Primary tabs

မိုးနှင့် အတူ

June လလို့ဆိုလိုက်ရင် မြန်မာနိုင်ငံမှာတော့ မိုးတွေရွာတဲ့ လ၊ ကျောင်းတွေဖွင့်တဲ့ လလို့ အမှတ်တရရှိကြပါတယ်။ မိုးရာသီဟာ အလွမ်းဓာတ်ခံရှိတဲ့သူအဖို့ ပို၍ ပို၍ လွမ်းမောဖွယ်ကောင်းတဲ့ လရာသီတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုလရာသီ
မှာ အနုပညာရှင်တွေရဲ့ ခံစားမှုနဲ့ဘ၀အမှတ်တရတွေကို ဖော်ပြပေးလိုက်ပါတယ်။

အိမ့်ချစ်
မေး - မိုးရာသီနဲ့ ပတ်သက်တဲ့ ဖီလင်လေးက ဘယ်လိုရှိမလဲ။
ဖြေ - မိုးရာသီကို ကြိုက်ပါတယ်။ အိမ့်ချစ်က ရာသီတိုင်းကို မုန်းတယ်ဆိုတာမရှိပါဘူး။ ဒါပေမယ့်လည်း မိုးရာသီက အရမ်းကြီးကြိုက်တဲ့ အထဲမှာတော့ မပါဘူး။ ငယ်ငယ်ကတည်းက အ၀တ်အစားရေစိုတာရယ်၊ အိမ့်ချစ်က ထီးဆောင်းတဲ့ အကျင့်နည်းတယ်။ အဲဒီ့အခါကျတော့ ထီးမပါပဲ အပြင်သွားတဲ့အခါကျတော့ နည်းနည်းအခက်အခဲ ဖြစ်စေတာပေါ့နော်။

မေး - မိုးတွင်းရောက်ရင် အမြဲအမှတ်ရတတ်တဲ့ ဖြစ်ရပ်မျိုးဘ၀မှာ ရှိခဲ့ဖူးလား။
ဖြေ - မိုးရာသီရောက်ပြီဆိုလို့ရှိရင် ကျောင်းဖွင့်ချိန်လေးကို သတိရတယ်။ ဒါလေးတစ်ခုကတော့ အမြဲအမှတ်ရနေစေမှာပေါ့နော်။ အဲဒီအချိန်ဆို လွယ်အိတ်အသစ်၊ ကျောပိုးအိတ်အသစ်တွေ၊ ခြင်းတောင်းအသစ်လေးတွေ ၀ယ်ရတယ်။ ထီးဆိုလည်း အလှဆုံးဆိုတာလေးတွေကိုမှ ရွေးပြီး ဆောင်းခဲ့တယ်။ ဒါလေးတွေသတိရစေတယ်။

မေး - လူသိများတဲ့ အနုပညာရှင်တစ်ဦး မဟုတ်ခဲ့ဘူးဆိုရင် မိုးရာသီမှာ လွတ်လွတ်လပ်လပ် လုပ်ပစ်ချင်တာ ဘာတွေရှိမလဲ။
ဖြေ - ငယ်ငယ်ကတည်းကတော့ မိုးရွာရင် လျှောက်သွားချင်တာ၊ မိုးရေထဲမှာ လမ်းလျှောက်ကြည့်ချင်တာ ဒါလေးတွေက လူတိုင်းလည်း စိတ်ကူးယဉ်ဖူးမယ်ထင်တယ်။ အိမ့်ချစ်လည်း ဒီလိုလေးတွေ စိတ်ကူးယဉ်တာပေါ့နော်။ ဒါပေမယ့် အခုလုပ်ဖြစ်တာကျတော့ သီချင်းတွေအသံသွင်းတယ်။ ပြီးတော့ ခေတ်ကပြောင်းသွားပြီ။ အရင်ကဆို မိုး တွင်းရောက်ရင် အနုပညာရှင်တွေ အလုပ်ပါးတယ် ပြောကြတယ်။ ဒါပေမယ့် ဒီဘက်ခေတ်ကျတော့ ကုန်ပစ္စည်းမိတ်ဆက်ပွဲတွေ၊ ပရိုမိုးရှင်းပွဲတွေ ရှိနေတော့ ပွဲတွေပါးသွားတယ်လို့တော့ မခံစားရဘူး။

