Primary tabs

စိတ်ကိုအပြည့်နှစ်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်တယ်

“ဘာလေးလုပ်လုပ်၊ ဘာလေးပဲပြောပြော၊ ကိုယ့်ဆီက ထွက်သွားတဲ့ စကားတစ်ခွန်းပဲဖြစ်ဖြစ်၊ ၀န်ဆောင်မှုတစ်ခုပဲဖြစ်ဖြစ် ကောင်းကျိုးသက် ရောက်မှုရှိရမယ်ဆိုတဲ့ စိတ်ကိုအပြည့်နှစ်ပြီး အကောင်းဆုံးဖြစ်အောင်လုပ်တယ်။ အကောင်းဆုံး ဖြစ်ရမယ်ဆိုတဲ့ စေတနာအမြဲထားတယ်” လို့ ဆိုသူကတော့ Telenor Myanmar Limited မှ Chief People Officer မရွှေရည်ဝင်းလဲ့ ပါ။ သူပြော ပြတဲ့သူ့ဖြတ်သန်းမှုနဲ့ အတွေ့အကြုံများကတော့…

ငယ်ဘ၀ဖြတ်သန်းမှုများ
ရန်ကုန်မှာမွေးတဲ့ ရန်ကင်းသူစစ်စစ်ပါ။ မောင်နှမ (၄) ယောက်မှာ အငယ်ဆုံးပါ။ အဖေကတော့ ကျွန်မ အသက် (၂၂) မှာ ဆုံးသွားတယ်။ အမေကတော့ ခုထိရှိသေးတယ်။ အဖေက ရုပ်ရှင်မင်းသား ဦးဝင်းဦးရဲ့ ညီအငယ်ဆုံးပါ။ အဲဒီတော့ ကျွန်မ အစ်ကိုတွေရော၊ အစ်မတွေရော ငယ်ငယ်က အနုပညာအလုပ်လုပ်ကြတယ်။ တစ်မျိုးလုံးတစ်ဆွေလုံးက အနုပညာအလုပ်လုပ်ကြပေမဲ့ ကျွန်မက အနုပညာအလုပ်မလုပ်ဘူး။ အဖေ့ဆီက သေသေချာချာ အမွေရလိုက်တာက English ။ အဖေဆုံးတော့ ကျွန်မအသက်က (၂၂) နှစ်။ အဲဒီ့ အချိန်အထိ တစ်ခါတစ်ရံ အိမ်မှာအဖေနဲ့ အင်္ဂလိပ်လိုပြောကြတယ်။ ကိုယ်မှားတာကို အဖေက ပြင်ပေးတယ်။ ဒီနေ့ ဒီချိန်အထိ အင်္ဂလိပ်စာကို စကားပြောရော၊ သဒ္ဒါ ရော အပြင်မှာ သင်တန်းမတက်ဖူးပါဘူး။ အဖေသင်ပေးတာရယ်၊ ကျောင်းက သင်ပေးလိုက်တာရယ် ဒါပဲရှိတယ်။ အမေက အိမ်ထောင်ရှင်မ ပီသတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် သူ့ဆီက အိမ်မှုကိစ္စတွေ အကုန်ရတဲ့အပြင် စေ့စပ်တိကျတဲ့ အကျင့်ကိုရခဲ့တယ်။ အမေက အရမ်းတိကျတယ်။ မိဘတွေက အနုပညာရှင်တွေလည်းဖြစ်တဲ့အပြင် အရမ်းလည်းကြွယ်ဝကြတဲ့သူတွေ မဟုတ်ကြသလို၊ သားသမီးတွေကို ဆုံးမစရာရှိ ဆုံးမတယ်၊ သင်စရာရှိ သင်ပေးတယ်။ အရမ်းကြီးပုံသွင်းခဲ့တာမျိုး မရှိခဲ့ဘဲ၊ သားသမီးတွေကိုသာမန်ပဲ လွတ်လွတ်လပ်လပ်ကြီးပြင်းစေခဲ့တယ်။ 

အ.ထ.က (၂) လသာမှာ သူငယ်တန်းကနေ (၉) တန်းအထိ နေခဲ့တယ်။ (၉) တန်းအောင်ပြီးသွားတဲ့ (၁၀) တန်းနှစ်မှာ ကျန်းမာရေးက တော်တော်ချူချာလာတဲ့အတွက် နေ့တစ်ဝက်တက်လို့ရတဲ့ အ.ထ.က (၂) ရန်ကင်းကိုပြောင်းခဲ့တယ်။ နောက်ပိုင်းကျတော့ နေ့တစ်ဝက်ကျောင်းတက်ဖို့ကို ကျန်းမာရေးက အရမ်းချူချာလာတဲ့အတွက် ကျောင်းထွက်လိုက်ပြီး ဆယ်တန်းကို အပြင်ကနေ ဖြေခဲ့တယ်။ ၁၉၉၃ မှာ ဆယ်တန်းအောင်တယ်။  ဆယ်တန်းအောင်စာရင်းမထွက်ခင်မှာ အလုပ်
စလုပ်ခဲ့တယ်။

