Primary tabs

ကိုယ်ဖြစ်ချင်လွန်းလို့ ယူခဲ့ရတဲ့ဘဝ

“စလုပ်ကတည်းက ကိုယ်ကြိုက်တဲ့အလုပ်ဖြစ်နေတယ်။ ဒီလမ်းကို ဘာကြောင့်ရွေးချယ်သလဲဆိုရင် ရင်ထဲအသည်းထဲက လုပ်ချင်လို့ ရွေးချယ်ခဲ့တာ။ ပိုက်ဆံတစ်ခုရလိုမှုနဲ့မဟုတ်ဘူး။ ဒါကိုပဲ ဝါသနာ ပါတယ်။ ဒါကိုလုပ်နေရရင် ထမင်းမေ့ ဟင်းမေ့ပဲ။ ကိုယ်ထမင်းမေ့ဟင်းမေ့ လုပ်ဖြစ်တဲ့ အလုပ်က ကိုယ့်အသက်မွေးဝမ်းကြောင်းဖြစ်သွားတယ်။ ဒီအလုပ်ကိုလေ့လာရင်း သင်ယူရင်းနဲ့လည်း ဒီ့ထက်မက လုပ်လို့ရတဲ့နည်းလမ်းတွေကိုလည်းတွေ့လာရတယ်” လို့ ဆိုသူကတော့ T.O.R.I cosmetics (USA)မှ Victoria Hunny Wynn ဖြစ်ပါတယ်။ သူမရဲ့ ဖြတ်သန်းမှုများကတော့…

ငယ်ဘဝ…
တောင်ကြီးမှာ မွေးပြီး တောင်ကြီးမှာပဲ ဆယ်တန်းအောင်ပါတယ်။ ဆယ်တန်းအောင်တဲ့ ၁၉၉၆ မှာ ကောလိပ်တက်ဖို့အတွက် အဖေက လှမ်းခေါ်တယ်။ ၁၉၉၇ မှာ အမေရိကားမှာ တက္ကသိုလ်ဆက်တက်ဖို့ မြန်မာနိုင်ငံက ထွက်လာခဲ့တယ်။ Community College ကို နှစ်နှစ် စတက်ခဲ့တယ်။ အဲဒီ့တုန်းက ကိုယ့်ကို လမ်းညွှန်ပေးမယ့် ပြောပြပေး မယ့်သူလည်း မရှိတော့ အလုပ်ကောင်းမယ့် အလုပ်ရတာမြန်မယ့် မေဂျာကိုပဲ ယူခဲ့တယ်။ computer information system တက်ခဲ့တယ်။ ဒါပေမဲ့ စိတ်မဝင်စားခဲ့ဘူး။ ကိုယ်စိတ်ဝင်စားတာက ဆံပင်ရယ်၊ မိတ်ကပ်ရယ်။ ဒါပေမဲ့ အိမ်က လူကြီးတွေကကျတော့ အဲဒါကို မကြိုက်ဘူး။ နှစ်နှစ်စာသင်ပြီးတဲ့အခါ ကိုယ့်ကိုယ်ပိုသိလာတဲ့အတွက် cosmetology school ကို ပြောင်းတက်ခဲ့တယ်။ 

Cosmetology school မှာ (၁၈) လ လောက်ကြာခဲ့တယ်။ စစချင်းမှာ ကိုယ်က အချိန်ပိုင်းပဲ တက်နိုင်တယ်။ နာရီနဲ့ ဆိုရင် နာရီပေါင်း (၁၆ဝဝ) လောက်တက်ရတာကိုး။ သူ့သတ်မှတ်ချိန်ကိုတက် ပြီးရင် လိုင်စင်ရတယ်။ စီနီယာ၊ ဂျူနီယာ
ခွဲထားတယ်။ အပတ်တိုင်း စာမေးပွဲဖြေရတယ်။ စာတွေလည်းကျက်ရတယ်။ ဂျူနီယာပြီးတော့ စာမေးပွဲထပ်ဖြေရတယ်။ အဲဒါပြီးမှ စီနီယာဖြစ်တယ်။ အဲဒါပြီးတော့ အလုပ်လုပ်လို့ရပြီလားဆို မရသေးဘူး။ အစိုးရက စစ်တဲ့စာမေးပွဲတစ်ခုကို ထပ်ဖြေရတယ်။ အဲဒီ့စာမေးပွဲမှာ စာတွေ့ရော၊ လက်တွေ့ရော ဖြေရတယ်။ နှစ်ခုလုံးအောင်ဖို့ လိုတယ်။ တစ်ခုမဟုတ်တစ်ခု ကျသွားရင် အချိန်ထပ်စောင့်ပြီး ထပ်ဖြေရတယ်။ အဲဒါတွေ အောင်မှ မင်းအလုပ်လုပ်ရပြီဆိုတဲ့ လိုင်စင်ထုတ်ပေးတာ။ ကျွန်မကတော့ တစ်ကြိမ်တည်းနဲ့ အောင်ပြီး လိုင်စင်ရခဲ့တယ်။ ကိုယ်က တအားဖြစ်ချင်တာကိုး။ 