မေး - မိုးရာသီရောက်တာနဲ့ စားချင်စိတ်ပေါက်လာတဲ့၊ ကြိုက်တဲ့အစားအစာ ဘာတွေရှိလဲ။
ဖြေ - အေးတဲ့အချိန်လေးဆိုတော့ ရခိုင်မုန့်တီ၊ နောက်ပြီး ပူပူစပ်စပ်အရည်လေးတွေ စားဖို့စိတ်က တောင့်တတာပေါ့နော်။

မေး - မိုးရာသီအတွက် ပရိသတ်ကို အမှတ်တရ စကားပြောပေးပါဦး။
ဖြေ - ပရိသတ်ကြီးအားလုံး မိုးရေစက်လေးတွေလို အေးချမ်းကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးချင်ပါတယ်ရှင့်။

မိုးစက်ဝိုင်
မေး - မိုးရာသီနဲ့ပက်သက်တဲ့ ဖီလင်လေးက ဘယ် လိုရှိမလဲ။
ဖြေ - အမှန်အတိုင်းပြောရရင်တော့ မိုးရာသီကို သိပ်သဘောမကျဘူး။ မိုးရာသီဆို အိမ်မှာနေရတာများတယ်။ သွားရလာရခက်ခဲတယ်။ အ၀တ်အစားပေမှာ ကြောက်ရ၊ ဖိနပ်ပေမှာ ကြောက်ရတယ်။ မိုးဖွဲဖွဲလေးပဲရွာပြီး ခဏလေးပဲရွာရင် အဆင်ပြေတယ်။ ဒါပေမယ့် မြန်မာပြည်မိုးကကျတော့ တောက်လျှောက်ကြီးရွာတော့ အဆင်မပြေဘူး။

မေး - မိုးတွင်းရောက်ရင် အမြဲအမှတ်ရတတ်တဲ့ ဖြစ်ရပ်မျိုးဘ၀မှာ ရှိခဲ့ဖူးလား။
ဖြေ - မိုးရာသီဆိုတာနဲ့ အမှတ်အရဆုံးကတော့ ကျောင်းတတ်တဲ့အချိန်ပါပဲ။ ကျောင်းစိမ်းလေးတွေနဲ့ ကျောင်းသွားရတယ်။ ထီးလေးတွေနဲ့။ မိုးတွေအပြင်မှာသည်းနေရင် ဆရာမစာသင်ရင် အိပ်တွေငိုက်ကြတာပေါ့။ အဲ့ဒါကတော့ အမှတ်အရဆုံးပဲ။ ကလေးဘ၀ကျတော့ စိတ်ရှင်းတယ်လေ။ ဒီတော့ အမှတ်တရလေးတွေ သတိရတာများတယ်ပေါ့။ လူကြီးဖြစ်လာတော့ စိတ်ရှုပ်တာတွေကိုပဲ  သတိကရနေတယ်။ အလုပ်တွေလုပ်လို့ အဆင်သိပ်မပြေတာ။ အပြင်ထွက်လို့ မကောင်းတာတွေကိုပဲ စိတ်ကရောက်နေတာပေါ့။

မေး - လူသိများတဲ့အနုပညာရှင်တစ်ဦး မဟုတ်ခဲ့ဘူးဆိုရင် မိုးရာသီမှာ လွတ်လွတ်လပ်လပ် လုပ် ပစ်ချင်တာ ဘာတွေရှိမလဲ။
ဖြေ - မိုးရေထဲမှာ လုပ်ချင်တာက အခုအနုပညာရှင်ဖြစ်နေလည်း လုပ်ချင်တာတွေရှိရင်တော့ လုပ်မှာပေါ့။ ငယ်ငယ်ကဆိုရင်တော့ မိုးရေထဲမှာ မိုးရေချိုးရတာ ကြိုက်တယ်လေ။ အခုကတော့ တကူးတက မချိုးဖြစ်တော့ဘူး။ ဒါပေမယ့် မိုးစက်ကြိုက်တာက မိုးရွာတဲ့အချိန်မှာ ရေကူးရတာကြိုက်တယ်။ နောက်ပြီး မိုးရွာတဲ့အချိန် အလုပ်လည်းမရှိဘူးဆိုရင် ရုပ်ရှင်လေးကြည့်၊ ကော်ဖီလေးသောက်ပြီး ဇိမ်ယူရတာလည်း ကြိုက်တာပဲ။