အလုပ်ခွင်ထဲစရောက်လာပုံ
အလုပ်စလုပ်တဲ့အချိန်မှာ အသက် (၁၇) နှစ်မပြည့်သေးဘူး။ ဆယ်တန်းဖြေပြီးသွားတော့ အချိန်ပိုင်းအလုပ်လုပ်ရင် ကောင်းမလား၊ သင်တန်းတစ်ခုခုတက်ရင်ကောင်းမလား စဉ်းစားနေတဲ့အချိန်မှာ ကိုရီးယားသံရုံး စီးပွားရေးဋ္ဌာနမှာ အလုပ်သင် အတွင်းရေးမှူးခေါ်တာသိရလို့ သွားလျှောက်လိုက်ရော။ တကယ်က အင်္ဂလိပ်စာ တစ်ခုပဲရတယ်။ ရုံးအလုပ်နဲ့ ပတ်သက်လို့ ကျန်တာဘာမှမရသေး ဘူး။ ဆယ်တန်းဖြေပြီးခါစလေ။ ဘာအတွေ့အကြုံ မှမရှိဘူး။ ဒါပေမဲ့ သွက်တယ်။ သူတို့နဲ့ အင်္ဂလိပ်လိုပြောဆိုဆက်သွယ်နိုင်တယ်။ သင်ပေးလို့ရမယ်လို့ ယူဆတဲ့အတွက် ကျွန်မကို အလုပ်ခန့်ခဲ့တယ်။ အသက် (၁၈) ပြည့်တဲ့အချိန်ကျမှ permanent ဖြစ်တယ်။ ဆယ်တန်းအောင်စာရင်းထွက်လာတဲ့အချိန်မှာ ကျွန်မကအလုပ်ထဲမှာ အတော်ပျော် နေပြီ။ အဲဒီအချိန်တုန်းက ရတဲ့လစာက နှစ်ထောင်။ လကုန်လို့ လခထုတ်ရင် ကိုယ့်အတွက် ပါတိတ်ကောင်းကောင်းတစ်စုံ ရတယ်။ ကိုယ့်လခနဲ့လည်း မိဘကို ကန်တော့နိုင်တယ်ဆိုတော့ ပျော်နေပြီ။ ဆယ်တန်းအမှတ်စာရင်းကို ထုတ်ကြည့်လိုက်တော့ ကိုယ့်အမှတ်က စက်မှုတက္ကသိုလ်ကို ကောင်းကောင်းမီတယ်။ ငယ်ဘဝ ရည်မှန်းချက်ကလည်း ဗိသုကာ ဖြစ်ချင်ခဲ့တာကိုး။ အဲဒီတော့ အမေက စက်မှုတက္ကသိုလ်တက်စေချင်တယ်။ ကိုယ့်လခလေးနဲ့လည်း မိဘကို တစ်ဖက်တစ်လမ်းက ကူနိုင်တဲ့အချိန်မှာ စက်မှုတက္ကသိုလ်ဆက်တက်ရင် အဲ့ဒီ (၆) နှစ်ကို မိဘက ပံ့ပိုးရမယ်။ မိဘတွေကရဲ့ စီးပွားရေးကလည်း တကယ့်ကို သာမန်မှသာမန်။ အဲဒီတော့ ကျွန်မကအလုပ်လုပ်ရင်း အဝေးသင်တက်မယ်။ အမေက စက်မှုတက္ကသိုလ်တက်နဲ့ သားအမိနှစ်ယောက် မျက်ရည်လည်ရွဲတွေဖြစ်။ ငြင်းကြခုန်ကြနဲ့။ ပထမတော့ အဖေက အမေ့ဘက်က ကူပြောသေးတယ်။ စက်မှုတက္ကသိုလ်ရအောင် ထားမယ်ပေါ့။ နောက်ဆုံးတော့ ကျွန်မဆန္ဒကိုပဲ လိုက်လျောခဲ့ကြပါတယ်။ အဲဒီလိုနဲ့ အလုပ်မထွက်ဖြစ်ဘဲ အလုပ်ခွင်ထဲရောက်လာလိုက်တာ အခုဆို အလုပ်ခွင်ထဲမှာ (၂၄) နှစ်ကျော်ခဲ့ပြီ။

ပထမဆုံးအတွေ့အကြုံ
ပထမဆုံးအလုပ်က ရတဲ့အတွေ့အကြုံ အကောင်းများပါတယ်။ အရမ်းကောင်းတဲ့ အချက်က အောက်သက်တော်တော်ကြေခဲ့တယ်။ တစ်ခါတလေကျတော့လည်း ကိုယ်က တတ်ထားတာ ဘာမှမရှိတဲ့အတွက် အစစ အခြေခံကနေ သင်ယူရတဲ့ အတွက် အရမ်းပင်ပန်းတယ်။ အဲဒီ့အချိန်မှာ (၁၇) နှစ် အရွယ်ကောင်မလေးတစ်ယောက်ရဲ့ အားသာချက်ကတော့ အလုပ်ကို ဘာခိုင်းခိုင်း မညည်းမညူလုပ်တာပဲ။ အဲဒီ့တော့ ကိုယ့်အတွက် ပညာရသလို organization အတွက်လည်း ကောင်းတယ်။ သုံးနှစ်ကြာလုပ်ပြီးတဲ့နောက် လူငယ်တစ်ဦးအနေနဲ့ သံရုံးက အလုပ်ကိုပျင်းလာတယ် တိုးတက်မှု မရှိဘူးလို့ မြင်လာတယ်။ အဲဒါနဲ့ အလုပ်အသစ် လျှောက်တယ်။ Traders ဟိုတယ်ကို။

ဒုတိယအလုပ်မှာ
Traders ကိုအလုပ်လျှောက်တဲ့အချိန်မှာ ဟိုတယ်ကမဖွင့်သေးဘူး။ Pre-opening အဆင့်ပဲရှိသေးတယ်။ ကျွန်မက အဲဒီ့မှာ (၇) ယောက်မြောက် ဝန်ထမ်းလား၊ (၈) ယောက်မြောက်ဝန်ထမ်းလား၊ တစ်ခုခုပဲ။ သေချာမမှတ်မိတော့ဘူး။ လျှောက်တာတော့ အတွင်းရေးမှူးနေရာ အတွက်ပဲ။ အတွင်းရေးမှူးတွေကလည်း အများကြီးလိုနေတဲ့အတွက် ဘယ်ဋ္ဌာနကို ရွေးမလဲလို့ အင်တာဗျူးမှာမေးလာတယ်။ ကျွန်မကို အဲဒီ့မှာ အင်တာဗျူးတာက မြန်မာအမျိုးသမီး HR Director ။ ဒေါ်မဉ္ဇူချစ်။ အခုချိန်ထိ ကျွန်မရဲ့ Mentor ၊ ကျွန်မရဲ့ Idol ။ ကျွန်မ ဒီနေ့ ဒီအချိန်မှာ ဒီလိုရပ်တည်နေနိုင်တာ သူ့ကျေးဇူးတွေ အများကြီးပါတယ်။ သူက အဲဒီလိုမေးလာတဲ့အတွက် ကျွန်မက ဟိုတယ်မှာ တစ်ခါမှမလုပ်ဖူးဘူး၊ အဲဒီတော့ ဟိုတယ်တစ်ခုရဲ့ ဖွဲ့စည်းပုံကို မသိဘူး။ ဘယ်ဋ္ဌာနက ဘာတွေ လုပ်တယ်ဆိုတာ မမက ရှင်းပြဖို့ လိုလိမ့်မယ်ဆိုပြီး သူ့ကို ပြောလိုက်တော့ သူပြောလိုက်တဲ့ စကား တစ်ခွန်းကို ကျွန်မ ခုချိန်ထိ မှတ်မိနေတယ်။ HR is like a bridge between employer and employee တဲ့။ It’s also like a jigsaw puzzle between them too တဲ့။ HR ဆိုတာ ဘက်တစ်ဘက်ဘက်တည်းက ရပ်လို့မရဘူးဆိုတာကို ကျွန်မခေါင်းထဲရိုက်သွင်း ပေးလိုက်သလိုပဲ။ သူအဲဒီလို ရှင်းပြတာကိုလည်း သဘောကျသွားတယ်။ သူ့ကိုလည်း သဘောကျသွားတယ်။ အဲဒါနဲ့ HR Director ရဲ့ အတွင်းရေးမှူး လုပ်ဖြစ်သွားတယ်။ ၁၉၉၆ ခုနှစ် Traders ကနေ စပြီး HR လုပ်ဖြစ်သွားတာ ခုချိန်ထိပဲ။ Traders မှာ သုံးနှစ်လောက်ကြာခဲ့တယ်။ အဲ့ဒီအချိန်တွေအတွင်းမှာ ဒေါ်မဉ္ဇူချစ်က စာတွေ့လက်တွေ့တွေ အများကြီး သင်ပေးခဲ့ပါတယ်။  ဒါပေမဲ့ စနေနေ့တစ်ဝက်ရုံးတက်ရတော့ ကိုယ့်ရဲ့ အဝေးသင်ကျောင်းချိန်နဲ့ တိုက်နေတဲ့အတွက် ပထမ GM က တနင်္ဂနွေနေ့မှာ အစားထိုးရုံးတက်ပေးတာကို သဘောတူခဲ့ပေမယ့် GM ပြောင်းသွားတဲ့အချိန်မှာ သဘောတူညီမှုမရတော့တဲ့အတွက် စာမေးပွဲနီးနေတဲ့ အဝေးသင်ကို ဦးစားပေးပြီး အလုပ်ကနေထွက်ခဲ့ပါတယ်။  

