ပြီး လုပ်ခိုင်းတယ်။ ပြန်လာရင် သူ့မှာ ဆော့ချိန်ပဲ ရှိတော့တယ်။ ဆရာမနဲ့ ကိုယ် သူ့အကြောင်းကို သေချာဆွေးနွေးပြီးတော့ ကိုယ်ကဘေးကနေပဲ ကိုယ်လိုချင်တဲ့ပုံစံကို ဆရာမကို ပြောပြတယ်။ အဲဒီတော့ ဆရာမက သူအားနည်း တဲ့ဘာသာကို ပြောတယ်။ အဲဒါဆို သူကြောက်တယ်။ ငယ်တုန်းမှာ မိဘတွေက စာသင်ကြတယ်။ အဲဒီလိုဆိုရင် မိဘနဲ့ သားသမီးနဲ့ အဆင်မပြေ စကားများတာမျိုးဖြစ်မှာဆိုတော့ အဲဒါကို ကိုယ်ကရှောင်လိုက်တယ်။ 

ပညာရေး၊ လူမှုရေး၊ အနုပညာတွေမှာ
သူက စကားပြောတာဆိုတာ အလိုအပိုမရှိ ပြောတတ်တယ်။ ရေလိုက်၊ ငါးလိုက်ပြောရတဲ့ အခါမျိုးဆိုရင်လည်း သူ့ဟာနဲ့သူ အဆင်ပြေနေတာပဲ။ သူ့စိတ်ထဲမှာ အရမ်းမပါတာမျိုးဆိုရင်တော့ ဟန်မလုပ်တတ်ဘူး။ မသိမသာ ရှောင်နေလိုက်
တယ်။ အန်တီ့အမြင်တော့ သူနေတတ်တယ်၊ ပြောတတ်တယ်။ အနုပညာနဲ့ပတ်သက်ပြီးတော့လည်း အချိန်တစ်ခုထိ ရပ်တည်နိုင်တာကလည်း ပရိသတ်ရှိလို့၊ အဲဒီအတွက်လည်း ၀မ်းသာတယ် ကျေးဇူးလည်းတင်တယ်။ သူစင်ပေါ်မှာ သီချင်းဆိုတဲ့အခါတိုင်း ပီတိဖြစ်တယ်။

အနုပညာစလုပ်ဖြစ်တော့ မိခင်တစ်ယောက်ရဲ့ ခံစားမှု
အနုပညာ အလုပ်စလုပ်တော့ ကိုယ်က ခွေကိစ္စလေးတွေ စိတ်နည်းနည်းပူတာတော့ရှိတယ်။ သူကလည်း ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာ သိတယ်။ တစ်ခါတလေကျတော့လည်း ကိုယ်လုပ်ချင်တာ မဖြစ်ဘူးလေ။ MTV ရိုက်တာဆိုရင် အချိန်ညှိရတာလေးတွေ၊ Edit ပိုင်းမှာ လိုက်လောရတာလေးတွေ အဲဒါလေးတွေလည်း သူ့ဟာ သူပဲလုပ်တာ။ ဖုန်းဆက်တာတို့၊ ချိတ်တာတို့ အကုန်လုပ်တယ်။ ကိုယ်ကဘာလုပ်ပေးရလဲဆိုတော့ မနက်ဖြန်လိုရိုက်တော့မယ်ဆို သူထုတ်ထားတဲ့ အ၀တ်တွေကို ထည့်ပေးတာမျိုး အဲဒါလေးတွေလောက်ပဲ လုပ်ပေးရတယ်။ အနုပညာရှင်တစ်ယောက်အနေနဲ့လည်း ဖြစ်ချိန်တန်လို့ ဖြစ်လာတာပေါ့။ မိဘက ဘာစိတ်ပူရလဲဆိုတော့ ဘွဲ့ မရမှာ၊ ကျောင်းချိန်မမှန်မှာ၊ နောက်ဆုံးနှစ်မှာ တစ်ရင်မဖြစ်ဘူးဆိုပြီး နယ်ပွဲတွေကို နားခိုင်း၊ သူနဲ့ အတူတူ လိုက်လုပ်ပေးဖြစ်တယ်။

အနုပညာရှင်တွေကြုံရတဲ့ ကောလာဟလတွေနဲ့ ကြုံရတဲ့အခါ
သူကပိုပြီး ကိုယ့်ထက်နေတတ်တယ်။ အန်တီကိုယ်တိုင်လည်း အဲဒီလိုကောလာဟလတွေကို မတုန်လှုပ်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ကလေးက ကိုယ့်မျက်စိရှေ့မှာတင်ကို အနေအထိုင်၊ အပြောအဆိုက ကိုယ်နဲ့ထပ်တူကျနေတာဆိုတော့ အဲဒီကောလာဟလတွေက ဘာမှမဟုတ်တော့ဘူး။ သူကတောင်မှ ကိုယ်စိတ်တိုနေရင် မေကြီး စိတ်တိုမနေနဲ့လေဆိုပြီး ဟုတ်မှမဟုတ်တာဆိုပြီး သူကတောင်ပြန်ပြီးနှစ်သိမ့်သေးတယ်။ 

မေမေရဲ့ သမီးအပေါ်ဖြစ်စေချင်တဲ့ ဆန္ဒ
အများကြီး မမှန်းပါဘူး။ ဆယ်တန်းတုန်းကဆိုလည်း သူတို့ဥာဏ်ကောင်းမှန်းသိတော့ ဂုဏ်ထူးရနိုင်မှန်းသိတော့ ဂုဏ်ထူးတွေပါအောင် ရနိုင်သလောက် ကြိုးစားခိုင်းတယ်။ ရတဲ့အဖြေပေါ်မှာလည်း အတင်းအကြပ်ကြီး မလုပ်ခိုင်းဘူး။ သီချင်းလုပ်တော့လည်း အဲလိုပဲ။

အခုအချိန်မှာ သမီးကို အပြောချင်ဆုံးစကား
သမီးအတွက် အချိန်အကြာကြီး၊ အများကြီး ကိုယ်နိုင်တဲ့ဘက်ကနေ ပံ့ပိုးပေးချင်တယ်။ ကိုယ်ကအချိန်ပြည့် အဆုံးစွန်ထိ လုပ်ပေးချင်တဲ့ စိတ်ရှိတယ်။ အဲဒါပါပဲ။

Bobby Soxer ပြောတဲ့ မေမေ့အကြောင်း
မေမေဆိုတာ Bobby Soxer အတွက်
အများကြီးတော့ မပြောတတ်ဘူး၊ ဒါပေမဲ့ ကိုယ့်ဘ၀မှာ အရေးအကြီးဆုံး ပုဂ္ဂိုလ်တွေထဲမှာ အမေပါပါတယ်။ ပြီးတော့ ကိုယ့်အတွက် မရှိမဖြစ် လိုအပ်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ပါတယ်။ ကိုယ် အလေးထားရဆုံးဆိုတဲ့အထဲမှာ ပါတယ်။

ငယ်ငယ်တုန်းက မေမေ့ကို ဒီလိုမြင်တယ်
သမီးတို့အမေက ကလေးတွေကို အရမ်းချစ်တယ်၊ အရမ်းဂရုစိုက်တဲ့အထဲမှာ ပါတယ်။ အဲဒါကတော့ ငယ်ငယ်လေးကတည်းက အခုထိ မြင်တဲ့အမြင်ပါ။ အခုအချိန်ထိလည်း သမီးတို့ဆို ရေကအစ ခပ်မသောက်ဘူး။ အမေက အဲဒီလောက်အထိကို လိုက်ပြီး ဂရုစိုက်တတ်တဲ့အမေပါ။

မေမေနဲ့ အမှတ်တရတွေအကြောင်း
ငယ်ငယ်တုန်းကဆိုရင်တော့ သိပ်ပြီး ထွေထွေထူးထူး အမှတ်ရတာ သိပ်မရှိဘူး။ ဒါပေမဲ့ အနုပညာအလုပ် စလုပ်တဲ့အချိန်မှာတော့ အမေနဲ့ ပိုပြီးတော့ close ဖြစ်တယ်။ သွားလေရာမှာလည်း အမေကလိုက်တယ်။ ခရီးတွေ အတူသွားတယ်၊ အလုပ်လုပ်ရင်လည်း အမြဲပါတယ်ဆိုတော့ သားအမိတွေ ရန်ဖြစ်ကြတာပေါ့။ အမေက လှစေချင်တော့ ဟိုအင်္ကျီလေးဝတ်၊ မိတ်ကပ်ကို ဘယ်လိုလိမ်း၊ ကိုယ်ကလည်း အဲလိုမလုပ်ဆိုတော့ ကြီးကြီးမားမားမဟုတ်ပေမဲ့ အငြင်းအခုန်လုပ်တာ ပျော်ဖို့လည်းကောင်းတယ်။ ငယ်ငယ်တုန်းကဆို အရမ်းချော့သိပ်ရ ခက်တဲ့ကလေး အိပ်လည်းမအိပ်ဘူး။ အဲဒီကျရင် အမေက သီချင်းကလည်း သိပ်မဆိုတတ်ဘူး၊ သူရတဲ့ သီချင်းတစ်ပုဒ်ရှိတယ်၊ အဲဒီသီချင်းက ရှမ်းမလေးတွေ ပေါတယ်၊ ချောတယ် အဲဒီသီချင်းရယ်၊ အန်တီမေဆွိသီချင်း နောက်တစ်ပုဒ်ရယ်၊ အဲဒီသီချင်းနှစ်ပုဒ်ကို စာသားတွေလည်း မရဘူး။ ဆိုပြီး ချော့သိပ်တာ အမှတ်တရပါပဲ။ သားသမီးနဲ့ မိဘကြားမှာ အမေကို ပိုပြီးသံယောဇဉ်တိုးလာတယ်၊ အသက်ကြီးလာလေလေ အမေကို ပိုပြီးတန်ဖိုးထားရကောင်းမှန်း သိလာလေလေဖြစ်လာတယ်။ ၁၆၊ ၁၇ ဆယ်ကျော်သက် ဘ၀မှာတော့ ဟိုဟာလုပ်ချင်၊ ဒီဟာလုပ်ချင်၊ ဟိုသွားချင်၊ ဒီသွားချင်၊ အဲဒီလိုအခါမျိုးမှာ ငြိုငြင်တာမျိုးတွေရှိတာပေါ့။ ဒါပေမဲ့ အခုပြန်စဉ်းစားကြည့်တဲ့အခါမှာတော့ ဒီလောက်ထိန်းထားပေးလို့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိတဲ့သူတစ်ယောက်အနေနဲ့ နေနိုင်တယ်လို့ အမေ့ကို ကျေးဇူးတင်တယ်။

