Primary tabs

ပြေတီဦးနှင့် တွေ့ဆုံခြင်း

ဘဝပေါင်းများစွာကို သရုပ်ဖော်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ပြီးနောက် အသက်ရှင်သန်ချိန်မှာ လိပ်ပြာလုံစွာ နေထိုင်ဖို့ ထပ်မံကြိုးစားရင်း မိသားစုနဲ့ ပရိသတ်ကို ချစ်လို့ အမြဲတမ်းကြိုးစားနေတဲ့ ထပ်ဆင့်အကယ်ဒမီ ပြေတီဦးနှင့် တွေ့ဆုံခြင်း။

မေး - ကိုပြေတီဦးသတ်မှတ်ထားတဲ့အနုပညာရှင်ဆိုတဲ့စကားလေးရဲ့ သတ်မှတ်ချက်လေးသိပါရစေ။
ဖြေ - အနုပညာဆိုတာ အမျိုးမျိုးအစားစားရှိတယ်။ သရုပ်ဆောင်၊ အဆို၊ ပန်းချီစသည်ဖြင့်ပေါ့ အများကြီးပါ။ အစ်ကိုကတော့ သရုပ်ဆောင် အနုပညာရှင်ဆိုတော့ သဏ္ဍာန်လုပ် သရုပ်တူအောင်ပုံဖော်ရတဲ့သူပေါ့။ လူတွေကို အသိပညာရအောင် message လေးတွေထည့်ပေးလို့ရတယ်။ ပင်ပန်းနေတဲ့လူတွေကို အမောပြေစေဖို့ ဖျော်ဖြေရေးသပ်သပ်လည်းလုပ်ပါတယ်။ ကိုယ်မဟုတ်တဲ့ ဘ၀ပေါင်းများစွာကိုခံစားပြီးတော့ သရုပ်ဖော်ရတဲ့သူပါ။

မေး - အနုပညာဆိုတာကို ၀ါသနာပါလာတယ်။ ဒီအတွက် အနုပညာလောကကို ၀င်လာတဲ့အခါ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကရော။
ဖြေ - အခက်အခဲတွေက အများကြီးကိုရှိခဲ့တာပေါ့။ အစ်ကိုက ဒီလောကနဲ့စိမ်းတယ်။ ဒီတော့ ခက်ခဲတယ်။ အဓိက သရုပ်ဆောင်ဖြစ်ဖို့က ပိုပြီးကို ခက်ခဲတာပေါ့နော်။ ကိုယ်က ရုပ်ရည်အားဖြင့်လည်း အရမ်းကိုချောမောလှပပြီး ထင်းနေအောင် ပေါ်လွင်တဲ့သူထဲမပါဘူးလေ။ မွေးကတည်းက သရုပ်ဆောင် ပါရမီပါခဲ့သူလည်း မဟုတ်ဘူးပေါ့။ ဒီတော့ သရုပ်ဆောင်အလုပ်ကို ကျွမ်းကျင်အောင်ကိုပဲ လေ့ကျင့်ရတာကိုက ခက်ခဲတာပေါ့။ ဆယ်စုနှစ်တစ်ခုစာလောက်ကို စားလည်း ဒီစိတ်၊ သွား လည်း ဒီစိတ်နဲ့ အသက်ရှင်ခဲ့ရတယ်။ ဇာတ်ပို့ ဇာတ်ရံ ဘ၀၊ ဒုတိယမင်းသားဘ၀နဲ့ကို အချိန်တွေ အကြာကြီးကျင်လည်ခဲ့ရတယ်။ ဟိုအရင်ကတော့ မြန်မာစာ မြန်မာစကားတို့၊ နောက် မြန်မာ့အသံကဇာတ်လမ်းတိုလေးတွေပေါ့။ ဒါလေးတွေ
ကပရိသတ်ကြားထဲရောက်ပြီး သြော် ဒီကောင်လေးမဆိုးဘူးဆိုတာမျိုး အသိအမှတ်ပြုခံရတယ်။ လူနဲ့နာမည်ကို ကွဲမသိကြပေမယ့်လည်းပေါ့။ နောက်ပိုင်း ဗီဒီယိုဇာတ်ကားတွေဖြစ်လာပြီး ပရိသတ်ကြားထဲ ရောက်ခဲ့ပေမယ့် ကိုယ့်ဈေးကွက်
ဆိုတာတော့ ဖြစ်မလာသေးဘူးပေါ့။ ဈေးကွက်ဆိုတာက ဥပမာ ပြေတီဦးဆိုတဲ့နာမည်နဲ့ ဇာတ်ကားတစ်ကားဆို ဘယ်လောက်ဆိုပြီး ဖြတ်လိုက်ရင်နည်းတယ်၊ များတယ်ဆိုတာထက် ကိုယ့်ဈေးကွက်တစ်ခုပေါ့။ ကြားထဲမှာတော့ ဇာတ်ကားရိုက်မယ် ဆိုပြီးမှ မရိုက်တာတွေ ဒါတွေကတော့ စပြီးကြိုးစားတဲ့သူတိုင်း ကြုံရတဲ့အခက်အခဲတွေပါ။ တစ်ချို့တွေကြတော့လည်း ကံကောင်းတယ်။ အရမ်းကြီး ဖြတ်သန်းစရာမလိုဘဲ အဓိက သရုပ်ဆောင်ဆိုတဲ့ နေရာကို တန်းရောက်တယ်၊ တန်းအောင်မြင်တယ်။ လူဆိုတာတော့ ကံဇာတာချင်း၊ အကျိုးပေးခြင်းမတူကြပါဘူး။