Beauty Industry ထဲစရောက်ပြီ…
ကျွန်မ လိုင်စင်မရခင်ကတည်းက ကျောင်းတက်ရင်း အလုပ်လုပ်တာပဲ။ ကျွန်မစလုပ်တဲ့ Saloon က Japanese Salon။ အလုပ်သင်အနေနဲ့ တစ်နာရီကို လေးဒေါ်လာရတယ်။ အဲဒီ့ရဲ့ အကျိုးက ဘာရှိလဲဆိုတော့ လိုင်စင်ရတာနဲ့ ကျွန်မအလုပ်
တန်းလုပ်လို့ရသွားတယ်။ မဟုတ်ရင် လိုင်စင်ရလည်း လိုင်စင်ကိုကိုင်ထားပြီး အလုပ်သင်အဖြစ်နဲ့ တစ်နှစ်လောက်လုပ်ရတယ်။ ၂ဝဝ၁ မှာ beauty industry ထဲကို ရောက်နေပြီ။ ကျွန်မ အဓိက ယူခဲ့တာက hair and makeup ။ လိုင်စင်ရပြီးတဲ့အချိန်မှာ ကိုယ် ကြိုက်တဲ့လိုင်းကို ရွေးလို့ရတယ်။ Nail Technician လုပ်မလား၊ Aesthetician လုပ်မလား၊ hair and makeup Technician လုပ်မလားပေါ့။ ကိုယ်က အစကတည်းက ဆံပင်နဲ့ မိတ်ကပ်ပဲ ကြိုက်တော့ ဒီလိုင်းကိုပဲ ရွေးခဲ့ပြီး advanced class တွေ ထပ်သင်ခဲ့တယ်။ လိုင်စင်ရပြီးတဲ့အချိန်Salon မှာ commission နဲ့ လုပ်တယ်။ အဲဒီ့က ထုံးစံအတိုင်း client တစ်ယောက်ကို ဆိုင်ကတစ်ဝက် ကိုယ်က တစ်ဝက်ရတယ်။ စစချင်း ကျွန်မမှာ client တစ် ယောက်မှမရှိသေးဘူး။

ကျွန်မမှာ goal တွေအများကြီးရှိတယ်။ သူများတွေလို တစ်နေ့လုံး fully booked ဖြစ်နေတဲ့အထိ ဖြစ်ရမယ်။ ဒီနေ့မှာ client တစ်ယောက် ကိုယ့်ဆီရောက်လာရင် ကိုယ်ပေးလိုက်တဲ့ ဆံပင်၊ မိတ်ကပ်နဲ့ ပတ်သက်တဲ့ဝန်ဆောင်မှုကို ကြိုက်သွား
ပြီး သူကနေတဆင့် နောက်ထပ်သုံးယောက်လောက်ကို အနည်းဆုံး refer လုပ်နိုင်ရလောက်အောင် ကိုယ့် service ကို အပြည့်ပေးတယ်။ စေတနာ၊ မေတ္တာထားပြီး ကိုယ့်ဘက်က တတ်နိုင်သမျှ အကုန်ကို အကောင်းဆုံးလုပ်ပေးလိုက်တယ်။ (၆)လလောက်ကြာတဲ့အခါ တစ်နေ့ကို client အပြည့်ဖြစ်သွားပြီ။ 

