Primary tabs

ရည်မှန်းချက်ကို အနီးဆုံးထားတယ်

Melody World 2010 ရဲ့The Best of Melody World ကတဆင့် ဂီတအနုပညာလောကထဲကို ခြေလှမ်းစခဲ့ သူ၊ တည်ငြိမ်တဲ့အသံ၊ အေးဆေးနူးညံ့တဲ့ သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်ရင်ထဲကို တိုးဝင်လာခဲ့ သူ၊ မျှော်နိုင်သမျှ၊ လရိပ် စတဲ့ သီချင်းအေးအေးလေးတွေနဲ့အတူ ပရိသတ်ရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တဲ့ တေးသံရှင် ဖြိုးပြည့်စုံရဲ့ သီချင်းတွေအကြောင်း၊ လျှောက်လှမ်းခဲ့တဲ့ ဘသခရီး၊ စိတ်နေစိတ်ထား၊ ဘသနေထိုင်မှုပုံစံ၊ အချစ်ရေး စတဲ့ စတဲ့ အကြောင်းအရာတွေကို ပရိသတ်အ တွက် တင်ဆက်ပေးလိုက်ပါတယ်။

လတ်တလောအနုပညာလှုပ်ရှားမှု
မျှော်နိုင်သမျှ Audi CD ထွက်တာ ၂ နှစ်ကျော်ပြီ။ MTV ထွက်ဖို့ကို မထွက်နိုင်သေးတာ။ ဆင်ဆာနဲ့ MTV အရုပ် Mastering ပိုင်းအတွက် အချိန်ပေးရတာရယ်၊ ပြည်ပဖျော်ဖြေရေးခရီးက တစ်လလောက်ကြာမှာဆိုတော့ ခွေအတွက် အချိန်မပေးဖြစ်သေးဘူး၊ ဒါပေမဲ့ ခရီးကလည်း နောက်တစ်လထပ်ဆုတ်သွားတော့  နောက်ကိုရောက်ရောက်သွားပြီး ကြာနေတာနဲ့ အခုခွေဘက်ကိုအချိန်ပြန်ပေးပြီး ဦးစားပေးလုပ်နေပါတယ်။ ပြီးတော့ ဒီကြားထဲမှာလည်း Grup Album လေးတွေ ထွက်ဖို့လည်းရှိနေပါတယ်။ အဲဒီထဲမှာမှ ထူးထူးခြားခြား အရင်တုန်းကတက္ကသိုလ် ကျောင်း  သီချင်းခွေလိုမျိုး ခွေလေးတစ်ခွေရယ်၊ ပြီးတော့ သေချာအာရုံနှစ်ပြီးလုပ်နေတဲ့ ခွေနှစ်ခွေမှာ ဒုတိယတစ်ကိုယ်တော်အယ်လ်ဘမ်ကို Ir n Cr ss Band နဲ့ လုပ်နေတာ တစ်ဝက်လောက်ပြီးနေပါပြီ။ နောက်ပြီး အောင်ထက်နဲ့ ကျွန်တော်တစ်ယောက်တစ်ခြမ်းလုပ်နေတဲ့ Album ထွက်ဖို့တွေ ရှိနေပါတယ်။ မျှော်နိုင်သမျှ  MTV ကိုတော့ နောက်အကျဆုံး နိုဝင်ဘာ၊ အစောဆုံး အောက်တိုဘာလောက် ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ The Sun Music Production က ဖြန့်မှာပါ။ 