တတိယအလုပ်
တတိယအလုပ်ကတော့ Lufthansa Airline Catering ။ အခုတော့ LSG Sky Chef လို့ ခေါ်တာပေါ့။ အဲဒါကလည်း ကိုယ်ရောက်လာမှ စမယ့် အလုပ်ပဲ။ ကျွန်မဘ၀မှာ အခုမှစမယ့်အလုပ်တွေနဲ့ ကြုံရတာများတယ်။ Traders ကထွက်တော့ HR Secretary နဲ့ ထွက်တာဆိုတော့ အလုပ်အသစ် ထပ်လျှောက်တော့လည်း Secretary ရာထူးပဲ လျှောက်လိုက်တာ။ ဒါပေမယ့် Country Manager နဲ့ Regional HR Director က အင်တာဗျူးပြီးတော့ သိထားတတ်ထားတာလေးတွေကို သဘောကျပြီး HR Officer တန်းပေးလိုက်ရော။ Country Manager ကို direct report လုပ်ရပြီး Organization ရဲ့ HR Funtion တစ်ခုလုံးကို ကိုယ်ပဲလုပ်ရတော့တာ။ Organization ကတော့ သေးပါတယ်။ ၀န်ထမ်း (၅၀) လောက်နဲ့ စမှာဆိုတော့။ Traders မှာ ဒေါ်မဉ္ဇူချစ်နဲ့အတူလုပ်ခဲ့စဉ် (၃) နှစ်အတွင်းမှာ သူသင်ပေးခဲ့တာတွေကြောင့် ကျွန်မဟာ အသက်(၂၀) ကျော်မှာ HR ဌာနလေးတစ်ခုရဲ့ function တွေကို ကောင်းကောင်းလုပ်နိုင်တဲ့သူတစ်ယောက်ဖြစ်လာတာ။ Lufthansa Airline Catering မှာ (၇) လ လောက် လုပ်ပြီးချိန်မှာ တပြိုင်တည်း လျှောက်ထားတဲ့ တခြားအလုပ်က ခေါ်လာတယ်။ အဲဒီ့အချိန်မှာ ၀န်ထမ်းတွေလည်း ခန့်ပြီးပြီဖြစ်တဲ့အတွက် စတုတ္ကအလုပ်ကိုပြောင်းခဲ့တယ်။

စတုတ္ထအလုပ်
စတုတ္ထအလုပ်က British American Tobacco (BAT) ပေါ့။ ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက sanction တွေဘာတွေလည်းရှိတော့ BAT နာမည် နဲ့ မဟုတ်ဘဲ Tobacco Marketing Services နဲ့ ဒီမှာ လုပ်ငန်းလုပ်နေတယ်။ အဲဒီ့အလုပ်ကို HR Executive နဲ့ ပြောင်းခဲ့တယ်။ Country Manager ကို report လုပ်ရပြီး HR Functions ကို တာဝန် ယူရတာပေါ့။  ကုမ္ပဏီက တစ်ကမ္ဘာလုံးမှာ Roth-mans of Pall Mall နဲ့ ပေါင်းစည်းပြီး လုပ်ငန်းချဲ့တဲ့အချိန်မှာ Assistant HR Manager အဖြစ်နဲ့ ပျဉ်းမပင်က စီးကရက်စက်ရုံမှာ ရုံးထိုင်တယ်။ 

ဝန်ထမ်း (၅၀၀) ကျော်ရှိတယ်။ အဲဒီမှာ (၅) နှစ်လောက်ကြာခဲ့တယ်။ အလုပ်ထွက်ဖြစ်တဲ့အကြောင်းကတော့ BAT မှာ အလုပ်လုပ်ရင်း အိမ်ထောင်ကျပြီး ကလေးယူဖို့စဉ်းစားတဲ့အချိန်မှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကိုယ်ဝန်နုတုန်းက ပျဉ်းမပင်အထိ အလုပ်ဆင်းရတော့ ကလေးပျက်ကျမလိုဖြစ်ရော။ ကလေးယူမယ်ဆိုရင်တော့ ဒီလိုခရီးကို တစ်နေ့တစ်နေ့ အသွားအပြန်လုပ်နေရရင် မဖြစ်ချေဘူးဆိုပြီး စဉ်းစားလာတယ်။ နောက်ပြီး အဲဒီ့အလုပ်မှာ တာဝန်နဲ့ စိတ်ဖိစီးမှု အရမ်းများတာ ကျွန်မမျက်နှာက နေ့တိုင်းမျက်မှောင်ကို ကုတ်နေတာမျိုး။ ဒီလို ဖိစီးမှုနဲ့ ကလေးယူမယ်ဆို ဖြစ်ပါ့မလားလို့လည်း စဉ်းစားတယ်။ အဲဒါနဲ့ အမေရိကန်သံရုံးမှာ အလုပ်လျှောက်ဖြစ်တယ်။ 

