Primary tabs

R ဇာနည်ကိုယ်တိုင်ချက်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ဟင်းတစ်မယ်

ကိုယ်တိုင်က ဟင်းကောင်းကောင်းချက်တတ်တဲ့အတွက် တော်ရုံတန်ရုံအပြင်မှာ စားတဲ့ အရသာတွေဆို အဆင်မပြေဘူးလို့ပြောပြခဲ့တဲ့ အဆိုတော် Rဇာနည်က People Magazine ရဲ့  ရိုက်ကူးရေး အစီအစဉ်လေးမှာ ဝက်သားပုန်းရည်ကြီးဟင်းချက်ပေးခဲ့ပြီး အိမ်သူသက်ထားလေး ဝမ်းကတော့ ဝက်ပုန်းရည်နဲ့လိုက်ဖက်မယ့် သရက်သီးသုပ်ကို တက်ညီလက်ညီဖန်တီးခဲ့ကြပါတယ်။

အထူးသဖြင့် ပြောစရာရှိတာလေးကတော့ ဟင်းရည်ဆမ်းစားလို့ရအောင် ချက်ထားတဲ့  R ဇာနည်ရဲ့ ဝက်ပုန်းရည်ဟင်းပွဲအကြောင်းပါ။ ပုံမှန်အားဖြင့် ဝက်သားပုန်းရည်ကြီးချက်ရင် ဆီပြန်ဟင်းအနှစ်ချက်တတ်ကြပေမဲ့ R ဇာနည်ကတော့ သားလေးဖစ်ဖစ်တုန်က ထမင်းစားရင် အရည်လေးဆမ်းပြီး စားတတ်တဲ့အတွက် ဆီလည်ရေလည်လေး ချက်ခဲ့ပါတယ်။ ဒါကြောင့် ဒီဟင်းပွဲလေးဟာ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ချက်ခဲ့တဲ့ ဟင်းတစ်မယ်လည်း ဖြစ်ပါတယ်။

ဒီဝက်ပုန်းရည်ဟင်းကို R ဇာနည် ဘယ်လိုချက်ပြုတ်ခဲ့လဲဆိုတာ ချစ်ပရိသတ်များ အသေးစိတ်ကြည့်ရှုနိုင်ဖို့အတွက် People Magazine Website ဖြစ်တဲ့ www.people.com.mm မှာ ဗီဒီယိုဖိုင်တင်ပေးထားသလို Myanmar People Magazine Facebook Page မှာလည်း ဖော်ပြထားမှာမို့ ချစ်ပရိသတ်များ ဝင်ရောက်ကြည့်ရှုအားပေးပါဦးနော်။

"ဝက်ပုန်းရည်ကို ကျွန်တော်တို့ ငယ်ငယ်က အဖေ၊ အမေအိမ်မှာနေတုန်းကတော့ အမေက သုံးထပ်သားနဲ့ ချက်တယ်။ အခုကျွန်တော်ကတော့ အသားချည်းပဲ ချက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်သားက အသားချည်းပဲစားတယ်။ ပြီးတော့ အရမ်းစပ်တာလည်း မစားနိုင်တော့ သိပ်မစပ်ဘဲနဲ့ ပုန်းရည်ကြီးနဲ့ ဝက်သားအရသာလေးရှိအောင် ချက်ပါတယ်"

အိုးထဲမှာ ဆီသင့်ရုံထည့်ပြီး ဆီပူလာတဲ့အခါ ကြိတ်ထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းနဲ့ အရောင်တင်မှုန့်ကို ထည့်ဆီသတ်ပါတယ်။ ဆီသတ်တာ နွမ်းလာတဲ့အခါ ဝက်သားထည့်မွှေပါတယ်။ ဝက်သားကျက်လို့ အနံ့လေးမွှေးလာတဲ့အခါ ရေနွေးအနည်းငယ်နဲ့ဖျော်ထားတဲ့ ပုန်းရည်ကြီးကိုထည့်မွှေလိုက်ပြီး အဖုံးခဏအုပ်ပြီး ချက်ပေးပါတယ်။ ဆီပြန်ခြောက်တဲ့အထိမချက်ဘဲ ဖစ်ဖစ်တုန်လေးအကြိုက် ဆီလည်ရေလည်လေး ပွက်လာတဲ့အခါ မီးဖိုကချပြီး သုံးဆောင်နိုင်ပါပြီ။

R ဇာနည်ကတော့ ဝက်ပုန်းရည်ဟင်းကို ထမင်းဖြူနဲ့ ကြက်သွန်နီလေးစိတ်ကွဲလေး တို့စားမယ်ပြောပါတယ်။ ဝမ်းကလည်း သရက်သီးတွေ ကိုယ်တိုင်ခြစ်ပြီး သရက်သီးသုပ်နေပါပြီ။

ကဲ... People ချစ်ပရိသတ်ကြီးလည်း.. ဗီဒီယိုထဲမှာ ကိုဇာနည်ပြောသလိုပဲ ဆိုင်ဖွင့်ရင် သွားရောက်အားပေးကြပါဦးနော်။

Photo & Retouch - Thardu Ko Ko