မေး - မြန်မာစာမြန်မာစကားကနေ ပရိသတ် သိမလိုဖြစ်နေတဲ့အချိန်မှာ တစ်ခါပြန်ပျောက် သွားသေးတယ်နော်။
ဖြေ - ဟုတ်တယ်။ ဒီအလုပ်ကို လုပ်မယ်ဆိုတော့ အိမ်နဲ့သဘောတူထားရတယ်။ စာမေးပွဲ မှန်မှန်အောင်ဖို့။ ဒီတော့ အနုပညာလေးလုပ်လိုက် နည်းနည်းလေးအရှိန်ရမလိုဖြစ်ရင် ကျောင်းသွားပြန်တက်လိုက်၊ ပြီးရင်ပြန်လာ အလုပ်ပြန်လုပ် ကျောင်းဖွင့်တော့ သွားပြန်တက်။ အဲဒီလိုနဲ့ အရှိန်က ရမလို မရမလိုဖြစ်နေတာပေါ့။ ၂၀၀၂၊ ၂၀၀၃၊ ၂၀၀၄ ခုနှစ်မှတော့ ပျောက်သလိုဖြစ်နေတာပေါ့။ ကျောင်းတက်နေရတာကိုး။ ဒီတော့စဉ်းစားတယ်။ ငါဒီလိုသာဖြစ်နေရင် ကိုယ်သွားချင်တဲ့ လမ်းကြောင်းတစ်ခုက ဖြစ်လာမှာ မဟုတ်ဘူးပေါ့။ ဒီတော့ နယ်ကြိုက်ကားလေးတွေ ရိုက်ဖို့ပေါ့။ ဒီဟာက ခုနကပြောတဲ့ ဈေးကွက်သေးသေးလေး တစ်ခုပေါ့။ ဒီသေးသေးလေးပေါ် အခြေခံပြီးမှ မြို့ကြိုက်ကားတွေ ပြန်ရိုက်မယ်ဆိုတာက ဖြစ်နိုင်တယ်ပေါ့။ ရာခိုင်နှုန်းနည်းပေမယ့် ရွေးစရာလမ်းမရှိဘူးပေါ့။ ၂၀၀၅လောက်မှာ နယ်ကြိုက် ကားတွေရိုက်တယ်။ ကားပေါင်းငါးဆယ်လောက် ရိုက်ဖြစ်ပါတယ်။ ဒီတော့ နယ်ကပရိသတ်က ပြေတီဦးဆိုတာကို အရင်သိတယ်ပေါ့။ အနုပညာလောကကိုစပြီးဝင်လာတာတော့ ၁၉၉၇ ခုနှစ် လောက်က မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ ပြိုင်ပွဲလုပ်တော့ ၀င်ပြိုင်ရင်းရောက်လာတာပေါ့။အနုပညာသက်တမ်းအားဖြင့် အနှစ်နှစ်ဆယ်ပါပဲ။

