Primary tabs

အပြုံးကြောင့် ပရိသတ်အားပေးမှုရခဲ့တဲ့ သားငယ်

Myanmar Idol ရဲ့ Season 2 မှာ ပရိသတ်အချစ်ကို ဆွဲယူသိမ်းပိုက်နိုင်ခဲ့တဲ့ Winner သားငယ်…
သူဖြတ်သန်းခဲ့တဲ့ဘ၀၊ သူ့ရဲ့ Life Partner ၊ သူ့ရဲ့ဘ၀ အချိုးအကွေ့အပြောင်းအလဲ၊ ပြိုင်ပွဲအတွင်းက သားငယ်ရဲ့အပြုံး... စတဲ့ အနုပညာအကြောင်းအရာနဲ့ အကြောင်းအရာအစုံအလင် တို့ကို သားငယ်ချစ်တဲ့ ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

လတ်တလောအနုပညာလှုပ်ရှားမှု
လတ်တလောလုပ်ဖြစ်နေတာက Studio မှာ ဒိတ်ယူပြီးတော့ ခွေအတွက်လုပ်ဖြစ်နေတယ်။ နယ်ပွဲတွေ၊ ရန်ကုန်ရှိုးပွဲတွေ ဆိုဖြစ်နေပါတယ်။ 

သားငယ်ရဲ့ တစ်ကိုယ်တော်ခွေ
တစ်ကိုယ်တော်ခွေကို ပရိသတ်အတွက် မြန်မြန်ထွက်ပေးချင်ပေမဲ့ ကောင်းကောင်းလေး ရဖို့လည်း အချိန်ယူချင်တယ်။ ပရိသတ်နဲ့ အဆက်အသွယ်ပြတ်မှာ ဆိုတာထက် ပြီးစလွယ်မလုပ်ချင် တာရယ်၊ သပ်သပ်ရပ်ရပ်နဲ့ အကောင်းဆုံး၊ အမြန်ဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ ခွေထဲမှာ ထည့်ထားတဲ့သီချင်းတွေနဲ့ ပတ်သက်လို့လည်းပြောချင်တာက ကျွန်တော်က Rock ကို ကြိုက် တာမှန်ပေမဲ့ ဒီခွေမှာ Rock သီချင်းတွေချည်းပဲ ပါမှာတော့မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကို အားပေးတဲ့အထဲမှာ ကလေးတွေလည်း ပါတယ်၊ ကလေးလေးတွေက သားငယ် သားငယ် ဆိုပြီး ခေါ်ကြတယ်။ ဦးဝင်းဦးသီချင်းဆိုရတုန်းကဆို အသက်ကြီးပိုင်းတွေကအစ အားပေးကြတယ်ဆိုတော့ ကျွန်တော်ကြိုက်တာက ဦးအငဲတို့၊ မကော် တို့ အရမ်းကြိုက်ပေမဲ့ ကျွန်တော့်ကိုကြိုက်တဲ့ ပရိသတ်တွေက တခြားသီချင်းပုံစံတွေကို ကြိုက်တဲ့သူလည်း ပါတယ်။ အဲဒီတော့ ဒီပထမခွေမှာတော့ ကျွန်တော်ရူးချင်တိုင်း စိတ်ကြိုက်လုပ်ထားတာမျိုး တွေ အများကြီးပါမှာမဟုတ်ဘူး။ ဒါပေမဲ့ အကုန်လုံးနားထောင်လို့ရအောင်၊ Balance ဖြစ်အောင် နယ်က ပရိသတ်တွေလည်း အဆင်ပြေအောင်၊ မြို့က ပရိသတ်တွေလည်း အဆင်ပြေအောင် ဒီဘက်ခေတ်နဲ့ မျှအောင်စဉ်းစားပြီး လုပ်နေပါတယ်။ Myanmar Idol က အစ်ကိုတွေကလည်း ပြောပြတယ်။ ကိုယ်နဲ့လိုက်မယ့် ဟာတွေဆိုတာထက် ပရိသတ်အကြိုက်ကို ကြည့်ရမယ်ဆိုတော့ အစုံ ပါပါလိမ့်မယ်။