ပဉ္စမအလုပ်
အမေရိကန်သံရုံးကို HR Assistant နဲ့ ပြောင်းခဲ့တယ်။ လစာကလည်း အရင်အလုပ်ထက် နည်းသွားတယ်။ ဒါပေမယ့် အဲဒီ့ အချိန်တုန်းက ကိုယ်က ကလေးယူမယ်ဆိုတဲ့ စိတ်ကူးနဲ့ အလုပ် ကိုပြောင်းခဲ့တာ။ ကိုယ့်စိတ်ကူးကတော့ သံရုံး ဖြစ်တဲ့အတွက် အရင်ကလည်းလုပ်ဖူးတော့ အေးအေးဆေးဆေးရှိမယ်ပေါ့။ ဒါပေမယ့် ဒီအလုပ်ကလည်း သူ့ဟာနဲ့သူတော့ demand များတယ်။ အဲဒီအလုပ်ကနေထွက်ချင်တဲ့ စိတ်ကူးဖြစ်လာတာကတော့ ကျွန်မ သမီးလေးကို အချိန်ပိုပေးချင်တဲ့ အတွက်ပါ။ ဘာလို့အချိန်ပိုပေးချင်တာလဲဆိုတော့ သံရုံးမှာလုပ်နေရင်းနဲ့ ကျွန်မ အိမ်ထောင်နဲ့ ကွဲတဲ့ အချိန်မှာ သမီးလေးက (၄) နှစ်ပဲရှိသေးတော့ သမီးကို အချိန်ပိုပေးနိုင်မယ့် ကိုယ်ပိုင်အလုပ် လုပ်ချင်စိတ်ပေါက်လာတယ်။ ဒါပေမယ့် ကိုယ်ပိုင်အလုပ်ဆိုတာ ဝုန်းကနဲလုပ်လို့ရတာမဟုတ်ဘူး။ ပိုက်ဆံစုရမယ်။ အလုပ်ကိုလည်းအခြေကျအောင်လုပ်ဖို့လိုတယ်။ အလုပ်မထွက်ခင် နှစ်နှစ်လောက်ကြိုပြီး သူငယ်ချင်းတွေပေါင်းလုပ်မယ့်အလုပ်မှာ ရှယ်ယာထည့်တယ်။ လုပ်ငန်းလေးတွေ နည်းနည်းအခြေကျတဲ့နှစ်နှစ်အချိန်ကျမှ သံရုံးအလုပ်က ထွက်ခဲ့တယ်။

ကိုယ်ပိုင်လုပ်ငန်းလုပ်ဖြစ်ပြီ
ကိုယ်ပိုင်လုပ်ငန်းဆိုပေမဲ့ သူငယ်ချင်းတွေနဲ့ စပ်တူလုပ်တာပါ။ ပထမဆုံး Travel လုပ်ငန်းလေးတစ်ခု စလုပ်တယ်။ နောက်ပိုင်းတခြား services  တွေ ထပ်တိုးဖြစ်တယ်။ ကျွန်မက ကိုယ်တိုင်ဝတ်ဖို့အတွက် ကိုယ့်ဘာသာ ဒီဇိုင်းဆွဲတဲ့ အကျင့်ရှိတယ်။ စနစ်တကျ သင်ထားတာတော့မဟုတ်ဘူး။ အဲဒီ့ ဝါသနာနဲ့ uniform making service လေး တစ်ခု ထပ်လုပ်တယ်။ အဲဒါလေးကလည်း သူ့ဟာနဲ့ သူအဆင်ပြေတယ်။ တစ်ဖက်မှာလည်း ကိုယ်သိ ထား၊ တတ်ထားတာတွေကို အခြေခံပြီး HR Consultancy လေးလည်းလုပ်ဖြစ်တယ်။ အဲဒီ့အချိန်မှာကလေးကိုလည်း အချိန်ပေးနိုင်တယ်။ ကလေးဘေးမှာ ထိုင်ပြီးလည်း အလုပ်လုပ်နေလို့ ရတယ်။ ဒါပေမယ့် တစ်နှစ်လောက်ကြာလာတဲ့ အချိန်မှာ ကျွန်မ HR Consultant လုပ်ပေးနေတဲ့ လုပ်ငန်းတစ်ခုရဲ့ Country Manager က သူ့လုပ်ငန်းအတွက် HR Director ရှာပေးတာ တစ်ယောက်မှ စိတ်တိုင်းမကျဘဲ ကျွန်မကို ကမ်းလှမ်းလာတဲ့ အချိန်မှာ ကိုယ်ပိုင်လုပ်ငန်းမှာလည်း အဆင်မပြေမှုလေးတွေ ရှိနေတဲ့အချိန်ဖြစ်နေတဲ့အတွက် လုပ်ငန်းကနေထွက်ခဲ့ပါတယ်။ 

Corporate World ထဲပြန်ရောက်
မြန်မာ၊ ကမ္ဗောဒီးယား နဲ့ လာအို သုံးနိုင်ငံအတွက် setup လုပ်ပေးမယ်ဆိုပြီး တစ်နှစ်စာချုပ်နဲ့ HR & Admin Director အဖြစ်နဲ့ Corporate World ထဲပြန်ရောက်လာခဲ့တယ်။ အဲဒီမှာ လုပ်နေရင်း တစ်နှစ်မပြည့်ခင်မှာပဲ Telenor က HR အ တွက် Senior Vice President ရာထူးအတွက် ကမ်းလှမ်းလာတယ်။ ဒါနဲ့ တစ်နှစ်ပြည့်တော့ Telenor ကို ရောက်လာတယ်။ အခုချိန်ထိဆို Telenor ကို ရောက်တာ (၄) နှစ်ပြည့်ခါနီးလာပြီ။ အခုလက်ရှိရာထူး ဖြစ်တဲ့ Chief People Officer (CPO) ကိုတော့ ၂၀၁၇ ဇန်န၀ါရီက ရတာပါ။ အရင်ကတော့ ကိုယ်က CPO နေရာမှာရှိနေတဲ့ နိုင်ငံခြားသားကို report လုပ်ရတာပေါ့။ အခု CPO ဖြစ်လာတော့ CEO ကို direct report လုပ်ရပါတယ်။ 