မေး - အခက်အခဲတွေကြားက ကြိုးစားခဲ့ရတယ်။ ကြိုးစားမှုကနေ အောင်မြင်လာတော့လည်း အကယ်ဒမီတွေ ဆက်တိုက်ဆိုသလို ရခဲ့တယ်။ ဒါဟာ စန်းတက်လာတယ်လို့ပြောရင်လက်ခံမလား။
ဖြေ - အဲဒီလိုပြောလည်းရပါတယ်။ အလုပ်တစ်ခု ကို ဇောက်ချလုပ်တယ်။ ကျွမ်းကျင်အောင် လေ့လာတယ်။ ဇွဲရှိရှိနဲ့ ကြိုးစားတယ်။ ဒီဟာတွေရဲ့ အကျိုးရလဒ်ကြောင့်ပါတယ်။ လူတစ်ယောက်ရဲ့ အချိန်အခါပေါ့နော်။ လူဆိုတာ ဘယ်သူမဆိုပါ အကျိုးပေးတဲ့အချိန် အချိန်အခါ ဇာတာတက်ချိန် ဆိုတာရှိပါတယ်။ အရှေ့မှာ ဆယ်နှစ်လောက် ဘာဆိုဘာမှ လုပ်လို့မရဘဲ လိမ့်နေအောင် ရုန်းကန်ပြီးနေခဲ့ရတဲ့အချိန်တွေ ရှိပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာ အယူအဆမှာ ဖြစ်ပြီးရင်ပျက်၊ ကောင်း တစ်လှည့်မကောင်း တစ်လှည့်ပေါ့။ ဒီသဘောမျိုးပါပဲ။ ဒါပေမယ့် အဓိကက ပရိသတ်ကြောင့်ပါပဲ။ ကိုယ့်ဘာသာ ဘယ်လိုကြိုးစားတယ်ပြောပြော၊   ဘာလုပ်တယ်ပြောပြော ပရိသတ်မချစ်ရင် အား  မပေးရင် ဘာမှလုပ်လို့မရပါဘူး။ အဓိကက  ပရိသတ်ရဲ့ ကျေးဇူးပါ။

မေး - အကယ်ဒမီတွေ ဆက်တိုက်ရရှိခဲ့တယ်။ ဒီဆုရရှိတဲ့ဇာတ်ကားတွေ ရိုက်ကူးခဲ့စဉ်တုန်းကရော ဒီဆုကိုရပါမယ်လို့ မှန်းပြီး ရိုက်ခဲ့ဖူးလား။
ဖြေ - မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ အကယ်ဒမီလိုချင်လို့ ရိုက်တယ်ဆိုတာမရှိပါဘူး။ ပရိသတ်ရဲ့ အားပေးမှုပဲ လိုချင်တာပါ။ ကိုယ့်တာဝန်ကျေအောင် အကောင်းဆုံးကြိုးစားမယ်။ ကျွန်တော်ရိုက်ခဲ့တာတွေကို ပြန်ကြည့်မယ်ဆိုရင် ကျွန်တော့်နေရာကို ဦးစားပေးရိုက်တဲ့ကားဆိုတာ ရှိတော့ရှိတယ်၊ ကားတိုင်းမဟုတ်ဘူး။ သူများကိုဦးစားပေးတဲ့ ကားတွေ၊ ကိုယ်ကဇာတ်ကောင်အဖြစ် ပါရုံပဲပါတယ်။ မင်းသမီးကိုဦးစားပေးတဲ့ကားတွေ အများကြီးပါပဲ။ တစ်ခါတစ်ရံ ကျွန်တော်က တကယ့်ဗီလိန်လိုနေရာတွေလည်းရှိပါတယ်။ အရေးကြီးတာက ပရိသတ်ကြိုက်ပြီး အားပေးဖို့ ကိုယ့်တာဝန်ကျေဖို့ ပါပဲ။ သူတို့ကြည့်ရတာတန်ဖို့။ ဒါပါဘဲ။ ကျွန်တော့်တို့ရည်ရွယ်ချက်က။