မေမေဆုံးမတတ်တဲ့စကား
ထက်တို့ သားအမိနှစ်ယောက်ရဲ့ ပေါင်းသင်းဆက်ဆံရေးကကျတော့ သားသမီးနဲ့ မိဘဆိုတာထက် ငယ်ငယ်ကတည်းက သူငယ်ချင်းလိုပေါင်းတယ်။ အဲဒီလိုဆိုတော့ စကားတွေအများကြီးပြောပြီး ဆုံးမတာထက် မေတ္တာနဲ့ပဲ အုပ်ချုပ်တဲ့အမေလို့ပဲ မြင်ပါတယ်။ အလုပ်လုပ်ရင်လည်းလိုက်ပြီး ချုပ်ချယ်ပြောနေတတ်တဲ့အထဲမှာ မပါ ဘူး။ သူ့မျက်စိထဲမှာ အဆင်မပြေတာရှိရင် ဒါလေးကတော့ ဒီလိုလုပ်ရင်ကောင်းမယ်ထင်တယ်ဆိုပြီး အကြံပေးစကားမျိုးပြောတာပိုများတယ်။

အနုပညာအလုပ်တွေအတွက် မေမေရဲ့ပံ့ပိုးပေးမှုတွေအကြောင်း
အဓိကကတော့ ကိုယ်ကမိန်းကလေးဖြစ်တဲ့အတွက် အမေကအမြဲလိုက်ပေးတယ်။ နယ်ရှိုးတွေ သွားဆိုရတာဆိုရင်လည်း အမေ့ကြောင့်ပဲ ဆိုနေနိုင်တာ။ MTV ရိုက်တယ်၊ ကြော်ငြာရိုက်တယ်၊ သီချင်းဆိုတယ်၊ ဘယ်ဟာမဆို အစအဆုံး အမေရဲ့ ပံ့ပိုးမှုက အမြဲပါနေပါတယ်။

ပင်ပန်းလာတဲ့အခါ မေမေဟာ
ထက်က အပြင်မှာအလုပ်လုပ်ရင် ညည်းညူတာမျိုးမရှိပေမဲ့ အိမ်မှာဆိုရင်တော့ ဂျီအရမ်းကျတယ်၊ တခြားသူတွေအပေါ် ကိုယ်သည်းခံရသမျှ ကို အိမ်မှာဂျီကျတယ်။ အိမ်မှာဆိုရင်လည်း ဆူဆူညံညံလုပ်တဲ့ အသံကို နားထောင်နိုင်တာဆိုရင် အမေပဲရှိတယ်။ သမီးက သမီးပြောတာကို ဟုတ်ဟုတ် မဟုတ်ဟုတ် နားထောင်ပေးလိုက်ရင် ကျေနပ်သွားရော။

မေမေဟာ ကိုယ့်အတွက်
အမေက သားသမီးကို အမိန့်ပေးပြီး လုပ်ခိုင်းတာထက် မေတ္တာနဲ့အုပ်ချုပ်တဲ့၊ သူငယ်ချင်းလိုမျိုး၊ ညီအစ်မလိုမျိုး၊ မိဘလိုမျိုး လိုအပ်တဲ့ ထောင့်ကနေ စဉ်းစားပေးတဲ့အမေပါ။ အဲလိုအုပ်ချုပ်တဲ့အတွက် ရောင်ပြန်ဟပ်တယ် ပြောရမယ်။ ကိုယ်လုပ်ချင်တဲ့အရာတစ်ခု၊ မိဘ မကြိုက်တဲ့အရာတစ်ခု ဥပမာ- ဒီကိုသွားချင်တယ်ဆိုရင်တောင်မှ ခေါင်းထဲကိုပေါ်လာတယ်၊ စဉ်းစားတယ်။ 

အခုအချိန်မှာ မေမေ့ကို အပြောချင်ဆုံးစကား
ဒီထက်ပိုပြီး အများကြီး လုပ်ကျွေးချင်တဲ့အတွက် အသက်ရှည်ရှည်လေးနေပေးပါဦး၊ ကျန်းကျန်းမာမာနေပေးပါဦး။

R ဇာနည်
မေမေက သူငယ်ချင်းလိုမျိုးလည်း ပေါင်းလို့ရတဲ့သူ။

R ဇာနည်နဲ့ မေမေ (ဒေါ်ကေသွယ်ညွန့်)
မေမေပြောတဲ့ R ဇာနည်အကြောင်း 
အနုပညာ ငယ်ငယ်တည်းက ဝါသနာပါတယ်။ ခုနှစ်နှစ် ရှစ်နှစ်လောက်ကတည်းက သီချင်းဆိုနေပြီ။ လုပ်မယ်ဆိုတာ တစ်ခုကိုတော့ သူကလုပ်ပစ်လိုက်တာပဲ။ အဆော့လည်းသန်တယ်။ အိမ်ဘေးမှာတင် အားကစားကွင်းက ရှိနေတော့ သူတို့ ငယ်ဘဝက လွတ်လွတ်လပ်လပ်ဆော့ကစားနိုင်ခဲ့တယ်။ သူ့အဖေ မိသားစု တစ်မိသားစုလုံးက အနုပညာ ဝါသနာပါတယ်။ သူ့အဖေကလည်း သီချင်းဆိုတာပဲ။

ငယ်ငယ်က အမှတ်တရ
ဇာနည်က သူ့ကို မြှောက်ပေးရင်လုပ်တာပဲ။ ဇာနည်က သတ္တိရှိတယ်၊ ကန်နိုင်တယ်ဆို ကန်ပစ်လိုက်တာမျိုး ပေါ့ပေါ့ပါးပါးနဲ့ နေခဲ့တာ။ အပေါင်းအသင်းခင်တတ်တယ်။

ပညာရေး၊ လူမှုရေး၊ အနုပညာရေးတွေမှာ
ဇာနည်က ကြည့်ရင်သာကြမ်းမယ် ထင်ရတာ စိတ်ထားက အရမ်းနူးညံ့တာ ကလေးတွေ ချစ်တတ်တာ ငယ်ငယ်တည်းက။ အရမ်းကူညီချင်တယ်။ အန်တီတို့ မိသားစုက လမ်းရဲ့ ဝေယျဝစ္စတွေကို လုပ်လေ့ရှိတော့ သူတို့ ညီအစ်ကိုတွေကိုလည်း ဝိုင်းလုပ်ကြတော့ သူငယ်ချင်းတွေစုပြီးသွား၊ မိသားစုလိုက်သွားကြနဲ့ ဦးဆောင်ဦးရွက် လုပ်တတ်တဲ့ စိတ်လေးကို ရခဲ့ကြတာပေါ့။

အနုပညာအလုပ် စလုပ်ဖြစ်ခဲ့ချိန်မှာ အမေတစ်ယောက်အနေနဲ့ခံစားချက်
အနုပညာအလုပ်ကို သူ့ဟာသူ လှုပ်ရှားတာ။ အပေါင်းအသင်းတွေနဲ့ တူတူလုပ်ပြီးမှ သူတို့ဒီလို လုပ်ထားတယ်ဆိုပြီး ပြောတော့မှ အန်တီတို့က သိ ရတာ။ အားကြိုးမာန်တက် သူ့ကို ပံ့ပိုးခဲ့ရတာ မဟုတ်ဘူး။ အသက် (၁၈)နှစ်လောက်ကတည်းက သူက အလုပ်ဝင်ရင်းနဲ့ အပေါင်းအသင်းတွေတွေ့ပြီး လုပ်ဖြစ်ခဲ့တာ။ အနုပညာအလုပ်ကိုလုပ်ရင်းနဲ့ သူ့သီချင်းလေးတွေကို ပရိသတ်က အားပေးလာတော့ အတိုင်းမသိဝမ်းသာရတယ်။ ပျော်ရတယ်။

အနုပညာနဲ့ ပတ်သက်တဲ့ အမှတ်တရ
ဇာနည်ဆိုတာတွေက ကိုယ့်သားမို့လို့လားပဲ မသိပါဘူး (ရယ်လျက်) အကုန်လုံးကြိုက်တာ။ သီချင်းအကုန်လုံးလည်း ရလုရခင်ပဲ။ အစဆုံးသာ မရတာ။ သီဟဆို အမြဲပြောတယ်။ သူ့သားကြီး သီချင်းကျတော့ အကုန်ရတယ်ဆိုပြီး။ သီဟနဲ့ ဇာနည်က အခွေက သိပ်မတိမ်းမယိမ်းထွက်ခဲ့တာ သီဟသီချင်းတွေကို အန်တီက သိပ်မရဘူး။ ဇာနည်သီချင်းတွေကျတော့ ဘယ်သူရေးတယ်ဆိုတာက အစ မှတ်မိတတ်တယ်။