ပရိသတ် အားပေးမှု
ကျွန်တော်တို့ အဆိုတော်တွေအနေနဲ့ Audio အသံကို အဓိကအားထားပြီးဆိုတယ်။ အဲဒီအပေါ်မှာ ပရိသတ်အားပေးမှု အများကြီးရတယ်၊ မျှော်နိုင်မျှခွေထဲမှာ မျှော်နိုင်သမျှ၊ လရိပ်၊ အချစ်ဦးတို့ဆိုရင် ကိုယ်အလုပ်လုပ်ခွင့် အများကြီးရခဲ့တဲ့ 
သီချင်းတွေပါ။ Audio အနေနဲ့ ပရိသတ်အားပေး လက်ခံလို့ အလုပ်လုပ်ခွင့်ရတာဆိုတော့ VCD ကိုတော့ အများကြီး မျှော်လင့်ထားတာ မရှိတော့ပါဘူး။ ကျေးဇူးတုန့်ပြန်တဲ့ အနေနဲ့ တစ်ပုဒ်ချင်းစီမှာ အချိန်တွေရော၊ ငွေတွေရော အများကြီး အကုန်အကျခံပြီး ပရိသတ်ဆိုလို့ရအောင်၊ ဒါရိုက်တာတွေ၊ ပရိုဂျူဆာတွေ အကုန်လုံးကလည်း မေတ္တာနဲ့ ကူညီထားကြတဲ့အတွက် ဒီခွေလေးက ပရိသတ်ရှေ့ကို ရောက်လာတော့မှာပါ။

မိမိကိုယ်ကိုယ်သုံးသပ်မိတာ
များသောအားဖြင့် ကိုယ်ကရည်မှန်းချက်ထားရင် အနီးဆုံးကို ထားတယ်။ ၂ဝ၁ဝ မှာ  သံစဉ်များနဲ့ကမ္ဘာ Melody World ကနေ လာခဲ့တယ်။ ဂီတသက်တမ်း ၇ နှစ်အတွင်းမှာ ဂီတချည်းပဲ လုပ်နေတာတော့မဟုတ်ဘူး။ ဘဝရပ်တည်ဖို့အတွက် လုပ်နေရတယ်။ ပြိုင်ပွဲပြီးတဲ့အချိန်မှာ အဆိုတော် ဖြစ်တာလား၊ မဖြစ်တာလား မသိသေးဘူး။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် အဆိုတော်ဖြစ်ပြီထင် ပြီးတော့ လုပ်မိတဲ့အမှားတွေလည်း ရှိတယ်။ အဲဒီအပေါ်မှာမှ သင်ခန်းစာရပြီးတော့ ပထမ
တစ်ကိုယ်တော်ခွေထွက်ဖို့အတွက် တွန်းအားရတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာ ကေအေတီတို့၊ အခုလက်ရှိမှာ စောင့်ရှောက်ပေးနေတုန်းဖြစ်တဲ့ ဆရာ မင်းချစ်သူတို့ ဆရာတွေရဲ့ ပံ့ပိုးမှုတွေ အများကြီးပါပါတယ်။ တကယ့်တကယ်ကျတော့ ပထမအယ်ဘမ်ထွက်တဲ့အချိန်မှာ ကိုယ်ပိုင် သီချင်းလေးနဲ့ ရပ်တည်လို့ရပြီဆိုတဲ့ စိတ်လေးနဲ့ အဆိုတော်တစ်ယောက်အနေနဲ့ ခံယူမိပါတယ်။ ခွေထွက်ပြီး ၂နှစ်အတွင်းမှာ ရှိုးပွဲတွေ ရန်ကုန်မှာ၊ နယ်မှာ ဆိုလာရတယ်။ ရိုက်ကူးရေးတွေ၊ သီချင်းဖန်တီးမှုတွေ အများကြီးလုပ်ရတော့ အဝန်းအဝိုင်းကျယ်လာတယ်။ အဲဒီအပေါ်မှာလည်း လွယ်ကူလာတာတွေရှိသလို၊ ပိုပြီးခက်ခဲလာတာတွေလည်းရှိတယ်ဆိုတော့ အနီးဆုံးမှတ်တိုင်လေးတွေထားတယ်။ အခုလည်း ဒုတိယတစ်ကိုယ်တော် ခွေအတွက်ပဲ အာရုံထားတယ်။ အဲဒီလိုဆိုတော့ အဝေးကြီးကိုမကြည့်ဘဲ ရောက်တဲ့ပန်းတိုင်လေးတွေအပေါ်မှာတော့ ကျေနပ်မှုရှိပါတယ်။ ကိုယ်မျှော်လင့်ထားတဲ့ နောက်ဆုံးပန်းတိုင်ကြီးကတော့ အရမ်းကြီးချင်ကြီးနေလိမ့်မယ်၊ ခုရောက်နေတဲ့ ပန်းတိုင်ကတော့ သေးချင်သေးနေလိမ့်မယ်၊ ဒါပေမဲ့ အဲဒီအပေါ်မှာ အားမလိုအားမရမရှိဘဲ လက်ရှိကာလမှာ ပရိသတ်တွေပေးတဲ့ အားပေးမှုကို 
ကျေနပ်ပါတယ်။