ကျွန်မ အဓိကညှပ်တာက အမျိုးသမီး။ ဒါပေမဲ့ အမျိုးသားလည်း ရံဖန်ရံခါညှပ်တယ်။ ကျွန်မအလုပ်သင်အဖြစ်လုပ်ခဲ့တဲ့ ဆိုင်က သူဋ္ဌေးက အမျိုးသားညှပ်တာ အရမ်းတော်လို့ သူ့ဆီက နေပညာရထားတာ။ ကျောင်းမှာတုန်းက အမျိုး
သားခေါင်းဆို သုံးခေါင်းပဲ ညှပ်ဖူးတာ။ တစ်နေ့မှာ အသက် (၅ဝ) လောက်ရှိတဲ့ အမျိုးသားကြီးတစ် ယောက်ဆိုင်မှာ လာညှပ်တယ်။ အဲဒီမှာ ကျွန်မက ထုံးစံအတိုင်းပဲ နှုတ်ဆက်ပြီး သူလိုချင်တဲ့ ပုံစံအ တိုင်း service ပေးရင်း client နဲ့ စကားလည်း ပြောတယ်ပေါ့။ ဖြစ်ချင်တော့ သူက saloon တွေ spa တွေ ပိုင်တယ်။ ဝန်ထမ်းလိုက်ရှာနေတာ။ သူ့ကဒ်လေးထုတ်ပေးပြီး ငါ့ဆိုင် မှာ လာလုပ်ပါပေါ့။ အခု နင်ရနေတာ commission တစ်ဝက်ဆိုရင် သူတို့ဆိုင်ကိုပြောင်းလာရင် 60% commission ရမယ်။ ဆိုင်က ၄ဝ ရာခိုင်ရာခိုင်နှုန်းပဲယူမယ်တဲ့။ သူ့ဆိုင်နေရာကြည့်လိုက်တော့လည်း ကိုယ်အခုလုပ်နေတဲ့ဆိုင်နဲ့ မလှမ်းမကမ်းလေးမှာပဲ။ ဒါဆိုရင်တော့ ငါ့ client တွေ ငါ့နောက်လိုက်လာ လောက်ပါတယ်ပေါ့။ အဲဒါနဲ့ ဆိုင်ပြောင်းပြီးလုပ်ဖြစ်ခဲ့တယ်။ ကိုယ့်ဆီကိုရောက်လာတဲ့ client တိုင်းကို တန်းတူပဲ အကောင်းဆုံး service ပေးတယ်။ ၂ဝဝ၅ ခုနှစ်လောက်အထိ သူများဆိုင်မှာပဲ master stylist အဖြစ်လုပ်ခဲ့တယ်။ 

အမှတ်တရ...
သူများအလုပ်လုပ်နေရင်းနဲ့ ကိုယ့်ကို ပညာရစေတဲ့ အဖြစ်အပျက်တွေလည်းရှိခဲ့တယ်။ ကိုယ့်အလုပ်ရဲ့ district manager အလုပ်လုပ်ပုံကို ပညာယူရတယ်။ သူက အလုပ်ရှင်ဘက်ရော၊ တစ်ဖက်က အလုပ်လုပ်တဲ့သူတွေဘက်ရော 
မနစ်နာအောင် စဉ်းစားပြီးအလုပ်လုပ်တတ်တယ်။ ကိုယ့်ဆီက client လာလုတာမျိုးလည်း ကြုံဖူး တယ်။ ကိုယ့် client ကို သူ့ကဒ်လာပေး တာမျိုး။ သူ့ဆီ တစ်ခေါက်တော့သွားတယ်။ ဒါပေမဲ့ ကိုယ့် client က ကိုယ့်ဆီပဲပြန်လာတယ်။ သေချာတာကတော့ ကျွန်မ ဘယ်တော့မှ သူများ client ကိုမလု ဘူး။ ကိုယ့် client ကိုပဲ ကိုယ်တည်ဆောက်တယ်။ အဲဒီမှာ ဘယ်လိုတွေ့ရလဲဆိုတော့ အဲဒီလို မရိုးသားတဲ့စိတ်ရှိတဲ့သူဟာ မအောင်မြင်တတ်ဘူးဆိုတာပဲ။ သူ့ရင်ထဲက စိတ်ရင်းဟာ မကောင်းတဲ့အတွက် မအောင်မြင်တာပဲ။ 

ကိုယ်ပိုင်ဆိုင်ဖွင့်ပြီ…
၂ဝဝ၅ ခုနှစ်လောက်မှာမှ အခြား Partner  (၂)ယောက်နဲ့ပေါင်းပြီး ကိုယ်ပိုင် salon လေး ဖွင့် ဖြစ်ပြီး ကိုယ့်ဆိုင်မှာပဲ လုပ်တယ်ပေါ့။ ၂ဝဝ၇ ရောက်တော့ သားလေး ရလာတယ်။ အဲဒီ့အချိန်မှာ ဆိုင်ကို အချိန်ပြည့်မသွားနိုင်တော့ဘူး။ အဲဒါနဲ့ ကိုယ်ပိုင် Professional မိတ်ကပ်ထုတ်မယ်ဆိုပြီး ဖြစ်လာတယ်။ 