ကောလာဟလတွေ ကြုံရတဲ့အခါ 
ကောလာဟလတွေ ကြားရတဲ့အခါ၊ အရမ်းတုန်လှုပ်တာပေါ့။ ဒါပေသည့် သူက မဟုတ်မှ မဟုတ်တာ။ ဖြစ်ဖြစ်ချင်း ကြားကြားချင်းဆိုတော့ သူ့ဆီဖုန်းဆက်ပြီးတော့ ဘယ်လိုနေတယ်၊ ဘယ်လိုထိုင်လဲမေး၊ သူက အဆင်ပြေတယ် မေမေ ဘာမှမဖြစ်ဘူးဆိုမှ စိတ်အေးရတာ။ လူငယ်သဘာဝဆိုးတာမျိုးတော့ ရှိတောပါ့။ ဒါပေမယ့် အရမ်းဆိုးတာမျိုး မဟုတ်တော့ ဒီလိုပဲသားရေ လိမ်လိမ်မာမာနေ ဘုရားတရားမမေ့နဲ့ဆိုပြီး ဆုံးမရတာပေါ့။ အောင်မြင်နေတဲ့သူဆိုတော့ လူတွေက ဟုတ်တာရော၊ မဟုတ်တာရော အမျိုးမျိုးပြောကြတာပဲပေါ့။ အခုတော့ ကြာလာတော့ ရိုးလာသလိုဖြစ်လာပါပြီ။ အခုနောက်ပိုင်း ဝမ်းနဲ့ အိမ်ထောင်ကျတော့ ဝမ်းကလည်း အထိန်းအသိမ်းကောင်းတော့ အန်တီတို့ နည်းနည်းပေါ့ပါးသွားရတာပေါ့။
    
အမေတစ်ယောက်အနေနဲ့ သမီးအပေါ်မှာ ဖြစ် စေချင်တဲ့ဆန္ဒ
သားသမီးအပေါ် ဘာဖြစ်စေချင်တယ်ဆိုတဲ့ ဆန္ဒတော့ မရှိပါဘူး။ ဇာနည်နဲ့ပတ်သက်ပြီး အခုဖြစ်နေတဲ့ အနေအထားလေးကတော့ အကောင်းဆုံးပဲပေါ့။ ငယ်ငယ်တည်းကလည်း ငါ့သားကြီး ဘယ်လိုဖြစ်ရမယဆိုတဲ့ အတွေးမျိုးလည်း မတွေးခဲ့ဖူးပါဘူး။

သားအတွက် အပြောချင်ဆုံးစကား
အသက်အရွယ်လည်း ရလာပြီ။ ကိုယ့်မိသားစုနဲ့ ကိုယ်ဖြစ်လာပြီ။ အလုပ်ကို ကြိုးစားပြီးလုပ်ပါ။ ဘုရားတရားလည်း မမေ့ပါနဲ့။ ကျေးဇူးတင်ထိုက်သူတွေ အားလုံးကို မမေ့ပါနဲ့။

R ဇာနည်ပြောတဲ့ မေမေ့အကြောင်း
မေမေဆိုတာ R ဇာနည်အတွက်တော့...
မေမေဆိုတာ ငယ်ငယ်တုန်းက သိခဲ့တဲ့ အသိနဲ့ အခုသိတဲ့ အသိက ကွာတော့ကွာသွားပြီပေါ့နော်။ ငယ်ငယ်တုန်းကတော့ အမေဆိုတာ ထမင်းစားဖို့ ချက်ပြုတ်ပေးတယ်၊ ကျောင်းပို့ပေးတယ်၊ ဆူတယ်။ ဒါမျိုးလောက်ပဲသိတယ်။ ကြီးလာတဲ့အခါကျတော့ ကိုယ်လည်း မိဘဖြစ်လာတော့ မေမေဆိုတာ အနန္တောအနန္တငါးပါးထဲမှာ ပါတယ်ဆိုတာ အကြွင်းမဲ့လက်ခံလာတယ်။ ယုံကြည်လာတယ်။ ပြီးတော့ ကျွန်တော့်အတွက် တန်ဖိုးဖြတ်လို့မရတဲ့ အမေလို့ပဲ မြင်ပါတယ်။

ငယ်ငယ်တုန်းက မေမေ
မေမေက အရမ်းကို ရိုးပြီးတော့ အကုန်လုံးကို ချက်ပြုတ်ကျွေးမွေးပြီးတော့ မိသားစုတစ်ခုလုံး နေကောင်းကျန်းမာရင်ကို ပျော်နေတတ်တာ။ သူ့မှာက ဒီလောက်ပဲ Space ပဲရှိတာလေ။ သူ့သားတွေ သူ့ယောက်ျားတွေ ဘာစားချင်လဲ။ ဆွေမျိုးတွေ နေကောင်းကျန်းမာလား၊ ဒီလိုမျိုးလေးပဲ စိတ်ထဲ ရှိတတ်တဲ့သူပါ။

မေမေနဲ့ အမှတ်တရ
 အမှတ်တရတွေကတော့ အများကြီးပဲ သားအမိတွေဆိုတော့လေ။ အမြဲအမှတ်ရနေတာကတော့ မေမေ့အသံပဲ။ ကျွန်တော်တို့ ညီအစ်ကိုတွေ အိမ်ပြင်ထွက်ပြီး ဆော့ကြပြီဆိုရင် မေမေက အိမ်ပြန်လာဖို့ခေါ်တာဆိုရင် သူကလိုက်မရှာတော့ဘူး။ အိမ်ရှေ့ကနေ “ဇာနည်၊ သီဟ”ဆိုပြီး ထွက်အော်တာ ကျွန်တော်တို့ကလည်း ဘယ်ရောက်နေနေ အမေ့အသံကိုကြားတယ် မှတ်မိတယ်။ အဲလိုဆို အိမ်ပြန်ပြေးလာပေါ့။ နောက်တစ်ခုက မေမေငယ်ငယ်က ကျွန်တော်တို့ကို သီချင်းဆိုသိပ်တာ သူ့သံစဉ်နဲ့ သူ့ပါးစပ်ထဲတွေ့တာဆိုပြီးသိပ်တာ ကျွန်တော်က အဲဒါကို နားထောင်ပြီးအိပ်တာ။

မေမေပြောတဲ့ ဆုံးမစကား
မေမေက ၁၀၀% ဆိုးတဲ့ သားကို ပိုင်ဆိုင်ထားရတာဆိုတော့ သူ့မှာ ဇာနည်သားမဆိုးနဲ့တော့ မေမေတို့လည်း အဲလိုမျိုး မကြုံချင်တော့ဘူးဆိုပြီး စိုးရိမ်ပြီးပြောရတဲ့ စကားသံတွေတော့ အမှတ်ရဆုံးပဲ။ မိဘတွေက ရိုက်လည်း မရိုက်ခဲ့ဘူး။ အရမ်းလည်း ဆိုးဆိုးဝါးဝါး မဆူတတ်ကြဘူး အေးဆေးပဲ ပြောကြဆုံးမခဲ့ကြတဲ့ မိဘတွေပါ။ အခုအနေအထားမှာတော့ ကျွန်တော်တို့ကို ပိုင်ဆိုင်ထားခဲ့လို့ မေမေတို့ ကျေနပ်နေမှာပါ။

အနုပညာနဲ့ မေမေ့ရဲ့ပံ့ပိုးမှု
 အဖေ၊ အမေရဲ့ ပံ့ပိုးမှုဆိုတာကတော့ ကျွန်တော်တို့ ဘာလုပ်လုပ် ဘယ်လိုနေနေ ဘယ်လိုထိုင်ထိုင် ဘယ်တော့မှ အဆိုးမမြင်တဲ့ဟာရယ် ကိုယ်တွေအပေါ်မှာ မေတ္တာနဲ့ယှဉ်ပြီးတော့ ပြောတယ်ဆိုတယ်။ အဲဒါတွေဟာ ကြာလာတော့ စိတ်ခွန်အားတွေ ဖြစ်လာစေတယ်။ အဲဒါကြောင့် ဘာပဲလုပ်ချင်ချင် အများကြီး စဉ်းစားစရာမလိုပဲ ကောင်းတာနဲ့ ဆိုးတာနှစ်ခုကိုပဲ ရွေးလိုက်ရုံပဲ ဆုံးဖြတ်နိုင်စွမ်းရှိလာတယ်။ အဲဒါက အရာရာအတွက် ပံ့ပိုးမှုပါပဲ။

ပင်ပန်းလာတဲ့အခါ မေမေဟာ…
စိတ်ပင်ပန်းရင် မိဘကို ရင်ဖွင့်ဖြစ်တယ်။ ပေါက်ကွဲတစ်မျိုး ငိုယိုတစ်မျိုးပဲ။ အဲဒီလိုအခါကျရင် မေမေက သားရယ်ဒါက ဒီလိုရှိတယ်။ စိတ်အေးအေးထား အချိန်တန်ပြီးသွားမယ်။ အချိန်က ကုစားသွားမယ်ဆိုပြီး လေပြေလေးနဲ့ နှစ်သိမ့်သွားရင် စိတ်သက်သာရတယ်။

R ဇာနည့်အတွက် မေမေဆိုတာ
အမေက သူငယ်ချင်းလိုမျိုးလည်း ပေါင်းလို့ရတဲ့သူပါ။

မေမေ့ကို အပြောချင်ဆုံးစကား
ကျွန်တော် သက်ရှိထင်ရှား ရှိနေသေရွေ့ အမေကို ပြုစုစောင့်ရှောက်ပါမယ်။ အမေကလည်း ကျွန်တော်တို့ကို ချစ်တယ်ဆိုရင် ကိုယ့်ဖာသာပဲ ကျန်းမာအောင် ဂရုစိုက်ပေးရင်ရပါပြီ။

တင်မိုးလွင်
ကောင်းကင်ဆိုလည်း မိဘပဲ၊ မြင့်မိုရ်တောင်ဆိုလည်း မိဘပဲ၊ ကိုယ်ရပ်တည်ဖို့ ကမ္ဘာမြေကြီးဆိုလည်း မိဘပါပဲ။

တင်မိုးလွင်နဲ့မေမေ (ဒေါ်ခင်မေလေး) 