မေး - မိုးရာသီရောက်တာနဲ့ စားချင်စိတ်ပေါက်လာတဲ့၊ ကြိုက်တဲ့ အစားအစာဘာတွေရှိလဲ။
ဖြေ - မိုးရာသီမှာ ဘာမှမစားချင်ဘူး။ ကော်ဖီလေးသောက်ပြီးတော့ပဲ အေးအေးဆေးဆေးနေချင်တယ်။ အဲဒီ့ဖီလင်ကိုပဲ ကြိုက်တယ်။ သူများတွေလို ပူပူနွေးနွေးအစားအစာလေးတွေ စားချင်တာ ဘာညာလည်း မရှိဘူး။

မေး - မိုးရာသီအတွက် ပရိသတ်ကို အမှတ်တရ စကားပြောပေးပါဦး။
ဖြေ - အဓိကက ကျောင်းသား၊ ကျောင်းသူတွေကိုပဲပေါ့နော် မိုးရွာပြီ ကျောင်းတက်ရတော့မယ်ဆိုရင် တစ်ချို့တွေ စိတ်ညစ်ရင်လည်း ညစ်လိမ့်မယ်။ ဒါပေမယ့် ဒါဟာ နောင်ဆယ်နှစ်မှာ တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ အမြဲတမ်းဘ၀အတွက် ကျန်နေတဲ့ အမှတ်တရလေးတွေ ဖြစ်လာပါလိမ့်မယ်လို့ ဒါလေးကိုပဲ သိစေချင်ပါတယ်။

X Box
မေး - မိုးရာသီနဲ့ ပတ်သက်တဲ့ ဖီလင်လေးက ဘယ်လိုရှိမလဲ။
ဖြေ - မိုးရာသီကို ကြိုက်ချင်တဲ့ အချိန်လည်းကြိုက်တယ်။ မကြိုက်ချင်တဲ့အချိန်လည်း မကြိုက်ဘူး။ ဘာလို့မကြိုက်လည်း ဆိုရင်တော့ ကျွန်တော်တို့က ပွဲတွေဆိုနေတဲ့သူဖြစ်တော့ မိုးကြောင့်ပွဲပျက်တာမျိုးတွေ မဖြစ်ချင်ဘူး။ ကြိုက်တာကတော့ မိုးရွာရင် လွမ်းတယ်ဗျာ။ မိုးအေးအေးလေးမှာ အခန်းအောင်းပြီး ၀တ္ထုဖတ်တာ၊ သီချင်းရေးတာ၊ သီချင်းနားထောင်တာတို့၊ ကော်ဖီလေးသောက်ရတာတို့ အဲဒီ့တစ်ခုက ဇိမ်ပဲ။ ဆောင်းရာသီနဲ့မတူတဲ့ ဇိမ်ကို မိုးရာသီမှာရတာ။ နွေကတော့ ကြိုက်ကိုမကြိုက်တာ။ မိုးနဲ့ဆောင်းကို ပိုကြိုက်တယ်။ အဲဒီ့ထဲကမှ ဆောင်းကိုတော့ ပိုကြိုက်တယ်။