ဘာကြောင့်မိတ်ကပ်ထုတ်တာလဲ…
သူများတွေက မေးကြတယ်။ ဘာကြောင့် နာမည်ကြီးပြီးသား တံဆိပ်ကို ယူမရောင်းတာလဲတဲ့။ သူများနဲ့ မတူချင်ဘူး။ ကိုယ်တိုင်လိုတဲ့ လိုအပ်ချက်တွေရှိတယ်။ Professional ပစ္စည်းတိုင်းဟာ အရည်အသွေးကောင်းတယ်၊ ကြာရှည်ခံ
တယ်၊ ဈေးလည်းကောင်းတယ်။ နေ့တိုင်းသုံး ဖို့လိုတဲ့ပစ္စည်းက ဈေးကြီးနေတာလူတိုင်းအတွက် အဆင်မပြေနိုင်ဘူး။ ဒါကြောင့် သူများနဲ့လည်း မတူ ချင်တော့ ဓာတ်ခွဲခန်းတွေဘာတွေစုံစမ်းတယ်။ Artist တွေပေါင်းပြီး ကိုယ်ပိုင်မိတ်ကပ် ထုတ်ဖို့ဖြစ် လာတယ်။ ၂ဝဝ၈ လောက်မှာစဖြစ်တယ်။ စစချင်းမှာတော့ တော်တော်ခက်ခဲခဲ့တယ်။ ကိုယ်တွေကို အလုပ်လာအပ်မယ့် သူမရှိဘူးလေ။ နောက်တော့ FDA တွေဘာတွေဖြတ်ပြီး Trade Show တွေမှာ စရောင်းခဲ့တယ်။ စလုပ်စဉ်တုန်းကတော့ T.O.R.I ရယ်လို့ ထုတ်ဖို့မဟုတ်ဘူး။ U.S.A နဲ့ ကနေဒါမှာပဲ ပေါက်ဖို့စလုပ်ခဲ့တာ။ မှတ်မှတ်ရရဆိုရင် ၂ဝဝ၈ ခုနှစ် New York  International Beauty Show မှာ ဆိုင်ခန်းယူပြီးစရောင်းခဲ့တာ။ အပြင်လူတွေကို ရောင်းတာမဟုတ်ဘူး။ Professional လုပ်နေတဲ့ သူနဲ့ Professional ဖြစ်လာမယ့် သူတွေကိုပဲ စရောင်းခဲ့တာ။ ကိုယ်တွေထုတ်ထားတဲ့ပစ္စည်းက တံဆိပ်မပါဘူး။ သူတို့တံဆိပ်တပ်ချင်ရင် တပ်ပေးတယ်။ ဒါပေမဲ့ ကျွန်မတို့တောင်းထားတဲ့ အထောက်အထားတွေ ခိုင်လုံအောင်တော့ ပြရတယ်။ 

စတင်ချိန်…
အဲဒီလိုနဲ့ ၂ဝ၁၄ ရောက်လာတော့ ကျွန်မကို အကြံဥာဏ်ပေးကြတယ်။ နင်လည်း နင့်အတိုင်းအတာနဲ့ အတွေ့အကြုံတွေ ရှိနေပြီဆိုတော့ ကိုယ်ပိုင်တံဆိပ်ထုတ်ပါလားပေါ့။ တော်တော့ကို စဉ်းစားလိုက်ရတယ်။ မြန်မာနိုင်ငံကိုလည်း ကြားထဲမှာ ပြန်လာဖြစ်တော့ အရည်အသွေးမမှီတဲ့ ပစ္စည်းတွေကိုလည်းတွေ့တယ်။ အစစ်လား၊ အတုလားလည်း မသိဘူး။ ကောင်မလေးတွေ ဈေးကြီးပေးပြီး ဝယ်သုံးနေတာလည်း တွေ့တယ်။ အရေပြားမှာ ပြဿနာတွေဖြစ်ကြတယ်။ အဲဒါကြောင့် ဆုံးဖြတ်ချက်ချပြီး ဒီနိုင်ငံမှာ စပြီးမိတ်ဆက်မယ်ဆိုပြီး ၂ဝ၁၄ နှစ်ကုန်ပိုင်းမှာ စမိတ်ဆက်ဖြစ်တယ်။ ဒီ့မတိုင်ခင်ကတော့ အွန်လိုင်းကနေ အမေရိကား မှာ စရောင်းနေပြီးနေပြီ။ 

T.O.R.I ကိုစပြီး မိတ်ဆက်တဲ့အချိန်မှာ တော်တော်ခက်ခဲပါတယ်။ ကျွန်မကို သိပ်မယုံကြဘူး။ ဘာတံဆိပ်ကြီးလဲ။ တစ်ခါမှ မကြားဖူးဘူးပေါ့။ ဒါပေမဲ့ ကျွန်မ စိတ်ရှည်တယ်။ သေချာရှင်းပြတယ်။ တကယ်သုံးမယ့်သူလက်ထဲကို ကိုယ့်ပစ္စည်းကို ထည့်ပြီး သုံးခိုင်းကြည့်တယ်။ ကိုယ့်ပစ္စည်းအ ကြောင်းကိုယ်သိတယ်လေ။ သုံးကြည့်ရင် ကြိုက်မှာပဲ။ ကိုယ့်ပစ္စည်းက အရည်အသွေးရော အရေ အတွက်ရော control လုပ်ထားတာ။ 