သားငယ်ရဲ့ဘ၀ဖြတ်သန်းမှု
ကျွန်တော်က ရခိုင်တိုင်းရင်းသားပါ။ ၂၀၀၈ ခုနှစ်လောက်မှာ ရန်ကုန်ကိုတက်လာပြီးတော့ နေတယ်။ ကျွန်တော့်အမျိုးသမီးနဲ့ ၂၀၁၄ ခုနှစ်မှာ အိမ်ထောင်ကျပြီး ပြင်ဦးလွင်ကိုလိုက်သွားတယ်။ အကုန်လုံးသိကြတဲ့အတိုင်းပဲ ပဲကြော်လုပ်ငန်းရှိ တယ်။ အနုပညာအလုပ်လုပ်ဖို့ကျတော့ အဲဒီမှာ နေဖို့က မဖြစ်နိုင်ဘူး။ အဲဒီလုပ်ငန်းကလည်း အစကတည်းက ကျွန်တော့်လုပ်ငန်းမဟုတ်ပါဘူး။ ကျွန်တော့်အမျိုးသမီးရဲ့ အဖေလုပ်ငန်းမှာ ကျွန်တော်က ဝင်လုပ်တာ။ ကျွန်တော့်အမျိုးသမီးက လခစားနဲ့ အိမ်မှာအကြော်ကြော်တယ်။ တစ်ပြည်ကို ၆၀၀နဲ့ ၁၀ပြည်ကို ၆၀၀၀ ကြော်တယ်။ အကြော်သည်ဆိုတာ အကြော်ဆိုင်ပိုင်ရှင်ကြီး မဟုတ်ပါဘူး။ တချို့ကလည်း အခုမှ အကြော်ဆိုင်ကို ပစ်ထားတယ်ဆိုပြီး အထင်လွဲပြောနေကြတယ်။ အခုမှ ပစ်ထားတာမဟုတ်ပါဘူး။ အရင်ကတည်းက ကပ်လုပ်နေရတာပါ။ ကျွန်တော့်အကြော်ဆိုင်က တော်တော်အလုပ်ဖြစ်နေပါပြီ။ အဲဒါကလည်း ကျွန်တော့်ပရိသတ်တွေကြောင့်ပါ။ တစ်ခုပြောချင် တာက ဘေးပတ်ဝန်းကျင်ကဆိုင်တွေ အရောင်းပါးသွားတာရှိတဲ့အတွက် မျှပြီးအားပေးကြပါလို့။ ကျွန်တော့်ဆိုင်မှာ မ၀ယ်ဘဲလာပြီး ဓာတ်ပုံရိုက်တာတို့၊ ၀င်ကြည့်တာတို့လည်း လုပ်လို့ရပါတယ်။ ဘေးပတ်ဝန်းကျင်ကဆိုင်တွေကိုလည်း အားပေးကြပါ လို့လည်း ပြောချင်ပါတယ်။

သားငယ်ရဲ့ ဘ၀အချိုးအကွေ့ အပြောင်းအလဲ  ဆက်ဆံရတဲ့ နယ်ပယ်မတူတော့ဘူး၊ နေထိုင်ရတဲ့ ပုံစံ မတူတော့ဘူး။ အရင်တုန်းက အကြော်သည်၊ အကြော်တဲထဲမှာ အကြော်ကြော်တယ်၊ သီချင်းတွေအော်ဆိုတယ်၊ နေချင်သလို နေလို့ရ တယ်။ အခုလည်း အဲဒီလိုပဲ နေတာပါပဲ၊ ဒါပေမဲ့ ကျွန်တော့်ကိုအားပေးကြတဲ့ ပရိသတ်တွေက အရမ်းမျှော်လင့်တာလည်း ရှိမယ်၊ Change လိုက် ရတာတွေ အများကြီးရှိတယ်။ အရင်တုန်းက ကွမ်းစားတယ်၊ ဆေးလိပ်သောက်တယ်၊ အရက်သောက်တယ်၊ ဘီယာသောက်တယ်။ ဒါပေမဲ့ အခုအချိန်မှာ ဆင်ခြင်လာရတယ်။ အားပေးတဲ့ ပရိသတ်တွေအတွက် ဆင်ခြင်သင့်တာတွေ ဆင်ခြင်တယ်။