မေး - အကယ်ဒမီဆုတွေ ဆွတ်ခူးခဲ့တယ်။ အောင် မြင်ခဲ့တယ်။ ဒါက ဘယ်လောက်တာဝန်ကြီးလဲ။ ဒီအောင်မြင်မှုကိုရော ဘယ်လိုထိန်းသိမ်းလဲ။
ဖြေ - တာဝန်ကတော့ ကြီးပါတယ်။ မင်းသားတွေဆိုတာ တာဝန်အကြီးဆုံးပေါ့။ ကားတစ်ကားက ကောင်းသည်၊  ဆိုးသည်ဆိုတာမျိုးက မင်းသားရဲ့နာမည်နဲ့ စထွက်တာ။ အစ်ကိုတို့ဆီမှာကဟာ ဘယ်သူ့ကားကတော့ ပေါက်တယ်ဟေ့။ မပေါက် ဘူးဟေ့ဆိုတာမျိုးဖြစ်လို့ ကားတစ်ကားရဲ့ ကောင်းခြင်း၊ ဆိုးခြင်းက ကိုယ်တွေအပေါ်မှာ လုံးလုံးလျားလျားမူတည်တော့ ၀န်လည်းကြီးပါတယ်။ အောင်မြင်မှုကို ထိန်းတယ်ဆိုတာက သေတဲ့အထိ အောင်မြင်တယ်ဆိုတာ မရှိပါဘူး။ တစ်ချိန်မှာနေရာဆို တာ ဖယ်ပေးရပါတယ်။ ဒါကသဘာဝပါပဲ။ ကိုယ်လုပ်နေရတဲ့အချိန်မှာ အကောင်းဆုံးဖြစ်အောင်၊ တာဝန်ကျေအောင် လုပ်ခဲ့ကြိုးစားခဲ့မယ်။ အောင်မြင်တာတွေ၊ မမြင်တာတွေ၊ ကျရှုံးတာတွေ၊ ပရိသတ်ကြိုက်တာ၊ မကြိုက်တာတွေ ဖန်တီးလုပ် ယူလို့မရပါဘူး။

မေး - ဒါဆိုရှေ့ဆက်ပြီးတော့ရော အနုပညာနဲ့ ပက်သက်ပြီး ဘာတွေလုပ်မယ်၊ ဘယ်လောက်ထိ လုပ်မယ်ဆိုတာမျိုးရော စဉ်းစားထားတာရှိလား။
ဖြေ - ဒါမျိုးလည်း မရှိပါဘူး။ စလုပ်စဉ်တုန်းက လည်း ဘယ်နေရာမျိုးကြီးထိရောက်အောင်၊ ဘာကြီးဖြစ်အောင်တို့ မဟုတ်ပါဘူး။ ကိုယ်လုပ်နိုင်ချိန်မှာ၊ ကိုယ်တာဝန်ယူစဉ်၊ လုပ်စဉ်မှာ အကောင်းဆုံးကြိုးစားမယ်။ အခုဆိုလည်း ရှုတင်မှာ ရိုက်
သည်ဖြစ်စေ၊ မရိုက်သည်ဖြစ်စေ အချိန်မှန် ရောက်ရမယ်။ ဒါကိုယ့်တာဝန်ပဲ။ သူများရဲ့ ပိုက်ဆံကိုယူပြီး အလုပ်လုပ်တာဖြစ်လို့ ပရော်ဖက်ရှင်နယ် ပီသရမယ်။ ကိုယ့်ဘက်ကအကောင်းဆုံးပြန်ပြီး ပေးဆပ်နိုင်ရမယ်။