T.O.R.I ဆိုတာ…
တခြားနာမည်တွေတော့ စဉ်းစားသေး တယ်။ ဒါပေမဲ့ ကိုယ့်နာမည်က Victoria လေ။ အဲဒီ တော့ကိုယ့်နာမည်ရဲ့ တစ်စိတ်တစ်ပိုင်းက ကိုယ့်ပစ္စည်းရဲ့ နာမည်ဖြစ်သွားတယ်။ တစ်လုံးချင်းစီ အဓိပ္ပာယ်ဆိုရင်တော့ True ဖြစ်တယ် Original ဖြစ်တယ် Radiant ဖြစ်တယ် Inspiration ဖြစ်တယ်။
 
မြန်မာနိုင်ငံသို့…
မြန်မာနိုင်ငံမှာ ကိုယ့်မိတ်ကပ်ကို စမိတ်ဆက်မယ်ဆိုတော့ ဘယ်ကနေ ဘယ်လိုစရမှန်းမသိဘူး။ ကိုယ်က ဒီမှာမနေတော့ ဒီကအနေအထားနဲ့ အလှမ်းဝေးနေတယ်။ အဲဒီတော့စာတွေ လိုက်ဖက်တယ်။ အဲဒီ့မှာ Beauty Blogger Phyo day by day ရေးထားတဲ့ review လေးတွေကို ကြိုက်သွားတယ်။ သူရေးတာအဆင်ပြေတယ်ပေါ့။ အဲဒါနဲ့ ဖြိုးဆီကို ကိုယ့်ကိုယ်ကိုပဲ မိတ်ဆက်လိုက်ပြီး အစ်မမှာ ကိုယ်တိုင်ထုတ်ထားတဲ့ တံဆိပ်လေးရှိတယ်။ အမက cosmetologist  လုပ်နေတာတော့ကြာပြီ။ ဖြိုး စိတ်ဝင်စားရင် အစ်မရဲ့ပစ္စည်းလေးတွေကိုပို့ပေးမယ်။ သုံးကြည့်ပါ။ ကြိုက်ရင်လည်း review ရေး၊ မကြိုက်လည်း ရေးစရာမလိုဘူးပေါ့။ နောက်ပြီး ဒီကရာသီဥတုမှာ ကိုယ့်ပစ္စည်းတွေ ဘယ်လိုဖြစ်မလဲဆိုတာကိုလည်း သိချင်တယ်။ ဖြိုးကလည်း ကျွန်မကမ်းလှမ်းတာကို လက်ခံတာနဲ့ ပစ္စည်းပို့ပေးလိုက်တယ်။ သုံးကြည့်တော့ သူကြိုက်သွားပြီး review ရေးတယ်။ အဲဒီ့မှာ ဖြိုးရဲ့ Fan တွေက အရင်ဆုံး စသိသွားခဲ့တယ်။ ဒီလိုနဲ့ မြန်မာပြည်ကို T.O.R.I စတင်ခဲ့တယ်ဆိုပါတော့။ 

အခုလည်း distributor ကို ဘယ်သူမှ မ ပေးထားဘူး။ ကိုယ့်ဘာသာပဲဖြန့်တယ်။ ကိုယ်စားလှယ်ဆိုင်တွေတော့ ပစ္စည်းတွေ ချပေးထားတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ အမျိုးအစား အစုံမရှိ ဘူး။ အခုလောလောဆယ် ဒီကို ပြန်ရောက်နေတာ ကတော့ T.O.R.I ပစ္စည်းတွေကို တစ်နေရာတည်းမှာ စုံစုံလင်လင်တင်ထားတဲ့ Showroom လေး ဖွင့်ဖို့။ အဲဒီမှာ ပစ္စည်းအစုံ ရှိမယ်။ Test လည်း လုပ်လို့ရမယ်။ Professional ပစ္စည်းတွေဖြစ်တာကြောင့် အရည်အသွေးကိုတော့ ၁ဝဝ ရာခိုင်နှုန်းတာဝန်ယူတယ်။ ပစ္စည်းတွေကို ကနေဒါနဲ့ အမေရိကားမှာ စစ်ဆေးပြီးသား။ စစ်ဆေးထားတာ မအောင်ရင် အဲဒီ့ နိုင်ငံတွေမှာလည်း ရောင်းလို့မရဘူး။ 