ပရိသတ်နဲ့ အပြင်မှာတွေ့တဲ့အခါ
ကိုယ်လည်း လူထဲကလူပဲဆိုတော့ အဆင်မပြေတာတွေ၊ Personal တွေ ရှိပေမဲ့ အပြင်မှာ ပရိသတ်တွေနဲ့တွေ့တဲ့အခါ အတတ်နိုင်ဆုံး အဆင်ပြေအောင်နေတယ်။ တစ်ခါတလေကျရင် ပရိသတ် ၁၀ ယောက်လောက်ရှိတာကို ၉ယောက်လောက်ပဲ ပြုံးပြလိုက်နိုင်တာမျိုး ရှိပါတယ်။ သူတို့နဲ့တွေ့လို့ ဓာတ်ပုံတွဲရိုက်ချင်တဲ့အခါ ဒီဘက်မှာ အချိန်မပေးနိုင်လို့၊ ချိန်းထားတာလေးတွေရှိနေလို့ နောက်တစ်ခေါက်မှရိုက်ပေးပါ့မယ်ဆိုပြီး ပြောလိုက်ရတာမျိုး ရှိသွားနိုင်တဲ့အခါ အဲဒီတစ်ယောက်က စိတ်
ဆိုးကောင်းစိတ်ဆိုးသွားနိုင်ပါတယ်။ အဲဒီ တစ်ယောက်ကလည်း ကျွန်တော့်ကိုအရမ်းအားပေးပြီး အရမ်းမျှော်လင့်ထားတာမျိုး ရှိတယ်ဆိုရင် သူတို့အနေနဲ့ စိတ်ခုသွားနိုင်တယ်။ ကြုံလည်း ကြုံရပါတယ်။ တစ်နေ့ကဆို ကျွန်တော်နေမကောင်းဖြစ်ပြီး ဗိုက်အောင့်နေတဲ့ အချိန်အိမ်ရှေ့ထွက်သွားတော့ ကျွန်တော်က မပြုံးနိုင်ဘူး။ သူက သားငယ်နည်းနည်း ပြုံးပါဦးဆိုလို့ ပြုံးပြလိုက်ပေမဲ့ သူတို့စိတ်မကြည် ဘူးဖြစ်သွားတာမျိုးရှိတော့ အတတ်နိုင်ဆုံး အဆင်ပြေအောင်နေပါတယ်။ ကျွန်တော်က ပရိသတ်ကို ပြုံးရုံပဲ ပြုံးပြလိုက်နိုင်ပေမဲ့ အားပေးတဲ့ ပရိသတ်ကျတော့ အချိန်တွေ၊ ငွေတွေ၊ တချို့ဆို ပြိုင်ပွဲတုန်းက လင်မယားရန်ဖြစ်တဲ့အထိ ကလေးကို ဂရုမစိုက်နိုင်ဘဲ TV ကနေ အားပေးတာ ကလေးကုတင်ပေါ်က ပြုတ်ကျတဲ့အထိ ဖြစ်တယ်လို့ ပြန်ကြားရတယ်။ အဲဒီတော့ ကျွန်တော့်ပရိသတ်အတွက် တာဝန်အများကြီးရှိတဲ့အတွက် အတတ်နိုင်ဆုံး အလေးထားပါတယ်။ Social Media တစ်ခုဖြစ်တဲ့ Facebook ပေါ်မှာလည်း ကျွန်တော်က ပို့စ်တင် တာနည်းတော့ အားလုံးကလည်း ပြောကြတယ်၊ ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ပါနဲ့၊ Live လွှင့်သင့်ရင်လည်း လွှင့်ဆိုပြီးတော့ ပြောလို့ အရင်တုန်း က မတင်ပေမဲ့ အတတ်နိုင်ဆုံး ကျွန်တော့်ရဲ့ Acti vities ကို လုပ်ဖြစ်ပါတယ်။ ဒါကလည်း တကယ်ကိုအရေးကြီးတဲ့ဟာ တစ်ခုပါ။ Facebook Comment တွေမှာ Reply ပြန်ဖို့ကျ တအားများတော့ တော်တော်ခက်ပါတယ်။ အဲဒီလောက်ကြီး အလုပ်များနေလို့လားဆိုတော့လည်း အဲဒီလိုမဟုတ်ပေမဲ့ တစ်ယောက်ကို Reply ပြန်တဲ့အခါကျန်တဲ့သူတွေကလည်း သူ့ကျတော့ မပြန်ဘူးဆိုပြီး ဖြစ်မှာစိုးလို့ တစ်ယောက်ချင်းစီရဲ့ Com-ment တိုင်းကို အလေးအနက်ထားဖတ်ပြီး Like လေးတွေနဲ့ အသိအမှတ်ပြုပေးတာမျိုး ရှိပါတယ်။ တချို့ဆဲတဲ့ Comment တွေကိုတောင် Like လုပ်ပြီး ဖတ်ဖြစ်တယ်ဆိုတာမျိုးသိအောင် လုပ်ပေးတာ မျိုးလည်း ရှိပါတယ်။