မေမေပြောတဲ့သမီးအကြောင်း 
ငယ်ငယ်ကတည်းက အရမ်းထိန်းရလွယ်တဲ့ ကလေးလေးပါ။ သိပ်လည်းမဆော့ဘူး။ ချီထားရင်လည်း မရဘူး။ ပေါင်ပေါ်တင်ထားရင်လည်း မရဘူး။ သူ့ဘာသာသူ အောက်ဆင်းပြီးပဲနေတယ်။ အဲ့ဒီလိုပဲ ပုခက်နဲ့လည်းမနေဘူး၊ ထမ်း 
လျှောက်စရာလည်း မလိုဘူး၊ သူ့ဘာသာသူ အိပ်တာ။ အန်တီတို့ကလည်း ၀န်ထမ်းဆိုတော့ စကတည်းက အကျင့်လေးလုပ်ထားတာပေါ့။ ၄၅ ရက်ပဲ တူတူနေရတယ်ဆိုတော့ အဲ့ဒီအချိန်ကတည်းက အန်တီကနို့ဘူးချိန်ရယ် မိခင်နို့အချိန် ရယ်ခွဲလိုက်တော့ သူနေတတ်သွားတာပေါ့။

ငယ်ငယ်က အမှတ်တရ
မှတ်မှတ်ရရဆိုရင် လူနဲ့ကပ်ပြီးမနေပေမဲ့ သူတစ်ယောက်တည်းနေရတာမျိုးတော့ မကြိုက်ဘူး။ သူ့ကိုလူရှိတယ်လို့ထင်ရအောင် ကော်ပတ်ရုပ်ကြီးကြီးကို သူမြင်ရတဲ့နေရာမှာ ထောင်ထားပေးတယ်။ သူလှဲအိပ်လိုက်လို့ အဲ့ဒီအရုပ်ကို မြင်နေရရင် လူတစ်ယောက်ရှိတယ်လို့ထင်ပြီး သူကျေနပ်တယ်။ ကျောင်းစထားတဲ့အချိန်မှာလည်း ကျောင်းမနေခင်ကတည်းက ကျောင်းပျော်အောင် အန်တီက ကျောင်းဆရာမဆိုတော့ ကလေးတွေ ကစားချိန် မုန့်စားချိန်တွေကို သူ့ကိုပြထားတယ်။ အဲ့ဒီတော့ သူတကယ် ကျောင်းနေတော့လည်း အခက်အခဲမရှိဖြစ်သွားတယ်။ အန်တီက အထက်တန်းပြဆိုတော့ သူမူလတန်းတက်တော့ အန်တီနဲ့ကျောင်းတော့ မတူပါဘူး။ ဒါပေမဲ့ ကျောင်းပျော် အောင် အန်တီက ပြောပြထားတာပေါ့။ 
သမီးက ပျော်တတ်နောက်တတ်တော့ သူနဲ့ပတ်သက်ပြီး ရယ်စရာလေးတွေလည်း ရှိပါတယ်။ သူကစားတဲ့အခါမှာလည်း တစ်ခုခုကိုဖန်တီးပြီး ဆော့တတ်တယ်။ ဥပမာ သင်္ကြန်မဟုတ်ပေမဲ့ သင်္ကြန်ပုံစံမျိုးသူဆော့မယ်ဆိုရင် ဖက်လေးတွေနဲ့မဏ္ဍပ် လေးတွေလုပ်ပြီးဆော့တာမျိုး အသံလေးညောင်ညောင် ညောင်ညောင်နဲ့ သူတောင်းစားပုံစံမျိုးလေးတွေလုပ်ပြီးဆော့တယ်။ သူ့ကိုကြည့်ပြီးရယ်နေရတာပေါ့နော်။ အဲ့ဒီလိုအမှတ်တရတွေကတော့ အများကြီးပဲ။ မွေးချင်းသုံးယောက်ထဲမှာ သမီးကအကြီးဆုံးဖြစ်သလို သွက်လည်း အသွက်ဆုံးပါပဲ။ 

အနုပညာအလုပ် စလုပ်ဖြစ်ခဲ့ချိန်မှာ အမေတစ်ယောက်အနေနဲ့ခံစားချက်
အန်တီက လုပ်စေချင်တယ် အားပေးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျောင်းတစ်ဖက်နဲ့ အလုပ်လုပ်တော့ စိတ်တွေက ဟိုဟိုဒီဒီမရှိတော့ ဘူးပေါ့။ မယ်ပြိုင်တယ်ဆိုတာ အားကစားပဲဆိုတော့ အချိန်မှန်သွားပြီးတော့ ကစားရတယ်။ အေရိုးဗစ်နဲ့ ကာယအလှကစားရတာကို အန်တီကအားပေးတယ်။ သမီးက မယ်ဖြစ်ပြီးတော့ ဟိုပွဲဒီပွဲတွေလာခေါ်တဲ့အခါ ကိုယ့်စရိတ်နဲ့ကိုယ်လုပ်ရတယ်။ ကိုယ်ကလည်း ဖန်သားပြင်ပေါ်မှာ ရောက်ချင်တဲ့အခါကျတော့ ကိုယ့်ကိုခေါ်အောင်လည်း အစွမ်းကုန်ကြိုးစားရတယ်။ အဲ့ဒီမှာ အန်တီတို့သားအမိက စိတ်ကူးရပြီးတော့ ကုမ္ပဏီတွေလည်းပေါ်လာပြီ ဒါမျိုး service လည်းလိုလာပြီဆိုတော့ သမီးရေ ဒါမျိုးမကောင်းဘူးလားဆိုပြီး မော်ဒယ်အေဂျင်စီလုပ်ဖို့ သူ့ကိုစင်ကာပူမှာ သွားသင်ခိုင်းခဲ့တယ်။ 

ကောလာဟလတွေ ကြုံရတဲ့အခါ 
ကောလာဟလတွေက ရှိတော့ရှိပါတယ်။ သူတို့လည်းရုပ်ဆင်တာလေးတွေရှိတော့ အမှတ်တမဲ့ဆိုရင် လူမှားသွားတာတို့ လေယာဉ်ပျံပေါ်မှာတွေ့ခဲ့တယ်ဆိုတာမျိုး ပြန်ပြောတာတို့ ကြုံဖူးပါတယ်။ ဒါပေမဲ့ အမေလုပ်သူက အားလုံးသိနေတာဆိုတော့ မဟုတ်မှန်းသိနေတယ်။ သိပ်ပြီး ဖြေရှင်းနေစရာမလိုတော့ဘူး။ 
    
အမေတစ်ယောက်အနေနဲ့ သမီးအပေါ်မှာ ဖြစ်စေချင်တဲ့ဆန္ဒ
သမီးအခုဖြစ်နေတာနဲ့ တစ်ထပ်တည်းကျပါတယ်။ တောက်လျှောက်သူ့အပေါ်မှာ အန်တီက ဒီလိုပြီးရင်ဒီလိုလုပ်ပါလားဆိုပြီး အကြံတွေပေးခဲ့တယ်။ သူလည်းလုပ်ခဲ့တယ်။ အန်တီတို့ သားအမိနှစ်ယောက်က စိတ်ကူးလေးတွေတူတယ်။ အန်တီ့အနေနဲ့က သားသမီးကို ကိုယ်ဖြစ်စေချင်တာထက် Guideline ပေးတာများပါတယ်။ 
    
သမီးအတွက် အပြောချင်ဆုံးစကား
အခုချိန်မှာ အန်တီအပြောချင်ဆုံး စကားကတော့ အလုပ်ကိုလျှော့ပြီးတော့ ဘုရား တရားဘက်ကို ပိုလိုက်စေချင်တာပါ။ 

မိဘတွေရဲ့ သားသမီးအပေါ်ထားတဲ့မေတ္တာ
မိဘတွေဟာ သားသမီးနဲ့ပတ်သက်ရင် သူ့ အလိုလိုတတ်သွားတယ်။ Talent တွေ ထွက်လာတယ်ဆိုတာ အန်တီယုံကြည်တယ်။ အန်တီက ကျောင်းဆရာမပေမဲ့ သူ့ရဲ့ကုမ္ပဏီအလုပ်မှာ အင်တိုက်အားတိုက်ပါတယ်။ စာရင်းအင်းလည်း
လုပ်ပေးမယ်။ ကလေးတွေအတွက် မော်ဒယ်အ၀တ်အစားတွေကအစ သမီးရဲ့အ၀တ်အစားတွေအထိ အန်တီအကုန်စီစဉ်တယ်။ ဒါလည်း အန်တီနဂိုက မတတ်ပါဘူး။ မိဘရဲ့စေတနာ မေတ္တာနဲ့ကျတော့ တတ်ချင်စိတ်ဖြစ်အောင်လိုက်မီအောင်လိုက်လုပ်တော့ရသွားတယ်။ 

တင်မိုးလွင်ပြောတဲ့ မေ့မေ့အကြောင်း
ငယ်ငယ်တုန်းက မမိုး မှတ်မိသလောက် မမိုးတို့အိပ်ရာနိုးတဲ့အချိန်ဆို မေမေ့ကို မတွေ့ ရတော့ဘူး။ မေမေကျောင်းကပြန်လာတဲ့ အချိန်ဆိုရင်လည်း မမိုးတို့က အိပ်ပျော်နေကြပြီ။ တော်တော်လေးကို မှတ်မိတဲ့အရွယ်ကျမှပဲ အမေက အဝေးကြီးသွားရတဲ့ ကျောင်းကနေ မြို့ထဲကို ပြောင်းလာတော့မှ အမေနဲ့တော်တော်ကြာကြာ တူတူနေရတာ။ အဲ့ဒီအချိန်ကစပြီး အမေအားတဲ့နေ့ကိုပဲ တွယ်ကပ်ကြတာ။ ဒါပေမဲ့ အမေက  အလုပ်အရမ်းလုပ်တယ်။ အိမ်အလုပ်ရော၊ ကျောင်းအလုပ်ရော ကျောင်းကပြန်ပါလာတဲ့ အလုပ်တွေရော အလုပ်အရမ်းများတယ်။ ဒါပေမဲ့ မမိုးတို့ သားအမိသားအဖတွေအားလုံးက တစ်ခန်းတည်းမှာပဲ တူတူနေတော့ သူငယ်ချင်းဆိုလည်း ဟုတ်၊ မောင်နှမဆိုလည်း ဟုတ်၊ လုံးလုံးထွေးထွေးရင်းရင်းနှီးနှီးကို နေခဲ့ရတယ်။ အမေကတော့ မမိုးတို့ညီအစ်မတွေအတွက် အမေဆိုလည်းဟုတ်တယ်၊ အစ်မဆိုလည်း ဟုတ်တယ်၊ သူငယ်ချင်းဆိုလည်းဟုတ်တယ်။ ဘာမဆိုလည်း ထုတ်ပြောလို့ရတယ်။ အမေက မမိုးတို့အတွက် ကြောက်စရာလည်းမကောင်းဘူး။ သီးသန့်လည်းမဆန်ဘူး။ အမြဲတမ်းလက်ပွန်းတတီး အနီးကပ် နွေးထွေးတာရော အားပေးတာရော အကုန်ပါတဲ့ အမေပေါ့နော်။ 