T.O.R.I ရဲ့ ထူးခြားချက်
သူများတွေက မေးကြတယ်။ ကျွန်မပစ္စည်း က ဘာတွေထူးလဲပေါ့။ ဘာပြောရမလဲ။ ကျွန်မ  cosmetologist လုပ်နေတာ နှစ်ပေါင်း မနည်းတော့ဘူး။ သူများတွေလို အလှကုန်ထုတ်တဲ့ စက်ရုံကို တစ်သောင်းတန် နှုတ်ခမ်းနီ ထုတ်ပေးဆိုတာမျိုး လုပ်တာမဟုတ်ဘူး။ သေချာနားလည်တဲ့ artist တွေက ဖန်တီးထားတဲ့ ပစ္စည်းမျိုး။ ကိုယ်တွေစိတ်ကြိုက်ရအောင် လုပ်ထားတဲ့ ပစ္စည်းမျိုး။ ဒါကြောင့်အရည်အသွေးကို အားလုံးတာဝန်ယူ တယ်။ သုံးကြည့်ပြီးတိုင်း ကြိုက်စေရမယ်။ ဈေးကိုလည်း မြန်မာနိုင်ငံက အမျိုးသမီးတွေ သုံးနိုင်အောင် သတ်မှတ်ပေးထားတယ်။ ဒီပစ္စည်းထွက်လာဖို့ သုံးထားတာတွေက အန္တရာယ်ရှိတာတွေ တစ်ခုမှမပါဘူး။ အရည်အသွေးအဆင့်မီတာတွေ ကိုပဲ သုံးထားတာ။ အရည်အသွေးစစ်ဆေးထားတာ တွေကိုလည်း ပြနိုင်တယ်။ 

အမျိုးသမီးတိုင်း ၁၃ နှစ်ကနေ ၈ဝ ကျော်ထိ မလှချင်တဲ့အမျိုးသမီးမရှိဘူး။ အရမ်းဈေးများတာဆိုလည်း မဝယ်နိုင်ဘူး။ ဒီလမ်းကြောင်းကိုပဲ ကိုယ်လျှောက်ခဲ့တာ။ ကိုယ်လည်း ဒါပဲလုပ်ပေးနိုင်တာရှိတဲ့အတွက် T.O.R.I ကို မြန်မာနိုင်ငံဆီ ယူ
လာပေးတာ။ ကိုယ်တိုင်ပါဝင်ပြီး ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ကိုယ်ပစ္စည်းကိုလည်း ယုံကြည်တယ်။ ကိုယ့် ဆီက သူတွေကိုလည်းဈေးအများ ကြီးပေးစရာမလိုဘဲ အရည်အသွေးကောင်းတာကို သုံးစေချင်တယ်။ ကိုယ်တိုင်လည်း ဒါကိုပဲ သုံးနေတယ်။ 

USA မှာ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ ရပ်တည်မှု...
အရမ်းရှားပါတယ်။ မြန်မာထဲက cosmetologist မရှိသလောက်ပါ။ ကိုယ်ရွေးချယ်တဲ့ လိုင်းကို အသက်မွေးမှုတစ်ခုလို့ ဒီနိုင်ငံမှာသတိမပြုမိကြဘူး။ ဆရာဝန်မဟုတ်ဘူး၊ အင်ဂျင်နီယာမဟုတ်ဘူး၊ ရှေ့နေမဟုတ်ဘူးဆိုရင် ဝင်ငွေမကောင်းဘူးလို့ လက်ခံထားကြတယ်။ ကိုယ်စလုပ်တုန်းကလည်း အရမ်းကိုအပြောခံခဲ့ရတယ်။ ကိုယ့်ရဲ့ အနီးဆုံးလူတွေကတောင် အထင်မကြီးဘူး။ အဆင့်မရှိတဲ့အလုပ်လို့ပြောခဲ့ကြတယ်။ အခု (၂၁) ရာစုမှာတော့ အမြင်တွေပြောင်းသွားလောက်ပြီလို့ ထင်ပါတယ်။ အခုအချိန်မှာ Hair stylist တစ်ယောက်ရဲ့ဝင်ငွေက ဆရာဝန်တစ်ယောက်ရဲ့ ဝင်ငွေကိုယှဉ်နိုင်ပါတယ်။ အသက်မွေးဝမ်းကြောင်းတစ်ခုကို အချိန်အတိုင်းအတာတစ်ခုပေးပြီး သင်ယူပြီးတဲ့နောက်မှာ အဓိကက အဲဒီ့အသက်မွေးမှုကို အရင်းပြုပြီး ငွေရှာဖို့ပဲမလား။ ကျွန်မတို့လည်း ကျွန်မတို့ပညာနဲ့ အတိုင်းအတာတစ်ခုအထိ ဝင်ငွေရအောင်ရှာနိုင် ပါတယ်။ ကျွန်မကတော့ ကိုယ့်ကိုယ်ကို ဂုဏ်ယူပါတယ်။ သင်ယူနိုင်သမျှကိုလည်း အခုအချိန်အထိ သင်ယူနေတယ်။ စစချင်းတုန်းကတော့ ကိုယ့် ရွေးချယ်မှုကို လက်မခံကြတဲ့အတွက် ဝမ်းနည်းတယ်။ ဒါပေမဲ့ ကျွန်မဂရုမစိုက်ခဲ့ပါဘူး။ သေချာတာ ကတော့ ကိုယ့်ရွေးချယ်မှုမမှားကြောင်း အတိုင်းအတာတစ်ခုအထိ ကျွန်မလုပ်ပြနိုင်ခဲ့တယ်။ 