အတိုက်အခိုက်
ဒဲ့ပြောတာမျိုးတွေ မကြုံဖူးပေမဲ့ ကွယ်ရာမှာ အပြောခံရတာမျိုး၊ အထင်လွဲတာမျိုးတော့ ရှိတယ်။ ဆရာတစ်ယောက်ပြောဖူးတာ    သတင်းတစ်ခုခုထွက်လာလို့ ဟုတ်နေတယ်ဆိုရင် တကယ်ဟုတ်လို့အပြောခံရတာပဲ၊ မဟုတ်ဘူးဆိုရင်လည်း ဒါအထင်လွဲတာပဲဆိုပြီး ကိုယ့်ဘက်မှာတင်ပဲ ထားလိုက်တဲ့။ အဲ့လိုကြုံလာခဲ့ရင် အဲလိုစိတ်နဲ့ပဲ ကျော်ဖြတ်တယ်။ ကိုယ်ကိုယ်တိုင်  သူများကိုဆက်ဆံတဲ့အခါမှာ အမှားမဖြစ်အောင် ဆင်ခြင်တယ်၊ ညှိနှိုင်းပြောဆိုတဲ့အတွက် ပြဿနာကြီးကြီးမားမား မရှိခဲ့ဘူး။

အဆိုတော်တစ်ယောက်ဘသနဲ့ ဆရာဝန်တစ်ယောက်ဘဝ
၂ဝ၁ဝ မှာပဲ Melody World မှာ ဆုရတယ်၊ ၂ဝ၁ဝ မှာပဲ ဆေးတက္ကသိုလ်က ဘွဲ့ရတယ်၊ ၂ဝ၁ဝ မှာပဲ အမေဆုံးတယ်ဆိုတော့ အိမ်တွင်းရေးတွေရော၊ ရွေးချယ်ရမယ့် ဘဝရည်မှန်းချက်တွေရော အကုန်လုံးရှုပ်ထွေးသွားတော့ အဲဒီနှစ်က ဘဝမှာ ဘယ်တော့မှ မမေ့နိုင်မယ့် နှစ်တစ်နှစ်ပါပဲ။ Melody World ပြီးတော့ ၂နှစ်ကို မိသားစုကျန်းမာရေးအတိုင်ပင်ခံဆရာဝန် ဘွဲ့လွန်ဆက်တက်တယ်။ အဲဒါကဘာလို့လဲဆိုတော့ တစ်ချိန်ကျရင် ဆရာသန်ဆက်လုပ်မှာလား၊ အဆိုတော်ပဲ လုပ်မှာလားပေါ့။ အဆိုတော်ဆိုတာက ကိုယ်ဘယ်လောက်လုပ်နိုင်တယ်ပြောပြော ပရိသတ်အားပေးမှုမရှိရင် ဆက်လုပ်လို့မရဘူးဆိုတော့ ဒီဘက်ကိုလည်း မယုံကြည်ရဲဘူး။ အဖေကလည်း ဆရာဝန်ဖြစ်စေချင်တော့ အစိုးရအလုပ်လုပ်မယ် ဆိုရင် အနုပညာအလုပ် ဆက်လုပ်လို့ရမှာ မဟုတ် ဘူးဆိုပြီး ဘွဲ့လွန်ဒီပလိုမာတက်တယ်။ အဲဒီ ၂နှစ်တက်နေတဲ့အချိန်မှာပဲ ဆရာကေအေတီရဲ့ တိုက်တွန်းမှုနဲ့ ပထမတစ်ကိုယ်တော်အယ်လ်ဘမ်ထွက်မယ်ဆိုပြီး  ၂ဝ၁၂မှာ ဆုံးဖြတ်ချက်ချလိုက်တယ်။ ၂ဝ၁၂ ကနေ ၂ဝ၁၅ လောက်ထိ Music ကိုပဲ စိတ်နှစ်ထားပြီး ၂ဝ၁၅ မှာ ပထမတစ်ကိုယ်တော် အယ်လ်ဘမ်ထွက်တယ်။ အနုပညာအလုပ်ကို အာရုံစိုက်လိုက်တော့ ဟိုဘက်မှာ နည်းနည်းအားနည်းသွားတယ်။ ဒါပေမဲ့ ကိုယ်က ဘွဲ့လွန်လည်း တက်ထားတယ်၊ ခေါင်းထဲမှာလည်း Knowledge က ရှိနေတယ်ဆိုတော့ ကိုယ်ကိုယ်တိုင်ရယ်၊ မိသားစုရယ်၊ သူငယ်ချင်းတွေရယ်ကို တတ်အားသရွေ့တော့ ကျန်းမာရေးစောင့်ရှောက်မှုပေးပါတယ်။ 