စီမံခန့်ခွဲမှုပုံစံ
သီအိုရီအရပြောမယ်ဆိုရင်တော့ leadership မှာ management ပုံစံက အခြေခံအားဖြင့် ခြောက်မျိုးလောက်ရှိတယ်။ ကျွန်မကတော့ တစ် ပုံစံတည်းမဟုတ်ဘဲ ဟိုနည်းနည်း ဒီနည်းနည်းနဲ့ ကောင်းတာလေးတွေ စုပြီးသုံးတာများတယ်။ အဓိကကတော့ လူတစ်ယောက်ချင်းစီက မတူကြသလို အစုအဖွဲ့ တစ်ခုနဲ့ တစ်ခုကလည်း ပုံစံတွေကွဲသေးတာမို့လို့ အခြေအနေ အကြောင်းအရာပေါ် မူတည်ပြီး သင့်တော်မယ့်ပုံစံကို သုံးရတယ်။ ကျွန်မအလုပ်လုပ်တဲ့ပုံစံကတော့ ကိုယ်နဲ့ တွဲလုပ်
ရတဲ့ ၀န်ထမ်းအားလုံးရဲ့ input ကိုယူတဲ့ပုံစံပါ။ ဆိုကြပါစို့။ အလုပ်တစ်ခုကိုလုပ်ကြတော့မယ်ဆိုရင် ကျွန်မက တွဲလုပ်ရမယ့်ဝန်ထမ်းအားလုံးကို သူတို့ သိထားသင့်တဲ့ အတိုင်းအတာအထိ ပြောပြတယ်။ ဘာကတော့ ဘယ်လိုပေါ့။ ပြီးရင် သူတို့ ရဲ့ ထင်မြင်ချက်တွေ အကောင်းအဆိုးအယူအဆ တွေကိုနားထောင်တယ်။ ဘာလို့လဲဆိုတော့ တကယ်လက်တွေ့မှာကိုယ်နဲ့ ၀ိုင်းပြီး လုပ်ကြရမယ့် သူတွေရဲ့ အထင်အမြင်ဟာ အရေးကြီးတယ်။ သူတို့ရဲ့ စိတ်ပါလက်ပါ လုပ်ဆောင်ခြင်းကိုလည်း ကိုယ်ကလိုချင်တယ်။ အဲဒီ့အတွက် သူတို့နဲ့ ဆွေးနွေးတယ်။ ကျွန်မဆုံးဖြတ်ချက်ချဖို့အတွက် သူတို့ဆီက အကြံဥာဏ်ကောင်းတွေ ရနိုင်တယ်။ ကျွန်မမှာ မရှိတဲ့ အားသာချက်တွေ ကျွန်မရဲ့ team member တွေဆီမှာ ရှိနိုင်တယ်။ ကျွန်မမမြင်မိတဲ့ ရှုထောင့်ကို သူတို့ မြင်တတ်တာလည်း ရှိနိုင်တယ်။ ကိုယ်တစ်ယောက်တည်းစဉ်းစားဆုံးဖြတ်ပြီး ဒါတော့ လုပ်ကြမယ်ဟေ့လို့ ပြောပြီး လုပ်လိုက်ရင်လည်း ရတော့ရတယ်။ ဒါပေမဲ့ စိတ်မပါဘဲ လုပ်ရရင် သဘောမတူဘဲ လုပ်နေကြရရင်။ အဲဒီလို ဆွေးနွေးတဲ့အတွက် ၁၀၀ ရာခိုင်နှုန်း စိတ်ပါတယ်လို့ မဆိုလိုဘူး။ အနည်းနဲ့ အများတော့ ရှိနိုင်တာပဲ။ ဒါ ပေမဲ့သူတို့ကို အရေးတယူနဲ့ ဆွေးနွေးတယ်၊ ပြော ခွင့်ပေးတယ်ဆိုရင် လူ့သဘာဝအရ သူတို့ရဲ့ ပါဝင်ပတ်သက်မှုကို ဂုဏ်ယူတယ်၊ ဂုဏ်ပြုရာလည်း ရောက်တယ်။ နောက်ပြီး ကျွန်မနဲ့ တွဲလုပ်မယ့် ၀န်ထမ်းတွေရဲ့ အားသာချက်၊ အားနည်းချက်ကိုလည်းသိအောင်လုပ်တယ်။ ဒါမှ သူတို့နဲ့ ကိုက်ညီတဲ့အလုပ်တာဝန်ကို ခွဲပေးနိုင်မယ်။ သူတို့အားသာချက်အတိုင်း လုပ်ရတဲ့အတွက် သူ့အလုပ်အပေါ်မှာလည်း ဖိစီးမှုလျော့တယ်။ အလုပ်လည်းတွင်တယ်။ တစ်ခါတလေတော့လည်း အားနည်းချက်ကိုပဲ လုပ်ခိုင်းရတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါမှ သူတို့ဘယ်နေရာမှာ ဘယ်လိုအားနည်းနေတာလဲဆိုတာကို သိမယ်။ ကိုယ်သင်ပေးနိုင်တာ သင်ပေးရမှာဆို သင်ပေးတယ်။ အားနည်းချက်ကိုလည်းစောင့်ကြည့်တယ်။ တွဲခေါ်တယ်။ အဖွဲ့အစည်းတစ်ခုမှာ အားလုံးက ညီညီညာညာနဲ့ လုပ်မှရမယ်။ တစ်ယောက်ယောက်ကကျန်ခဲ့တယ်ဆိုအဆင်မပြေဘူး။ သူတို့ကိုလည်းတိုးတက်အောင်  လုပ်ရမယ်။ တော်တဲ့သူကိုလည်း တော်တဲ့အလျောက်ချီးမြှောက်တယ်။ ကျွန်မသွားနေတဲ့ စီမံခန့်ခွဲမှုပုံစံက participative ပုံစံပိုများတယ်။ Team spirit ကို တည်ဆောက်ပြီး Team Building နဲ့ တစ်တပ်တစ်အားလုပ်ရတဲ့ပုံစံကို သွားတယ်။ လူတိုင်းတိုးတက်အောင်မြင်ဖို့အတွက် ကိုယ်တိုင်လည်း သူတို့အတွက် role model ဖြစ်အောင် ပြုမူနေထိုင်ပြီး အတတ်နိုင်ဆုံး ဦးဆောင်လမ်းပြပေး တွန်းအားပေးတယ်။ 

အမှတ်တရအတွေ့အကြုံ
အမြဲတမ်း မှတ်မိနေတာဆိုရင်တော့ အသက်က (၂၀)။ HR လောကကိုစပြီးခြေချတဲ့အချိန်မှာ ၀န်ထမ်း (၁၀၀) ကျော်ကို အလုပ်ဖြုတ်ရတာပဲ။ အဲဒီနေ့မှာ ကျွန်မတို့ အဖွဲ့က အလုပ်ဖြုတ်မယ့် ၀န်ထမ်းတွေအတွက် သူတို့ရပိုင်ခွင့်တွေ ထည့်ထား 
တဲ့ စာအိတ် (၁၀၀) ကျော်ကို ပြင်ထားကြတယ်။ သူတို့ကတော့ သူတို့ကို အလုပ်မယ်ဆိုတာ မသိကြသေးဘူး။ ပြီးတော့ ခန်းမကြီးတစ်ခုတည်းမှာ အစည်းအဝေးဆိုပြီးခေါ်လိုက်တယ်။ HR team member တွေလည်း ကိုယ့် စားပွဲလေးတွေမှာ ကိုယ်တာဝန်ကျတဲ့သူတွေအတွက် စာအိတ်လေးတွေနဲ့ ပေါ့လေ။ အဲဒီ့မှာသူတို့ကို အလုပ်ဖြုတ်ပစ်လိုက်တဲ့ အကြောင်းကိုယ်တွေ ရှင်းပြပြောပြတော့ တချို့ကငိုချတယ်။ တချို့က ဘာဆိုဘာမှ မပြောနိုင်တော့ဘူး။ ငူငေါင်လို့။ တချို့ကျတော့ ဒေါသတကြီးနဲ့ ပေါက်ကွဲပြီး နံရံတွေဘာတွေကို လက်သီးနဲ့ ထိုးတယ်။ အဲဒီ့အခိုက်အတန့်ကိုတော့ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ကိုယ်က အလုပ်လုပ်နေတာ ကိုယ့်အတွက် အတွေ့အကြုံနဲ့ သင်ယူစရာတွေရတယ်လို့ ကိုယ့်စိတ်ထဲသိနေတာတောင် လူပေါင်းများစွာ ရဲ့ စိတ်ခံစားမှုမျိုးစုံကို တစ်ချိန်တည်းတွေ့လိုက်ရတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေများလွန်းလို့ အဲဒီနေ့က ကျွန်မ သွေးပါ တစ်ခါတည်းတိုးသွားတယ်။ ဒါတောင် ကျွန်မက အမြဲသွေးပေါင်ကျတတ်တဲ့သူနော်။ ပျော်စရာကောင်းတဲ့ အတွေ့အကြုံမဟုတ်သလို ရဖို့လည်း ခက်တဲ့အတွေ့အကြုံ၊ ကျွန်မ ဘယ်တော့မှမမေ့တဲ့အတွေ့အကြုံပေါ့။