အခက်ခဲဆုံးအချိန်...
အဆင့်လိုက်တော့ ခက်ခဲတာတွေရှိတယ်။ ပထမဆုံးကတော့ client တွေကို စိတ်ကျေနပ် အောင် လုပ်ရတယ်။ ကိုယ်မလုပ်နိုင်ရင် ကိုယ်ရှုံးတယ်လို့ထင်တယ်။ ဒါပေမဲ့ အတွေ့အကြုံရလာတဲ့အခါ အဲဒါတွေဟာ ပျောက်သွားတယ်။ လူနဲ့ ဆက် ဆံရ တာ အခက်ဆုံးပဲ။ စိတ်တိုင်းကျအောင်လုပ် ပေးရတာပိုခက်တယ်။ အတူလုပ်ကြတဲ့သူတွေရဲ့ ကလိမ်ကျမှုတွေ နဲ့ ခြေထိုးမှုတွေရှိခဲ့တာပဲ။ ကျွန်မရဲ့ အတွေ့အကြုံတစ်ခုပြောပြမယ်။ ကျွန်မနဲ့အလုပ် အတူ လုပ်တဲ့ artist က သူ့ client ရဲ့ မင်္ဂလာဆောင်မှာ အရံတွေကိုကူဖို့ ကျွန်မကို အကူအညီတောင်းတယ်။ ကျွန်မလည်းကူပေးလိုက်တယ်။ သူက သူ့ client ဖြစ်တဲ့ သတို့သမီးကို ပြင်တယ်။ ကျွန်မက အရံတွေကို ပြင်ပေးရတယ်။ အဲဒါကို ပွဲပြီးသွားတဲ့ အချိန်မှာ ကျွန်မကို ဘာလာပြီး တိုက်ခိုက်လဲဆို တော့ နင်ကဘာလို့ အရံတွေကို သတို့သမီးထက် လှအောင်ပြင်ပေးရတာလဲတဲ့။ ကဲ စဉ်းစားကြည့်ဦး။ ဘာကြောင့် ဒီလိုလာပြောလဲဆိုတာ ကျွန်မတော့စဉ်းစားမရဘူး။ ကိုယ့်ရှေ့ကိုရောက်လာတဲ့ သူတိုင်းကို ကိုယ့်အစွမ်းရှိသလောက် အကုန် လုပ်ပေးရမှာ ကိုယ့်တာဝန်ပဲမဟုတ်လား။ အဲဒီတော့ ကျွန်မပြောလိုက်တယ် ငါက သတို့သမီး ကို ပြင်တာမဟုတ်ဘူး။ အဲဒီတော့ သတို့သမီး လှ မနေတာ ငါ့ကိစ္စမဟုတ်ဘူးလို့။ တခြားကြုံရတာ တွေလည်းအများကြီးပါ။ ဒါကိုတော့ ရယ်စရာကောင်းလို့ မှတ်မိနေတယ်။ သူများနိုင်ငံမှာအလုပ်လုပ်ရတဲ့အပြင် အာရှသားဖြစ်နေတဲ့အတွက် အနှိမ်ခံရတာတွေလည်း ရှိတယ်။ ခွဲခြားဆက်ဆံခံရ တယ်။ လူဖြူနဲ့ ကိုယ်နဲ့ ယှဉ်ရင် ကိုယ်တော်မှန်း သိပေမဲ့ လူဖြူကို ပိုနေရာပေးလိုက်တယ်။ ဒါမျိုးတွေလည်းရှိတယ်။ ဒါတွေကြောင့်လည်း ပိုပြီးစိတ်ဓာတ်ပြင်းပြင်းပျပျနဲ့ ရှေ့ဆက်ဖြစ်ခဲ့တယ် ထင်ပါတယ်။ 