ငယ်ငယ်တုန်းက မေမေ
မမိုးရဲ့စံပြက အမေဆိုတော့လေ ပြောရရင်တော့ ကိုယ့်အမေမို့လို့ ကိုယ်ပြောတာ မဟုတ်ဘူး။ အရာရာမှာ အကုန်တော်တယ်။ သင်္ချာဆိုလည်း သူလည်းသင်တယ် ကိုယ်တွေကိုယ်လည်း ဂုဏ်ထူး  ထွက်အောင်သင်ပေးတယ်။ ဟင်းချက်တာဆိုလည်း စားကောင်းအောင်လည်း ချက်ပေးတယ်။ စားကောင်းအောင် ဘယ်လိုချက်ရမလဲဆိုတာလည်း ကိုယ်တွေကိုယ်လည်း သင်ပေးတယ်။ ဈေးဝယ်တာ၊ သန့်ရှင်းရေး၊ မီးပူတိုက်တာ၊ လျှော်တာ ဖွပ်တာအပြင် သစ်ပင်စိုက်တာကအစ အပင်ဖြစ်အောင် အသီးသီးအောင် အပွင့်ပွင့်အောင် ရောင်းကောင်းအောင် ဘယ်လိုလုပ်ရမလဲကအစ အကုန်သင်ပေးတာ။ ခရီးသွားရင်လည်း ပျော်လည်း ပျော်ရမယ်၊ အမှတ်တရလည်းဖြစ်ရမယ်၊ သူများကိုလည်းကူညီ၊ လှူလည်းလှူရင်းနဲ့ ခရီးသွားအမှတ်တရ စာစီစာကုံးတစ်ပုဒ်ရအောင် အဲ့ဒီလိုမျိုးကို သင်ပေးနိုင်တယ်။ အိမ်မှာနေလို့ရှိရင်လည်း ရေမိုးချိုးတာ သနပ်ခါးလိမ်းတာ နည်းနည်းအရွယ်ရောက်လာတော့ မိတ်ကပ်လိမ်းတာကအစ အမေပဲ သင်ပေးတာ။ မမိုး ပထမဦးဆုံးပြိုင်ခဲ့တဲ့ မယ်ပြိုင်ပွဲတွေ လျှောက်ခဲ့တဲ့ ရှိုးပွဲတွေမှာ မိတ်ကပ်ဆံပင် လက်သည်း ခြေသည်းနီ Accessories ကအစ အမေပဲပြင်ဆင်ပေးခဲ့တာ။ အမေက မမိုးအတွက်ဆို အမေလည်းဟုတ်တယ်၊ မိတ်ကပ်ဆရာလည်း ဟုတ်တယ်၊ ဒီဇိုင်နာလည်းဟုတ်တယ်၊ ဆရာလည်း ဟုတ်တယ်။ 

မေမေနဲ့ အမှတ်တရ
အမှတ်တရတွေက အများကြီးပဲ။ ဥပမာဆိုရင် ဆယ်တန်းတုန်းက မမိုးဆရာဝန်ဖြစ်ဖို့ ကိုယ်တိုင်လည်း မျှော်လင့်ထားတယ်။ တစ်အိမ်လုံးကလည်း မျှော်လင့်ထားတယ်။ စာမေးပွဲဖြေတဲ့အချိန်မှာ လေးဖက်နာ နှလုံးရောဂါဖြစ်တယ်။ ဆေးကျောင်းမမီမှာစိုးလို့ အဖြေလွှာခြစ်ချရမလား အမေလို့ မမိုးကမေးတယ်။ တစ်ခြားလူတွေကလည်း ခြစ်ချကြတာမျိုး အဲ့ဒီတုန်းကအရမ်းလုပ်တယ်။ ဒီခေတ်လိုလည်း ရွေးချယ်စရာအများကြီး မရှိ တော့ ဆရာဝန်အရမ်းဖြစ်ချင်ကြတယ်လေ။ အဲ့ဒီမှာ အမေကပြောတယ်။ နောက်နှစ်မှာလည်း ဒီထက် ပိုပြီးမကျန်းမာဖြစ်ရင် ဖြေတောင်ဖြေနိုင်မှာ မဟုတ် ဘူး သမီးတဲ့။ အခု ဖြေနိုင်တဲ့အချိန်မှာပဲ ဖြေနိုင်သလောက် အကောင်းဆုံးပဲဖြေခဲ့ပါတဲ့။ ဆရာဝန်ဖြစ်ရေး မဖြစ်ရေးဆိုတာထက် အခုချိန်မှာ အ
ကောင်းဆုံးဖြေခဲ့ဖို့ပဲ အာရုံထားပါလို့ပြောခဲ့တယ်။ အဲ့ဒါဟာ မမိုးအတွက်အမှတ်တရပါပဲ။ မမိုးအတွက်ဖိအားမဖြစ်စေဘဲ တွန်းအားဖြစ်စေခဲ့တယ်။ အောင်စာရင်းထွက်တဲ့အချိန်မှာ မမိုးဂုဏ်ထူးသုံးခုပါတယ်။ ဒါပေမဲ့ ဆရာဝန် အမှတ်မမီဘူး။ အဲ့ဒီမှာအမေက ဆေးပညာမလိုက်စားနိုင်တော့လည်း တစ်ခြားသော ပညာတွေလေ့လာလိုက်စား၊ ငွေကြေးစုဆောင်းပြီး ကျန်းမာရေးအတွက် ရံပုံငွေထား ကြတာပေါ့ သမီးရယ်လို့အားပေးခဲ့တယ်။ 

မေမေ့ပြောတဲ့ ဆုံးမစကား
မိန်းကလေးတွေအတွက် အကျင့်သိက္ခာ အရေးကြီးဆုံးပါ။ အဲ့ဒီအကျင့်သိက္ခာ ပျက်ပြားသွားပြီဆိုရင် ကိုယ့်ကိုယ်တိုင်တောင်မှ လေးစားနိုင် တော့မှာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုလေးစားပါ၊ အကျင့်သိက္ခာကိုထိန်းပါ။ ဒါဟာ စိတ်ဓာတ်နဲ့ ဆိုင်တယ်။ တစ်ယောက်ယောက်ကို အတင်းပြောတော့မယ်ဆိုရင် သမီး အဲ့ဒါအတင်းပြောတာလို့ခေါ်တယ်။ နောက်ကွယ်မှာပြောလည်း သူကြားရတာ    မဟုတ်ဘူးဆိုပြီး ကိုယ်ကဖိပြီးတော့ မပြောရဘူး။ ဘာဆိုရင် ဘယ်လိုစိတ်ဓာတ်ကိုညွှန်းတယ်... 
သမီးအဖေကိုဆိုကြည့် အဖေဆိုရင် ဘယ်လောက်မျှတလဲ၊ ဘယ်လောက်ယောက်ျားကောင်း ပီသလဲ... အမေတို့ကျောင်းက လူရည်ချွန်ရတဲ့ အစ်မကြီးဘယ်သူကိုကြည့်... အဲ့ဒီလိုမျိုးပေါ့ အမေ့ကျောင်းက လူရည်ချွန် လူရည်မွန်တွေအကြောင်းကလည်း အိမ်ကိုသတင်းစကားအမြဲပါတယ်။ စိတ်ဓာတ်ပေါ့နော်... အဲ့ဒီစိတ်ဓာတ်ကို အဓိကထားပြီး သင်ပေးခဲ့တယ်။ 

အနုပညာနဲ့ မေမေ့ရဲ့ပံ့ပိုးမှု
မမိုးအနေနဲ့ကတော့ ဘာမဆိုအားသွန်ခွန်စိုက်ရှိတာမှန်တယ်။ ဒါပေမဲ့ အဲ့ဒီအားသွန်ခွန်စိုက်ကို နောက်ထပ် အားထပ်ပေါင်းပေးတာက တော့ မေမေပေါ့။ အဖေရော အမေရော တူတူပါပဲ။ ဒါပေမဲ့ အမေကတော့ အနီးကပ်ဆိုတော့ ပိုတာပေါ့နော်။ ကိုယ့်ရဲ့ ကာယကြံ့ခိုင်မှုနဲ့ စိတ်ဓာတ် ကိုအခြေပြုပြီး ပြိုင်ရတဲ့ အလှမယ်ပြိုင်ပွဲမျိုးကို မပြိုင်ချင်ဘူးလား၊ ပြိုင်ပါလားလို့ မေမေက ပြောတော့ မမိုးက ဟာ... မဖြစ်ပါဘူးမေမေရယ်ဆိုပြီး ငြင်းတယ်။ မမိုးက ယောက်ျားလိုပဲ ကျားကျား လျားလျားနေချင်တာ။ မေမေက မိန်းကလေးဆိုတာ မိန်းကလေးဆန်ဖို့ မိန်းမပီသဖို့လည်းလို တယ်။ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေအားလုံးကို ယောက်ျားလိုမျိုးဝတ်စားဆင်ယင်မှ အောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ဘူး။ အမျိုးသမီးဖြစ်ရခြင်းသည်ကိုက သူ့မှာအင်အားတစ်ရပ်ရှိပြီးသား။ အဲ့ဒီတော့သမီးလုပ်ကြည့်ပါလား။ သမီးအဖွားကလည်း အားပေးတယ်ဆိုပြီး ပြောတယ်။ မမိုးအဖွား (အခု  အသက် ၉၈ နှစ်)ကလည်း အားပေးတယ်။ သူတို့ခေတ်တုန်းက မယ်ပြိုင်တာ ဘယ်လိုလုပ်ပါလား ငါ့မြေးပေါ့။ အဲ့ဒီလိုမျိုးအဆင့်ဆင့်အားပေးခဲ့ကြတယ်။ 