နောက်တစ်ခုကတော့ Secretary ဘ၀ ကနေ officer အဖြစ် HR ဌာနတစ်ခုလုံးကို တာဝန်ယူရတဲ့အချိန်၊ Lufthansa Airlines Catering ကို ရောက်ချိန်ပေါ့။ ဂုဏ်ယူတာလည်း ဂုဏ်ယူတာ ရှိတယ်။ ကိုယ်လုပ်နိုင်ကြောင်းလည်း လုပ်ပြချင်တယ်။ ဒါပေမဲ့ ဖိစီးမှုတွေလည်း ရှိတယ်။ ခေါင်းထဲမှာ ပြည့်ကျပ်နေတာ။ Promotion ရရင် လူတိုင်းပျော်ကြတာပဲ။ ဒါပေမယ့်ရာထူးတစ်ခါတက် တိုင်းတက်တိုင်းမှာ ကိုယ့်မှာသင်ယူရတာများတော့ ကိုယ့်ကိုယ်ကိုယ် stretch လုပ်ထားရတယ်။ အဲ့ဒီ အခိုက်အတန့်တိုင်းကိုလည်း အမှတ်တရရှိတယ်။ 

အခုလက်ရှိရာထူးကို ရတဲ့အချိန်ကိုလည်း ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ Chief People Officer ဆိုတာ HR မှာ အမြင့်ဆုံး ရာထူးပဲ။ ရတဲ့အချိန်မှာ ဝမ်းသာတယ်။ တစ်ဖက်ကလည်း challenge တွေရှိမှန်း သိတယ်။ Multinational ကုမ္ပဏီတစ်ခုမှာ မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ ဒီလိုရာထူးရဖို့ဆိုတာ မလွယ်ဘူး။ ဒီလိုရာထူးနဲ့ ထိုက်တန်တယ်ဆိုတာ သက်သေတွေလည်း ပြခဲ့ရတယ်။ လုပ်ပြခဲ့ရတယ်။ အရမ်းကြိုးစားခဲ့ရတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ Multinational ကုမ္ပဏီတွေမှာ Chief Officer ရာထူးတွေက နိုင်ငံခြားသားတွေချည်းပဲ ရှိခဲ့တယ်။  အဲဒီ့ထဲမှာမှ မြန်မာအမျိုးသမီးအနေနဲ့ Multinational ကုမ္ပဏီမှာ ကိုယ်က Chief Officer ဖြစ်လာရတဲ့ အတွက် ဂုဏ်ယူတယ်။ 

လေးစားအားကျရတဲ့သူတွေ
အများကြီးပဲ။ နယ်ပယ်စုံမှာရှိတယ်။ အနုပညာနယ်ပယ်၊ နိုင်ငံရေး၊ စီးပွားရေး၊ မြန်မာမှာရော၊ နိုင်ငံတကာမှာရောအစုံပဲ။ လေးစားအားကျတယ်ဆိုတာ ကိုယ့်ထက် အသိပညာတစ်ခုခုမြင့်လား၊ အတတ်ပညာတစ်ခုခုမြင့်လား၊ ဒါမှမဟုတ် စွမ်းဆောင်ရည်တစ်ခုခုမြင့်လား။ ကိုယ့်ထက်အဲဒီ့နေရာတွေမှာ တစ်နေရာမဟုတ်တစ်နေရာမှာ သာတယ်မြင့်တယ်လို့ ကိုယ်လက်ခံတဲ့သူတိုင်း ကိုလေးစားတယ်၊ အားကျတယ်။ အဲ့ဒါက ကိုယ့်ထက်တစ်နည်းနည်းနဲ့ မြင့်နေတဲ့သူတွေ။ နောက်တစ်ခါ အရမ်းဆိုးရွားတဲ့အခက်အခဲတွေဒုက္ခဆင်းရဲတွေ ကြုံလာတဲ့အချိန်မှာ ကြံ့ကြံ့ခံကျော်လွှားပြီး အောင်မြင်လာတဲ့သူတွေကို လေးစားတယ်။ အားကျတယ်။ နောက်ပြီး ကိုယ့်အတွက်ဆိုတာ လုံးဝမစဉ်းစားဘဲ သူတစ်ပါးတွေအတွက် ကိုယ်ကျိုးစွန့်ပြီး လုပ်နိုင်တဲ့သူတွေကိုလည်း လေးစားတယ်။ အားကျတယ်။ ကိုယ်ဆိုရင် ကိုယ့်မှာရှိတဲ့ စည်းစိမ်တဝက်ခွဲပေးနိုင်မလား။ တချို့သူတို့လို အရာရာစွန့်တာမပြောသေးဘူးနော်။ တစ်ဝက်ပဲ။ မလုပ်နိုင် ဘူး။ အဲဒီတော့ အဲဒီလို သူတစ်ပါးအတွက် ကိုယ်ကျိုးကို စွန့်နိုင်တဲ့သူတွေကို လေးစားတယ်။ အားကျတယ်။ တစ်ယောက်တည်းရယ်လို့ နာမည်တပ် လို့မရဘူး။ 