ကျော်လွှားမှု...
ကိုယ့်ကိုယ်ကို အရမ်းကြိုးစားနေပေမဲ့ မအောင်မြင်တာတွေလည်း အများကြီးရှိခဲ့တယ်။ ဒါတွေကို ဘယ်သူမှ မသိကြဘူး။ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ဖို့လိုတယ်။ ငါငိုနေမလား။ ငါဆက် လုပ်မလား။ ဒါကလည်းကိုယ့်ကိုယ်ကို ပြန်မေးရတယ်။ ဒါက အဆုံးသတ်မဟုတ်ဘူးလေ။ ဘာလို့လက်လျှော့မလဲဆိုတဲ့ စိတ်တော့အမြဲရှိတယ်။ ခြေ ကောင်း လက်ကောင်းကြီးရှိတယ်။ အမေပေးတဲ့ အကြံဥာဏ်ကို နားထောင်လေ့ရှိတယ်။ ယောက်ျားကလည်း အမြဲအားပေးပါတယ်။ သူငယ်ချင်းပေါင်းရင်လည်း ကိုယ့်ကို Motivation ပေးနိုင်တဲ့သူ။ ကိုယ့်ကို Inspiration ပေးနိုင်တဲ့သူ။ ကိုယ့်ကိုအောင်မြင်အောင် တွန်းအား ပေးနိုင်တဲ့သူတွေကိုပဲ ရွေးပေါင်းတယ်။ Negative comment ကိုလည်း ဂရုစိုက်ဖို့ လိုသလို positive comment တွေကို လည်း ဂရုစိုက်ဖို့လိုတယ်။ Positive တိုင်းလည်း ယုံလို့မရဘူး။ တချို့က positive ပြောသလိုလိုနဲ့ ကိုယ့်ကိုတွန်းပို့နေတာမျိုးလည်း ကြုံဖူးတယ်။ ကိုယ့်စိတ်ကို ကိုယ့်ဘာသာပြင်ယူတာတော့ အ ကောင်းဆုံးပဲ။ လူဆိုတာ အမှားလုပ်တတ်တယ်။ ကျရှုံးမှာပဲ။ အောင်မြင်မှာပဲ။ ဘဝဟာ ဘယ် တော့မှ တစ်သက်မှတ်တည်းမသွားဘူး။ ရိုလာကို စတာလိုပဲ။ အကျရှိမယ်။ အတက်ရှိမယ်။ အခု တက်နေပြီမလား မကြာခင်ကျမယ်။ ကျဖို့ပြင်ထား။ တစ်ခုခုပြဿနာဖြစ်လာရင် သိပ်မခံစား တတ်ဘူး။ အခုဆိုလည်း ကျွန်မမိတ်ကပ်ကို မကြိုက်တဲ့သူတွေရှိတယ်။ ရပါတယ်။ လူတိုင်းဟာ ကိုယ့်အကြိုက်နဲ့ကိုယ်ပဲ။ ကျွန်မ အလုပ်က ကိုယ့်ပစ္စည်းကို အကောင်းဆုံးဖြစ်အောင်လုပ်ရမယ်။ ဒါပဲ။ 

အကြံပြုချက်...
ကိုယ့် Profession ပေါ် မူတည်ပြီး ဖြတ်သန်းရတဲ့ အတွေ့အကြုံတွေမတူနိုင်ဘူး။ ဒါပေမဲ့ အခြေခံအကျဆုံးကို ပြောရမယ်ဆိုရင် စာသင်ပါ။  စာဖတ်ပါ။ ပြီးမှ နောင်တမရနဲ့။ စာမသင်နိုင် တော့တဲ့အခါကျရင် နောင်တမရနဲ့။ လူငယ်ဘဝ ကို နှစ်ခါ ပြန်မရနိုင်ဘူး။ လူငယ်ဘဝမှာ အင်အားရှိတယ်။ ကိုယ့်ကိုယ်ကို အားကိုးပါ။ မနက်ဖြန်ဆိုတာ ဒီနေ့ထက်တော့ အဓိပ္ပာယ် ပိုရှိရမယ်။ ကိုယ်လုပ်မယ့်အလုပ်ကို ဝါသနာပါရမယ်။ ဒီလိုအလုပ်ကျတော့ ပါရမီလည်းလိုတယ်။ နောက်ပြီး ကိုယ်လုပ်နေတဲ့အလုပ်ကို ကြိုက်ရမယ်။ ကြောက်နေလို့ မရဘူး။ ဟိုလိုမှ ဒီလိုမှ ဆိုပြီး ရွေးချယ်နေလို့လည်းမရဘူး။ ဒီကမ္ဘာကြီးပေါ်ကနေ ကိုယ်လည်း သေပြီးထွက်သွားရမှာ သူလည်းသေပြီးထွက်သွားရမှာ။ အသေးအဖွဲဆိုရင် ခွင့်လွှတ်ပေးလိုက်။