မေး - ကိုယ်ကအောင်မြင်နေတဲ့ မင်းသားတစ်ယောက်ဖြစ်သလို တစ်ဖက်မှာလည်း အိမ်ထောင်စုတစ်ခုရဲ့ အိမ်ထောင်ဦးစီးဖြစ်တယ်။ တခြား စီး ပွားရေးတွေလည်းလုပ်တယ်။ ဒီတော့ ဒါတွေကို ဘယ်လိုစီမံလဲ၊ အချိန်မျှပေးလည်း၊ မိသားစုအတွက်ထားတဲ့ စိတ်ထားကရော။
ဖြေ - အနုပညာအလုပ်ဆိုတာ တအားခက်ပါတယ်။ အချိန်ကာလ၊ အချိန်အခါဆိုတာလည်း ရှိပါတယ်။ ဘယ်အချိန် ထိရိုက်ရမှာလဲ။ ဘယ်အချိန်ထိ ပရိသတ်ကလက်ခံမှာလည်း။ ဒါကြိုမမြင်နိုင်ဘူး။ နောက်မျိုးဆက်သစ်တွေကို အချိန်တစ်
ခုရောက်ရင် လွှဲကိုလွှဲပေးရမှာပဲ။ ဒီတော့ ဇာတ်ကားတွေမရိုက်တော့ရင် ဒီမိသားစု၊ ကျွန်တော့်ရဲ့ သားသမီးတွေ၊ ကျွန်တော့်မိဘ၊ အူဝဲမိဘတွေ စသည်ဖြင့် ပတ်ဝန်းကျင်မှာ ကျွန်တော်တို့နဲ့ ပက်သက်ပြီး ရပ်တည်နေကြတဲ့သူတွေ အများကြီးရှိတယ်။ ဒီလူတွေ အားလုံးဟာ ဘ၀နောက်ဆုံးချိန်ထိ အဆင်ပြေပြေနေသွားနိုင်ဖို့ဆိုတာ အစ်ကိုတို့ပခုံးပေါ်မှာ လုံးလုံးလျားလျား တာဝန်ရှိနေတယ်။ ဒီ့အပြင် ဖောင်ဒေးရှင်းလုပ်ထားတော့ ကလေးတွေရဲ့ တာဝန်တွေ၊ ဒီအပေါ်မှာ အများကြီးစဉ်းစားရပါ တယ်။ အလုပ်တွေလည်း အများကြီးလုပ်ရပါတယ်။ မိသားစုဆိုတာမျိုးကတော့ ကိုယ့်ခန္ဓာကိုယ် ရဲ့ အစိတ်အပိုင်းတစ်ခုလိုပဲလေ။ ချစ်တာပေါ့။ ကိုယ့်မိန်းမ၊ ကိုယ့်သားသမီး၊ မိသားစု ချစ်တာပေါ့နော်။ အလုပ်တွေလုပ်တာနဲ့ တပြိုင်တည်းမှာပဲ သူတို့ကိုလည်း နွေးထွေးမှု၊ ကြင်နာမှုပေးရတာပဲ။ အလုပ်တွေလုပ်နေရတာလည်း မိသားစုကို ချစ်လို့ပါပဲ။ သူတို့ကိုအချိန်လည်း ပေးရပါတယ်။ အခုဆို သားသားကလည်း အဖေနဲ့တွေ့ရင် တင်းနစ်ရိုက်တော့တာပါပဲ(ရယ်လျက်)။ အဖေ့သွေးပါတယ် ပြောရမှာပါပဲ။ TV က တင်းနစ်ပွဲတွေဆိုလည်း အဖေနဲ့အတူတူကြည့်တတ်တယ်။ သူ့အသက်နှစ်နှစ်တောင် မပြည့်သေးဘဲနဲ့ကို တင်းနစ်ပွဲကို စိတ်ဝင်တစားကြည့်တယ်။ သူ့ရဲ့ ရပ်ကတ်သေးသေးလေးကိုင်ပြီး မရဘူး တင်းနစ် ရိုက်မယ်ပဲ။ ရှုတင်ကပြန်လာတာနဲ့ တင်းနစ်ရိုက်ပေးရတယ်။ မနက်သွားခါနီးလည်း ရိုက်ပေးရတယ်။ တစ်ခါတလေတော့လည်းအပြင် မုန့်ထွက် စားကြတာတို့၊ လျှောက်လည်တာတို့၊ သင်္ကြန်ဆိုလည်း မိသားစုနဲ့ ခရီးသွားတယ်ပေါ့။ အားလုံးကို မျှ အောင်တော့ လုပ်ဆောင်ပါတယ်။ မိသားစုကိုလည်း စိတ်ချမ်းသာအောင်ထားပါတယ်။

မေး - မိဘဆိုတာက သားသမီးကို ရည်မှန်းချက် ကြီးကြီးထားကြတဲ့ သူချည်းပဲလေ။ ကိုပြေတီဦးတုန်းကရော မိဘတွေက ဘယ်လိုရည်မှန်းချက်ထားခဲ့ကြလဲ၊ကိုယ်တိုင်မိဘဖြစ်လာတော့ရော  ဘယ်လိုရည်မှန်းချက်တွေရှိပြီလဲ။
ဖြေ - ကျွန်တော်တို့မိဘတွေကတော့ ပညာအမွေပေးတယ်။ စဉ်းစားဆင်ခြင်တတ်တဲ့ ဦးနှောက်၊ ဆုံးဖြတ်တတ်တဲ့ အသိဥာဏ် ဒါတွေပေးတယ်။ အဲ့ဒါတွေရဲ့ နောက်ပိုင်းမှာ မင်းဘာဖြစ်ရမယ်။ ဘာတော့ မလုပ်ရဘူးလို့ အတင်းအကြပ် ဘာမှ မပြောခဲ့ဘူး။ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးတယ်။ အဲဒီ အပေါ်မှာ အရမ်းကိုကျေးဇူးတင်ရပါတယ်။ ကိုယ်ဝါသနာပါတာ လုပ်ခွင့်ရတယ်။ ဇွတ်မှိတ်ပြီး ၀ါသနာမပါတာလုပ်စရာမလိုဘူး။ လူဆိုတာ ၀ါသနာပါတာ၊ စိတ်ချမ်းသာတာကို လုပ်မှအောင်မြင်တာ။ ဒီတော့ ဒီလိုအသိကို မိဘတွေဆီကရခဲ့တော့ ကိုယ့်သားသမီးတွေကိုလည်း ဒီလိုပဲ ပညာအမွေပေးမယ်၊ စဉ်းစားဆင်ခြင်တတ်တဲ့ အသိ ၊ ဆုံးဖြတ်တတ်တဲ့ အလေ့အကျင့်တွေ လုပ်ပေးမယ်။ ဒါပါပဲ။ ကျန်တာက သူတို့ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့်ပေးမယ်။ အစ်ကိုတို့က ဘေးက၀ိုင်းစဉ်းစားပေးတာလောက်ပဲ၊ ကျန်တာ ၀င်မစွက်ဖက်ပါဘူး။