အခက်ခဲဆုံးအချိန်
အခက်ခဲဆုံးကာလဆိုရင်တော့ ကျွန်မ တရားဝင်ကွာရှင်းဖို့ လုပ်နေတဲ့အချိန်ပေါ့။ အဲဒီ့အချိန်တုန်းက ကျွန်မ အမေရိကန်သံရုံးမှာ အလုပ်လုပ်နေတယ်။ အမေရိကန်တွေနဲ့ အလုပ်က demanding အရမ်းဖြစ်တယ်။ အလုပ်များတယ်။ အလုပ်မှာ စိတ်ဖိစီးမှုတွေရှိတယ်။ အဲ့ဒီအချိန်က သမီးလေးက (၄) နှစ်ပဲရှိသေးတယ်။ လက်မလွတ် သေးဘူး။ အိမ်မှာ ကျွန်မရဲ့အမေနဲ့ သမီးနဲ့ရှိတယ်။ သူတို့တွေက ကိုယ့်မျက်နှာကို ကြည့်နေကြတာ။ အ လုပ်ထဲက စိတ်ဖိစီးမှုပဲဖြစ်ဖြစ်၊ ကွာရှင်းဖို့ကိစ္စက စိတ်အနှောက်အယှက်တွေပဲဖြစ်ဖြစ် ဘာအတွက်ကြောင့်မှ ကျွန်မ မျက်နှာပျက်လို့ မျက်မှောင်အတွန့် ချိုးလို့မရဘူး။ ကိုယ့်မျက်နှာကိုကြည့်နေတဲ့ အမေနဲ့ သမီးအတွက် ခံစားရသမျှ ခံစားချက်အားလုံးကို ရင်ထဲမှာပဲ မြိုချထားခဲ့ရတယ်။ စိတ်ခံစားမှုတွေကို တအားထိန်းရတယ်။ အလုပ်ထဲလည်း အလုပ်ထဲအလျောက်။  စိတ်ဆင်းရဲလို့တောင် ဘယ်နား သွားမျက်ရည်ကျရမှန်းမသိဘူး။ ဘဝမှာ အခက်ခဲဆုံးအချိန်ပဲ။ အချိန်ကာလအားဖြင့် (၃) နှစ်တိတိ ကြာတယ်။ 

တွန်းအား
အဲဒီ့အချိန်မှာ အဓိကတွန်းအားကတော့ သမီးလေးပဲ။ နောက်ပြီးတော့ အမေပေါ့။ နောက်ကိုယ်ကိုယ်တိုင်။ ကျွန်မက ကိုယ့်ကိုယ်ကို အရမ်းချစ်တယ်လို့ပဲပြောရမယ်။ ကြာကြာစိတ်ညစ် မခံ ချင်ဘူး။ စိတ်ညစ်နေရတာ ရှုံးတယ်လို့ ထင်တယ်။ ပြီးတော့ သမီးလေးအတွက် ၂ ယောက်စာ ကာကွယ်ပေးရမယ်။ သမီးလေးအတွက် ငါရှိနေမှရမယ်။ ငါများလဲပြိုသွားရင်ဆိုတဲ့စိတ်က အဓိက တွန်းအားပဲ။ သူ့ကို ကာကွယ်ပေးချင်တယ်။ စိတ် ချမ်းသာစေချင်တယ်။ အေးချမ်းစေချင်တယ်။ နောက်ပြီး အမေ့ကိုလည်း စိတ်မဆင်းရဲစေချင်ဘူး။ အမေက အဖေဆုံးကတည်းပြီးကတည်းက ကျွန်မနဲ့ပဲအတူနေတယ်။ ကျွန်မကိုအရမ်းချစ်တဲ့ အမေ့ကို ကျွန်မအတွက် စိတ်မဆင်းရဲစေချင်ဘူး။ ကိုယ့်ကိုယ်ကိုယ်လည်းချစ်တော့ စိတ်ဆင်းရဲမှုတွေထဲမှာ တဝဲလည်လည် ဖြစ်မနေချင်ဘူး။ ဖြစ်နေရင်အရှုံးပဲ၊ ကိုယ့်ကိုယ်ကိုယ် သတ်နေသလိုပဲ။ ကျွန်မက ဘာကိုမှလွယ်လွယ်အရှုံးမပေးချင်ဘူး။

HR သမားတစ်ယောက်မှာ ရှိသင့်တဲ့အရည်အချင်း
အများစုအမြင်မှာ HR ဆိုတာ လွယ်တယ်ပေါ့။ အဓိကကတော့ ကိုယ်လုပ်တဲ့အလုပ်ကို ချစ်ဖို့လိုတယ်။ အမှန်ကတော့ အဲဒီ့ စိတ်က HR မှ မဟုတ်ပါဘူး။ အလုပ်လုပ်တဲ့သူတိုင်းမှာ အခြေခံလိုအပ်တဲ့ စိတ်ပါ။ ကိုယ်လုပ်တဲ့အလုပ်ကို ကိုယ်ချစ်မြတ်နိုးတန်ဖိုးထားဖို့လိုတယ်၊ ကိုယ့်အလုပ်ကို ကောင်းစေချင်တယ်ဆိုရင် ကြိုးစားပြီ။ စေတနာထားပြီ။ HR သမားတွေမှာ အဓိက ဘက်မလိုက်တတ်တဲ့စိတ်ရှိဖို့လိုတယ်။ အဲဒါအရမ်းအရေးကြီးတယ်။ HR သမားဟာ Organization ကြီးတစ်ခုလုံးအတွက်အလုပ်လုပ်နေတာ။ အဲဒီ့ Organization မှာရှိတဲ့ လူတွေအပေါ်မှာ စဉ်းစားရသလို၊ Organization ရဲ့ ကောင်းခြင်း ဆိုးခြင်းအတွက်လည်း contribute လုပ်ရမယ်။ ဒါကြောင့် လူပေါ်မှာပဲမူတည်ပြီး မစဉ်းစားရဘူး။ Organization တစ်ခုလုံးအတွက် စဉ်းစားတတ်ရမယ်။ အလုပ်ရှင်ဘက်ကချည်းပဲလည်း မရပ်ရဘူး။ အလုပ်သမားဘက်ကချည်းပဲလည်း မရပ်ရဘူး။ နိုင်ငံတော်ကသတ်မှတ်ထား တဲ့ စည်းမျဉ်းစည်းကမ်းဥပဒေတွေကိုချည်းပဲ စွဲကိုင်ပြီးနေလို့လည်းမရဘူး။ အဲဒါတွေနဲ့ ကိုယ့် Organization နဲ့ ကိုက်ညီတာကို ချိန်ညှိပြီး စဉ်းစားရပ်တည်ရတယ်။ အဲဒီတော့ HR က အလုပ်ရှင်၊ အလုပ်သမားအပြင် ကိုယ့်လုပ်ငန်းနဲ့ ဆက်နွယ်ပတ်သက်နေရသူတိုင်း အားလုံးရဲ့ကြားမှ ချိန်ညှိစဉ်းစားရပ်တည်ရတယ်။ ၀န်ထမ်းတွေကို အလုပ်မှာပျော်အောင် လုပ်ရမယ်။ မှန်တယ်။ ဒါပေမယ့် ၀န်ထမ်းတွေ ၁၀၀% မကြိုက်နိုင်တဲ့ အချက်တချို့ကိုလည်း Organization အတွက် ဆုံးဖြတ်ဖို့လိုလာရင်လုပ်ကိုလုပ်ရမယ်။ မ တစ်ရာသားတွေဖြစ်တဲ့ ၀န်ထမ်းတိုင်းကို တစ်ယောက်ချင်း စိတ်ကြိုက် စိတ်ချမ်းသာအောင်ထားဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ တစ်ဖက်ဖက်ကို ဘက်မလိုက်ဘဲ Organization တစ်ခုလုံးအောင်မြင်ဖို့ဆိုတဲ့ စိတ်နဲ့ ရပ်တည်နိုင်ရမယ်။ HR ဆိုတာ ပြဿနာတွေ လာတတ်တဲ့နေရာ။ ဥပမာ ၀န်ထမ်းနဲ့ မန်နေဂျာနဲ့ ပြဿနာတက်လာတယ်။ HR သမားဟာ ဘယ်သူ့ဘက်မှ မလိုက်ရဘူး။ ပြောရတာလွယ်တယ်နော်။ ဒါပေမဲ့ လူ့သဘောဟာ ဘက်လိုက်တတ်တယ်။ လူကိုခင်ရင် မူကိုပြင်တယ်ဆိုတဲ့ မြန်မာစကား လည်းရှိတယ်။ တစ်ခါတလေမှာ တစ်ဖက်က မှန်ပါစေဦး၊ သူ့ဖက်ကပြောဆိုတဲ့ပုံကို ကိုယ့်ကို လာထိခိုက်နေသလိုဖြစ်နေရင် ငါ့ကိုတိုက်ခိုက်တယ်ဆိုတဲ့ စိတ်မျိုးနဲ့ ဘက်လိုက်မိတတ်တာမျိုးလည်း ရှိတတ်တယ်။ HR သမားအတွက် အခြေခံအကျဆုံး အရည်အချင်းဆိုရင်တော့ ဘက်မလိုက်ဖို့ပဲ။ မလွယ်ဘူး။ လုပ်နိုင်ဖို့လိုတယ်။ ကျန်တာတွေက သင်ယူလို့ရတယ်။ စိတ်နေသဘောထားက ပြင်ရခက်တယ်။ 