ပရဟိတ
ပရဟိတအနေနဲ့လည်း ကြယ်စင်ပျိုးခင်းဆိုတဲ့ ပရဟိတအဖွဲ့ရှိတယ်။ ကျောင်းက သူငယ်ချင်းတွေနဲ့ဖွဲ့ထားတဲ့ အဖွဲ့၊ ဆရာကြီးဒေါက်တာ  ဦးခင်မောင်ဝင်းနဲ့ လိုက်ဖြစ်တာမျိုးတွေ အရင်က တော်တော်များများ လုပ်ဖြစ်ပါတယ်။ အခုနောက်ပိုင်း မှာတော့ သိပ်မသွားဖြစ်တော့ဘူး။

ဂီတဝါသနာအရင်းခံ
ကလေးဘဝမှာ TV ကြော်ငြာတွေ အရမ်း ခေတ်စားတဲ့အချိန် ကိုယ်အပါအဝင် သူငယ်ချင်းတော်တော်များများ ရကြတယ်။ အဲဒီထဲမှာမှ  သတိထားမိတာ တက္ကသိုလ်ရောက်လာတဲ့အချိန်မှာ ကာရာအိုကေဆိုတာ ခေတ်စားလာတယ်။ ဘော်ဒါတွေနဲ့ သွားဆိုတဲ့အချိန်မှာတော့ မိုက်ခဲတာပေါ့။ ဘော်ဒါတွေကလည်း ဆိုနိုင်တယ် ဆိုပြောပြီး တွန်းတင်ပေးတာမျိုးတွေရှိတယ်။ အဲဒီ အချိန်ကလောက်ထိ အဆိုတော်လုပ်မယ်ဆိုပြီးလည်း စဉ်းစားထားတာမရှိဘူး။ Melody World ကတော့ ဘဝမှာ ပထမဆုံးနဲ့ နောက်ဆုံးပြိုင်ခဲ့တဲ့ ပွဲပါပဲ။ အဲဒီပွဲမှာ တစ်နှစ်လုံးပြိုင်ရတယ်၊ Level ၆ ခုရှိတယ်၊ Level တစ်ခုအောင်တိုင်းမှာ ကိုယ့်ကိုယ် ကိုယုံကြည်ချက်တစ်ခု တိုးလာတယ်။ နောက်ဆုံး The Best of Melody World ဆုရတော့ ကိုယ့် ရဲ့ရည်မှန်းချက်က အမြင့်ဆုံးဖြစ်သွားတယ်။ အဲဒီအချိန်လောက်မှ အဆိုတော်ဖြစ်ချင်စိတ်က ဖြစ်လာတာ။ ဗီဇလို့ပြောရမှာပေါ့ Music နဲ့ ပတ်သက် ရင်သိလွယ်၊ သင်လွယ်၊ ကြားလွယ်တယ်။