မေး- မွေးထားတာက သားနဲ့သမီးဆိုတော့ သူတို့ နှစ်ယောက်ရဲ့ ပုံစံကို ဖခင်တယောက်အနေနဲ့ ဘယ်လိုလေးတွေမြင်မိလဲ။
ဖြေ - သူတို့နှစ်ယောက်ရဲ့ ပုံစံက တစ်ကယ်ကို လုံးဝမတူတာဗျ၊ လုံးဝကွဲပြားတယ်။ သမီးက သီး သန့်နေတတ်တယ်။ အေးအေးဆေးဆေးလေး နေတတ်တယ်။ အိမ်ထဲမှာပဲ အရုပ်လေးတစ်ရုပ်လောက်နဲ့ အဖော်လေးတစ်ယောက်လောက်နဲ့ကို နေချင်တာ။ ငယ်ငယ်ကတော့ သီချင်းဆိုတာ တအားဝါသနာပါတယ်။ အခုကျတော့ သူ စာတွေလည်း တအားလုပ်လာရတော့ သီချင်းဆိုတာတွေ ဘာတွေတော့ အရင်လောက်မရှိတော့ဘူး။ ပုံမှန်အားဖြင့် စိတ်ကငြိမ်းအေးတယ်။ သူ ဒေါသဖြစ် 
လာရင်တော့ Emotion များတယ်။ တော်တော် Emotion များတယ်။ သားလေးကတော့ သူက Social တော်တော်လည်းကောင်းတယ်။ ဟိုလူနဲ့ ဟီးဟီးဟားဟား၊ ဒီလူနဲ့လည်း ဟီးဟီးပဲ။ ဟိုနှုတ်ဆက်၊ ဒီနှုတ်ဆက်။ ယောက်ျားလေးဆိုတော့ သိတဲ့အတိုင်းပဲ လုံးဝအငြိမ်မနေ၊ လျှောက်ပြေး၊ အဖေနဲ့တင်းနစ်ရိုက်။ သူကတော့ ပုံစံတစ်ခုပေါ့။

မေး - အနုပညာရှင်နှစ်ဦးရဲ့ ရင်သွေးတွေဖြစ်လို့ အနုပညာဗီဇလေးပါခဲ့ရင်ရော သူတို့ကို အနုပညာရှင်ဖြစ်စေချင်လား။
ဖြေ - သားကတော့ အခုချိန်မှာ သူက အားကစားကို ပိုဝါသနာပါတယ်ထင်ရတယ်။ သမီးကတော့ ငယ်ငယ်က သီချင်းဆိုတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ သားနဲ့သမီးကိုဖြစ်နိုင်ရင် အနုပညာလုပ်ငန်း မလုပ်စေချင်ပါဘူး။ ဒီအလုပ်က အရာအားလုံး ကောင်းတယ်။ သူ့ဟာနဲ့သူအဆင်ပြေပါတယ်။ ဒါပေမယ့် ဘယ်လိုပြောရမလဲ Stress ၊ Pressure တွေ အရမ်းများတယ်။ အောင်မြင်တဲ့ အနုပညာ ရှင်ဆိုတာ တော်တော်လေးကို စိတ်ဓာတ်ကြံ့ခိုင်မှ ပါ။ စိတ်ထားနိုင်မှ ဖြတ်ကျော်နိုင်တာဆိုတော့ သူတို့ကို စိတ်မပင်ပန်းစေချင်ပါဘူး။ ဒါလေးတစ်ခုပါပဲ။ မပင်ပန်းစေချင်ဘူးဆိုလို့လည်း လုံးဝလုပ်ကိုမလုပ်ရဘူးလို့လည်း မဟုတ်ပါဘူး။ တားလို့မရလို့မှ တအားကိုဝါသနာပါနေတယ်ဆိုရင် တော့လည်း ပေးလုပ်ရမှာပေါ့။