အားသာချက်နဲ့ အားနည်းချက်
အလုပ်ခွင်ထဲရောက်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အားသာချက်ကတော့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချတဲ့စိတ်။ အဲဒီ့ စိတ်ဟာ ဘာလုပ်လုပ်အောင်မြင်စေတယ်။ တစ်ခါမှ မလုပ်ဖူးတဲ့ အလုပ်ဖြစ်ရင်တောင် ငါလုပ်ရင်တော့ ရမှာပါဆိုတဲ့ ယုံကြည်တဲ့စိတ်ပေါ့။ အားနည်းချက်လို့ ပြောရမလား၊ တခါတလေ ကိုယ့်ကိုယ်ကို  guilty ဖြစ်စေတာကတော့ ကိုယ့်သမီးလေးအတွက် လျော့သွားမှာကိုပဲ။ တခါတလေအတော် စိတ်ပင်ပန်းစေတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ အလုပ်ရော၊ အိမ်မှာရော ဟန်ချက်ညီအောင်လုပ်ရတာက အင်မတန်ပင်ပန်းရပါတယ်။ အထူးသဖြင့် single mother တစ်ယောက်အနေနဲ့ပေါ့။ ကျွန်မ အလုပ်မှာလည်း တာဝန်ကျေချင်တယ်၊ အမေတစ်ယောက်အနေနဲ့ရော သမီးတစ်ယောက်အနေနဲ့လည်း တာဝန်ကျေချင်တဲ့အခါ တော်တော်ပင်ပန်းပါတယ်။ စိတ်ဖိစီးမှုအရမ်းများတယ်။ တစ်ခါတလေ ရုံးမှာ အရေးကြီးအစည်းအဝေး လုပ်နေချိန်ဖုန်းက တစ်ချက်လင်းသွားလို့ အိမ်ကများဖြစ်နေရင် ဘာများဖြစ်သလဲပေါ့။ စိတ်ကအပြည့် အစည်းအဝေးထဲ အပြည့်မရှိနိုင်တော့ဘူး။ အစည်းအဝေးသိပ်အရေးကြီးနေတဲ့အခါ ကိုယ့်စိတ်ကိုဖြေပြီး အလုပ်ထဲစိတ်ကိုမဖြစ်မနေ ပြန်ထည့်ပြီးမှ ကမန်းကတန်း အိမ်ကို ဖုန်းပြန်ဆက်ရတဲ့အခါမျိုးတွေ ရှိတယ်။ အလုပ်လုပ်တဲ့မိခင်တွေ အိမ်ထောင်ရှင်မတွေဟာ အလုပ်မလုပ်တဲ့မိခင်တွေ အိမ်ထောင်ရှင်မတွေထက် ပိုပြီး အားစိုက်ထုတ်ရတယ်။ ပိုပြီးစိတ်ပင်ပန်းပါတယ်။ Work-life balance ခေါ်တာပေါ့။ 

စကားလက်ဆောင်
လူငယ်တွေပေါ့။ စာလုပ်နေတုန်းဆိုလည်း စာလုပ်နေတုန်းပေါ့။ အလုပ်ခွင်ထဲရောက်နေပီဆိုလည်း အလုပ်ခွင်ထဲပေါ့။ ဘာကိုပဲလုပ်လုပ် အကောင်းဆုံး ဖြစ်အောင်လုပ်ပါ။ အကောင်းဆုံးဖြစ်ရမယ်ဆိုတဲ့ စေတနာလေးထားပြီးလုပ်ပါ။ ယုတ်စွအဆုံး တံမြက်စည်းလှည်းတာလေးပဲဖြစ်ဖြစ်၊ ဖုန်ခါတာပဲဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင် လုပ်ပါ။ သူ့ရှေ့တစ်ဆင့်မှာက ဘာအရေးကြီးလဲဆိုတော့ ကိုယ်ဘာဖြစ်ချင်တာလဲ သိဖို့လိုသလို၊ ဖြစ်ချင်တာကိုလုပ်ဖို့ ကိုယ့်အားသာချက်၊ အားနည်းချက်ကဘာလဲ ဆိုတာသိဖို့လည်းလိုတယ်။ အဲဒါတွေကို သိပြီးရင် အကောင်းဆုံးဖြစ်အောင် စေတနာထားပြီး လုပ်။ တတိယအဆင့်ကတော့ အကောင်းဆုံးတွေလုပ်ရင်း ကိုယ့်ကိုယ်ကိုတိုးတက်အောင်၊ ကိုယ့်အလုပ်တိုးတက်အောင်၊ ကိုယ့်ပတ်ဝန်းကျင်ကိုပါ တိုးတက်အောင်လုပ်။ ဒီအဆင့်ကတော့ နည်းနည်းပို ကျယ်ပြန့်သွားပြီပေါ့။