Primary tabs

ချစ်စရာအိမ်သေးသေးလေး

ခြံအကျယ်အ၀န်း ၁၅ ပေ x ၄၃ ပေ အကျယ်ပေါ်မှာ ချစ်စရာကောင်းအောင် ဆောက်ထားတဲ့ သုံးထပ်တိုက်အိမ်လေး ဖြစ်ပါတယ်။ အိမ်လေးကို မြင်မြင်ခြင်းမှာ အရမ်းကိုအံ့သြသွားတယ်။ အိမ်အတွင်း အပြင်အဆင်ကို ဘယ်လိုများ ပြင်ဆင်ထားမလဲဆိုတာကိုပါ တစ်ဆက်တည်း စိတ်ဝင်စားသွားပါတယ်။ ဥရောပစတိုင်လ် ဆောက်ထားတဲ့ ဒီအိမ်လေးကတော့ အနုပညာရှင် ဇနီးမောင်နှံဖြစ်တဲ့ ဥက္ကာဦးသာ+ရှင်ဖုန်းတို့ရဲ့ အိမ်လေးပဲ ဖြစ်ပါတယ်။

အိမ်နဲ့ပတ်သက်ပြီး ရှင်ဖုန်းက ‘‘ကိုဥက္ကာက အိမ်တွေကို အလှဆင်ပြီးဆောက်တာ အရမ်းဝါသနာပါတယ်။ ဒီအိမ်ဆောက်တာ ၁ နှစ်ကျော်လောက်ကြာတယ်။ နေရာကကျဉ်းကျဉ်းလေးမှာ ဘယ်လိုဆောက်မလဲဆိုတာ ကိုဥက္ကာပဲ စဉ်းစားတာပါ။ ခရီးသွားရင်းသူက ဒီအိမ်ပုံစံကို Idea ရသွားခဲ့တယ်’’ လို့ပြောသည်။
အိမ်ထဲရောက်သွားတဲ့အခါ ပထမထပ်မှာတော့ မီးဖိုခန်း၊ ဒုတိယထပ်မှာ ဧည့်ခန်းကျယ်နဲ့၊ တတိယထပ်မှာတော့ ဘုရားခန်းနဲ့ အိပ်ခန်းရှိတယ်။

အိမ်တွင်းနေရာ ကျဉ်းကျဉ်းလေးက အိမ်ထဲရောက်သွားတဲ့အခါ နေရာကျဉ်းတယ်လို့ မခံစားရလောက်အောင်ကို အပြင်အဆင်က စနစ်တကျရှိလှတယ်။ နံရံတွေမှာမှန်ဒီဇိုင်း နံရံကပ်အလှတွေကပ်ထားတယ်။ ဗီဒိုပေါ်မှာရှိနေတဲ့ နိုင်ငံတကာက အမှတ်အသားတံဆိပ်များ၊ အရုပ်၊ ကား၊ အိုး ဒီဇိုင်းစုံတွေကလည်း အိမ်အလှကို ပိုပြီးချစ်စရာကောင်းစေတယ်။

အိမ်ပြတင်းပေါက်၊ အိမ်အပြင်နံရံ၊ အိမ်ခေါင်မိုး၊ ၀ါရံတာတွေကအစ သေသပ်ပြီး စနစ်တကျနဲ့ အိမ်ရဲ့အလှကို ပိုပြီးပေါ်လွင်စေတယ်လို့ ယူဆပါတယ်။


ဥက္ကာဦးသာ+ရှင်ဖုန်းတို့ရဲ့ အိမ်ပုံစံကတော့ မြေနေရာကျဉ်းကျဉ်းလေးမှာ ဒီလိုအိမ်ပုံစံလေး ဆောက်လို့ရတယ်။ မြေနေရာကျဉ်းလည်း စနစ်တကျ ဒီဇိုင်းဆွဲပြီး အိမ်ပုံစံကို တီထွင်ဆောက်လို့ ရတယ်ဆိုတာကို အတုယူနိုင်အောင် ဖော်ပြသလိုပါပဲ။ ပရိသတ်တွေကြည့်ပြီးလည်း အံ့သြမှင်သက်သွားစေမယ့် အိမ်ပုံစံလေး ဖြစ်မှာပါလို့။

ဓာတ်ပုံ- ထိန်ဝင်း(မိုးကိုဦး)