သားငယ်ရဲ့ ပင်ကိုယ်စိတ်
ကျွန်တော့်စိတ်က ပုံမှန်ထဲမှာပဲ ပါတယ်။ တအားဒေါသထွက်တတ်တဲ့အထဲမှာလည်း မပါဘူး၊ အေးတဲ့အထဲမှာလည်း မပါဘူး။ ပျော်ပျော်နေ တတ်တယ်။ အမြဲပျော်အောင် နေပါတယ်။

အတိုက်အခိုက်
အတိုက်အခိုက်ဆိုတာ အောင်မြင်ဖို့အတွက် မရှိမဖြစ် လိုတယ်။ အတိုက်အခိုက်ရှိမှ အောင်မြင်တယ်။ ကျွန်တော်မှမဟုတ်ဘူး၊ ကမ္ဘာကျော် အနုပညာရှင်တွေကအစ တိုက်ခိုက်ခံရတာပဲ။ ကျွန်တော်တို့လို အသေးအဖွဲလေးတွေက အပြောခံရ
တာ မဆန်းပါဘူး။ အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေကိုတော့ အမြဲတမ်းကြိုဆိုပါတယ်။ တစ်ခါတလေမှာ သူတို့ပြောလိုက်တဲ့အရာတွေက ကျွန် တော်တို့အတွက် ပြင်စရာတွေရသွားတာလည်း ရှိပါတယ်။ ဥပမာပြောရရင် ပုံဆိုးပန်းဆိုး၊ ၀က်နဲ့တူတယ်လို့ ဆဲတာမျိုးဆိုရင်တောင် ဒါကျွန်တော့်အတွက် အကျိုးရမယ်၊ ကျွန်တော် ၀ိတ်ချဖို့အတွက် အထောက်အပံ့ဖြစ်သွားတယ်။ အတိုက်အခိုက်ရှိမှလည်း သဘာဝကျမှာ။ အတိုက်အခိုက်ရှိတာလည်း ကောင်းပါတယ်။

ပြိုင်ပွဲတွင်းက သားငယ်ရဲ့အပြုံး
ပြိုင်ပွဲအတွင်းမှာ Stress က တော်တော်များတာ ကျွန်တော့်ဘ၀အတွင်းမှာ အဲဒီလောက် စိတ်ဖိစီးတာ မကြုံဖူးဘူး။ Top 10 ထဲ ၀င်ပြီဆိုရင် အတိုင်းအတာတစ်ခုအထိ ပျော်ရမယ့်အနေအထားရောက်ပေမဲ့ ၁၀ ယောက်စလုံးမှာ စိတ်ဖိစီးမှုတွေ
ရှိတယ်။ ဥပမာ- မမမိုးလိုသီချင်းမျိုးဆိုရင် သီချင်းအတွက် အရမ်းကိုစိတ်ဓာတ်အကျဆုံးအပတ်ပဲ။ တကယ့်ကိုအခက်ခဲဆုံးအပတ်ပဲ၊ အဲဒီအပတ်ကို အကောင်းဆုံးကြိုးစားခဲ့လို့လည်း ပရိသတ်ရဲ့ အသိအမှတ်ပြုခံခဲ့ရတယ်လို့ ထင်ပါတယ်။ ကျွန် 
တော်တို့ စိတ်သက်သာရာရဖို့က ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့ရတာဆိုတော့ ကျွန်တော်တို့ အပြုံးမြင်ရင် သူတို့ပြုံးမယ်၊ သူတို့ပျော်တယ်ဆိုတဲ့ စကားသံတွေ ကြားရရင် ကျွန်တော်တို့ ပြန်ပျော်ရမယ်။ အဲဒီလိုဆိုတော့ ကျွန်တော်က မျက်နှာဖုံးထားတာ မဟုတ်ဘူး၊ စိတ်ကိုက မပျော်ပျော်အောင် နေတယ်။ ပြိုင်ပွဲဝင်တွေထဲမှာ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားတော့လည်း စိတ်မကောင်းပေမဲ့ ကျန်တဲ့သူတွေနဲ့ ပျော်အောင်နေရတယ်။ အဲဒီလို အတွေ့အကြုံတွေလည်းရတော့ ကျွန်တော်တို့က အပြုံးပေးတယ်။ အဲဒီအပြုံးတွေကို မြင်ပြီးတော့ ပရိသတ်က ပြန်တုံ့ပြန်တယ်။