ပင်ပန်းလာတဲ့အခါ မေမေဟာ…
အလုပ်တွေ များတဲ့နေ့မျိုးဆိုရင်တော့ နံနက် ငါးနာရီကတည်းက အိမ်ကထွက်ရပြီ။ ဖွင့်ပွဲတွေရှိတယ်ဆိုရင် ဥပမာ- နံနက် ခုနှစ်နာရီဖွင့်ပွဲဆိုရင် ပွဲနေရာကို ခြောက်နာရီ လောက်ကတည်းကရောက်ရပြီ။ Schedule စာအုပ်ဖွင့်ကြည့်လိုက်လို့ရှိရင် ပွဲတွေရော စာသင်တာရော အမြဲတမ်း ငါးခု၊ ခြောက်ခုလောက်ရှိတယ်။ နောက်ဆုံးပြန်လာမယ့် အချိန်ကို မမိုးတပည့်တွေကို မေးရင်မေး၊ စာအုပ်ကိုကြည့်ရင်ကြည့် အမေကသိနေပြီ အလုပ်တွေ  အားလုံးသိမ်းပြီး မမိုးပြန်လာတဲ့အချိန်က ည ၁၀ နာရီပဲ။ အဲ့ဒီလိုနေ့မျိုးဆို အမေက မမိုးကြိုက်တတ်တာလေးတွေ အဲ့ဒီရက်ဝန်းကျင်လောက်က မမိုးစကားပြောရင်းနဲ့ ဘာစားချင်တယ်ဆိုတာမျိုး  ပါသွားတာလေးတွေကိုမှတ်ထားပြီး အဆင်သင့်လုပ်ပေးထားတယ်။ ပြန်လာလို့ရှိရင်လည်း အိမ်မှာစိတ်မကောင်းစရာတစ်ခုခုရှိရင်တောင်မှ ဘယ်ကိစ္စကိုမှ ဘာမှမပြောဘဲ အရမ်းကိုသာယာအောင် ကြိုဆိုတတ်တယ်။ အဲ့ဒီလိုမျိုးပံ့ပိုးမှုကတော့ တစ်ချိန်လုံးကို စိတ်အား၊ လူအား၊ အကြံဥာဏ် အား အကုန်လုံးပါပဲ။ ငွေဆိုရင်လည်း သူတို့မှာရှိတဲ့ကြွယ်ဝမှုနဲ့ အမြဲတမ်းပံ့ပိုးပေးတယ်။ အခုချိန်အထိပဲ။ အရမ်းကြီး ကြွယ်ဝတာမဟုတ်တာတောင် ရှိသလောက် ဘတ်ဂျက်နဲ့ကို လောက်ငှအောင် ခွဲခြမ်းစိတ်ဖြာပြီး မမိုးတို့အတွက် ပံ့ပိုးပေးပါတယ်။ 

တင်မိုးလွင်အတွက် မေမေဆိုတာ
ဒီလိုမေမေကိုရထားတဲ့အတွက် အရမ်း ဂုဏ်ယူပါတယ်။ အဲ့ဒီအတွက်ကို မမိုး အမြဲတမ်းဘုရားရှိခိုးလို့ရှိရင် အတိတ်ဘ၀အဆက်ဆက်က တော်စပ်ခဲ့တဲ့ မိဘတွေရော၊ အနီးစပ်ဆုံးဘ၀က တော်စပ်ခဲ့တဲ့မိဘတွေကိုရော အရမ်းကျေးဇူးတင်တယ်။ အတိတ်က တော်စပ်ခဲ့တဲ့မိဘတွေက ကိုယ့်ကိုဘာသာရေးရော၊ လူမှုရေးရော အကုန်လုံးပေါ့နော် ဒီလိုဘ၀ကောင်းကိုရဖို့အတွက် ကိုယ့်ကိုသွန်သင်ပြီး မြေတောင်မြှောက်ပေးခဲ့တယ်နဲ့ တူတယ်။ ဒီဘ၀ကိုရောက်တဲ့အခါမှာလည်း အခုချိန်အထိကို မိဘနဲ့ပတ်သက်ပြီး မကျေနပ်စရာ ဘာမှကို မရှိခဲ့ဘူး။ ကိုယ့်ရဲ့တပည့်သားမြေးတွေထဲမှာဆိုရင်လည်း တချို့ကိုတွေ့တယ်။ မိဘတွေက သားသမီး အပေါ်မကောင်းဘူး၊ ကလေးတွေက သူတို့ဘာသာရုန်းကန်ရတယ်ဆိုပြီး ဆရာမကို ရင်လာဖွင့်ကြတယ်။ ကိုယ့်မိဘကတော့ အရမ်းကိုကိုယ့်ဘက်က ရပ်တည်ပေးခဲ့တယ်။ ကောင်းကင်ဆိုလည်း မိဘပဲ၊ မြင့်မိုရ်တောင်ဆိုလည်း မိဘပဲ၊ ကိုယ်ရပ်တည်ဖို့ ကမ္ဘာမြေကြီးဆိုလည်း မိဘပါပဲ။ 

မေမေ့ကို အပြောချင်ဆုံးစကား
များကြီးမဟုတ်ပါဘူး။ ဒါပေမဲ့ တန်ဖိုးအကြီးဆုံးဖြစ်ပါလိမ့်မယ်။ ကျန်းကျန်းမာမာနဲ့ အသက်ရှည်စေချင်တယ်။ မေမေ့စိတ်ထဲမှာရှိနေတဲ့ ဖူးချင်တဲ့ဘုရားစေတီတွေကို ကိုယ်တိုင်ကိုယ်ကျ မြတ်စွာဘုရားရှင် ရှေ့တော်မှောက်အရောက်အထိကို ဘုရားဖူးခွင့်ရအောင်ပို့ပေးချင်တယ်။ မေမေ့စိတ်ထဲမှာ ဗုဒ္ဓဂါယာသွားချင်တယ်၊ မြောက်ဦးသွားချင်တယ်၊ ပုဂံသွားချင်တယ်၊ ကျိုက်ထီးရိုးသွားချင်တယ် စသဖြင့်ပေါ်လာတိုင်း မမိုးကဘေးကနေ မေမေ့လက်ကိုကိုင်ပြီးတော့ အတူတူသွား နိုင်တဲ့သူဖြစ်ချင်ပါတယ်။ အခုလည်း ဖြစ်ခွင့်ရနေပါတယ်။ 

G-Fatt
အမေဆိုတာ ကျွန်တော့်အတွက်တော့ အရာတိုင်းပါပဲ။

မေမေပြောတဲ့ G- Fatt အကြောင်း
ငယ်ငယ်တုန်းက အဆော့သန်တယ်။ ၂ နှစ်သားလောက်တုန်းက သေတ္တာပေါ်က ပြုတ်ကျတာ မျက်ခုံးကို ၂ချက် ချုပ်လိုက်ရတယ်။ ဒါပေမဲ့ အမေငိုမှာစိုးလို့ ချုပ်တာကို သူကမငိုဘူး။ သူ့စိတ်ဓာတ်ကမာတယ်။ သည်းခံခွင့်လွှတ်တတ်တဲ့ စိတ်ရှိတယ်။ သူငယ်ချင်းတွေကို အရမ်းခင်တယ်။ အပေါင်းအသင်းအရမ်းမက်တယ်။

ငယ်ငယ်တုန်းက အမှတ်တရ
သူ့ကိုကိုယ်ဝန်ဆောင်တုန်းက ကျန်းမာရေးက မကောင်းဘူး။ အသက်လုပြီး မွေးရတယ်။ မွေးတဲ့အချိန်မှာလည်း တစ်နေ့နဲ့ တစ်ရက်သတိလစ်ပြီးမှ သူ့ကိုပြန်တွေ့ရတာ။ မိသားစုက သေပြီလို့တောင် ထင်ထားတာ။ မနက်ဖြန်လိုမွေးမယ်ဆို ဒီနေ့လိုညမှာ ရန်အောင်ရဲ့ ခိုင်မာလာနှင်းဆီဇာတ်ကားကို သွားကြည့်တာ။ အဲဒီနေ့က ဗုဒ္ဓဟူးနေ့၊ ရုပ်ရှင်ရုံနဲ့ ဆေးရုံကနီးတော့ ဗိုက်လည်းနာရော ဆေးရုံရောက်သွားရော။ မွေးတော့ ကြာသပတေးနေ့။ သူ့နာမည်အရင်း မြတ်သူဆိုတာ ခိုင်မာလာနှင်းဆီဇာတ်ကားထဲက ရန်အောင်ရဲ့နာမည်ကို ပေးလိုက်တာ။ ဗေဒင်လည်းတွက်ပြီး ပေးတာမဟုတ်ဘူး။ မွေးလာတဲ့အခါမှာ လိုချင်တဲ့ယောက်ျားလေးလည်းဖြစ်တယ်၊ ထူးချွန်ထက်မြက်တဲ့ကလေး ဖြစ်စေချင်တယ်။ သူက အညံ့ထဲမှာလည်း မပါသလို၊ အတော်ဆုံးထဲမှာလည်း မပါဘူး။ အခုအချိန်မှာ သူ့ရဲ့ အနုပညာစွမ်းအားရှိသလောက်လေးတော့ အောင်မြင်နေပြီ။ ဒါပေမဲ့လည်း ဒီထက်မကအောင်မြင်စေချင်ပါသေးတယ်။