မေး - မိုးတွင်းရောက်ရင် အမြဲအမှတ်ရတတ်တဲ့ ဖြစ်ရပ်မျိုးဘ၀မှာ ရှိခဲ့ဖူးလား။
ဖြေ - မိုးတွင်းနဲ့ပတ်သက်ပြီး ရတဲ့အမှတ်တရတွေက အများကြီးရှိတယ်။ ရည်းစားနဲ့ပတ်သက်ပြီး ရတာလည်းရှိတယ်။ သူငယ်ချင်းနဲ့ပတ်သက်ပြီး ရတာလည်းရှိတယ်။ အဆိုတော်ဖြစ်လာချိန်မှာရတဲ့ အမှတ်တရတွေလည်း ရှိပါတယ်။ နှပ်ချေးတွဲလောင်းအရွယ်က အမှတ်တရတွေလည်း ရှိတာပဲ။ သြော် ဒါပေမယ့် တစ်ခုက ငယ်ငယ်က ကျွန်တော်ကျောင်းက အပြန်မိုးတွေ အရမ်းသည်းတဲ့အချိန် ရှိတယ်။ လူကြီးတွေက ရေတွေကြီးနေတဲ့နေရာက လမ်းမလျှောက်ခိုင်းဘူး။ ဒါပေမယ့် ကျွန်တော်က အဲဒီ့ရေထဲမှာ လျှောက်ချင်တယ်။ အထူးသဖြင့် ဒူးလောက်နစ်တဲ့နေရာမှာ လျှောက်ချင်တယ်။ အမေက ဟဲ့ နင် အဲဒီ့နားမသွားနဲ့။ မြွေပါးကင်းပါးနဲ့။ လျှပ်စစ်ကြိုးတွေ ပြတ်ကျရင်လည်း ဓာတ်လိုက်မယ်။ အမေကအော်တာပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ ဒူးလောက်နစ်တဲ့ မြောင်းဖုံးတွေ၊ ရေကြီးတဲ့နေရာတွေမှာ လျှောက်တာပဲ။

မေး - လူသိများတဲ့ အနုပညာရှင်တစ်ဦးမဟုတ်ခဲ့ဘူးဆိုရင် မိုးရာသီမှာ လွတ်လွတ်လပ်လပ် လုပ်ပစ်ချင်တာ ဘာတွေရှိမလဲ။
ဖြေ - ဒီအလုပ်လုပ်တဲ့အချိန်မှာတော့ မိုးတွင်းမှာလည်း ပွဲတွေပတ်ဆိုနေတာပဲ။ အဆိုတော်မဖြစ်ခဲ့ရင်လည်း ပုံမှန်အလုပ်တွေ လုပ်နေမှာပဲ။ ဒါပေမယ့် မိုးတွင်းဆို အမြဲဖြစ်တာကတော့ နှာစေးတာနဲ့ ချောင်းဆိုးတာပဲ။ Celebrity တစ်ယောက် မဟုတ်ခဲ့ဘူးဆိုရင်တော့ လုပ်မှာပေါ့ သူငယ်ချင်းတွေနဲ့ လမ်းပေါ်မှာ ဘောလုံးကန်တာတို့ လျှောက်သွားတာတို့။ အခုလည်း လုပ်တော့လုပ်ပါတယ်။ ဘောလုံးမကန်တာကလွဲရင် မိုးရွာတဲ့အချိန် ထီးမဆောင်းပဲ လျှောက်သွားတယ်။ မိုးရေချိုးရတာလည်း ပျော်တယ်။

မေး - မိုးရာသီရောက်တာနဲ့ စားချင်စိတ်ပေါက်လာတဲ့၊ ကြိုက်တဲ့ အစားအစာဘာတွေရှိလဲ။
ဖြေ - မိုးတွင်းမှာတော့ ချဉ်ချဉ်စပ်စပ်လေးတွေစားဖို့ တောင့်တတယ်။ ပိုကြိုက်တယ်။

မေး - မိုးရာသီအတွက် ပရိသတ်ကို အမှတ်တရ စကားပြောပေးပါဦး။
ဖြေ - မိုးတွင်းမှာ ပရိသတ်တွေအားလုံး ကျန်းမာရေးဂရုစိုက်ပါ။ မိုးတွင်းက အဖျားဆုံးအချိန်လည်းဖြစ်တယ်၊ တုပ်ကွေးလည်း ပေါတယ်။ ကျန်းမာရေး ဂရုစိုက်ကြပါ။ ဘ၀မှာ အစစအရာရာ အဆင်ပြေကြပါစေ။ ကျွန်တော့် သီချင်းတွေလည်း အားပေးကြပါလို့ ပြောချင်ပါတယ်။