ပြိုင်ပွဲမ၀င်ခင် ဂီတအနုပညာ
ပြိုင်ပွဲမ၀င်ခင်ကတည်းက ဒီအလုပ်လုပ်ဖို့ကို၊ ဒီလောကထဲဝင်ဖို့ကို အမြဲတမ်းကြိုးစားနေတယ်။ Social ပေါ်တင်ဖို့ကို ကြိုးစားနေတယ်။ အမြဲတမ်းတော့ သီချင်းဆိုချင်တယ်၊ အိမ်မှာ ဂစ်တာတီးတယ်၊ စာတွေဖတ်ဖြစ်တယ်။ အဲဒီလိုမျိုးတွေ လုပ်နေရင်းနဲ့ ပြိုင်ပွဲပြိုင်မယ်ဆိုတော့ စာအုပ်လေးတစ်အုပ် ဖတ်မိတယ်။ အဲ့ဒီစာလေးတစ်ကြောင်းက ကျွန်တော့်ကို ပြောင်းလဲစေတယ်။ ဆရာဖေမြင့်ရဲ့ အပြောင်မြောက်ဆုံး ဘ၀တစ်ခုတည်ဆောက်ခြင်း  ဆိုတဲ့စာအုပ်လေး။ အလုပ်တစ်ခုကို တွန့်ဆုတ်မနေနဲ့၊ လုပ်စရာရှိတာကို လုပ်ပစ်လိုက်၊ အကျိုးအမြတ်ကို မတွက်နဲ့၊ လုပ်မယ်ဆိုရင် အကျိုးဖြစ်နိုင်မလားဆိုတာလေးတော့တွက်ပြီး လုပ်ကြည့်လိုက်တဲ့။ အဲ့ဒီစာအုပ်လေးဖတ်ပြီး နောက်နေ့မှာပဲ Myanmar Idol ကို ပြိုင်မယ်ဆိုပြီး လုပ်ဖြစ်သွားတယ်။ ပြိုင်ဖို့ကို Season 1 ကတည်းက ရည်ရွယ်နေတာ ကျွန်တော်က အိမ်ထောင်သည်လည်းဖြစ် တော့ အိမ်ထောင်မှုဘက်မှာ လစ်ဟင်းလို့ကလည်း မဖြစ်တော့ အမျိုးသမီးကိုလည်း ပြိုင်ပွဲပြိုင်ဖို့ လွှတ်ပေးလို့ ကျေးဇူးတင်တယ်။ ပွဲစဉ်ကအကြာကြီး ဆိုတော့ စီးပွားရေးအရရော၊ လူမှုရေးအရရော လစ်ဟင်းပေမဲ့ ဒီတစ်ခုကိုပေးဆပ်လိုက်တော့ ပြန်ရတယ်။

သားငယ်နဲ့သီချင်းရေးခြင်း
ကျွန်တော်က သီချင်းရေးတာကို အားမသန်ပေမဲ့ ရေးတော့ရေးရမယ်ဆိုတာ သိတယ်။ ပြိုင်ပွဲဝင် ၁၀ ယောက်ထဲမှာ သီချင်းရေးတာ အားအနည်းဆုံးထဲမှာ ကျွန်တော်ပါတယ်။ ရေးထားတာလည်းရှိပေမဲ့ အဲဒီလောက်ထိ မထုတ်ပြရဲသေးဘူး။ လုံ
လောက်တဲ့ ၀မ်းစာရမှ ပရိသတ်ကို ချပြမှာပါ။