The First Music Agency
အဲဒီမှာဆိုဖြစ်တာကတော့ စန္ဒရားဆရာ ဒေါက်တာ သိန်းမြင့်သန်းနဲ့ ဆေးကျောင်းက သူငယ်ချင်းနဲ့က သိတယ်။ သူငယ်ချင်းကလည်း  သီချင်းဆိုတာဝါသနာပါတော့ သူတို့ရဲ့ ဘာပွဲပဲဖြစ်ဖြစ် ဆရာ သိန်းမြင့်သန်းကိုခေါ်တယ်။ ကိုယ်ကလည်း သူငယ်ချင်းအရင်းခေါက်ခေါက်ဆိုတော့ခေါ်တယ်။  သူငယ်ချင်းတွေဆိုကြရင်းနဲ့ ဆရာ့ရှေ့မှာဆိုမိတော့ ဆရာက ဆိုတာကိုကြိုက်ပြီး First Music Agency မှာ ဆိုပါလားဆိုပြီး ပြောလို့ ဆိုဖြစ်သွားတယ်။

သီချင်းပုံစံအပြောင်းအလဲ
သီချင်းပုံစံအပြောင်းအလဲလေးတွေ လုပ်ဖို့ ရှိပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ဆိုရတာ အံသေသွားမှာစိုးတာရယ်၊ ပရိသတ်ရိုးသွားမှာစိုးတာရယ်၊ ကိုယ့်ကိုယ့်ကိုယ်လည်း Challenge လုပ်ကြည့်ပါတယ်။ ဒုတိယတစ်ကိုယ်တော် အယ်လ်ဘမ်မှာဆိုရင်လည်း ပုံစံအများကြီး ပြောင်းထားပါတယ်။ တေးရေးတွေကိုလည်း လူငယ်တေးရေး ဆရာတွေနဲ့ရေးပြီး ကိုယ်ပိုင်သံစဉ် သီချင်းတွေများတယ်။ ကိုယ့်ကိုရေးပေးတဲ့ တေးရေးဆရာတွေရဲ့ သီချင်းတွေလိုက်ပြီး ဆိုတဲ့ပုံစံပြောင်းသွားမယ်။  ပထမအယ်လ်ဘမ်မှာလည်း Iron Cross Band ပဲ၊ ဒုတိယအယ်လ်ဘမ်လည်း Iron Cross Band ပဲ ဆိုပေမဲ့ တီးတဲ့ပုံစံကို ကွဲအောင်၊ မတူအောင် တီးပေးထားကြတယ်။ ကိုယ်ကိုယ်တိုင်ဆိုတဲ့အပေါ်မှာလည်း ကိုယ်ဆိုတာ Pop Song Music အေးတာတွေ၊ ဆွေးတာတွေ၊ လွမ်းတာတွေ၊ အဲဒါတွေကို တခြားဘယ်အရာတွေနဲ့ ပေါင်းစပ်ဖန်တီးလို့ရမလဲေ ပါ့။ အများကြီးပြောင်းလိုက်ရင်လည်း ကိုယ်နဲ့ အံဝင်ခွင်ကျ မဖြစ်မှာဆိုးတဲ့အတွက် အပြောင်း အလဲလေးတွေ နည်းနည်းစီ ပြောင်းထားပါတယ်။ စဉ်းစားပြီး ကြိတ်လုပ်နေတာလေး တစ်ခုလည်း ရှိသေးတယ်။ အဲဒါကတော့ ဒီဘက်ခေတ်မှာ Hip Hop Music တွေ၊ Electr Pop တွေ၊ Beat တွေ ခေတ်စားလာတော့ ပရိသတ်ကိုလည်း ခုန် စေချင်တဲ့စိတ်ကလေးနဲ့ X Box တို့၊ မိစန္ဒီတို့ တွေနဲ့ အနုပညာအရ ပေါင်းစပ်ချင်တယ်ဆိုပြီး ပြောထားတာလေးတွေလည်း ရှိပါတယ်။ တစ်ဖက်ကလည်း Hip Hop Music နဲ့ တစ်ဖက်ကလည်း Rock Music နဲ့ ပေါင်းပြီးတော့ ၂ ပုဒ်လောက် ထွက်ဖို့လည်း ရှိပါတယ်။