ဝါဆိုမိုးဦး
မေး - မိုးရာသီနဲ့ ပတ်သက်တဲ့ဖီလင်လေးက ဘယ်လိုရှိမလဲ။
ဖြေ - ကြိုက်တယ်။ ကိုယ်က မိုးရာသီမှာမွေးတဲ့သူဆိုတော့ မိုးရာသီကို ကြိုက်တယ်။ မိုးရွာလို့ တစ်ခါတလေ အလုပ်အတွက် အနှောင့်အယှက်ဖြစ်ပေမယ့် မိုးကို ကြိုက်ပါတယ်။ ချစ်တယ်။ နေထိုင်လို့လည်း ကောင်းတယ်။ အေးတယ်။

မေး - မိုးတွင်းရောက်ရင်ဘ၀မှာ အမြဲအမှတ်ရတတ်တဲ့ ဖြစ်ရပ်မျိုး ဘ၀မှာရှိခဲ့ဖူးလား။
ဖြေ - ကိုယ်သွားတဲ့နောက်ကို မိုးပါတာသေချာတယ်။ စင်္ကာပူသွားရင် စင်္ကာပူမှာမိုးရွာတယ်။ ငွေဆောင်သွားရင် ငွေဆောင်မှာမိုးရွာတယ်။ Outdoor ရိုက်တဲ့အချိန်ကျရင် မိုးရွာကိုရွာတယ်။ အမြဲမှတ်ရနေတာက အဲ့ဒါပဲ။ ခရီးသွားမယ် ၊ Outdoor တွေ ရိုက်မယ် မိုးကရွာလာရော။ အဲဒီ့အခါကျ စိတ်ညစ်မိတာပေါ့။ ဟယ် မိုးရယ် နင်ငါ့နောက်ကိုတစ်ချိန်လုံး လိုက်နေတော့မှာလားလို့ဆိုပြီး ညည်းမိတယ်။ ကိုယ့်မွေးနေ့လည်း ရှိတယ်။ မွေးနေ့တိုင်းလည်း မိုးရွာတာ များတယ်။

မေး - လူသိများတဲ့ အနုပညာရှင်တစ်ဦး မဟုတ်ခဲ့ဘူးဆိုရင် မိုးရာသီမှာ လွတ်လွတ်လပ်လပ်လုပ်ပစ်ချင်တာ ဘာတွေရှိမလဲ။
ဖြေ - မိုးရေချိုးချင်တယ်။ ဒါပေမယ့် အခုလည်းချိုးတယ်။ မိုးရေတွေထဲ လျှောက်သွားချင်တယ်။ သူငယ်ချင်းတွေနဲ့ ဆော့ရင်းပျော်ချင်တယ်။

မေး - မိုးရာသီရောက်တာနဲ့ စားချင်စိတ်ပေါက်လာတဲ့၊ ကြိုက်တဲ့ အစားအစာဘာတွေရှိလဲ။
ဖြေ - ပူပူနွေးနွေးလေးတွေ စားချင်တယ်။ နန်းကြီးသုပ်လည်းစားချင်တယ်။ ပြီးတော့ ကော်ဖီ၊ လက်ဖက်ရည်၊ ဟော့ပေါ့၊ အကင်တွေ အဲ့ဒါမျိုးလေးတွေ စားချင်တယ်။ မိုးရွာရင် အိမ်ထဲမှာ ရုပ်ရှင်အမြဲကြည့်တယ်။ စာတော့ သိပ်မဖတ်ဖြစ်ဘူး။ ရုပ်ရှင်ကိုတော့ အချိန်ပေးဖြစ်တယ်။

မေး - မိုးရာသီအတွက် ပရိသတ်ကို အမှတ်တရ စကားလေးပြောပေးပါဦး။
ဖြေ - ၀ါဆို လိုပဲ မိုးရာသီမှာ မွေးတဲ့သူတွေ အများကြီးရှိမှာပါ။ ဒီတော့ မိုးရာသီကို ချစ်တဲ့သူတွေ အများကြီးရှိမှာပါ။ မိုးရာသီကတော့ အလုပ်လုပ်လို့ သိပ်မကောင်းဘူး။ အနားယူလို့အကောင်းဆုံးအချိန်ပေါ့။ ပရိသတ်ကြီး မိုးရာသီမှာ ပျော်ရွှင်ပါစေ။ အမြဲတမ်းလည်း ပျော်ရွှင်ပါစေ။