မေး - နောက်ဆုံးတစ်ခုကတော့ ပရဟိတပေါ့။ အလှူဒါတစ်ခုဟာ ကြုံလို့လှူလိုက်ရတယ်ဆိုတာ လွယ်ပေမယ့် ဖောင်ဒေးရှင်းတစ်ခုတည်ထောင်ပြီး အမြဲတာဝန်ယူနေရတယ်ဆိုတာမလွယ်ပါဘူး။ ဒီတော့ ဖောင်ဒေးရှင်းလုပ်ဖြစ်တဲ့အကြောင်းနဲ့ဘာကြောင့်ပညာရေးကို ရွေးချယ်ခဲ့လဲ ပြောပြပေး ပါ။
ဖြေ - ပညာရေးကို ရွေးချယ်တာကတော့ တိုင်းပြည်က အခုမှဖွံ့ဖြိုးတိုးတက်စ၊ အားယူနေတဲ့အချိန်ပေါ့နော်။ ဒီအချိန်မှာအရေးအကြီးဆုံးက ပညာတတ်တွေပေါများဖို့ပါ။ လုံလောက်ဖို့ပါ။ ဒါကြောင့် ပညာရေးကို ဦးစားပေးခဲ့တာပါ။ သူများနိုင်ငံနဲ့ 
ယှဉ်ရင် ကိုယ့်နိုင်ငံက နောက်ကျနေတယ်။ ဒါဟာ ၀မ်းနည်းစရာကောင်းပါတယ်။ ဖောင်ဒေးရှင်းလုပ်တာကတော့ ဒီလိုနေရာလေးတစ်ခုရဖို့၊ အောင်မြင်ဖို့ဆိုတာ ပရိသတ်တွေအားပေးမှုပေါ့။ သူတို့ကျေးဇူးတွေ အများကြီးရှိတယ်။ ဒါကိုကိုယ်နိုင်
သလောက်၊ တစ်တပ်တစ်အား ကျေးဇူးဆပ်ချင်တယ်။ ထိထိရောက်ရောက်လည်း လုပ်ပေးချင်တယ်။ ဒီတော့ အခုကလေးတွေကို ကျောင်းထားပေးတယ်ဆိုရင် သူတို့တွေက ကျောင်းဆက်မတက်နိုင်တော့တဲ့ အခြေအနေကနေ ဆရာဝန်
တစ်ယောက်ဖြစ်ပြီး ဘ၀မှာ ဂုဏ်သိက္ခာရှိရှိနဲ့ တကယ်ကို တိုင်းပြည်အတွက်အားကိုးရတဲ့ လူတွေ အနေနဲ့ သူတို့တစ်ဘ၀စာ ဖြတ်သန်းလို့ရပါပြီ။ ဒီကလေးတွေဟာ အစ်ကိုတို့ပရိသတ်၊ အစ်ကိုတို့ကို အားပေးခဲ့တဲ့ သူတွေရဲ့ သားသမီးတွေပဲ၊ ဒါ အစ်ကိုတို့ ပရိသတ်တွေကို တတ်နိုင်သလောက် ပြန်ပြီး ကျေးဇူးဆပ်ချင်တဲ့သဘောပဲ။ ဒါကြောင့် ဒီဖောင်ဒေးရှင်းလေးလုပ်ဖြစ်ပါတယ်။