Life Style
အဓိကကတော့ စိတ်ရော၊ ကိုယ်ရော ငြိမ်းချမ်းအောင်နေတယ်။ မိသားစုဝင်လည်းနည်းတော့ ဘော်ဒါအပေါင်းအသင်း အရမ်းမင်တယ်။  သူငယ်ချင်းတွေနဲ့ အချိန်ပေးဖြစ်တော့ မလိုလားအပ်တဲ့ အနှောင့်အယှက်တွေ သိပ်မဝင်ဘူး။ ပြီးတော့ ဘာသာရေးကို ဖိဖိစီးစီးလုပ်ဖြစ်တယ်။ စိတ်ပင်ပန်းတာကို ကိုယ်ယုံကြည်အားထားရာ ဘုရား၊ တရားလုပ်ပြီး ဖြေဖျောက်တယ်။ ပြီးတော့ ကျန်းမာရေးချူချာတော့ အစား၊ အသောက် အရမ်းဆင်ခြင်ရတယ်။ 

ကိုယ်တိုင်လက်ကိုင်ထား ကျင့်သုံးတဲ့ဆောင်ပုဒ်
ဆောင်ပုဒ်ရယ်လို့တော့ မရှိပါဘူး။ အဖေဆုံးမလို့ လူဆိုတာ အမြဲတမ်းတော့ မှန်မနေဘူး။ မှားနေတာကိုသိလို့ အမှန်ပြန်ရောက်အောင် ပြင်နိုင်တာဘာမှမသိတဲ့ သူထက်စာရင် တန်ဖိုးရှိတယ်တဲ့။ အဲဒီစကားလေးတော့ အမြဲတမ်းခံယူထားတယ်။ ဆေးလိပ်သောက်တယ်ဆိုရင်တောင် ဆေးလိပ် ဘာလို့သောက်တာလဲဆိုပြီး မဆူပြီး။ ဆေးလိပ်သောက်တာရဲ့ ဆိုးကျိုးတွေကို ပြောပြတယ်။  လက်ခံနိုင်ရင် သောက်ပေါ့။ အဲဒီလိုမျိုး အဖေဆုံးမတာကို နားထောင်ပြီး အဲဒီခံယူချက်နဲ့   သွား 
တယ်။ ကောင်းတာရော၊ ဆိုးတာရောကို ကိုယ်ကိုယ်တိုင် သိပြီးမှ လက်ခံတယ်။