ပြိုင်ပွဲအတွင်းကသားငယ်
Top 3 သုံးယောက်ရဲ့ Life က မတူဘူး။ ကျွန်တော်ဆို ကျွန်တော့်အမျိုးသမီးကို အဓိကထား ပြီး Myanmar Idol က ရိုက်တယ်။ ကျွန်တော့်ကို မေးခွန်းတွေနဲ့ လှည့်ပတ်မေးပြီး Mood သွင်းတယ်။ ကျွန်တော်ခံစားလာအောင် လုပ်တယ်။ ကျွန်တော်မျက်ရည်မကျအောင် မနည်းထိန်းထားရတယ်။ အမျိုးသမီးကို ဘယ်လောက်ထိအောင် လုပ်လဲဆိုပြီး မေးတယ်၊ ကျွန်တော့်ဆီက အန်ထွက်လာမယ့် စကားအစစ်တွေကို အစ်တယ်။ ဒီဟာရိုက် ဖို့အတွက်ကို Script ကြိုပေးထားလို့ရပေမဲ့ မပေးဘူး။ ကျွန်တော့်ဆီက စကားရပြီဆိုတာနဲ့ ကင်မရာထောင့်ပေါင်းစုံကနေ ရိုက်တာလေးက တကယ့်အမှတ်တရပါပဲ။

သားငယ်ပိုင်ဆိုင်ချင်တဲ့မိသားစု
မချမ်းသာရင်နေပါစေ အေးအေးဆေးဆေး နဲ့ ကောင်းကောင်းမွန်မွန်၊ နားလည်မှုရှိရှိ ရိုးရိုး သားသားနဲ့ နေချင်တယ်။

ဘ၀မှာအခက်ခဲဆုံးအချိန်
ဆယ်ကျော်သက်အရွယ် လူမှန်းသိတဲ့ အရွယ်ကတည်းက ကျွန်တော်က မလိမ္မာဘူး၊ ဆိုးခဲ့တယ်။ ကျွန်တော့်အတွက်က အဖိုး၊ အဖွား၊ အဒေါ် အရမ်းကောင်းတယ်။ အဖေ၊ အမေက ငယ်ငယ်ကတည်းက ဆုံးသွားတယ်။ အမေဆုံးတုန်းက ၈ နှစ်အရွယ် သိပ်မသိသေးဘူး၊ အဖေဆုံးတော့ ၁၀ တန်း။ အဲဒီအချိန်က သိပ်မခက်ခဲသေးဘူး။ ခက်ခဲတာက အရမ်းဆိုးပြီး လိမ္မာတော့မယ်၊ ပြောင်းလဲတော့မယ်ဆိုတဲ့အချိန်။ အသက် ၁၈၊ ၁၉ နှစ်လောက်မှာ။ အဲဒီအချိန်မှာ နယ်ကျွံနေပြီ။ ကျွန်တော်ဆယ်တန်းဖြေပြီးတော့ Export၊ Import ဦးလေးဆီမှာ လုပ်တယ်။ အဲဒီမှာ ကျွန်တော်အရမ်းဆိုးပြီး အိမ်ပေါ်ကနေ ဇာတိရခိုင်ကို ပြန်ဆင်းသွားတယ်။ အဲဒီတုန်းက အမျိုးသမီးနဲ့ ကျွန်တော်ကြိုက်နေတဲ့အချိန်။ ကိုယ့်ဘာသာကိုယ်ပြန်ထမယ်ဆိုတဲ့အချိန် အရမ်းနောက်ကျနေပြီ။ မိသားစုကလက်မခံဘူး။ ဒလမှာ သဘောင်္နဲ့ ဖျာပုံဘက်ကို သွားတဲ့ကမ်းမှာ လူခေါ်ရတယ်။ တစ်နေ့ကို ၄၀၀၀ ရတယ်။ စားဖို့ပဲ ရတယ်၊ နေဖို့မရဘူး။ ကျွန်တော် ဖုန်းပြောချင်တယ် ရည်းစားနဲ့။ ချစ်သူကလည်း အဝေးမှာ။ ဒါပေမဲ့ ဖုန်း Keypad လေးကို ရောင်းလိုက်ရတယ်။ တော်တော်ခက်ခဲတယ်။ ဖုန်းအရမ်းလိုချင်ပေမဲ့ မစားဘဲလည်း မစုနိုင်ဘူး။ အဲဒီအချိန်မှာ အရမ်းခက်ခဲတယ်။ ပြီးတော့ ဆံထုံးနောက်ယောင်ပါ။ ပြင်ဦးလွင်ကိုလိုက်သွားတယ်။ သူနဲ့ရပြီးတဲ့အချိန်မှာ ကျွန်တော့်ဘ၀က ပြောင်း လဲသွားတယ်။ တော်တော်လေး ပြောင်းလဲလိုက်နိုင် ပါတယ်။ ဒုတိယအခက်အခဲဆုံးအချိန်က ပြိုင်ပွဲဝင်တဲ့အချိန်ပါ။ ဒါပေမဲ့ အရမ်းခက်ခဲတဲ့အချိန်လို့ လည်း မပြောချင်ဘူး။ ကျွန်တော်ရှေ့နှစ်လှမ်းတိုးဖို့အတွက် နောက်တစ်လှမ်းဆုတ်ရတဲ့အချိန်လို့ပဲ သတ်မှတ်ပါတယ်။