မေး - အခုလက်ရှိမှာ ဖောင်ဒေးရှင်းရဲ့ လည်ပတ်မှုပုံစံနဲ့ ပညာတတ်တွေ ဘယ်နှစ်ယောက်မွေးထုတ်ခဲ့နိုင်ပြီလဲ။
ဖြေ - အခုလက်ရှိမှာ ဆရာဝန်ဖြစ်သွားတာ ရှစ်ယောက်ရှိပါပြီ။ ဟောက်ဆာဂျင် ဆင်းနေတာလည်း အများကြီးရှိပါတယ်။ ကျောင်းသားက အားလုံးပေါင်း ၁၇၆ ယောက်ရှိပြီ။ အရင်ကတစ်ယောက်ကို တစ်လခြောက်သောင်းပဲ ထောက် 
ပံ့နိုင်ခဲ့တာကနေ အခုဆို တစ်သိန်းထိထောက်ပံ့ပေးနိုင်ပြီ။ အရင်က ဖောင်ဒေးရှင်းက သိန်းတစ်ရာနဲ့ စတင်ထူထောင်ခဲ့တာ အခုဆို သိန်းခြောက် ထောင့်ငါးရာကျော်ရှိပြီ။ ဒီပိုက်ဆံတွေက ဘဏ်ထဲမှာရှိတယ်။ ဘဏ်တိုးနဲ့ပဲ ကျောင်းထားပေး
တယ်။ ငွေပင်ငွေရင်းကို မသုံးဘူး။ ငွေပင်ငွေရင်း ကိုသုံးရင် ဒီထက်ကျောင်းသားတွေ အများကြီးထားနိုင်တယ်ဆိုပေမယ့် ရေရှည်သွားလို့မရတော့ဘူးလေ။ လှူသမျှ၊ ရသမျှပိုက်ဆံတွေကို ဘဏ်ထဲမှာ စာရင်းတွေ၊ စာရင်းတွေနဲ့ သေသေချာချာ ထားတယ်။ စနစ်တကျနဲ့ဘာကိုမှ အလေလွင့်မဖြစ်စေရဘူး။ အချိန်မရွေးလည်း ဖောင်ဒေးရှင်းမှာ လာလေ့လာနိုင်တယ်။ အကောင်းဆုံးဖြစ် အောင်လည်း ဆက် run နေပါတယ်။

မေး - အကယ်ဒမီဆုပေးပွဲနီးတုန်းကလည်း ဖြစ်ရပ်လေးတစ်ခုအပေါ် ပရိသတ်တွေ အထင်လွဲခဲ့တယ်၊ ဝေဖန်ခံခဲ့ရတာတွေရှိတယ်။ ဒါတွေနဲ့ ပတ်သက်လို့ရော ဘာပြောချင်ပါသလဲ။
ဖြေ - ဘာမှပြောစရာမရှိပါဘူး။ အရာအားလုံးက ဖြစ်သင့်ဖြစ်ထိုက်လို့ ဖြစ်လာတဲ့ကိစ္စတွေချည်း ပါပဲ။ ပရိသတ်ဆိုတာ အမြဲမှန်ပါတယ်။ ဝေဖန်ခွင့်ရှိတယ်၊ ထောက်ပြခွင့်ရှိတယ်၊ ပြောဆိုပိုင်ခွင့် ရှိတယ်။ ဒါတွေကို နားထောင်ပြီး ကျွန်တော်တို့က ကိုယ်ဘာပြင်ရမလဲ၊ ဘာလုပ်ဖို့လိုသလဲဆိုတာ ကိုယ့်ကိုယ်ကိုပြင်ဆင်သွားဖို့ လိုတာပါ။ တစ်ခါခါကျတော့လည်း နားလည်မှုလွဲတာလေးတွေရှိတယ်။ ရှုတင်ပေါ်မှာရှိတဲ့ သဘောသဘာဝတွေကျ ပရိသတ်တွေ နားမလည်နိုင်ဘူး။ ဒါကိုကျတော့
လည်း ဘယ်လိုမှရှင်းပြလို့မရဘူး။ အစ်ကို့ရဲ့ စိတ်ဘယ်လိုရှိတယ်ဆိုတာကို လုပ်ဖော်ကိုင်ဖက်တွေ၊ ဂျူနီယာကလေးတွေ၊ စီနီယာအစ်ကိုအစ်မတွေ သိကြပါတယ်။ ရှင်းပြလို့မရတဲ့ကိစ္စတွေအတွက်က ကိုယ့်လိပ်ပြာကိုယ်လုံဖို့ အရေးကြီးပါတယ်။ အရေးကြီးဆုံးက ရိုးသားဖို့ပါပဲ။ ကိုယ့်စိတ်ကိုယ်လိပ်ပြာ သန့်သန့်နဲ့ တစ်သက်တာနေနိုင်ဖို့ အစ်ကိုတို့ ကြိုးစားပါတယ်။ အချိန်တန်ရင် ကိုယ့်စိတ်ကသာ မှန်တယ်ဆို အရာရာအဆင်ပြေသွားမှာပါ။ ကိုယ့် ကိုယ်ကိုပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါတယ်။

မေး - အမြဲအားပေးနေတဲ့ ပရိသတ်ကိုရော စကားလက်ဆောင်ပြောပေးပါဦး။
ဖြေ - အမြဲတမ်း ကြိုးစားနေပါတယ်။