အချစ်ရေး
အခုလောလောဆယ်တော့ အချစ်ရေး ဘာမှမရှိသေးပါဘူး။ ဘဝမှာ ကိုယ်ထားထားတဲ့ ပန်းတိုင်တွေက တစ်ခုပြီးရင် နောက်တစ်ခု၊ နောက်တစ်ခုပြီးရင် နောက်တစ်ခုဆိုတော့ ကိုယ်ကိုယ်တိုင် အတွက်ကိုပဲ အချိန်ပေးဖြစ်တယ်။ ဆယ်ကျော်သက်ဘဝတုန်းကတော့ အချစ်ရေးကရှိခဲ့တယ်၊ အနုပညာလုပ်တဲ့အချိန်မှာတော့ အနုပညာကို ရွေးချယ်ခဲ့တဲ့အတွက်ကြောင့် စွန့်လွှတ်ခဲ့ရတာတွေ ရှိတယ်။ ပရိသတ်တွေအပေါ်မှာပဲ တာသန်ကျေတဲ့ အနုပညာရှင်ဖြစ်အောင် ကြိုးစားမယ်။ ပရိသတ်
တွေပေးတဲ့မေတ္တာနဲ့ပဲ အချိန်တစ်ခုမှာ ပြီးပြည့်စုံတဲ့အရာတွေ ရောက်လာမယ်လို့ပဲ မျှော်လင့်ပါတယ်။

Dream Wedding
အဓိက  သူများတွေအတွက်ပဲ Wedding Song တွေ ဆိုပေးရတယ်၊ ဂုဏ်ပြုပေးရတယ်ဆိုတော့ အရမ်းကြည်နူးတယ်။ နှစ်သစ်မှာလည်း မင်္ဂလာမောင်မယ်တွေအတွက် ဆိုခွင့်ရမယ့်ပွဲတိုင်းကို ဇနီးမောင်နှံတွေကို Celebrate လုပ်ပေးဖို့ မျှော်လင့်ထားပါတယ်။ မကြာသေးခင်က ထွက်ထားတဲ့ အချစ်များစွာနှင့် စုံတွဲခွေလေးမှာလည်း အချစ်သီချင်းလေးတွေပါတယ်။ အဲဒါကလည်း Valentine တို့၊ Wedding တို့အတွက် ရည်ရွယ် ပြီး ထုတ်ထားတာပါ။ အခုထွက်ထားတဲ့ တေးသံရှင် လီလီမြင့်ရဲ့ မင်းအနားရှိရင် ဆိုတဲ့ စုံတွဲသီချင်းလေး ဆိုထားပါတယ်။ မင်္ဂလာမောင်မယ်တွေအတွက်တော့ ဂုဏ်ပြုပေးဖို့ အဆင်သင့်ပါပဲ။ Wedding ကို ခမ်းခမ်းနားနားတော့မလုပ်ချင်ဘူး၊ အေးအေးချမ်းချမ်းလေး သူရော၊ ကိုယ်ရော စိတ်ချမ်းသာမယ်၊ နှစ်ဖက်မိဘဆွေမျိုးတွေအတွက် လည်း စိတ်ချမ်းသာမယ်၊ ပြီးတော့ ဘာသာရေးအသိကိုနှလုံးသွင်းပြီး အမြဲကြိုးစားတယ်။ Wedding တစ်ခုကနေ ဘာသာရေးအထောက်အပံ့ တစ်ခုခု ဘာရမလဲ၊  သံသရာအတွက် ဘာရမလဲဆိုတာပဲ ကြည့်ပါတယ်။

ပရိသတ်အတွက်
ကျွန်တော်ထွက်ရှိဖို့ ကြိုးစားနေတဲ့ အယ်လ်ဘမ်လေးတွေလည်း အများကြီး ရှိပါသေးတယ်။ မျှော်နိုင်သမျှတုန်းက လက်ခုပ်တီးပေးသလိုမျိုးပဲ ဆက်ပြီးတော့ တီးပေးပါဦး။ ပရိသတ်လက်ခုပ်သံက ကျွန်တော်တို့ ရှေ့ဆက်မယ့်အနာဂတ်အတွက် ခွန်အားအကြီးကြီးပါပဲ။ ဒီစိတ်လေးကိုပဲ အမြဲတမ်း နှလုံးသွင်းပြီး တောင့်တပါတယ်။ ပရိသတ်ရဲ့ လက်ခုပ်သံက ကျွန်တော့်ရဲ့ဘဝပါပဲ။

Photo - Thardu Ko Ko