မှတ်မိနေတဲ့ အမှတ်တရ
၁၀တန်းဖြေမယ့်နှစ်မှာ အတန်းထဲခုံခေါက်ပြီး လွှမ်းမိုးလိုမျိုး သီချင်းဆိုလို့ အတန်းပိုင်ဆရာမက အတန်းထဲက နှင်ထုတ်လို့ လွယ်အိတ်ကလေး လွယ်ပြီး ပြန်သွားတယ်။ အန်တီလည်း ဆရာမဆိုပေမဲ့ ကျောင်းမှာ အခမ်းအနားမှူးလုပ်နေတာဆို တော့ မသိလိုက်ဘူး။ သိလိုက်တဲ့အချိန်မှာ သူက ကျောင်းအပြင်ရောက်နေပြီ။ ဆရာမကစာသင်နေတယ် သီချင်းမဆိုနဲ့ဆိုလည်း မရဘူး။ သီချင်းစပ်မယ်၊ ခုံခေါက်ပြီး သီချင်းဆိုမယ်ပဲ။ အဲဒါက သူနဲ့ ပတ်သက်တဲ့ အမှတ်တရတစ်ခုပါ။ ဥာဏ်ကောင်းတယ်၊ စာမလုပ်ချင်ဘူး၊ သီချင်းတွေပဲ လုပ်ချင်တယ်။ အန်တီက ရသပညာသင်ရတယ်၊ သူ့ကို သင်ရတဲ့ ၅တန်း၊ ၆တန်းမှာ ဘယ်သူဆိုဆို၊ မဆိုဆို သီချင်းဆိုခိုင်းရင် သူပဲထွက်ဆိုတယ်။ ၃တန်း လောက်ကတည်းက ကျောင်းကပွဲတွေမှာ သူ့ကိုထည့်ပေးထားတယ်။ အန်တီက ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွေမှာ တာဝန်ယူရတော့ သူကအမြဲ လိုက်တယ်။ အဲဒီတော့ အနုပညာနဲ့ ပတ်သက်ရင် ရင်းနှီးနေခဲ့တာ။ 

G-Fatt ဆိုတာ
လူတစ်ဖက်သားကို အားနာတတ်တယ်၊ ကူညီတတ်တယ်၊ စိတ်မဆိုးတတ်ဘူး။ သဘောထား အရမ်းပြည့်တော့ သူငယ်ချင်းတွေကလည်း သူ့ကိုခင်တယ်။ အမေဆုံးမတဲ့အခါကျရင်တော့ ပြန်မပြောဘူး။ နားထောင်ချင်မှလည်း နားထောင်
တယ်။

အနုပညာရှင်ရဲ့ မိခင်တစ်ယောက်ခံစားမှု
အနုပညာလုပ်တော့ အောင်မြင်နေပေမဲ့လည်း အမေတစ်ယောက်အနေနဲ့ စိုးရိမ်တာကတော့ ရှိတယ်။ ကိုယ်က ပညာရေးနဲ့ ထူးချွန်သွားတာဖြစ်စေချင်တာ။ ငွေကြေးအများကြီးလည်း မထောက်ပံ့နိုင်တဲ့အခါကျတော့ သူကထူးထူးချွန်ချွန်ဖြစ်ဖို့ စာသင်ရတာကို ၀န်လေးတယ်။ ကြိုးတော့ ကြိုးစားပါတယ်။ အနုပညာနဲ့ဆိုရင်တော့ သူကအောင်မြင်အောင်လုပ်မှာပဲဆိုတော့ သူ့ဆန္ဒကို လိုက်လျောပေးလိုက်တယ်။ တက္ကသိုလ် ဒုတိယနှစ်မှာ ထွက်မယ်ဆိုပြီးတော့ အနုပညာကိုပဲ ဇောက်ချလုပ်ခဲ့တယ်။

အနုပညာရှင်ဖြစ်သွားတော့ ခံးစားရတဲ့ခံစားမှု
အနုပညာရှင်ဖြစ်လာတော့လည်း စိုးရိမ်တာများတယ်။ တကယ်လို့မအောင်မြင်ဘဲ လမ်းခုလတ်မှာ ပြုတ်ကျသွားခဲ့ရင် လူ့လောကအလယ်မှာ ဘယ်လိုလျှောက်မလဲဆိုပြီး အရမ်းစိုးရိမ်တယ်။ ဒါပေမဲ့ အခွေထွက်ခါနီး သူ့သီချင်းတွေ အပြင်မှာ
ပြောကြ၊ ဆိုကြတာများလာတော့ ရင်ထဲမှာ ၀မ်းသာမိတယ်။ ရှိုးစစဆိုချင်း အဖေနဲ့ အမေသွားကြည့်တော့ မျက်ရည်တောင်ကျရတယ်။ ပရိသတ်အားပေးတာကိုမြင်တော့မှ ယုံကြည်ရတယ်။

အဖေရော၊ အမေရောနှစ်ယောက်စလုံးက ဘယ်အရာမဆို သားသမီးက တကယ်ဝါသနာပါပြီး ထူးချွန်တာမျိုးပဲ ဖြစ်စေချင်တယ်။ ဒါကြောင့် သူတို့ဆန္ဒရှိတာကိုပဲ ထူးချွန်အောင် လုပ်စေချင်တယ်။ 

အနုပညာရှင်တွေ ကြုံရတဲ့ ကောလဟလတွေနဲ့ ကြုံရတဲ့အခါ
အန်တီကိုယ်တိုင်က အနုပညာရှင်တွေရဲ့ ကောလာဟလတွေအကြောင်းကို အမြဲလေ့လာတယ်။ ဂျာနယ်တွေဖတ်တယ်။ သားကိုလည်း အဲဒီလိုမျိုးတွေကြုံလာခဲ့ရင် နေတတ်အောင် သူ့ကိုလည်း အမြဲတမ်းဆုံးမတယ်။

မေမေရဲ့ G-Fatt အပေါ် ဖြစ်စေချင်တဲ့ဆန္ဒ
အသက်အရွယ်ရတုန်း၊ ကြိုးစားလို့ရတဲ့ အချိန်လေးမှာ အိမ်ထောင်မပြုဘဲ အနုပညာအလုပ်ကို အအောင်မြင်ဆုံးဖြစ်အောင် ကြိုးစားပေးပါ။ အောင်မြင်တဲ့အချိန်ရောက်မှ အိမ်ထောင်ပြုချင်ပြုပေါ့။ ဘုရားမှာ တောင်းတဲ့ဆုက အိမ်ထောင်မပြုပါစေနဲ့ဦးဆိုတဲ့ ဆုပါ။ အဲဒါကလည်း ပိုက်ဆံမက်မောလို့မဟုတ်ပါဘူး။ လမ်းခုလတ် ပြုတ်ကျသွားရင် ဘာမှမလုပ်တတ်မှာကို စိုးတဲ့အတွက်ပါ။

အခုချိန်မှာ G-Fatt ကို အပြောချင်ဆုံး စကားတစ်ခွန်း
အောင်မြင်ချင်တဲ့ လူတစ်ယောက်ဟာ လမ်းခုလတ်မှာ ပြုတ်ကျမသွားဖို့ဆိုတာ အရာရာကို စည်းနဲ့ကမ်းနဲ့ နေတတ်၊ ထိုင်တတ်ဖို့ အရေးကြီးပါတယ်။ အောင်မြင်တယ်ဆိုပြီး ဘ၀င်မြင့်သွားလို့မရဘူး။ အချိန်မရွေး ကြိုးတန်းပေါ်လမ်းလျှောက်သလို ပြုတ်ကျနိုင်တယ်။  

G-Fatt ပြောတဲ့ မေမေအကြောင်း
အမေဆိုတာ ကျွန်တော့်အတွက်တော့ အရာတိုင်းပါပဲ။ အရာတိုင်းက အမေပါပဲ။

ငယ်ငယ်တုန်းက မေမေ့ကို ဒီလိုမြင်တယ်
အမေက ကျွန်တော့်အတွက်တော့ သဘောအကောင်းဆုံးသူပါ။ ကျွန်တော်မလှိမ့်တစ်ပတ်နဲ့ ဆိုးလို့ရတဲ့သူလို့ မြင်မိပါတယ်။ အမေက ကျွန်တော့်ကို အရမ်းတင်းကြပ်ပြီး ချုပ်နှောင်ထားတဲ့ အမေမျိုး မဟုတ်ဘူး။ လွတ်လပ်ခွင့်တွေ အများကြီးပေးပြီးတော့ ကျွန်တော်ဆိုးချင်တိုင်းဆိုး၊ မှားချင်တိုင်းမှား၊ ပြန်တောင်းပန်ချင်တိုင်း တောင်းပန်လို့ရပြီး ခဏလေးနဲ့ ပြန်ပြီးခွင့်လွှတ်ပေးနိုင်တဲ့သူမျိုးပါ။ 

မေမေနဲ့ အမှတ်တရတွေအကြောင်း
ကျွန်တော်က အမေ့ကို မျက်နှာပွင့်စေတာထက် မျက်နှာငယ်စေခဲ့တဲ့အချက်က ပိုများတယ်။ ကျောင်းမှာဆိုလည်း ဆရာ၊ ဆရာမ သားသမီးတွေထဲမှာမှ စာညံ့တယ်၊ ဆိုးတယ်၊ အမြဲတမ်းအမေ့ကို အဲဒီအရာတွေပေးခဲ့တာများတယ်။ မှတ်မှတ်ရရနဲ့ ကောင်းတဲ့အချက်ဆိုရင် ကျောင်းမှာစာစီစာကုံးကို ဆုရပြီး မြို့နယ်ထိတက်ပြိုင်ဖူးတယ်။ စာမတော်ပေမဲ့ စာရေးဖွဲ့ရတာကိုကြိုက်တော့ အဲဒီလိုဆုရတဲ့အခါ အမေ့သူငယ်ချင်းတွေကို ကြွားမဆုံးဘူး။ အဲဒါကတော့ ဘ၀မှာ အမေ့ကိုဂုဏ်ယူစေခဲ့တဲ့ အမှတ်တရ တစ်ခုပါ။ 