သားငယ်ရဲ့ Life Partner
ကျွန်တော့်အပေါ်မှာ နားလည်မှုပေးနိုင်တယ်။ ကျွန်တော်ဆိုးသမျှကို ခံနိုင်တယ်။ ကျွန်တော့်အတွက် အရမ်းကောင်းပါတယ်။ ကျွန်တော်ရစ်တာကိုလည်းခံနိုင်တယ်။

ပရိသတ်အတွက်
ကျွန်တော်သီချင်းတွေ ဆိုချင်တယ်၊ အနုပညာဖန်တီးမှုတွေလုပ်ချင်တယ်။ ရေရှည် အနုပညာခရီးကိုသွားချင်တယ်။ ကောက်ရိုးမီးလို မသွားချင်ဘူး။ မိသားစုနဲ့ ပွင့်ပွင့်လင်းလင်း ရိုးရိုးသား ဖြတ်သန်းချင်တယ်။ အခုအခြေအနေက လည်း ပြည့်စုံနေပါပြီ။ ပရိသတ်ပေးတဲ့ဆုနဲ့ပဲ အိမ်လေးလည်း ၀ယ်လို့ရပြီ၊ ကားလေးလည်းရပြီ၊ ပြည့်စုံပါပြီ။ အနုပညာအရတော့ မတင်းတိမ်သေးပါဘူး။ ဆက်ပြီးကြိုးစားနေဦးမှာပါ။ ပွဲတွေမှာ သီချင်းဆိုတဲ့အခါ သီချင်းအသစ်မရှိသေးဘူး။ သီချင်းဟောင်းတွေပဲဆိုရတဲ့အခါ ပြိုင်ပွဲတုန်းက ပရိသတ်အားပေးတဲ့သီချင်းတွေ ပြန်ဆိုတာရှိတယ်၊ ပြီးတော့ အရမ်းကြိုက်တဲ့သီချင်းတွေ ပြန်ဆိုတာရှိတယ်။ ကျွန်တော့်စိတ်ထဲမှာရှိတဲ့အတိုင်းဆို ကျွန်တော်ရှက်တယ်။ ပွဲတွေမှာဆိုတဲ့အခါ သီချင်းတွေကို အခွေကို အသံဖျောက်ပြီး ထည့်ရတာရှိတဲ့အခါ ဆိုရတာ စိတ်ထဲမသန့်ဘူး။ ဒါပေမဲ့လည်း ဒါက အသစ်တွေ မလွဲမသွေ ကြုံရမယ့် ကိစ္စပါ။ ဥပမာ- မမမိုးသီချင်းမပါရင် မရဘူး။ Organizer က ဆိုခိုင်းတာရှိတဲ့အခါ မူရင်းသီချင်းပိုင်ရှင်တွေကိုလည်း အရမ်းအားနာပါတယ်။ အဲဒီအခက်အခဲတစ်ခုကို တောင်းပန်ချင်ပါတယ်။ ပွဲတွေမှာဆိုနေရတာ ဖျော်ဖြေရုံသက်သက်ပဲရှိတယ်၊ ကျွန်တော်တို့ရဲ့ စစ်စစ်အနုပညာမဟုတ်ဘူး။ Myanmar Idol မှာ ပြိုင်ခဲ့လို့ ပရိသတ်က အားပေးတာ၊ဥပမာ မမမိုးသီချင်းကို ပွဲမှာ ပခုံးလှုပ်ပြီးဆိုတာကို ပရိသတ်ကြိုက်တယ်။ အသစ်လေးတွေထွက်နိုင်ဖို့ ကြိုးစားနေတယ်။ အသစ်မထွက်နိုင်သေးခင်မှာ သီချင်းအဟောင်းလေးတွေဆိုတာကို နားလည်ပေးပါလို့ ပြောချင်ပါတယ်။

သားငယ်
Photo & Retouch - Thardu Ko Ko
Venue - Union Bar and Grill