ငယ်ငယ်တုန်းက အမှတ်တရ
အမေ့သူငယ်ချင်းဆရာမတွေက အမေနဲ့ ခင်နေမှန်းသိရဲ့သားနဲ့ ကျွန်တော်က ကျောင်းမှာ ကျောင်းပြေးတော့ အမေ့ကိုတိုင်ခံရတာလည်း အမှတ်တရပါ။ အမေက ကျောင်းမှာ စာသင်တဲ့ ဆရာမအပြင် အပြင်မှာလည်း ကျွန်တော့်ကို စာသင်တဲ့ဆရာမ။ ကျွန်တော်ရော၊ ကျွန်တော့်သူငယ်ချင်းတွေကိုရော စာသင်ပေးတယ်။ ကျွန်တော့်ဘ၀မှာအမှတ်တရဖြစ်ပြီး သူငယ်ချင်းတွေနဲ့ ပြောမဆုံးတာတစ်ခုက သူငယ်ချင်းတွေက အိမ်ကိုစာလာသင်တဲ့အချိန်၊ ကျွန်တော်က  အမေခိုင်းလိုက်လို့ လမ်းထိပ်မှာ ဈေးသွားဝယ်ရတယ်။ သူတို့ကို ကျွန်တော်ကနောက်လိုက်တာ ဒီနေ့ကျူရှင်ပိတ်တယ်၊ ငါ့အမေအပြင်သွားတယ်ဆိုပြီးတော့၊ သူတို့ကလည်း နောက်တာကိုသိတယ်၊ နောက်တာကိုသိသိကြီးနဲ့ အတည်လုပ်ပြီး စကားတောင်မဆုံးသေးဘူး ပြန်သွားကြတယ်။ ကျွန်တော်ကလည်း နောက်လိုက်တာဆိုတော့ ဒီကောင်တွေပြန်လာမှာပဲဆိုပြီး စောင့်နေတာ တစ်အုပ်လုံးပြန်မလာကြတော့ဘူး။ အမေကလည်း သူတို့မလာမလာနဲ့ ဒေါသထွက်နေတာ၊ ကျွန်တော်ကလည်း ကျွန်တော်နောက်လိုက်တာဆိုပြီး မပြောရဲ ဘူး။ နောက်နေ့ကျတော့ သူတို့လာပါတယ်ပေါ့၊ ကျွန်တော်ပြောလိုက်လို့ မလာတာပါဆိုပြီး ပြောတော့ ကျွန်တော်အရိုက်ခံရတယ်။ အဲဒါ အမှတ်တရပါပဲ။

မေမေဆုံးမတတ်တဲ့ စကားတွေအကြောင်း
ငယ်ငယ်တုန်းက အမေကျွန်တော့်ကို ဆုံးမတာကတော့ စာကြိုးစားဖို့ပေါ့၊ အချိန်ပြည့်လိုက်ပြီး ပြောနေတာမျိုး မဟုတ်ဘူး။ သူအရမ်းမကြိုက် တဲ့ အချက်တွေလောက်ပဲ၊ ကျန်တာကို ခွင့်လွှတ်ပေးထားတာများတယ်။ အသက်ကြီးလာတော့ ၁၀ တန်းအောင်ဖို့၊ လမ်းမမှားဖို့၊ မူးယစ်ဆေးမသုံးဖို့ ဆုံးမတာတွေ ရှိတယ်။ ကျွန်တော်လည်း အဲဒီအတိုင်းပဲနေပါတယ်။ အဲဒါတွေကို ဒီနေ့ထိလည်း စိတ်မ၀င်စားဘူး။ အဆိုတော်ဖြစ်လာတော့ မိန်းမ မယူဖို့ဆုံးမတယ်။ နာမည်ပျက်မရှိအောင်နေဖို့ ဆုံးမတယ်။ 

အနုပညာအလုပ်တွေအတွက် မေမေရဲ့ ပံ့ပိုးမှုတွေအကြောင်း
အမေက ဆရာမလည်းဖြစ်တယ်၊ ဒီဘက် ကျွန်တော်လုပ်နေတဲ့ အနုပညာကိစ္စတွေကို နားမလည်ဘူး။ ဒါပေမဲ့ ကျွန်တော် အောင်မြင်တဲ့ သတင်းတွေပြောရင် သူဝမ်းသာတယ်၊ ကျွန်တော် လွဲချော်သွားတဲ့အကြောင်းတွေ ပြောပြရင် အဲဒီလွဲ ချော်သွားတဲ့အပေါ်မှာ ကျွန်တော့်ကိုလွဲချော်အောင် လုပ်တဲ့သူတွေအပေါ် သူစိတ်ဆိုးတယ်။ အဓိက ကတော့ ကျွန်တော်အနုပညာအလုပ်ကို ပုံမှန်လုပ်နိုင်ဖို့အတွက် ကျွန်တော်လိုတဲ့အရာတွေ၊ မုန့်ဖိုးအပြင် ထပ်ပြီးမတတ်နိုင်တဲ့ Studio ဖိုးတွေ၊ စတာတွေကို သူတစ်ယောက်တည်း ရင်စီးခံပြီး တစ်မိသားစုလုံးရဲ့ စားဝတ်နေရေးတွေ အဲဒါတွေကို မရမကဖန်တီးပြီး ပေးတယ်။ အဲဒါတွေက ကျွန်တော် G-Fatt လို့ဖြစ်လာတဲ့ထဲမှာ အရေးကြီးဆုံး အချက်ပါပဲ။

ကျွန်တော်အရင်တုန်းက ရှိုးပွဲတွေမှာဆို ရှေ့ဆုံးမှာ တက်ဆိုရတယ်။ လူတွေတောင် မလာသေးဘူး တက်ဆိုရတဲ့အချိန်တွေမှာဆိုလည်း အဖေနဲ့ အမေက ရှေ့ဆုံးကခုံမှာထိုင်ပြီးတော့ အားပေးတယ်။ အခုနောက်ပိုင်း ရှိုးပွဲတွေမှာဆိုလည်း အဖေနဲ့အမေက အမြဲလိုက်ပေးတယ်။

ပင်ပန်းလာတဲ့အခါ မေမေဟာ
ငယ်ငယ်တုန်းကတော့ အပြင်က ပြဿနာတွေ အိမ်ကိုသယ်လာပြီး လျှောက်ပြောတယ်။ အမှန်တော့ အမေ့အပူတွေက ကျွန်တော့်အပူတွေ ထက် များပါတယ်။ ကျွန်တော်က ဒီအလုပ်တစ်ခုပဲရှိတာ။ အဲဒါကို ကိုယ့်အပူကို သွားပေးသလိုဖြစ်တဲ့ ကာလတွေလည်း ရှိတယ်။ အဲဒီလိုအချိန်မှာ ကျွန်တော်ပြောတဲ့အရာတွေအပေါ်မှာ စီးမျောပြီး လိုက်ပြောတယ်။ ဘယ်တော့မှ Against လုပ်တာမျိုး မရှိဘူး။ ကျွန်တော်သွားနေတဲ့ Topic အတိုင်းပဲ လိုက်ပြီးတော့ စီးမျောပေးတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ကျွန်တော်အပြင်မှာဖြစ်လာတဲ့ တော်ရုံတန်ရုံအပြင်မှာဖြစ်လာတဲ့ စိတ်ဆင်းရဲမှုကို အိမ်ကိုပေးမသိတော့ဘူး။ ကျွန်တော့်ဘာ ကျွန်တော်ပဲ အဆင်ပြေအောင်နေတယ်။ တချို့ မလုံလို့၊ ဖုံးလို့မရလို့ သိသွားတာပဲရှိတယ်။ အမေက
ကျွန်တော်နဲ့ပတ်သက်ရင် ကျွန်တော့်ကို ဖွင့်ပြောတာထက် တစ်ယောက်တည်းအိပ်မပျော်တဲ့ညတွေ ပိုများမယ်ထင်တယ်။ 

မေမေဟာ မေမေဖြစ်တဲ့အပြင်
အမေကကျွန်တော့်ကို နားအလည်နိုင်ဆုံးလူလို့ ပြောချင်တယ်။ ကျွန်တော်အောက်ဆုံးထိရောက်ပြီး ပေတေပျက်ဆီးနေရင်လည်း နားလည်ပေးနိုင် မယ့်လူလို့ထင်တယ်။ ကျွန်တော်ထက်မြက်ပြီး တအားတော်တဲ့ လူကောင်းတစ်ယောက်ဖြစ်ရင်လည်း နားလည်နိုင်မယ့်လူမျိုးလို့ ထင်တယ်။ အမေက ကျွန်တော်ဘယ်အခြေအနေရောက်ရောက် ကျွန်တော့်ကိုသူရှိနေတဲ့ မေတ္တာတစ်ခုမှမပျက်ဘဲ နားလည်နိုင်ဆုံးလူလို့ ထင်ပါတယ်။

အခုအချိန်မှာ မေမေ့ကို အပြောချင်ဆုံး စကားလေးတစ်ခွန်း
အမေ့ကို စိတ်ဆင်းရဲမှုတွေ၊ စိတ်ဆင်းရဲရမယ့်အရာတွေ၊ ပင်ပန်းခဲ့တဲ့နှစ်တွေ၊ ပင်ပန်းခဲ့တဲ့ ဘ၀ကြီးထဲကနေပြီးတော့ ကျွန်တော်ဆွဲထုတ်လာခဲ့ ပြီးပါပြီ။ ရှေ့ဆက် အဲလိုပင်ပန်းတာမျိုးတွေလည်း မဖြစ်စေချင်တော့ဘူး။ ပျော်ပျော်ရွှင်ရွှင်နဲ့ သွားချင်တဲ့နေရာတွေ၊ လှူချင်တဲ့အလှူတွေ၊ နောက်ဘ၀ကူးကောင်းဖို့အတွက် တရားရှာပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖေရော၊ အမေရောကို ဖြစ်စေချင်ပါတယ်။ တမလွန်ရောက်သွားတဲ့အခါ ကျွန်တော် စိတ်ချလက်ချလွှတ်လိုက်ရမယ့်ဟာ
မျိုးဖြစ်အောင် ကျွန်တော့်အတွက် လုပ်ပေးစေချင်ပါတယ်။